ကြယ်စင်များ၏ ဖိနှိပ်ခြင်းလမ်းစဉ်
Vol. 57 Ch. 800
"မဟာလင်းနို့ဧကရာဇ်ရဲ့ စေလွှတ်မှုနဲ့အတူ သွေးစက်ကုန်းမြေကို ရောက်လာတဲ့ အံ့ဖွယ်စောင့်ရှောက်သူ သားရဲဆယ့်နှစ်ကောင် ရှိတယ်။ ငါတို့က သွေးကီရင်ကျောက်စိမ်းရှာမယ့် အဓိကအဖွဲ့ပဲ။"
“သွေးကြယ်စင်ဘက်ကိုလာတဲ့ သားရဲမှန်သမျှ ပြန်မလာနိုင်ကြတာများတယ်။ ဒါပေမယ့် ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီနေရာမှာ သွေးကီရင်ကျောက်စိမ်း ရှိနိုင်ခြေ တော်တော်များတယ်။ အဲ့ဒါကြောင့် ငါတို့ဒီကိုလာတာ။"
ကောက်ညှင်းသခင်မှာ အန်လင်းတို့အားကြည့်ကာ စကားဆက်လိုက်သည်။
"သွေးကီရင်ကျောက်စိမ်းက ဒီအနီရောင် ကျွန်းမျောကြီးပေါ်မှာ ရှိနိုင်တယ်။ ဘာပဲပြောပြော ဒီကိုလာသမျှ သားရဲတွေ မာလကီးယားကုန်တော့ သတင်းအချက်အလက်က အပြင်ကို ထွက်မလာဘူး။"
အန်လင်း ခေါင်းညိတ်ပြလာသည်။
"ဆက်ပါဦး။"
ကောက်ညှင်းသခင် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။
"ဒါပဲလေ။ ငါသိတာ ဒါအကုန်ပဲ။"
အန်လင်း : "............"
ယီးတဲ့မှ........ ဘာမှ သုံးစားမရတဲ့ အချက်အလက်တွေကို နားထောင်ဖို့သက်သက် အချိန်ဖြုန်းလိုက်ရတာလား........
အန်လင်း တိတ်တဆိတ်ပင် မိစ္ဆာရှင်းဓားအား ဆွဲယူလိုက်သည်။
ဒီလိုကောင်မျိုးက ထမင်းလုံး နုတ်နုတ်စင်း လုပ်ပေးလိုက်သင့်တာ.......
"မဟုတ်ဘူး။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ငါအမှန်ကိုပဲ ပြောနေတာပါ။ အံ့ဖွယ်စောင့်ရှောက်သူ သားရဲအဖွဲ့က အခုမှ ဒီကိုရောက်တာဆိုတော့ သွေးကီရင်ကျောက်စိမ်းနဲ့ ပက်သတ်ပြီး ဘာမှသိပ်မသိသေးဘူး။"
ကောက်ညှင်းသခင်မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။
"ဟုတ်သားပဲ။ ဒီအနီရောင် ကျွန်းမျောကြီးနဲ့ ပက်သတ်ပြီး ငါတို့ စမ်းသပ်ချက်တချို့ လုပ်ထားသေးတယ်။ အဲ့ဒါနဲ့ဆိုင်တဲ့ ရလဒ်တွေတော့ ရှိတယ်။"
"ဘာရလဒ်လဲ။"
အန်လင်း၏ စိတ်ဝင်စားမှုမှာ တမုဟုတ်ချင်း မြင့်တက်သွားသည်။
ကောက်ညှင်းသခင် တုံ့ပြန်လာသည်။
"ကျွန်းမျောကြီးဆီ ရောက်ဖို့က ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းကို ခံစားရမှာမလား။ ဒါပေမယ့် အဲ့အစွမ်းမှာ အားနည်းချက်တချို့ ရှိနေတယ်။"
အန်လင်းမှာ ဖြည်းညင်းစွာပင် ဓားပြန်ချထားလိုက်သည်။
ကြယ်စင်များ၏ ဖိနှိပ်ခြင်းအစွမ်းမှာ သူကိုယ်တိုင် လေ့လာချင်နေသောအရာ ဖြစ်သည်။
ပထမ၌ အော့နျိုအားသုံးကာ စမ်းသပ်ရန် စဉ်းစားထားပါသော်လည်း စီးတော်နွားအဖြစ် အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ပြီးနောက် သံယောဇဉ် ရှိလာကာ ၎င်း၏အသက်အား မစွန့်စားစေချင်တော့ပေ။
ထို့ကြောင့် အခြားသူများ၏ စမ်းသပ်ချက် ရလဒ်မှာ သူ့အတွက် အသုံးဝင်လောက်သည်။
"သတ္တိရှိတဲ့ စစ်သည်တော် ဆယ့်ရှစ်ယောက်ကတော့ စမ်းသပ်ချက်လုပ်ရင်း အသက်ပေးသွားရတယ်။"
ကောက်ညှင်းသခင်သည် အဝေးရှိ အလောင်းပုံအား လက်ညှိုးထိုးကာ စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
အဲ့သတ္တိရှိတဲ့ စစ်သည်တော်တွေဆိုတာ မင်းတို့ ဖိအားပေးပြီး ဖမ်းခေါ်လာတာတွေပဲမလား...........
"ဘာပဲပြောပြော သူတို့ရဲ့ အနစ်နာခံမှုက အလဟဿ မဖြစ်ခဲ့ပါဘူး။ အရေးပါတဲ့ အချက်အလက်တွေတော့ ရခဲ့တယ်။ ဥပမာပြောရရင် မြေပြင်နဲ့ အနည်းဆုံး သုံးမီတာ ဒါမှမဟုတ် အဲ့ထက်ဝေးဝေးပျံတာကို ခြောက်စက္ကန့်ထက် ကြာတာနဲ့ ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းက ကျဆင်းလာလိမ့်မယ်။"
"သက်ရှိတစ်ခုခုက မြေပြင်နဲ့ ထိနေရင်လည်း ကြယ်စင်တွေရဲ့ ဖိနှိပ်မှုကို ခံရမှာ မဟုတ်ဘူး။ ဥပမာ ဒီလိုမျိုးပေါ့။"
ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် ဆယ်မီတာမျှအထိ ကြီးမားသွားသည်။
"ခန္ဓာကိုယ် အနေအထားကို ပြောင်းလဲတာက ကြယ်စင်တွေရဲ့ ဖိနှိပ်မှုကို ခံရမှာ မဟုတ်ဘူး။"
"အဲ့ဒါဆို ကျွန်းမျောကြီးပေါ်ရောက်ဖို့ အဲ့နည်းလမ်းကို ဘာလို့မသုံးတာလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
ကောက်ညှင်းသခင်မှာ အမူအရာ လေးနက်ခက်ထန်သွားရသည်။
"ကျွန်းမျောကြီးနဲ့ တစ်ကီလိုမီတာ ပတ်လည်မှာ အားကောင်းလွန်းတဲ့ အဟန့်အတားတစ်ခု ရှိနေတယ်။ အနားရောက်လာသမျှ သက်ရှိအားလုံး အပိုင်းပိုင်းအစစ ဖြစ်ကုန်လိမ့်မယ်။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်မှာပင် သူ၏ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းတစ်ခု ထွက်ခွာသွားလေသည်။
ကောက်ညှင်းသခင်မှာ ပျောက်ဆုံးသွားသော အရာတစ်ခု ပြန်လည်ရရှိလာသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်လုံးချင်းစီ ပြန်လည်ရှင်သန်လာသကဲ့သို့ ထိုခံစားချက်မှာ အလွန်အမင်း စိတ်ကျေနပ်ချင်စဖွယ် ကောင်းပေသည်။ သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်များမှာလည်း မျက်စိတမှိတ်အတွင်း ကောင်းမွန်သွားသည်။
"အား...... ငါ့အစွမ်း...... ငါ့အစွမ်းတွေ ပြန်ရလာပြီပဲ။"
ကောက်ညှင်းသခင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
အန်လင်း တည်ငြိမ်စွာ ပြုံးပြလာသည်။
"မင်းပေးတဲ့ သတင်းအချက်အလက်တွေက အသုံးဝင်လို့ အစွမ်းပြန်ပေးတာ။"
ကောက်ညှင်းသခင် အလွန်ရင်ထဲထိသွားကာ ရိုရိုကျိုးကျိုး ကျေးဇူးတင်လိုက်သည်။
အန်လင်း အတွေးပေါက်ကာ မေးခွန်းထုတ်လာသည်။
"မင်းရဲ့အစွမ်းက တော်တော်အသုံးဝင်တာလေ။ သေတောင်မသေနိုင်ဘူးမလား။ အဲ့ဒါဆိုရင် ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းကိုလည်း ခံနိုင်ရည် ရှိမှာပေါ့။ ဘာလို့ စမ်းသပ်ချက်အတွက် တခြားသားရဲတွေ သုံးနေရတာလဲ။"
ကောက်ညှင်းသခင် စိတ်ကသိကအောက် ဖြစ်သွားသည်။
"အမှန်တိုင်းပြောရရင် ငါစမ်းကြည့်ဖူးတယ်။ ဒါပေမယ့် ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားတာ ထမင်းရည်ဘဝတောင် ရောက်တော့မလို့။"
"အဲ့လောက်နဲ့ ဘာဖြစ်မှာမို့လို့လဲ။"
အန်လင်းသည် ကောက်ညှင်းသခင်၏ ထမင်းလုံး ခန္ဓာကိုယ်အားကြည့်ကာ နားမလည်နိုင် ဖြစ်နေမိသည်။
ကောက်ညှင်းသခင် သွေးအန်မလိုပင် ဖြစ်သွားရသည်။
"သောက်ကျိုးနည်း........ မတူဘူးဟ။"
ကောက်ညှင်းသခင်၏ နှလုံးသားထဲတွင် ထိုကိစ္စနှင့်ပက်သတ်၍ ကြောက်ရွံ့နေဆဲပင်။
"အဲ့အချိန်တုန်းက ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြစ်သွားတဲ့အပြင် စိတ်ဝိဉာဉ်ပါ ဆိုးဆိုးရွားရွား ထိခိုက်လွန်းလို့ အသိစိတ်တောင် ပျောက်တော့မလိုပဲ။ ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းက ခန္ဓာကိုယ်တင်မကဘူး။ စိတ်ဝိဉာဉ်ပါမကျန်ထိတာ။ ငါ့မှာသာ အင်မော်တယ်ဆေးလုံး ရှိမနေရင် သေတောင်သေသွားလောက်ပြီ။"
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
"မင်းမှာ အင်မော်တယ်ဆေးလုံး ကျန်သေးလား။"
"ဟင့်အင်း........."
ကောက်ညှင်းသခင် ခေါင်းခါပြလိုက်သည်။
"မင်းရဲ့ သိုလှောင်လက်စွပ် ငါ့ကိုပေး။"
အန်လင်း လက်ဖြန့်တောင်းလာသည်။
ကောက်ညှင်းသခင် : ".............."
အန်လင်း စိတ်မရှည်စွာ ပြောလိုက်သည်။
"မြန်မြန်ပေးစမ်းပါ။ ဓားပြတိုက်နေတာကွ။"
ကောက်ညှင်းသခင် ကြောင်အမ်းအမ်းပင် ဖြစ်သွားရလေသည်။
"မင်းငါ့ကို သိုလှောင်လက်စွပ် မပေးရင် သတ်ပစ်လိုက်မယ်။ နားလည်လား။"
အန်လင်း ခြိမ်းခြောက်လိုက်သည်။
"မင်းကျိန်ထားတယ်လေ။ မင်းသာငါ့ကို တိုက်ခိုက်ရင် တာအိုနှလုံးသား ထိခိုက်သွားလိမ့်မယ်။"
ကောက်ညှင်းသခင်မှာ ကြောက်လန့်ခြင်း မရှိပေ။
"ရှောင်လန်...... ကိစ္စတုံးလိုက်တော့။"
အန်လင်း စကားဆိုလိုက်သည်။
စုရှောင်လန် နဂါးစာကလေးဓားအား ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင် တခွင်လုံးမှာ မီးလျှံနှင့်လျှပ်စီး နယ်ပယ်အဖြစ် ပြောင်းလဲသွားသည်။
ကောက်ညှင်းသခင် သွေးအန်လိုက်ရလေပြီ။
ယီးတဲ့မှ....... ငါအလိမ်ခံလိုက်ရပြီပဲ.......
အန်လင်းက ငါ့ကိုသတ်မရပေမယ့် ငါ့အသက်က သူ့လက်ထဲမှာ ရှိနေတုန်းပဲ..........
စိတ်ညစ်စရာ အမှန်တရားကြီးပါလား........
ကောက်ညှင်းသခင် သိုလှောင်လက်စွပ်အားချွတ်ကာ အန်လင်းထံ ပေးလိုက်သည်။
အံ့ဖွယ်စောင့်ရှောက်သူ သားရဲငါးကောင်တွင် စုရှောင်လန်သည် သိုလှောင်လက်စွပ် နှစ်ကွင်းရကာ အန်လင်းမှာ သုံးကွင်း ရခဲ့သည်။
သိုလှောင်လက်စွပ်များအား ရှာဖွေကြည့်ပါသော်လည်း အသုံးဝင်မည့် သတင်းအချက်အလက်များကို မတွေ့ခဲ့ရပေ။
စိတ်ဝိဉာဉ်ကျောက်တုံးနှင့် စိတ်ဝိဉာဉ်လက်နက်များမှလွဲ၍ အဆင့်ကိုး အင်မော်တယ်သစ်သီး တစ်လုံးသာ လောက်လောက်လားလား ပြောစရာ ရှိသည်။ ထိုအင်မော်တယ်သစ်သီးသည် စားသုံးသူ၏ မီးစွမ်းအင်အား သန့်စင်ပေးနိုင်ပေသည်။
အန်လင်းနှင့် စုရှောင်လန်မှာ ထိုနေရာတွင်ပင် အတူတကွ သုံးဆောင်လိုက်ကြသည်။
ကောက်ညှင်းသခင်မှာ ထိုမြင်ကွင်းအားကြည့်ကာ နှလုံးသားများ နာကျင်နေရသည်။
အဲ့ဒါ သောက်ကျိုးနည်း အင်မော်တယ်သစ်သီးပါ...... ဒီတိုင်းစားလိုက်စရာလား.......
သစ်သီးစားပြီးနောက် ၎င်းတို့မှာ ဆက်လုပ်ရမည့် ကိစ္စများအား လုပ်ဆောင်ကြသည်။
အန်လင်း အဆိပ်မြူဖားထံ သွားလိုက်သည်။
"ကောက်ညှင်းသခင် ပြောနေတာ အမှန်တွေပဲလား။ မင်းရော ထပ်ပြောချင်တာဘာညာ ရှိသေးလား။"
ဆိုးဆိုးရွားရွား ထိခိုက်ထားသော အဆိပ်မြူဖားမှာ အန်လင်းနား ကပ်လာသည်။
"ကောက်ညှင်းသခင် ပြောတာတွေက အမှန်ပါပဲ။ ဒါပေမယ့် တစ်ခုပြောပြစရာ ရှိသေးတယ်။ ကောက်ညှင်းသခင်က ကိုယ်ပွားတွေ အများကြီး ခွဲနိုင်တယ်။ သူ့ရဲ့ ပင်မခန္ဓာက ကိုယ်ပွားတွေကြား ကူးပြောင်းနိုင်လို့ တော်တော်အသုံးဝင်တယ်။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူ့ကို သတိထားသင့်တယ်။"
ကောက်ညှင်းသခင် : ".........."
အန်လင်း : "မင်းကငါ့အပေါ် သစ္စာရှိသားပဲ။"
ကောက်ညှင်းသခင်သည် အဆိပ်မြူဖားကို စူးစူးဝါးဝါးကြည့်ကာ ထိုသစ္စာဖောက်အား မည်သို့သတ်ပစ်ရမည်ကို စဉ်းစားနေမိသည်။
အဆိပ်မြူဖားသည် ကောက်ညှင်းသခင်၏ အကြည့်အား မသိချင်ယောင်ဆောင်ကာ ကောင်းကင်ကိုသာ ကြည့်ရှုနေသည်။
၎င်းထံတွင် ရွေးချယ်စရာ မရှိပေ။ ကောက်ညှင်းသခင်သည် အသုံးဝင်သော သတင်းအချက်အလက်များအား ပြောပြခဲ့သောကြောင့် သူ့အနေဖြင့် ပိုမိုအသုံးဝင်သော အခြားအချက်အလက်တစ်ခုအား ထုတ်ပြောရန်သာ ရှိသည်။
ထိုသို့မဟုတ်ပါက အန်လင်း၏ သတ်ဖြတ်မှုအား ခံရနိုင်ပေသည်။ သူသည် အချိန်တန်လျှင် အမေ့ထံ ပြန်ရဦးမည် မဟုတ်လော။ ရိုးသားကြိုးစား ဖိုးဖားလေးအနေဖြင့် သေ၍မဖြစ်သေးပေ။
"အခု ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်း ပြဿနာက ဖြေရှင်းပြီးသွားပြီ။ အဓိက ပြဿနာက ကျွန်းမျောကြီးရဲ့ အဟန့်အတားပေါ့။"
အန်လင်း ကျွန်းမျောကြီးအားကြည့်ကာ ရေရွတ်လိုက်သည်။
"မင်းမှာ အကြံရှိလား။"
သူကောက်ညှင်းသခင်အား မေးမြန်းလိုက်သည်။
"အဲ့မှာ ထူးခြားတာတော့ ရှိတယ်။ တစ်ခုခုက အဲ့ဒါကိုထိပြီး နှစ်စက္ကန့်နေမှ အဟန့်အတားက အသက်ဝင်လာတာ။ နှစ်စက္ကန့်အတွင်း ကျွန်းမျောကြီးထဲ ဝင်နိုင်ရင်တော့ အဲ့ဒါကနေ လွတ်မလား မပြောတတ်ဘူး။"
ကောက်ညှင်းသခင် အကြံပေးလာသည်။
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
"အဲ့ဒါဆို ဒါက ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းနဲ့ ဆင်တာပေါ့။"
"ဟုတ်တယ်။ ဒါကို တစ်ယောက်ယောက်က ဖန်တီးထားတာနဲ့ မတူပဲ ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းလိုမျိုး ကောင်းကင်နဲ့မြေပြင်ကြားမှာ ဖြစ်တည်နေတာမျိုးပဲ။ အဲ့ဒါကြောင့် သူတို့နှစ်ခုမှာ ဆင်တူတာတွေ ရှိကိုရှိမှာ။"
ကောက်ညှင်းသခင် စကားဆိုလိုက်သည်။
အန်လင်း ခေါင်းညိတ်ပြလာသည်။
"ကောင်းတယ်။ ကောက်ညှင်းညီကို..... ဒီလိုကြီးကျယ်ခမ်းနားပြီး ခက်ခဲကြမ်းတမ်းတဲ့ တာဝန်ကို မင်းဆီပဲ လွှဲပေးခဲ့မယ်။"
ကောက်ညှင်းသခင် : ".........."
***