ရှေ့မှဦးဆောင်သောကောက်ညှင်းသခင်
Vol. 57 Ch. 801
ကောက်ညှင်းညီအကို.........
ယီးကို ညီအကိုပါလား..........
ဘယ်ညီအကိုကများ အချင်းချင်း အသုံးချကြလို့လဲ........
ကောက်ညှင်းသခင်သည် အန်လင်း၏ စမ်းသပ်ခံ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုသို့ဖြစ်လာမည်ကိုသာ ကြိုသိခဲ့ပါက သတင်းအချက်အလက်များအား ခရေစေ့တွင်းကျ ပြောပြခဲ့မည် မဟုတ်ချေ။
၎င်းသည် အန်လင်းအား မျက်နှာသေကြီးနှင့် ကြည့်ရှုလာသည်။ စမ်းသပ်ခံ ဖြစ်လာရခြင်းအပေါ် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားလွန်းလှသည်။
အန်လင်း ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။
"ကောက်ညှင်းညီအကို...... မင်းမှာ အမတခန္ဓာ ရှိတယ်မလား။ ဒီစမ်းသပ်ချက်လောက်က အေးဆေးဖြစ်မှာပါ။"
ထိုစကားကြောင့် ကောက်ညှင်းသခင် ဒေါသထွက်သွားရသည်။
ယီးလား....... ငါ့ကို ညီကိုထပ်မခေါ်ပါနဲ့တော့...... ငါသွေးတက်ပြီး သေတော့မယ်......
"မူး...... အဓိပ္ပါယ်ရှိတယ်။"
အော့နျိုလည်း ဝင်ရောက်ထောက်ခံလာသည်။
"တူတူပဲ..... အုံးအွမ်....."
အဆိပ်မြူဖားလည်း အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။
ကောက်ညှင်းသခင် မနေနိုင်တော့ပဲ အော်ဆဲလိုက်လေသည်။
"ဖားမသား........ သောက်သစ္စာဖောက်ကောင် မင်းအပေါက်ကိုပိတ်ထား။"
အဆိပ်မြူဖား သက်ပြင်းချလိုက်သည်။ ၎င်းထံတွင် သဘောတူရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ ထိုသို့မဟုတ်ပါက နောက်စမ်းသပ်ခံသည် သူကိုယ်တိုင် ဖြစ်သွားနိုင်သည် မဟုတ်လော။
စုရှောင်လန်မှာလည်း အန်လင်း၏ စကားကို သဘောတူလိုက်သည်။
ဒီမိုကရေစီနည်းအရ မဲအပြတ်အသတ် သာလွန်နေသောကြောင့် ကောက်ညှင်းသခင်မှာ အရှေ့မှ ဦးဆောင်ရတော့မည်ပင်။
"ဒါက အားလုံးရဲ့ ဆန္ဒပဲလေ ကောက်ညှင်းညီအကိုရဲ့။"
အန်လင်းမှာ ကောက်ညှင်းသခင် နူးညံ့စေးကပ်သော ခန္ဓာကိုယ်အားပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ကောက်ညှင်းသခင်သည် ကိုယ်ပွားခွဲကာ ထွက်ပြေးရန် တွေးတောလိုက်မိသည်။
သို့သော် အန်လင်း၏ ထက်ရှလှသော အမူအရာနှင့် စုရှောင်လန်၏ လက်ထဲမှ တလက်လက် တောက်ပနေသော နဂါးစာကလေးဓားအားကြည့်ကာ လက်လျှော့လိုက်ရလေသည်။
ဘာပဲပြောပြော ငါ့အတွေးက မှန်လောက်ပါတယ်လေ.......
"ကောင်းပြီလေ........ ငါသဘောတူတယ်။"
ကောက်ညှင်းသခင် စွန့်စားရန် သဘောတူလာသည်။
ကျွန်းမျောကြီးထံ အန်လင်းတို့ထက်ပို၍ စောရောက်ခဲ့ပါက သွေးကီရင်ကျောက်စိမ်းအား ရှာတွေ့နိုင်မည့် အခွင့်အရေးလည်း ပိုရပေလိမ့်မည်။
အန်လင်းတို့အားလုံးသည် မြေပြင်ထက်မှ ကျောက်ဆောင်ကြီး တစ်ခုအား မြင့်တက်စေကာ ကျွန်းမျောကြီးနား သွားလိုက်သည်။
"ရပ်လိုက်တော့။"
ကောက်ညှင်းသခင် စကားဆိုလိုက်သည်။
ကျွန်းမျောကြီး၏ အဟန့်အတားနှင့် မထိတွေ့မီ ယခုအနေအထားသည် အနီးကပ်ဆုံးဟု ဆိုနိုင်သည်။
အန်လင်း၏ မျက်ဝန်းများသည် နှင်းဖြူရောင်အဖြစ် ပြောင်းလဲသွားကာ ကျွန်းမျောကြီးအား ကြည့်လိုက်ပါသော်လည်း မည်သည့်မန္တာန်ကိုမှ ရှာမရပေ။
"ကြည့်ရတာ တကယ်ပဲ ကောင်းကင်နဲ့မြေပြင်ကနေ ဖြစ်တည်လာပုံရတယ်။ လောကနိယာမတွေပါ ပါနေသလိုပဲ။ ဘာမှလုပ်မရဘူး။"
အန်လင်း သက်ပြင်းချလိုက်သည်။
သူ၏နတ်ဘုရားစစ်ဆေးမှုနည်းစနစ်သည်ပင် ထိုအဟန့်အတားအား ကျော်မကြည့်နိုင်ပေ။
ကျွန်းမျောကြီးသည် အလွန်အမင်း ကျယ်ဝန်းခြင်း မရှိပဲ ကီလိုမီတာ အနည်းငယ်မျှသာ ရှိသောကြောင့် သာမန်မြို့တစ်မြို့စာသာ ရှိသည်။ မှိုပွင့်သဏ္ဍာန် အဆောက်အဦးများ ပြည့်နှက်နေပြီး အလယ်ဗဟိုရှိ မှိုပွင့်ကြီးသည် အနီရောင် အလင်းများ ဖြာထွက်ကာ ကျွန်းတစ်ခုလုံးကို တောက်ပနေစေသည်။
"ကောက်ညှင်းညီအကို..... ကြုံးထား။"
အန်လင်း အားပေးလိုက်သည်။
ကောက်ညှင်းသခင် မျက်နှာပျက်နေသည်။ သူသည် မလုပ်ချင်ပါသော်လည်း စွန့်စားရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အားလုံးထက် ရှေ့ရောက်သွားနိုင်သည် မဟုတ်လော။
၎င်းသည် အသက်ပြင်းပြင်းရှူကာ အရှိန်အဝါများ ထွက်ပေါ်စေလိုက်သည်။
နှစ်စက္ကန့်....... တစ်ကီလိုမီတာ.......
ထိုသည်မှာ ခက်ခဲလှသော အရာတစ်ခု မဟုတ်ပေ။ လျင်မြန်စွာ လှုပ်ရှားလိုက်ရုံသာ။
"ဟမ့်...... ဖားမသား...... ငါအသက်ရှင်ခဲ့ရင် မင်းကိုသတ်ပစ်မယ်။"
ကောက်ညှင်းသခင် အဆိပ်မြူဖားအားကြည့်ကာ ဟစ်ကြွေးလိုက်သည်။
ရိုးသားကြိုးစား ဖိုးဖားလေးသည် ဖိုးဖိုးကြီး၏နောက်တွင် အကြောက်တရားဖြင့် ပုန်းကွယ်နေသည်။ သူသည် ကောက်ညှင်းသခင်အား အောင်မြင်စေချင်သလို ကျရှုံးပါစေဟုလည်း မျှော်လင့်နေမိသည်။ ထိုသည်မှာ ရှုပ်ထွေးလွန်းသော စိတ်အခြေအနေ တစ်ခုပင်။
ဝုန်း........
ကောက်ညှင်းသခင်သည် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ ကျွန်းမျောကြီးထံ သွားလိုက်သည်။
၎င်း၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် တစ်စက္ကန့်သာ ကြာမြင့်လိုက်လေသည်။
အန်လင်း၊ စုရှောင်လန်၊ အော့နျိုနှင့် အဆိပ်မြူဖားတို့မှာ ပါးစပ်အဟောင်းသားဖြင့် ကောက်ညှင်းသခင်အား ငေးမောမိနေကြသည်။
အမှန်တရားအား သိရှိရတော့မည်ပင်။
တစ်စက္ကန့်မျှ ကြာပြီးနောက် ကောက်ညှင်းသခင် ရယ်မောလာသည်။
"ဟားဟား....... အောင်မြင်ပြီကွ။"
ထို့နောက် ကျွန်းလယ်ရှိ အနီရောင် မှိုပွင့်ကြီးအား ဝမ်းသာအားရ ကြည့်ရှုလိုက်သည်။ ယခုအချိန်သည် အားလုံးကို ချန်ရစ်ကာ သွေးကီရင်ကျောက်စိမ်း အရယူရမည့် အခွင့်အရေးပင်။
ဝုန်း......
ကောက်ညှင်းသခင်မှာ မှိုပွင့်ကြီးထံ တချိုးတည်း ပြေးထွက်သွားသည်။
အန်လင်းနှင့် စုရှောင်လန်မှာ အမူအရာ ပြောင်းလဲသွားရပြီးနောက် ဘာမှမလုပ်နိုင်ခင်မှာပင် အားကောင်းလှသော စွမ်းအင်တစ်ခုမှာ ကောက်ညှင်းသခင်ပေါ် ကျရောက်လာသည်။
ကျွန်းတစ်ခုလုံးပေါ် ဖြာကျနေသော အနီရောင် အလင်းများသည် သေးသွယ်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကျစ်လစ်သိပ်သည်းစွာဖြင့် ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်ပေါ် ဆင်းသက်လာသည်။
အဟန့်အတား စွမ်းအင်သည်လည်း နှစ်စက္ကန့်အစား သုံးစက္ကန့် အကြာမှသာ အသက်ဝင်လာလေသည်။
အားကောင်းလှသော စွမ်းအင်စီးကြောင်းကြောင့် အန်လင်းနှင့် စုရှောင်လန်သည်ပင် ကြောက်ရွံ့သွားရသည်။
ကောက်ညှင်းသခင် နာကျင်စွာ အော်ဟစ်လိုက်သည်။
"အား......"
အနီရောင် စွမ်းအင်လှိုင်းများသည် အထက်ရှဆုံး ဓားသွားများအလား ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းအစစ လုပ်ပစ်လိုက်သည်။
ထိုတိုက်ခိုက်မှုသည် ကောက်ညှင်းသခင်၏ ဖြစ်တည်မှုအား အပြီးတိုင် ဖျက်စီးပစ်လိုကြောင်း သိသာနေသည်။ ပြိုင်ဘက်ကင်း အမတအရှင်ဟူ၍ မရှိပေ။ ယခုကဲ့သို့သာ တိုက်ခိုက်ခံရပါက မည်သူမဆို တမလွန် ရောက်သွားနိုင်ပေသည်။
"ကြောက်ဖို့ကောင်းလိုက်တာ...... အုံးအွမ်။"
အဆိပ်မြူဖား ကြောက်ရွံ့တုန်လှုပ်နေမိသည်။
"အဲ့အစွမ်းက ကျွန်းတစ်ခုလုံးကို ဖြာကျနေတဲ့ အနီရောင်အလင်းဆီကလား။"
အန်လင်းလည်း ထိတ်လန့်သွားရသည်။
"ဟုတ်တယ်။ အန္တရာယ် မရှိတဲ့ အလင်းကနေ အသိပ်သည်းဆုံး စွမ်းအင်ပုံစံ ပြောင်းသွားတာ။ ဒီတိုက်ခိုက်မှုကို ငါခံနိုင်ရည် မရှိလောက်ဘူး။"
စုရှောင်လန်၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေသည်။
၎င်းတို့၏ နှလုံးသားထဲတွင် အကြောက်တရား ခိုအောင်းနေလေပြီ။
ကောက်ညှင်းသခင်သည် အသက်စွမ်းအင်များ လျော့ပါးကာ ခန္ဓာကိုယ်အား ပြန်လည်ပေါင်းစည်းမှု မလုပ်နိုင်တော့ပါသော်လည်း ထိုသည်မှာ အဆုံးသတ် မဟုတ်သေးပေ။
ကောင်းကင်ထက်၌..........
စက်ဝိုင်းသဏ္ဍာန် ကြယ်စင်ကိုးသွယ်မှာ ရုတ်တရက် လင်းလက်လာသည်။
ကောင်းကင်နှင့်မြေပြင်၏ အကန့်အသတ်မဲ့ စွမ်းအင်များ ပါဝင်နေသော အဖြူရောင် ကြယ်စင်အလင်းသည် ကောက်ညှင်းသခင်၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာသည်။
ဝုန်း........
စွမ်းအင်များ ပေါက်ကွဲသွားလေသည်။
ကောက်ညှင်းသခင်၏ အော်ဟစ်သံမှာ နေရာအနှံ့ ပဲ့တင်ထပ်နေသည်။
အန်လင်းနှင့် စုရှောင်လန်မှာ အသက်ရှူသံများပင် မြန်ဆန်လာရသည်။
ကျွန်းမျောကြီးပေါ် ရောက်ရှိသွားသော သက်ရှိများသည်လည်း ပျံသန်းသည်ဟု သတ်မှတ်ခံရကာ ကြယ်စင်များ၏ ဖိနှိပ်ခြင်းအစွမ်းကို ခံယူရပေလိမ့်မည်။
ထိုသည်မှာ အလွန်အရေးပါသော သတင်းအချက်အလက်ပင်။
ကောက်ညှင်းသခင်မှာ အမှန်တကယ် သေဆုံးသွားလေပြီ။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်အပြင် အမတခန္ဓာပါ ပိုင်ဆိုင်ထားပါသော်လည်း ဆိုးရွားစွာ အဆုံးသတ်သွားရသည်။
"ဟူး..... ကောက်ညှင်းသခင် အနစ်နာခံမှု အလဟဿ မဖြစ်အောင် တစ်မိနစ်လောက် ငြိမ်သက်ပေးလိုက်ရအောင်။"
အန်လင်း စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
စုရှောင်လန်၊ အော့နျိုနှင့် အဆိပ်မြူဖားတို့ တိတ်ဆိတ်သွားလေသည်။
စုရှောင်လန်သည် အလေးနက်ဆုံးဖြစ်ကာ တစ်မိနစ်အပြည့် ငြိမ်သက်နေခဲ့သည်။
အဆိပ်မြူဖားမှာမူ အိမ်ပြန်ရန် အခွင့်အရေး ရှာနေလေပြီ။
"ကောက်ညှင်းသခင်ရဲ့အကြံက အလုပ်မဖြစ်ဘူး။ အဟန့်အတားကို မတားနိုင်တဲ့အပြင် ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်း ပြဿနာပါ ရှိသေးတယ်။ တခြားဘာအကြံတွေ ရှိသေးလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
စုရှောင်လန် မျက်မှောင်ကျုံ့ကာ ပြောလာသည်။
"တံတားတစ်စင်း လုပ်လိုက်ရင် ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ တကယ့်ပြဿနာက ကျွန်းမျောကြီးရဲ့ အဟန့်အတားပဲ။"
"မူး.......ငါ့မှာ အန္တရာယ်ကင်းတဲ့ အကြံတစ်ခု ရှိတယ်။"
အော့နျို ရုတ်တရက် စကားဆိုလိုက်သည်။
"ဘာလဲ။"
အန်လင်း အော့နျိုအားကြည့်ကာ မေးလာသည်။
"ဒီကနေ ပြန်ရအောင်လေ။ အန္တရာယ် များလွန်းတယ်။"
အော့နျို တုံ့ပြန်လိုက်သည်။
အဆိပ်မြူဖား ခေါင်းညိတ်ထောက်ခံလိုက်သည်။
"သဘောတူတယ်။ အိမ်က အလုံခြုံဆုံးပဲ..... အုံးအွမ်။"
အန်လင်း : ".............."
***