ပြိုင်ဘက်ကင်းဓားမော့မိစ္ဆာ
Vol. 57 Ch. 802
အန်လင်း ချက်ချင်းပင် ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး။ ပြန်ကြဖို့ ငါသဘောမတူဘူး။ လူတစ်ယောက်က အိပ်မက်တောင် မမက်ရဲရရင် ငါးဆားနယ်တစ်ကောင်နဲ့ ဘာခြားတော့မှာလဲ။ သတင်းအချက်အလက် အများကြီး ရထားတဲ့အပြင် သွေးကီရင်ကျောက်စိမ်းနဲ့ အနီးဆုံးကိုလည်း ရောက်နေပြီးမှ လက်လျှော့လိုက်ရမှာလား။ ဟာသပဲ။"
သူပြင်းပြင်းပြပြ စကားဆိုလာသည်။
"ဒါပေမယ့်....... ငါကနွားလေ။ လူမှမဟုတ်တာ။"
အော့နျို လေးနက်စွာ တုံ့ပြန်လိုက်သည်။
အဆိပ်မြူဖားလည်း သဘောတူ ထောက်ခံလိုက်သည်။
"ငါကလည်း ဖိုးဖားလေးပါ........ အုံးအွမ်။"
"ပြီးတော့ ငါ့ရဲ့ တစ်ခုတည်းသော အိပ်မက်က အိမ်ပြန်ဖို့ပါပဲ........ အုံးအွမ်။"
၎င်းသည် ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် စကားဖြည့်ပြောလာသည်။
အန်လင်းမှာ သူရဲဘောကြောင် သားရဲနှစ်ကောင်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ တုံ့ပြန်မှုများမှာ အဓိပ္ပါယ် ရှိပေသည်။ ၎င်းတို့သာ သတ္တိခဲများဆိုပါက ဒူးထောက်အရှုံးပေးမည့်အစား အသေခံခဲ့လောက်သည်။
သေရေးရှင်ရေး မမှုပဲ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲများအား စိန်ခေါ်တိုက်ခိုက်ရဲသော စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သားရဲများလည်း ရှိကြသည် မဟုတ်လော။
သို့သော် ၎င်းတို့နှစ်ကောင်သည် ထိုသားရဲများနှင့် မတူညီပေ။
အန်လင်းသည် ၎င်းတို့ထံမှ များများစားစား မမျှော်လင့်ထားသောကြောင့် ပြဿနာ ဖြေရှင်းနည်းကိုသာ ပြန်စဉ်းစားနေလိုက်သည်။
အားလုံး ဒုက္ခရောက်ရတော့မှာလား........
ရှောင်လန် မလုပ်နိုင်လောက်ပေမယ့် ငါ့ခန္ဓာကိုယ်ကတော့ အရေထူတယ်လေ......
ပြီးတော့ တခြားသူတွေကို ကူညီဖို့ ဝှက်ဖဲနှစ်ခု ငါ့မှာရှိတယ်....... ငါတို့ လုပ်နိုင်လောက်လား........
မည်သို့ပင်ဆိုစေကာမူ စွန့်စားရမည်မှာ အတော်ပင် မြင့်မားပြီး အခန့်မသင့်ပါက ကောက်ညှင်းသခင်၏ ကံကြမ္မာအတိုင်း ဖြစ်သွားနိုင်ပေသည်။
အပိုင်းပိုင်းအစစဖြစ်ကာ ကြယ်စင်များ၏ ဖိနှိပ်ခြင်း ခံရမည်ကို တွေးလိုက်မိရုံနှင့်ပင် အန်လင်း ကြက်သီးထလာမိသည်။
"ဖြေရှင်းနည်း စဉ်းစားဖို့အတွက် အရင်အောက်ဆင်းကြရအောင်။"
အန်လင်း သက်ပြင်းချလိုက်သည်။
အားလုံးမှာ မြေပြင်ပေါ် ပြန်ရောက်လာကြပြီးနောက် အနီရောင် ကျွန်းမျောကြီးအား မော့ကြည့်လိုက်ကြသည်။
စုရှောင်လန်သည် ဆံစအချို့အား နားရွက်နောက်သပ်ကာ စကားဆိုလာသည်။
"ဒီကိုလာသမျှ သားရဲတွေအားလုံး သေကြတယ် ပြောတယ်နော်။ အဲ့ဒါဆို ဘယ်လိုအန္တရာယ်ကများ သူတို့အားလုံးကို ရှင်းထုတ်ပစ်နိုင်တာလဲ။ ငါတို့အတွေ့အကြုံအရ ကြယ်စင်တွေရဲ့ ဖိနှိပ်ခြင်းအစွမ်းကလည်း အခြေအနေဘာညာ ရှိသလို၊ ကျွန်းမျောကြီးရဲ့ အဟန့်အတားကလည်း တူတူပဲ။ အနည်းဆုံး ဒီငကြောက်နှစ်ကောင်နဲ့ ငါတို့တွေ လွတ်အောင်ပြေးနိုင်လောက်တယ်လေ။ သူတို့တွေက ဘာလို့သေသွားရတာလဲ။"
အော့နျိုနှင့် အဆိပ်မြူဖားမှာ စော်ကားခံရသလို ခံစားလိုက်ရသည်။
သို့ပါသော်လည်း ထိုသည်မှာ အရေးမပါပေ။ ဤနေရာမှသာ ထွက်သွားနိုင်မည်ဆိုပါက မည်သည့်စော်ကားခြင်းကိုမဆို ပြုံးပြုံးကြီး လက်ခံနေမည်သာ။
စုရှောင်လန်၏ စကားများသည် ပတ်ဝန်းကျင်တွင် အခြားဘေးအန္တရာယ်များ ရှိနိုင်ကြောင်း မီးမောင်းထိုးပြလိုက်သလိုပင်။ ကျွန်းမျောကြီးပေါ်တွင် ရှိနေသော အဟန့်အတားအပြင် သားရဲများအားလုံးကို သတ်ပစ်နိုင်လောက်သည်အထိ ပြင်းထန်သော အန္တရာယ်များ ရှိကောင်းရှိနေနိုင်သည်။
အန်လင်းနှင့် စုရှောင်လန်မှာ စွန့်စားကြည့်ရန်အတွက် မရေမရာ ဖြစ်နေကြသည်။
မဟာလင်းနို့ဧကရာဇ် အလိုရှိနေကာ ကောင်းကင်အရှင်သခင်မှ စိတ်ဝိဉာဉ်ကျောက်တုံး သန်းငါးဆယ်ဖြင့် ကမ်းလှမ်းထားသော သွေးကီရင်ကျောက်စိမ်းမှာ ၎င်းတို့နှင့် လက်တကမ်းအကွာတွင်ပင် ရှိနေသည်။
ယခုကဲ့သို့ အချိန်မျိုးတွင် လက်လျှော့လိုက်ရမည်မှာ နှမြောစရာ ကောင်းလွန်းလှသည်။
ထို့ကြောင့် အခြားနည်းလမ်းတစ်ခုအား ဦးနှောက်ခမ်းအောင် စဉ်းစားရမည်သာ။
သားရဲနှစ်ကောင်၏ အိမ်ပြန်ရန် အကြံကိုလည်း ထည့်သွင်းတွေးတောကြပါသော်လည်း အန်လင်းနှင့် စုရှောင်လန်သည် မျက်စိရှေ့တွင် ရှိနေသည့် ကောင်းမွန်လွန်းသော အခွင့်အရေးအား လက်မလွှတ်နိုင်ကြပေ။
၎င်းတို့စဉ်းစားရကြပ်နေချိန်မှာပင် အဝေးမှ ခြေသံ၊ ခွာသံများ ကြလာရသည်။
အန်လင်းတို့ လှည့်ကြည့်လိုက်သောအခါ သားရဲများ ရောက်ရှိလာနေသည်ကို တွေ့လိုက်ရလေသည်။
အန်လင်းသည် အံ့ဖွယ်အာရုံအား ဖြန့်ကျက်ကာ ၎င်းတို့အား စစ်ဆေးကြည့်လိုက်သည်။
"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲခြောက်ကောင်နဲ့ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သားရဲဆယ့်ခြောက်ကောင်......"
"ဟမ်....... သားရဲတစ်ကောင်က ငါ့ရဲ့အံ့ဖွယ်အာရုံကို အာရုံခံမိပြီး နှောင့်ယှက်ဖို့ လုပ်နေတာလား။"
အန်လင်း အံ့အားသင့်သွားသည်။
သူ၏ အံ့ဖွယ်အာရုံသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အများစုထက်ပင် သာလွန်သေးသည်။
ထိုသားရဲအုပ်ထဲတွင် အန်လင်း၏ အံ့ဖွယ်အာရုံနှင့် ယှဉ်နိုင်သော သားရဲတစ်ကောင် သေချာပေါက် ပါဝင်နေပေသည်။
သားရဲများသည် အန်လင်းတို့အား သတိထားမိသောကြောင့် မဆင်မခြင် ပြေးဝင်မလာပဲ အရှိန်လျှော့ချလိုက်ကြသည်။
"စိတ်ဝင်စားစရာပဲ။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"အခုလို သတိရှိတဲ့ သားရဲတွေ ပထမဆုံး မြင်ဖူးတာပဲ။"
ယခု ရန်သူများသည် ရင်ဆိုင်တွေ့ကြုံခဲ့ရသော သားရဲများနှင့် ကွဲပြားခြားနားပုံပင်။
သားရဲများသည် အရှိန်လျှော့လိုက်ပါသော်လည်း ဆက်လက်ရောက်ရှိလာနေဆဲဖြစ်ကာ လက်နက်များနှင့်အတူ နယ်ပယ်များပါ ထုတ်ဖော်ထားလျက် အရှိန်အဝါများ ထွက်ပေါ်စေကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ပြသနေသည်။
အဆိပ်မြူဖားသည် ထိုသားရဲအုပ်အားကြည့်ကာ ဒူးထောက်ကျမလို ဖြစ်သွားရသည်။
"သူ....... သူက ဒီမှာပဲ။"
အန်လင်း အဆိပ်မြူဖားအားကြည့်ကာ မေးလိုက်သည်။
"ဘယ်သူလဲ။"
"မဟာလင်းနို့ဧကရာဇ်ရဲ့ အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ခေါင်းဆောင်...... ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ....."
အဆိပ်မြူဖားမှာ စကားသံများပင် တုန်ရီနေသည်။
အန်လင်း ခေါင်းညိတ်ပြလာသည်။ သူ၏ အံ့ဖွယ်အာရုံအား နှောင့်ယှက်ရန် ပြုလုပ်ခဲ့သူမှာ ထိုပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာပင် ဖြစ်ပေလိမ့်မည်။ အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ခေါင်းဆောင် ဖြစ်သည်နှင့်အညီ အတော်ပင် သန်မာပုံ ရသည်။
သို့သော် အန်လင်းနှင့် စုရှောင်လန်သည် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအားကြည့်ကာ အမူအရာ ပြောင်းလဲသွားရသည်။
"အရမ်းချစ်ဖို့ကောင်းတာပဲ။"
စုရှောင်လန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အင်း...... တော်တော်ချစ်စရာကောင်းတယ်။"
အန်လင်း သဘောတူထောက်ခံလိုက်သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် လူတဝက်စာမျှသာရှိသော ထူပေါ့ရှူတစ်ကောင် ဖြစ်သည်။
(ထူပေါ့ရှူက Groundhogပါ။ မြောက်အမေရိကဘက်က အကောင်လေးတွေဖြစ်လို့ မြန်မာနာမည် မရှိလို့ပါ။)
၎င်း၏အမွှေးများသည် လှပတောက်ပြောင်သော ရွှေရောင်ဖြစ်ကာ အလွန်နူးညံ့မည့်ပုံပေါ်သည်။
ဝိုင်းစက်နေသော ရွှေရောင်မျက်ဝန်းများထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်နေပြီး နှင်းဖြူရောင် ဓားမော့ကြီးနှစ်လက်အား ကိုင်ဆောင်ထားသည်။ ထိုဓားမော့များ၏ စွမ်းအင်စီးကြောင်းမှာ အားကောင်းလွန်းလှသောကြောင့် တစ်ချက်ကြည့်ရုံမျှဖြင့် ကြက်သီးထစေနိုင်လောက်သည်။
မည်သို့ပင်ဆိုစေကာမူ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ၎င်း၏ဘေးတွင် ရှိနေသော သားရဲများအားလုံးထက် အပြတ်အသတ် ချစ်စရာကောင်းနေသည်။
မည်သူနှင့်မှ ယှဉ်စရာ မလိုလောက်သည်အထိပင်။
အန်လင်းသည် ၎င်း၏အရှိန်အဝါကြောင့် အနည်းငယ် သတိထားနေခဲ့ပါသော်လည်း ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအား မြင်လိုက်ရသောအခါ စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။
သူသည် အတိတ်ကာလ၌ ထူပေါ့ရှူအသား စားသုံးရသည်ကို အလွန်နှစ်သက်ခဲ့သည်။
ထို့ကြောင့် ယခုမျှ ကြီးမားသော ထူပေါ့ရှူအသားသည် အရသာ ပိုကောင်းနိုင်သည်ဟု တွေးနေမိသည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ဖိအားခံစားခဲ့ရသော လူသားကို အနီးကပ် တွေ့မြင်လိုက်ရသည်။ သို့သော် ထိုလူသား၏ မျက်ဝန်းများသည် မီးဝင်းဝင်းတောက်ကာ နှုတ်ခမ်းထောင့်စွန်းမှ သွားရည်များ စီးကျနေသောကြောင့် ၎င်းသည်ပင် အနည်းငယ် ထိတ်လန့်သွားမိသည်။
ဒါက.........
ငါပဲစိတ်ထင်နေတာလား......
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ ထိုလူသားသည် သူ့အား စားမတက်၊ ဝါးမတက် ကြည့်ရှုနေသည်ကို စိတ်ထဲမှ ထုတ်မရပေ။
သူကငါ့ကို စားချင်နေတာလား ဒါမှမဟုတ် လိုချင်နေတာလား.......
ထိုသည်မှာ အလိုလိုသိစိတ် ဖြစ်ပါသော်လည်း အမှန်တရားဟု ခံစားနေရသည်။
"ရပ်လိုက်....."
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ သားရဲများအား တားဆီးလိုက်သည်။
"ဘာဖြစ်လို့လဲ အဖွဲ့ခေါင်းဆောင်......."
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲတစ်ကောင် မေးမြန်းလာသည်။
ရုတ်တရက် ရပ်တန့်လိုက်ခြင်းသည် ၎င်းတို့၏ စိတ်အားတက်ကြွမှာကို ထိခိုက်စေသောကြောင့် သားရဲများအားလုံးမှာ အကြောင်းအရင်းအား သိချင်နေကြသည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် အဝေးမှ လူသားအားကြည့်ကာ မျက်နှာပျက်သွားသည်။
ထိုသူသည် ဓားအပြင် သောက်ကျိုးနည်း အကြော်ဒယ်အိုး တစ်ခုကိုပါ ထုတ်ယူနေသည်။
ငါ့ရဲ့အသိစိတ်က အရမ်းကို မှန်နေပြီ.......
"တစ်ခုခု မူမမှန်ဘူး။ မဆင်မခြင် မလုပ်ကြနဲ့။"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ခက်ခဲစွာ ပြောလိုက်သည်။
ထိုလူသားသည် အံ့ဖွယ်အာရုံ ပိုင်ရှင်ဖြစ်ကြောင်း သေချာလှသည်။
ထို့ကြောင့် ယင်းလူသား၏ သန်မာမှုအား မတွက်ချက်လိုတော့ပေ။ ၎င်း၏ အားကောင်းလှသော အံ့ဖွယ်အာရုံနှင့်ပင် သိနိုင်ပြီ မဟုတ်လော။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် စိတ်ရူးပေါက်သလို လှုပ်ရှားတတ်သူ မဟုတ်ပေ။ သားရဲများ ရပ်တန့်သွားခြင်းကြောင့် ထိုလူသား စိတ်ပျက်သွားသည်ကိုပင် သူမြင်နေရသည်။
လူသားများသည် သားရဲများထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ် ကောင်းပေသည်။
***