ဘုန်းတော်ဂုဏ်တော်ကပြောင်းကပြန်
Vol. 58 Ch. 803
အခြေအနေမှာ ကသိကအောက် ဖြစ်နေသည်။
အန်လင်း အနည်းငယ် စိတ်ရှုပ်သွားရသည်။
ငါကတကယ် အဲ့လောက်ထိ ကြောက်စရာကောင်းနေလို့လား..............
ဒါမှမဟုတ် သားရဲတွေကပဲ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး မဆင်မခြင် မလှုပ်ရှားတော့တာလား.........
ဓားတစ်ဖက်၊ အကြော်ဒယ်အိုးတစ်ဖက် ကိုင်ထားသော သူ၏ပုံစံသည် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ အမြင်တွင် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေကြောင်း သူမသိပေ။
စုရှောင်လန်သည်ပင် အန်လင်းကိုကြည့်ကာ မျက်စောင်းထိုးမိသည်။
၎င်းတို့ရှေ့တွင် ရှိနေသော ထူပေါ့ရှူသည် အတော်ပင် အရသာကောင်းမည့်ပုံ ပေါ်ပါသော်လည်း ဉာဏ်ရည်မြင့် သားရဲတစ်ကောင် ဖြစ်သောကြောင့် စားပစ်လိုက်ရန် ရက်စက်ရာ ကျလွန်းသည်။
မည်သို့ပင်ဆိုစေကာမူ စင်စစ်တွင် လူသားများသည် သားရဲများအား စားသုံးကြသလို သားရဲများသည်လည်း အခွင့်အရေး ရရှိလာပါက လူသားများအား စားသုံးကြပေလိမ့်မည်။ ထိုက်ချူကုန်းမြေတွင် ထိုသည်မှာ သာမန်ကိစ္စရပ် တစ်ခုသာဖြစ်ပြီး အစာစက်ကွင်း လည်ပတ်နေသော သဘာဝသာ။
အားကြီးသောသူသည် အစာစက်ကွင်း၏ ထိပ်ဆုံးတွင် ရှိနေလိမ့်မည်ပင် ဖြစ်သည်။
အခြားသူများ၏ စားသုံးမှုကို မခံစားလိုပါက ပိုမိုသန်မာသူ ဖြစ်လာရန် ကြိုးစားရုံသာ ရှိသည်။
ဥပမာအားဖြင့် ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲတစ်ကောင် သေဆုံးသွားပါက သာမန်ကျင့်ကြံသူများမှ စားသုံးပစ်လိုက်ကြမည်ဖြစ်ကာ ၎င်းတို့၏ ကျင့်ကြံရေး အခြေခံအလိုက် ကောင်းကျိုးများ ရရှိကြပေလိမ့်မည်။ ထိုသားရဲသည် ဉာဏ်ရည်မြင့် သတ္တဝါတစ်ကောင် ဖြစ်နေရုံမျှဖြင့် မည်သူကမှ မစားပဲ နေလိမ့်မည် မဟုတ်ပေ။
ထိုဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲ၏အသားအား စားသုံးခွင့်ရရန် တိုက်ပင်တိုက်ခိုက်ကြမည်ပင်။
ကျင့်ကြံရေး တိုးတက်စေရန်အတွက် သားရဲတစ်ကောင်အား စားသုံးခြင်းသည် အသိစိတ်နှင့် ဘာမှမဆိုင်ပေ။
အန်လင်းသည် ဉာဏ်ရည်မြင့် သားရဲများအား စားသုံးရန် ရှက်ရွံ့သူများကို အမှန်တကယ် နားမလည်နိုင်ပေ။
အချို့သော ကျင့်ကြံသူများဆိုလျှင် လူနှင့်တူသော သားရဲများအား မစားသုံးပဲ အခြားသော တိရစ္ဆာန်အသွင်ရှိသည့် သားရဲများကိုသာ သုံးဆောင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သားသတ်လွတ် မဟုတ်သရွေ့ အရာအားလုံးမှာ အတူတူသာဖြစ်ပြီး ၎င်းတို့စိတ်ကသာ ထူးဆန်းနေခြင်း ဖြစ်သည်။
အလွန်အယူသည်းသော ကျင့်ကြံသူများလည်း ရှိကြသည်။
အချို့ဆိုလျှင် ဉာဏ်ရည်မြင့် သားရဲများအား စားသုံးရန် တွေးတောသူများကိုပင် ရွံရှာတတ်ကြသည်။
ဉာဏ်ရည်မြင့် သားရဲဖြစ်စေ၊ ဉာဏ်ရည်နိမ့်သားရဲဖြစ်စေ မည်သည့်သက်ရှိကိုမှ မစားသုံးသော ကျင့်ကြံသူများလည်း ရှိသည်။ သတ္တဝါများအားလုံးသည် ခံစားချက်ရှိကာ နာကျင်တတ်ကြသောကြောင့် ၎င်းတို့အား စားသုံးသည်မှာ ရက်စက်ရာကျသည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင်ရှိသော သက်ရှိများအားလုံး တန်းတူညီမျှ ရှိသင့်သည်ဟုလည်း ပြောကြသည်။
ထိုသည်မှာ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ပင်။
၎င်းတို့အားလုံးသည် သားသတ်လွတ်သမားများ ဖြစ်၏။
၎င်းတို့သည် သတ္တဝါများ အားလုံးအပေါ် စေတနာ သဒ္ဒါတရားရှိကာ သနားညှာတာသောလမ်းစဉ်ကို ကျင့်သုံးကြသည်။
ထိုထဲတွင် အပင်များအား စားသုံးရန် ငြင်းဆိုကြသူများပင် ရှိသေးသည်။ အပင်များသည်လည်း သက်ရှိစာရင်းဝင်သည် မဟုတ်လော။
သက်ရှိများအားလုံး သာတူညီမျှ ရှိသင့်ပါက ၎င်းတို့သည် အပင်များ၏ အသက်ရှင် နေထိုင်ခွင့်အား မရယူသင့်ပေ။
မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးသည် မည်သည့်အာဟာရမှ မရပဲ အသက်မရှင်နိုင်ပေ။ ဆာလောင်မွတ်သိပ်ခြင်းသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဒုက္ခပေးလာပေလိမ့်မည်။
ထိုသို့ဖြင့် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်တွင် နေရောင်ခြည်မှ အာဟာရစုပ်ယူသော ထူးခြားသည့် ကျင့်စဉ်တစ်ခု ပေါ်ထွန်းလာခဲ့သည်။
စုရှောင်လန်သည် အတွေးရေကြောထဲ မျောနေစဉ်မှာပင် ထူပါ့ရှူ၏ အော်ဟစ်မှုကြောင့် အသိစိတ် ပြန်ဝင်လာသည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် အန်လင်းဘေးတွင် ရှိနေသော အဆိပ်မြူဖားအားကြည့်ကာ လွန်စွာဒေါသထွက်သွားရသည်။
"နတ်အဆိပ်ဖား........ မင်းဘာလို့ လူသားတစ်ယောက်နဲ့ တူတူရှိနေတာလဲ။ မဟာလင်းနို့ဧကရာဇ်ကို သစ္စာဖောက်တော့မလို့လား။"
အဆိပ်မြူဖားမှာ ကြောက်ရွံ့တုန်လှုပ်နေလေပြီ။
ငါဘာလုပ်ရမလဲ........ နှစ်ဖက်လုံးက အရမ်းအင်အားကြီးလွန်းတယ်.........
သူသည် ပရိယာယ် သုံးရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် မည်သည့်စကားမှ မဆိုပဲ မျက်ရည်အဝဲသားဖြင့်သာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအား လှမ်းကြည့်လိုက်သည်။
ထိုသည်မှာ ပြောစရာစကား မဲ့လောက်သော မျက်ရည်များပင်။
အခက်အခဲ ရှိပေမယ့် ပြောပြလို့ မရလို့ပါကွာ.........
ထင်မှတ်ထားသည့်အတိုင်း ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ အမူအရာ ပြောင်းလဲသွားကာ စိတ်ထဲတွင် ဖြစ်နိုင်ခြေပေါင်း သောင်းခြောက်ထောင်ကို တွေးထင်ယူဆပြီးနောက် အဆိပ်မြူဖားအစား အန်လင်းကိုသာ ဒေါသထွက်သွားသည်။
"လူ့အမှိုက်ကောင်...... အား......."
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဘာလို့ ငါ့ကိုရုတ်တရက်ကြီး ကျိန်ဆဲနေရတာလဲ....... ဒီတိုင်း သဘာဝကျကျ တိုက်ခိုက်လို့ မရဘူးလား........
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ အော်ဟစ်သံမှာ ပြင်းထန်စူးရှလွန်းသောကြောင့် မြေပြင်များပင် ကွဲအက်ကုန်သည်။
"အား....... ဒီလူနှစ်ယောက်ကို ငါသတ်ပစ်မယ်။"
၎င်း၏ဟစ်ကြွေးသံနှင့်အတူ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သားရဲများကပါ အန်လင်းထံ ပြေးဝင်လာကြသည်။
အန်လင်းသည် လျင်မြန်လှသော အပြောင်းအလဲကြောင့် အထိတ်တလန့်ဖြစ်ကာ မိစ္ဆာရှင်းဓားဖြင့် သားရဲအုပ်အား ခုတ်ချလိုက်သည်။
ထိုအချိန်မှာပင် အားကောင်းလွန်းသော အဖြူရောင် ဓားမော့ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အန်လင်း၏ အနက်ရောင် ဓားပုံရိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
အဆုံးတွင်မူ ဓားနှင့်ဓားမော့ နှစ်ခုလုံးမှာ သူတင်ကိုယ်တင် အခြေအနေသို့ ရောက်ရှိသွားလေသည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာထံတွင် ဓားမော့နှစ်လက် ရှိသောကြောင့် အခြားသော ဓားမော့ပုံရိပ်တစ်ခု ချက်ချင်းပျံဝဲလာသည်။
ဓားမော့ပုံရိပ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် လေအားခွင်းကာ အန်လင်းထံ ရောက်ရှိလာသည်။ ဓားမော့တွင် ပါဝင်နေသော စွမ်းအင်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ထက်ပင် ကျော်လွန်နေသေးသည်။
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
ဒီထူပါ့ရှူက ကြမ်းသားပဲ.........
သူသည် တုန်းကော်အား ပြန်ရင်ဆိုင်နေရသလို ခံစားရသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိသော ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် တုန်းကော်နှင့် ယှဉ်နိုင်လောက်သည်ပင်။
တကယ့်သောက်ကြမ်းလေးပဲ......
အန်လင်း၏ မိစ္ဆာရှင်းဓားတဝိုက်တွင် အဖြူရောင် လေစီးကြောင်းများ ဖြစ်ပေါ်လာပြီးနောက် ဓားမော့ပုံရိပ်အား မျက်စိတမှိတ်အတွင်း ခုခံလိုက်သည်။
အခြားသားရဲများမှာ ၎င်းတို့နှင့် နီးကပ်လာနေလေပြီ။
စုရှောင်လန်၏ အရှိန်အဝါ မြင့်တက်လာသည်နှင့်အတူ မြင့်မြတ်သော သားရဲတစ်ကောင်၏ သြဇာအာဏာများ ဖြာထွက်လာကာ သားရဲများ၏ နှလုံးသားအား ကြောက်ရွံ့သွားစေသည်။
နဂါးစာကလေးဓား ဖျတ်ခနဲ လက်သွားပြီးနောက် မြင့်မြတ်သော ဗာမီလီယမ်မီးတောက်များမှာ သားရဲများအားလုံးကို လွှမ်းခြုံသွားသည်။
သားရဲများစွာမှာ အလျင်စလို နောက်ဆုတ်လိုက်ကြပါသော်လည်း တုံ့ပြန်မှုနှေးသော သားရဲများမှာမူ လောင်ကျွမ်းပြာကျသွားကြရသည်။
ဓားချက်တစ်ချက်သည် သားရဲတစ်အုပ်လုံးအား ဒုက္ခပေးလိုက်နိုင်သည်။
ထိုအချိန်မှသာ လူသားမိန်းကလေးသည်လည်း အလွန်သန်မာကြောင်း ပြိုင်ဘက်ကင်း ဓာမော့မိစ္ဆာ နားလည်သွားရသည်။
ငါတို့ဒီပွဲ ရှုံးနိုင်တယ်ဟ...........
"ဆုတ်ကြ......."
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ အော်ဟစ်လိုက်သည်။
သားရဲများအားလုံး အသည်းအသန် ဆုတ်ခွာကြတော့သည်။
သို့သော် သွေးစက်ကုန်းမြေတွင် အရာရာမှာ မှန်းဆမရပေ။
ကြယ်စင်များထံမှ အပြာရောင်လက်များ ရုတ်တရက် ဖြစ်ပေါ်လာသည်။
ထိုလက်ကြီးများမှာ ဧရာမ အရွယ်အစားဟု ဆိုနိုင်သည်။
ရှုပ်ထွေးလွန်းလှသည့်အပြင် နေရာတိုင်းတွင် ထိုလက်များကို တွေ့နေရသည်။ မျက်စိမှိတ်ထားလျှင်ပင် အမှောင်ထုထဲ၌ ထိုလက်များအား မြင်နေရပေလိမ့်မည်။
ထိုလက်များမှာ ကမ္ဘာလောက တစ်ခုအလား ကြယ်စင်ကောင်းကင်ယံတွင် တည်ရှိနေသည်။
တစ်ချိန်တည်းမှာပင် ကြယ်စင်များကြား ရှိနေသောကြောင့် ပုံရိပ်ယောင်ဟုသာ ထင်မှတ်ရလေသည်။
လက်နှစ်ဖက်သည် အလယ်တွင် တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မည့်နှယ် အနိမ့်နှင့်အမြင့်အဖြစ် နေရာယူလိုက်ကြသည်။
အန်လင်း၊ စုရှောင်လန်နှင့် သားရဲများအားလုံး အထိတ်တလန့် ဖြစ်သွားကြရသည်။
ထိုသည်မှာ သွေးစက်ကုန်းမြေ၏ တတိယမြောက် ထူးခြားဖြစ်စဉ် ဘုန်းတော်ဂုဏ်တော် ကပြောင်းကပြန်ပင်။
ထိုသည်မှာ ပတ်ဝန်းကျင် တခွင်လုံးကို ထိခိုက်စေသော တိုက်ခိုက်မှုဖြစ်ပြီး ယင်းလက်များ ပေါ်ထွက်လာသည်နှင့် ကမ္ဘာတစ်ခုလုံး ပြောင်းပြန်ဇောက်ထိုးဖြစ်ကာ သက်ရှိများအားလုံး ကြယ်စင်ကောင်းကင်ယံထဲ ပြုတ်ကျသွားမည် ဖြစ်သည်။
သွေးစက်ကုန်းမြေထဲ ရောက်ရှိလာသော သားရဲကိုးဆယ်ရာခိုင်းနှုန်းသည် ဘုန်းတော်ဂုဏ်တော် ကပြောင်းကပြန်ကြောင့် သေဆုံးကြရလေ့ ရှိသည်။
ရုတ်ချည်းဆိုသလို လက်နှစ်ဖက်မှာ အနေအထား ပြောင်းလဲသွားကြသည်။
ဝုန်း.......
ကောင်းကင်နှင့်မြေပြင်မှာလည်း စတင်ပြောင်းလဲလာလေပြီ။
အားလုံးမှာ ကြယ်စင်ကောင်းကင်ယံမှ ငြင်းပယ်မရသော ဆွဲငင်အားတစ်မျိုး ထွက်ပေါ်လာသည်ကို ခံစားလိုက်မိကြသည်။
မြေဆွဲအားမှာ ပျောက်ကွယ်လာပြီး ကောင်းကင်နှင့်မြေပြင်မှာ ပြောင်းပြန်ဖြစ်လာသည်။
မည်းနက်နေသော မြေပြင်မှာ ကျောက်သားကောင်းကင် ဖြစ်သွားလေသည်။
ကြယ်စင်ကောင်းကင်ယံမှာမူ ကျစ်လစ်သိပ်သည်းကာ မမြင်နိုင်သော မြေပြင်တစ်ခု ဖြစ်သွား၏။
အန်လင်း၊ စုရှောင်လန်နှင့် သားရဲများအားလုံး ကြယ်စင်ကောင်းကင်ယံထံ ဆွဲခေါ်ခံလိုက်ရသည်။
ကောင်းကင်နှင့်မြေပြင်မှာ ကပြောင်းကပြန် ဖြစ်သွားလေပြီ။ ၎င်းတို့အနေဖြင့် ကျောက်သားကောင်းကင်ထံ ပျံသန်းသွား၍ မရတော့ပေ။ ထိုသို့မဟုတ်ပါက ကောင်းကင်၏ ဖိနှိပ်ခြင်းအား ခံစားရပေလိမ့်မည်။
***