← Chapters

ကောက်ညှင်းသခင်၏အမတခန္ဓာ

Vol. 57 Ch. 799

ကောက်ညှင်းသခင်၏အမတခန္ဓာ

Vol. 57 Ch. 799

ကောက်ညှင်းသခင်သည် အခွင့်အရေးအား အမိအရ ဖမ်းဆုပ်တတ်သောနေရာတွင် အလွန်ဆရာကျသူ ဖြစ်သည်။

၎င်းသည် အခြေအနေနှင့် အချိန်အခါအား ကောင်းစွာနားလည်သဘောပေါက်သည်။

စုရှောင်လန်၏ ခုခံကာကွယ်ရေး အစွမ်းများ ပျောက်ကွယ်သွားပြီ ဖြစ်သည့်အပြင် ခွေးကြီးအား တိုက်ခိုက်နေသောကြောင့် ယခုအချိန်သည် အကောင်းဆုံး အချိန်ဟု ဆိုနိုင်သည်။

ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်မှ ရာနှင့်ချီသော ဦးမှင်များ ဖြာထွက်လာကာ နဂါးပေါက်များအလား သတ်ဖြတ်ခြင်း စိတ်ဆန္ဒ အပြည့်နှင့် စုရှောင်လန်ထံ ပျံဝဲသွားသည်။

ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေပြင်မှာ ရုတ်တရက် မည်းမှောင်သွားလေသည်။

အမှောင်ထုထဲတွင် ကောက်ညှင်းသခင်မှာ မရဏ အငွေ့အသက်အား ခံစားမိလိုက်သည်။

ဗြိ.......

တစ်စုံတစ်ခု ဆုတ်ပြဲသံနှင့်အတူ ပတ်ဝန်းကျင်တွင်လည်း ကြယ်စင်အလင်းများ ပြန်လည်ရောက်ရှိလာသည်။

ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားလေပြီ။

အန်လင်း ဒေါသတကြီး ရေရွတ်လိုက်သည်။

"မင်းကများ ရှောင်လန့်ကို ထိချင်သေးတယ်ပေါ့။ ငရဲသာ သွားလိုက်တော့။"

သူသည် မိစ္ဆာရှင်းဓားဖြင့် ကောက်ညှင်းသခင်အား ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။

သို့သော် အဖြူရောင် ထမင်းလုံးကြီးသည် မျက်စိတမှိတ်အတွင်း ပြန်လည်ပေါင်းစည်းသွားပြီးနောက် ရာနှင့်ချီသော ဦးမှင်များအား စုရှောင်လန်ထံ ပို့လွှတ်လိုက်ပြန်သည်။

မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်သည် သတိရှိနေပြီ ဖြစ်သောကြောင့် မြင့်မြတ်မီးတောက်များမှာ ကောင်းကင်ထက်တိုင် ထိုးတက်ကာ ဦးမှင်များ အားလုံးကို လောင်ကျွမ်းသွားစေသည်။

"ယီးထဲမှ....... မင်းက ထပ်သေချင်နေတာလား။"

အန်လင်း ပေါက်ကွဲသွားရပြီးနောက် မိစ္ဆာရှင်းဓားထံမှ ဓားပုံရိပ်များစွာ ထွက်ပေါ်လာသည်။

စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်....... ဓားတစ်ရာ.......

ဝှစ်.....ဝှစ်......ဝှစ်.....

တလက်လက် တောက်ပနေသော ဓားပုံရိပ်များမှာ ကောက်ညှင်းသခင်ထံ ပျံဝဲသွားသည်။

ကောက်ညှင်းသခင်သည် ရှောင်ချ်န်မရသောကြောင့် ထမင်းလုံးဘဝမှ ပျော့စိစိ၊ ပျင်းတွဲတွဲဖြစ်လာကာ နောက်ဆုံးဓားချက်အရောက်တွင် နှစ်ပိုင်းပြတ်သွားတော့သည်။

အန်လင်း ကောက်ညှင်းသခင်အား စူးစိုက်ကြည့်ရှုလိုက်သည်။

ရှောင်လန့်ကို ထိရဲတဲ့ ကောင်မှန်သမျှ အသေဆိုးနဲ့ သေရမယ်.......

အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ပုံပျက်ပန်းပျက် ဖြစ်နေသော ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်မှာ တခဏအတွင်း မူလပုံစံ ပြန်ဖြစ်သွားပြန်သည်။

"ဟားဟား....... ငတုံးကောင် ငါက အမတ ခန္ဓာကိုယ်ကို ရထားတာ။ မင်းဘာသာ ဘယ်လောက်တိုက်တိုက် အားကုန်တာပဲ အဖက်တင်လိမ့်မယ်။"

ကောက်ညှင်းသခင်မှာ အန်လင်းအားကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

အန်လင်းသည် အနည်းငယ်မျှ အံ့သြသွားပါသော်လည်း ထိတ်လန့်သွားခြင်း မရှိပေ။

သူသည် မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကိုပင် ရင်ဆိုင်ခဲ့ဖူးသည် မဟုတ်လော။ ၎င်းနှင့်ယှဉ်ပါက ကောက်ညှင်းသခင်မှာ ဘာမှမဟုတ်ပေ။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲကများ အမတ ခန္ဓာရှိတယ်ဆိုပြီး ဖင်တောင်ရဲတယ်ပေါ့။"

အန်လင်း ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

"မင်းကိုပြောလိုက်မယ်။ ငါဆိုတဲ့ သခင်ကြီး အန်ရီထျန်းဆီမှာ မင်းလိုကောင်ကိုသတ်ဖို့ နည်းလမ်းတစ်ရာမက ရှိတယ်။"

"ရိုင်းလိုက်တဲ့လူသား......."

ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီးနောက် အဖြူရောင် အရာများမှာ ကျည်ဆန်များအလား အန်လင်းထံ ပျံဝဲလာသည်။

တစ်ချိန်တည်းမှာပင် ထိုအဖြူရောင်များသည် လက်ဝါးတစ်ခုအသွင် ရုပ်လုံးပေါ်လာကာ လေထုကိုပင် အေးခဲသွားစေနိုင်သော အရှိန်အဝါများ ဖြာထွက်လာတော့သည်။

"လေဟာနယ်ချိပ်စည်းကိုတောင် မဖြုံတာ။ ဒီလောက်ကတော့ ကလေးကစားနေသလိုပဲ။"

အန်လင်း ရယ်မောလိုက်သည်။

ကောင်းကင်လဟာပြင်မီးတောက်မှာ မြေပြင်ပေါ် ကျဆင်းလာလေသည်။

ဝုန်း....... ဝုန်း....... ဝုန်း......

အဖြူရောင် အရာများမှာ အန်လင်းထံ မရောက်ခင်မှာပင် အရည်ပျော်ကျကုန်ရသည်။

"ယီးတဲ့မှ......"

ကောက်ညှင်းသခင် မျက်မှောင်ကျုံ့သွားသည်။

ဝုန်း........

အဖြူရောင် လက်ဝါးကြီး ကျဆင်းလာသောကြောင့် မြေပြင်တွင် တစ်ကီလိုမီတာကျော်နက်သောတွင်းကြီး ဖြစ်လာသည်။

သို့သော် လေတောင်ပံနှင့် အန်လင်းမှာ ကောက်ညှင်းသခင်ရှေ့သို့ မျက်စိတမှိတ်အတွင်း ရောက်ရှိလာကာ နဖူးထက်ရှိ ရွှေရောင်မျက်လုံးမှလည်း စွမ်းအင်လှိုင်းများ ပေါ်ထွက်လာလေသည်။

ထိုအချိန်တွင် ကောက်ညှင်းသခင်မှာ တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

ရွှပ်.......

ဓားချက်နှင့်အတူ ကောက်ညှင်းသခင်မှာ ဆိုးရွားလှသော နာကျင်မှုအား ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

"ဘာ.....ဘာတွေဖြစ်ကုန်တာလဲ။"

ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အဖြူရောင် အရည်များ စီးကျလာသလို အသက်စွမ်းအင်များပါ လျော့ပါးကုန်သည်။

ဒီလိုသာ ဆက်ဖြစ်နေရင် ငါသေတော့မှာပဲ........

"အား......... မင်းငါ့ကို ဘာလုပ်လိုက်တာလဲ။"

ကောက်ညှင်းသခင်သည် အဖြူရောင် ဓားမော့တစ်လက်အား ဖန်တီးကာ အန်လင်းထံ ပြေးဝင်လာသည်။

အန်လင်းမှာ သတိလက်လွတ် ဖြစ်နေသောကြောင့် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။

ကောက်ညှင်းသခင် စိတ်ကျေနပ်သွားသည်။

"ဟားဟား......ဟင်...."

ရယ်သံပင် မဆုံးလိုက်ပဲ တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့်အလား မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားလေသည်။

အန်လင်း၏ ခန္ဓာကိုယ် နှစ်ခြမ်းမှာ ပြန်လည်ပေါင်းစည်းသွားသည်။

"ဒါက စိတ်ရှိသလို ခန္ဓာကိုယ်ကို ပြန်ပေါင်းနိုင်တဲ့ အစွမ်းလား။ မဆိုးပါဘူး။ ငါ့ကိုလုံးဝ ပြောင်းလဲသွားစေတာပဲ။ နာတောင်မနာတော့ဘူး။"

အန်လင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။

ကောက်ညှင်းသခင် အသိစိတ် ဝင်လာကာ အန်လင်းအား အထိတ်တလန့်ဖြင့် ကြည့်ရှုလာသည်။

"မင်း...... မင်း........"

"ဟုတ်တယ်။ မင်းထင်နေတဲ့ အတိုင်းပဲ။"

အန်လင်း ရယ်မောကာ ကောက်ညှင်းသခင်အား အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

အဖြူရောင် အရည်များ စီးကျကာ ကောက်ညှင်းသခင်မှာ ရူးမတက် အော်ဟစ်နေရလေပြီ။

နာလိုက်တာ........

ငါမနာကျင်ခဲ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ.......

၎င်းသည် ထမင်းလုံးကဲ့သို့ ခန္ဓာကိုယ်အား လိုသလို ပြုလုပ်နိုင်သော စွမ်းအင်အား တွေ့ရှိခဲ့ချိန်မှစ၍ နာကျင်မှု ခံစားချက်များလည်း ပျောက်ကွယ်သွားခဲ့သည်။ ကြည့်ရသည်မှာ ယခု ထိုစွမ်းရည်မှာ အန်လင်းထံ လုံးလုံးလျားလျား ရောက်ရှိသွားပုံပင်။

ကောက်ညှင်းသခင်သည် ဝေဒနာ ခံစားနေလျက်နှင့်ပင် ဓားပျံတစ်လက် အသွင်ပြောင်းကာ အန်လင်း၏ လည်ပင်းတည့်တည့် ပျံဝဲလာသည်။

အန်လင်းမှာ ရှောင်ရှားရန်ပင် မကြိုးစားပေ။

ထိုအစား ကောက်ညှင်းသခင်ကိုသာ ဆက်လက်တိုက်ခိုက်နေသည်။

ကောက်ညှင်းသခင်မှာ ဒဏ်ရာဒဏ်ချက်များနှင့်အတူ သွေးများစီးကျကာ အသက်စွမ်းအင် အလွန်အားနည်းလာသောကြောင့် အန်လင်းအား ခေါင်းဖြတ်ပြီးနောက် ဆက်ပင်မတိုက်ရဲတော့ပဲ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ရသည်။

အန်လင်းသည် ဓားအားလက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်လက်တစ်ဖက်နှင့် ခေါင်းပြန်တပ်လိုက်သည်။

ကောက်ညှင်းသခင်မှာလည်း ကိုယ့်ရှူးကိုယ်ပတ်နေလေပြီ။

ကောင်းကင်တာအိုရဲ့ ကံကြမ္မာများလား.......

စုရှောင်လန် လှမ်းအော်လိုက်သည်။

"အန်လင်း...... အဲ့လိုထပ်မလုပ်နဲ့တော့။ အရမ်းကြောက်ဖို့ကောင်းတယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"တိုက်ပွဲကို လက်စသတ်လိုက်တော့မယ်။ ဒီအစွမ်းကို ကိုယ်လည်းမကြိုက်ဘူး။ ဘာမှကို ခံစားလို့မရတာ။"

ကောက်ညှင်းသခင်မှာ ထိုစကားကြောင့် ဒေါသထွက်သွားရသည်။

အရှက်မရှိတဲ့ ယီးလိုကောင်....... ငါ့အစွမ်းကို ခိုးသွားပြီးတော့ သောက်တင်းတောင် လာချနေသေးတယ်......

ခံစားမရလို့ မကြိုက်ဘူးဟုတ်လား......... မင်းက နာကျင်မှုကနေ သာယာချင်သေးတာလား........

မင်းက သောက်ကျိုးနည်း (မဆိုဂျစ်ဆင်)masochismကြီးလားကွာ.......

ကောက်ညှင်းသခင်မှာ စိတ်ထဲတွင် အကြိမ်ကြိမ်အခါခါ ကျိန်ဆဲနေပါသော်လည်း လက်တွေ့တွင်မူ တုန်ခါနေလေသည်။

"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။"

အန်လင်း : "........"

စုရှောင်လန် : "........."

အဆိပ်မြူဖား : ".........."

အန်လင်းမှာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွားသည်။ တည်ငြိမ်ပုံရသော သားရဲဖြစ်လေလေ၊ သူရဲဘောကြောင်လေလေပင်။ သူသည် ကောက်ညှင်းသခင်အား အညံ့ခံမည့်အစား အသေခံမည့်သူဟုသာ ထင်မှတ်ခဲ့မိသည်။

"လွှတ်ပေးမယ်ဆိုရင် ဘာမေးမေး ဖြေပါ့မယ်။"

ကောက်ညှင်းသခင်မှာ တောင်းပန်နေရလေပြီ။

သူသည် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။ တာဝန်မကျေပွန်ခြင်းသည် သေရခြင်းထက်ပင် ပိုမိုဆိုးရွား၏။

ထို့ကြောင့် တာဝန်အား ဆက်လက်ထမ်းဆောင်နိုင်ရန် ဂုဏ်သိက္ခာအား စွန့်လွှတ်ရတော့မည်ပင်။

သူ၏အဓိကစွမ်းရည်သည်လည်း အန်လင်းထံ ရောက်ရှိသွားသောကြောင့် ယခုအခြေအနေမှာ သေရေးရှင်ရေး ဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ တာဝန်အကြောင်း အန်လင်းအား ပြောပြလိုက်လျှင်ပင် ထွေထွေထူးထူး ပြောင်းလဲသွားစရာ မရှိပေ။ ကံကြမ္မာ၏ ဖေးမမှုကိုလည်း လိုအပ်သေးသည် မဟုတ်လော။

အသက်သာ မသေလျှင် သွေးကီရင်ကျောက်စိမ်းအား ရှာတွေ့နိုင်သေးသည်ပင်။

သေဆုံးသွားခဲ့ပါက မည်သည့်အခွင့်အရေးမှ ရှိတော့မည် မဟုတ်ပေ။

"ကောင်းပြီလေ။ သိထားသမျှ ပြောပြပေါ့။ နေဦး အရင်ဆုံး မခြွင်းမချန် ပြောပြပါ့မယ် ဆိုတဲ့အကြောင်းကို ကျိန်ရမယ်။"

အန်လင်း ပြုံးကာပြောလာသည်။

"ရတယ်လေ။ ငါ့ဘက်က ပြောပြပြီးရင် လွှတ်ပေးပါ့မယ်လို့ မင်းလည်းကျိန်ရမယ်။ မဟုတ်ရင် ငါဘာမှပြောမှာ မဟုတ်ဘူး။"

ကောက်ညှင်းသခင် တုံ့ပြန်လိုက်သည်။

အန်လင်းမှာ အေးအေးဆေးဆေးပင် သဘောတူလာသည်။

ထို့နောက် ၎င်းတို့နှစ်ဦးမှာ အတူတူ ကျိန်ဆိုလိုက်ကြသည်။

ကောက်ညှင်းသခင်လည်း စိတ်သက်သာရာရကာ သက်ပြင်းချလျက် သိရှိထားသမျှ သတင်းအချက်အလက်များအား အိတ်သွန်ဖာမှောက် ပြောပြလိုက်တော့သည်။

***

All Chapters