ဆရာကြီးဝူရှန်း
Vol. 25 Ch. 339
ယခင် လိန်ဟုန်ကျီက အဆင့် ၁၆ တွင် ရှိသည့်အတွက် အားလုံးမှာ လိန်ဟုန်ကျီမှာ မရိုးရှင်းကြောင်း သိပြီးသား ဖြစ်၏။ သို့သော် သူတို့က လိန်ဟုန်ကျီသည် မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁ ဖြစ်လာမည် မှန်းတော့ ထင်မထားကြပေ။
ချီထုံက သတိ ပြန်ဝင်လာကာ ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြောလိုက်သည်။
“အဲဒီကလေးက ကျုပ်မှန်းထားတာ တွေကို စိတ်မပျက် စေဘူးပဲ။ ဆရာကြီး ဝူရှန်းကိုလည်း ဂုဏ်ပြုပေးရမယ်။ ရှို့ရန်က မြေကမ္ဘာနယ်ပယ် အဆင့်ကို ကျော်ပြီးတော့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်း သွားနိုင်ပြီကိုး ... ”
လူအုပ်ကြီးက လက်ယာဘက် ဒုတိယနေရာ၌ ထိုင်နေသော ခပ်ဝဝ ဘုန်းကြီးကို ကြည့်လိုက်ကြသည်။ ထိုဘုန်းကြီးမှာ ဆရာကြီးဝူရှန်း ဖြစ်ပေသည်။
ဆရာကြီး ဝူရှန်းက ကြယ်တာရာ ဘုရင်တောင်၏ ဆယ်ခုမြောက် ခန်းမ ဖြစ်သည့် ဝူရှန်းခန်းမ သခင် ဖြစ်သည်။ ဝူရှန်းခန်းမမှာ ခန်းမ ဆယ်ခုအနက် နောက်ဆုံး ဖြစ်နေသော်လည်း မည်သူကမျှ ဆရာကြီး ဝူရှန်းကို အထင်မသေး ရဲကြချေ။
စစ်တပ် ဆယ်ခုလုံးကို သူတို့နှင့် သက်ဆိုင်ရာ ခန်းမများက ထိန်းချုပ်ထား ကြသည်။ ဝူရှန်းခန်းမက ဝူရှန်းစစ်တပ်ကို ထိန်းချုပ်ရသည်။
ခန်းမ ဆယ်ခုလုံး၌ ဝူရှန်း ခန်းမသာ ကြယ်တာရာ ဟူသော အမည် မပါရှိခြင်း ဖြစ်သည်။ ဝူရှန်းစစ်တပ် သည်လည်း။
“ကြယ်တာရာ” ဟူသော အမည် မပါရှိသော တစ်ခုတည်းသော ကျင့်ကြံသူ စစ်တပ် ဖြစ်လေ၏။ ဝူရှန်းစစ်တပ်တွင် လူဦးရေ အရေအတွက် နည်းပါး သော်လည်း ဝူရှန်းစစ်တပ်၏ တိုက်ပွဲ စွမ်းအားမှာ ထိပ်သီးအဆင့် ၃ တွင် ပါမည်ဟု ယုံကြည်ကြသည်။ ခန်းမ ဆယ်ခုကြားမှ အဆင့် သတ်မှတ်ချက် များသည် စွမ်းအား အစစ်အမှန် မဟုတ်ချေ။
ထို့အပြင် ဆရာကြီးဝူရှန်း ကိုယ်တိုင်ကပင် အင်မတန် အားကောင်းလှရာ မြေကမ္ဘာ အင်မော်တယ် အဆင့် တက်လှမ်း နိုင်ဖို့ရာအထိ မျှော်လင့်ထားသော ပါရမီရှင်များ ကြားမှ ပါရမီရှင် ဖြစ်သည်။
ဆရာကြီး ဝူရှန်းက သူ့ ကတုံးပြောင်ပြောင်ကို ပွတ်လိုက်ပြီး အားရပါးရ ပြုံးလိုက်သည်မှာ ရိုးရှင်းပြီး ပွင့်လင်းဟန် ပေါ်နေသည်။
သို့သော်လည်း ဤနေရာရှိ မည်သူကမျှ ဆရာကြီးဝူရှန်းကို ရိုးရှင်းသည့်သူဟု မထင်ကြဘဲ သူက သေမင်း တစ်ပါးသာ ဖြစ်၏။ သူက ဂိုဏ်းသုံးခုနှင့် မျိုးနွယ်စု ခြောက်ခုကို တစ်ရက်အတွင်း အပြတ်ချေမှုန်း ခဲ့ဖူးသည်။ သူက သွေးချောင်း စီးသည့်အထိ သတ်ဖြတ်ခဲ့သည့် အကြောင်းအရင်းမှာ သူ့တပည့် ဖြစ်သူကို မျိုးနွယ်စုဝင် တစ်ယောက်က သတ်လိုက်မိ၍ ဖြစ်သည်။ ထိုမျိုးနွယ်စုနှင့် အဆက်အစပ် ရှိသော ဂိုဏ်းများနှင့် အခြားသော မျိုးနွယ်စု များကိုပါ အားလုံး အမြစ်ဖြတ် ချေမှုန်းခဲ့သည်။ အားလုံးက သူ့အမျက် ဒေါသနှင့် ရင်ဆိုင်ခဲ့ရသည်။
ဆရာကြီးဝူရှန်း ဒေါသထွက်သည့် အခါ သေမင်း အစစ်အမှန် ဖြစ်သွားကြောင်း လူတိုင်းက ရှင်းလင်းစွာ သိကြသည်။
ယန်ဟွေ့မင်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည် ။
“ကြယ်တာရာ သခင်ချီ ... ဒီနေ့ ကျွန်မ ရောက်လာတာ ကိစ္စသေးသေးလေး အတွက်ပါ။ ကျွန်မ တပည့် ရှီယွဲ့က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၇ ရောက်နေပြီ ဆိုတော့ သူမကိုယ်တိုင် အာကာသထဲ သွားလာချင် နေတယ်။ သူမကို တစ်ယောက်တည်း လွတ်ရမှာ ကျွန်မ စိုးရိမ်မိတယ်။ ကြယ်တာရာ သခင်ချီရဲ့ တပည့် လိန်ဟုန်ကျီက အများကြားက နဂါးတစ်ကောင်လို ဆိုတော့ နှစ်ယောက် အတူတူ အဖွဲ့ဖွဲ့ပြီးတော့ အာကာသထဲ အတူတူ သွားလို့ ရမလားလို့ တောင်းဆိုချင်လို့ပါ... အဲဒီလိုမှ ကျွန်မလည်း စိတ်အေးရမှာ ... ”
ယန်ဟွေ့မင် စကားများ ထွက်လာသည်နှင့် အားလုံးက နားလည် လိုက်ကြသည်။ သူမက ဤနေရာကို အောင်သွယ်ရန် ရောက်လာခြင်း ဖြစ်သည်။ သူမက ထိုစကားများ ပြောလိုက်ပြီ ဖြစ်၍ ကြယ်တာရာ သခင်ချီသာ ခွင့်မပြုပါက ထျန်းချီ အိမ်တော်ကို အပြစ်ပြုမိရာ ရောက်ပေလိမ့်မည်။
ဤကျွမ်းရှီယွဲ့မှာ အလွန်တရာ လှပသည့် အတွက် သူမသာ မဟန့်တားသရွေ့ မည်သူမဆို ဤတောင်းဆိုချက်ကို လက်ခံကြလိမ့်မည်။ ထို့အပြင် ထျန်းချီ အိမ်တော်နှင့် လက်ထပ် ထိမ်းမြားဖို့ရာ သဘောတူ လိုက်ခြင်းသည် အင်သားစု အကြီးကြီး ရလိုက်ခြင်းနှင့် တူပေသည်။
ကံဆိုးလှစွာ ချီထုံနှင့် ဆရာကြီးဝူရှန်း တပည့်များသာ ထျန်းချီ အိမ်တော်၏ လိုအပ်ချက်နှင့် ကိုက်ညီလေသည်။ ဆရာကြီး ဝူရှန်း၏ တပည့် လီရှို့ရန်သည် စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းသွားပြီး ဆရာကြီးဝူရှန်း ကိုယ်တိုင်မှာလည်း စကားနည်းသူ ဖြစ်၍ ထျန်းချီ အိမ်တော်သခင် ယန်ဟွေ့မင်က လိန်ဟုန်ကျီကို ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။ ထိုအရာမှာ အားလုံး၏ မှန်းဆချက် အတွင်းတွင် ဖြစ်၏။
ချီထုံ ကြားသည်နှင့် သူက ချက်ချင်း နားလည်သွားကာ အားရပါးရ ရယ်မောရင်း ပြောလိုက်တော့သည်။
“အိမ်တော်သခင် ယန်ရဲ့ တန်ဖိုးထားမှုကို ခံရတာက ဟုန်ကျီ၏ ကံကောင်းမှုပါ။ မိန်းကလေး ရှီယွဲ့သာ သဘောတူမယ် ဆိုရင် အတည်ပြ လိုက်ပါ့မယ်။ လိန်ဟုန်ကျီကို ခေါ်ပြီးတော့ အားလုံးရှေ့မှာ တစ်ခါတည်း အတည်ပြု ကြတာပေါ့ ...”
ကျွမ်းရှီယွဲ့မှာ အင်မတန် လှပလွန်း၏။ လိန်ဟုန်ကျီတွင် ပြဿနာသာ ရှိမနေပါက သူက ကျွမ်းရှီယွဲ့နှင့် တာအိုလက်တွဲဖက် ဖြစ်ဖို့ သေချာပေါက် ဆန္ဒရှိပေ လိမ့်မည်။
ချီထုံက ယန်ဟွေ့မင် အားလုံးရှေ့ ပြောသည့် အရာများကို ရှင်းရှင်းလင်းလင်း သိရာ နှစ်ဖက်လုံးမှာ ကတိပျက်၍ မဖြစ်နိုင်တော့ပေ။
ထျန်းချီ အိမ်တော်နှင့် ဆက်ဆံရေး ဖြစ်တည် လာခြင်းက အိပ်မက် အကောင်အထည် ပေါ်လာခြင်းပင် ဖြစ်သည်။ ချီထုံက သတင်းစကား ပို့ပြီးနောက် မကြာခင် သတင်းတစ်ခုက သူ့ဆက်သွယ်ရေး ပုတီးဆီ ပြန်လည်ရောက်ရှိ လာလေ၏။
ချီထုံက ယန်ဟွေ့မင်ကို အားနာစွာ ပြောလိုက်သည်
“မြေကမ္ဘာအဆင့် ၁ ရောက်ပြီးတော့ ဟုန်ကျီက စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းဖို့ရာ ပြင်ဆင်နေပြီ တဲ့ ...”
ယန်ဟွေ့မင်က အပြုံးလေးဖြင့် ပြန်ပြော လိုက်လေ၏။
“ဟုတ်တာပေါ့။ အာကာသ ဆိုတာ အရမ်းအန္တရာယ် များတယ်လေ။ ကျင့်ကြံဆင့် မြင့်လေလေ ပိုအန္တရာယ် ကင်းလေလေပါပဲ ... ”
ထို့နောက် သူမက ကျွမ်းရှီယွဲ့ဘက် လှည့်ကာ…
“ရှီယွဲ့ ... ကြယ်တာရာ သခင်နဲ့ ဆရာရဲ့ အကြုံပြုချက်ကို ဘယ်လိုထင်လဲ။ မင်းကိုယ်တိုင် ဆုံးဖြတ်ရမှာနော် ... ”
ကျွမ်းရှီယွဲ့က ယန်ဟွေ့မင်ကို ဦးညွှတ်ပြီးနောက် ထိပ်ဆုံးခုံတွင် ထိုင်နေသော ချီထုံကိုပါ ဦးညွတ်ကာ ဂါရဝ ပြုလိုက်သည်။
“အားလုံးကို ဆရာ ဆုံးဖြတ်ချက် အတိုင်း လိုက်နာပါ့မယ် ...”
ထျန်းချီ အိမ်တော်၏ အလှဆုံး အမျိုးသမီး များသည် မျိုးဆက်အလိုက် အတော်ဆုံး၊ အလားအလာ အကောင်းဆုံး ယောက်ျားသား များနှင့် တာအို လက်တွဲဖက် ရွေးချယ်လေ့ ရှိကြသည်။ ကျွမ်းရှီယွဲ့ ထျန်းချီ အိမ်တော်သို့ ဝင်လာပြီး ယန်ဟွေ့မင်၏ တပည့် မဖြစ်ခင် သူမက ထိုအရာများကို သိပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမက ထင်ရှား ကျော်ကြားသည့် လူငယ်လေးများ အကြောင်း ရှာဖွေလေ့ ရှိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
သူမက လောကအဆင့် ဇယားနှင့် အခြားအဆင့် ဇယားသုံးခုမှ ပါရမီရှင်များကို မတွေ့ဖူးသော်လည်း သူမက သူတို့၏ ဇစ်မြစ်နှင့် ဇာတ်ကြောင်းကို သိလေသည်။
ထိုသည်က ပျော်ပွဲရွင်ပွဲ ကျင်းပသင့်သည့် အခါသမယ ဖြစ်၏။ သို့သော်လည်း ထိုစဉ် သတင်းပို့ဓားပျံ တစ်ချောင်းက ဆရာကြီးဝူရှန်း လက်ထဲ ရောက်ရှိလာ ပေသည်။
အားလုံးက ဆရာကြီး ဝူရှန်းကို တအံ့တဩ ကြည့်လိုက် ကြသည်။ ချီထုံ မျက်နှာပင် မသာမယာ ဖြစ်သွားလေ၏။ ဤညီလာခံတွင် အရေးကြီး ကိစ္စများ ဆွေးနွေးကြသည် ဖြစ်ရာ သူပင် ဆက်သွယ်ရေး ပုတီးစေ့ကို ဖွင့်မထားပေ။ သို့သော် သတင်းပို့ ဓားပျံက ပွင့်လင်းမြင်သာ ရောက်ရှိလာသည့် အတွက် ဤညီလာခံကို မလေးစားမှန်း သိသာ၏။
ဆရာကြီး ဝူရှန်းက အနည်းငယ် တုန်ယင်သွားကာ ဓားကို ချိုးလိုက်ရင်း ချီထုံ မျက်နှာကိုပင် ဂရုမစိုက် နိုင်တော့ပေ။
ခဏအကြာတွင် သူ့မျက်နှာမှာ အပြောင်း အလဲကြီး ပြောင်းလဲလာ လေသည်။ သူက ချက်ချင်း ဆိုသလို ထရပ်လိုက်ရင်း လူသတ်ငွေ့များက နေရာအနှံ့ ပြန့်သွားလေသည်။ ပြင်းထန်လှသော လူသတ်ငွေ့များမှာ ချီထုံဆီကို ရောက်ရှိလာ လေသည်။ ထိုလူသတ်ငွေ့အောက် သူ့ရှေ့မှ အရာအားလုံးမှာ ပျက်စီးသွား တော့သည်။
ချီထုံက ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင် ဖြစ်သောကြောင့် မည်သို့ ရိုးရိုးရှင်းရှင်း လူတစ်ယောက် ဖြစ်မည်နည်း။
သူက နှာခေါင်းရှုံ့ကာ လက်ကို မြှောက်ရင်း ညင်သာသည့် အားလှိုင်းတစ်ခု ထုတ်လွှင့် လိုက်သည်။ ထိုအားလှိုင်းက ဆရာကြီး ဝူရှန်း၏ လူသတ်ငွေ့များကို ချေဖျက်သွားပြီး ဆရာကြီး ဝူရှန်းကိုပင် နောက် ခြေတစ်လှမ်း ဆုတ်စေလိုက်သည်။
“ခန်းမသခင် ဝူရှန်း ... ခင်ဗျား ရူးသွားပြီလား ...”
ဆရာကြီး ဝူရှန်း၏ လူသတ်ငွေ့များကို ချေဖျက် ပြီးနောက် ချီထုံက ဒေါသတကြီး ရေရွတ်လိုက်သည်။ ဤသို့သော အခြေအနေမျိုးတွင် သူက ဒေါသမကြီးသင့် သော်လည်း ဝူရှန်းမှာ လွန်လွန်းနေပြီ ဖြစ်သည်။
အားလုံးက ကြယ်တာရာ ဘုရင်တောင်၌ အင်အားစု ခွဲများစွာ ရှိပြီး ကြယ်တာရာ သခင်က အားလုံးကို ထိန်းချုပ် မထားမှန်း သိကြသည်။ သို့သော်လည်း အပြင်လူများ ရှေ့တွင် ခန်းမသခင်များနှင့် စစ်သူကြီး များစွာက ကြယ်တာရာ သခင်ကို လေးစားကြရသည်။ သို့သော် ဝူရှန်းက ဤညီမျှချက်ကို ချိုးဖျက်ပြီး ကြယ်တာရာ သခင် ဖြစ်သည့် သူ့အား တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
ဆရာကြီး ဝူရှန်းက လူသတ်ငွေ့များဖြင့် ဒေါသတကြီး ဖြစ်လာရင်း လက်ကို မြှောက်လိုက်သည့် အခါ ရွှေရောင်အက္ခရာ တောင်ဝှေးက ပေါ်လာလေ၏။
“ဆရာကြီးဝူရှန်း ... တစ်ခုခု စိတ်အနှောင့်ယှက် ဖြစ်စရာ ရှိရင်လည်း ဆွေးနွေးကြည့် ရအောင်လေ။ ဒီလိုမျိုး ကြယ်တာရာ သခင်ကို ပြုတဲ့ အပြုအမူက လွန်လွန်းသွားပြီ ...”
လောက အင်မော်တယ် တစ်ယောက်က ထရပ်ကာ မသာမယာ ပြောလိုက်သည်။
ဝူရှန်းက အားကောင်း သော်လည်း ကြယ်တာရာ ဘုရင်တောင် တစ်ခုလုံးကို ထိန်းသိမ်းနိုင်သည့် အထိတော့ အားမကြီးသေးပေ။ ထို့အပြင် ဤနေရာမှာ ကျန်းမိုနယ်မြေမှ ပါရမီရှင်များ အားလုံး စုဝေးရာ လောကနန်းတော် ဖြစ်ပေသည်။
သူက အလျင်စလို မပြုမူသင့်သည်ကို သတိပြုမိပြီး ဆရာကြီး ဝူရှန်းက ငြိမ်ကျလာ လေသည်။ ထို့နောက် သူက အေးစက်စက် ပြောလိုက်သည်။
“ဒီဘုန်းကြီးဆီ တပည့် လီရှို့ရန် အသတ်ခံ လိုက်ရတဲ့ သတင်း စောစောလေးက ရောက်လာခဲ့တယ် ... ”
အားလုံးက နားလည်သွား ကြလေသည်။ ယခု မြေကမ္ဘာ အဆင့်ဇယား၏ အဆင့်တစ်မှာ ချီထုံတပည့် လိန်ဟုန်ကျီ ဖြစ်နေသည်။ ယခင် မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁ က စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ မတက်လှမ်း နိုင်ခဲ့ဘဲ အသတ်ခံ လိုက်ရသည်။ တုံးအနေလျှင်ပင် လီရှို့ရန်မှာ လိန်ဟုန်ကျီ လက်ချက်ဖြင့် သေသွားကြောင်း ကောက်ချက် ချနိုင်သေး၏။
ချီထုံက မျက်မှောင်ကြုတ် မိသွားသည်။ သူက လိန်ဟုန်ကျီကို များစွာ မျှော်လင့်ထားပြီး လိန်ဟုန်ကျီမှာ လီရှို့ရန်ကို ကျော်လွန် သွားမည်ဟု ခန့်မှန်းထား သော်လည်း လက်ရှိ အနေအထားဖြင့် လိန်ဟုန်ကျီက လီရှို့ရန်ကို သတ်ဖို့ရာ မဖြစ်နိုင်သေးပေ။ ထို့အပြင် လိန်ဟုန်ကျီမှာ အရူး မဟုတ်ကြောင်း သိသည်။ သူက လီရှို့ရန်ကို သတ်လျှင်ပင် လူသိရှင်ကြား လုပ်မည် မဟုတ်ပေ။
အကယ်၍ သူ့တွင် အထောက်အပံ့ များများ ရလျှင် လိန်ဟုန်ကျီသည် ကြယ်တာရာ ဘုရင်တောင်ကို ဝင်နိုင်လိမ့်မည်။ သူက ကြယ်တာရာ ဘုရင်တောင်ကို ဝင်နိုင်သောကြောင့် လိန်ဟုန်ကျီသည် ခန်းမဆယ်ခုမှ ခန်းမသခင် ဝူရှန်းတပည့် ကိုတော့ သတ်လိမ့်မည် မဟုတ်ပေ။
ယန်ဟွေ့မင်က မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“ခန်းမသခင် ဝူရှန်း အထင်မှား နေမှာကို စိုးရိမ်မိပါတယ်။ ကျမ လာတုန်းက မြေကမ္ဘာ အဆင့်ဇယားရဲ့ အဆင့် ၁ က လီရှို့ရန် မဟုတ်ဘဲ ဝမ်အာပါ။ ပြီးတော့ လောကခန်းမရဲ့ စိမ်ခေါ်ခြင်း တိုက်ပွဲ စင်မြင့်မှာ လိန်ဟုန်ကျီက ဝမ်အာကို သတ်ပြီး အဆင့် တစ် ဖြစ်လာတာပါ ... အဲဒါကြောင့် လီရှို့ရန်ကို စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်း သွားပြီလို့ ထင်လိုက်မိတာ။ ကြည့်ရတာ ကျွန်မအမှား လုပ်မိလိုက်တယ် ထင်တယ် ... ”
“အိမ်တော်သခင် ယန်ရဲ့ စကားတွေက အမှန်ပဲလား ”
မုတ်ဆိတ်ရှည်နှင့် လူလတ် အမျိုးသားက ထမေးလိုက်သည်။ သူ့အသံတွင် လူသတ်ငွေ့များ ပြည့်နေလေသည်။
ထိုလူကို ကြည့်ကာ ယန်ဟွေ့မင်က စိတ်အတွင်းမှ သက်ပြင်းချ လိုက်တော့သည်။ သူမက ဤအမျိုးသားကို သိ၏။ သူက မရေမရာ ကမ်းပါးမှ လောက အင်မော်တယ် အဆင့် ၃ ဖြစ်သည့် ကမ်းပါး ခေါင်းဆောင် ရန်ဝမ်ကျန်း ဖြစ်သည်။ သို့သော် ထိုအမျိုးသားမှာ ဝမ်အာ၏ ဆရာ ဖြစ်နေသည်။ အကယ်၍ ဝမ်အာသာ တစ်ယောက်ယောက်နှင့် စေ့စပ်ကြောင်းလှမ်း ထားပြီးသား မဟုတ်ပါက သူမက ကျွမ်းရှီယွဲ့ကို မရေမရာ ကမ်းပါးဆီ လက်ဆက်ဖို့ရာ စဉ်းစားမိမည် ဖြစ်၏။
“ကမ်းပါး ခေါင်းဆောင်ရန် … ဒါက အမှန်ပါ။ ခေါင်းဆောင် ကိုယ်တိုင်လည်း အတည်ပြု ကြည့်နိုင်ပါတယ် ...”
ယန်ဟွေ့မင်က သက်ပြင်းချကာ ပြောလိုက်သည်။
ရန်ဝမ်ကျန်းက ယန်ဟွေ့မင်ကို လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်ပြီး လောကနန်းတော်မှ လှည့်ထွက် သွားတော့သည်။ သူက လောက အင်မော်တယ် ဖြစ်သော်လည်း သူက ဆရာကြီးဝူရှန်းကဲ့သို့ ကြယ်တာရာသခင်ချီထုံအပေါ် မရိုမသေ မဆက်ဆဲရဲပေ။ သူ့စွမ်းအားလေးမှာ ကြယ်တာရာ သခင်ရှေ့၌ ဘာဆို ဘာမျှ မဟုတ်သေးချေ။ အကယ်၍ သူသာ ပြုမူရဲပါက နောင်နှစ် ဤလို နေ့ရက်မှာ သူ့အုတ်ဂူ နှစ်ပတ်လည် ဖြစ်လာလိမ့်မည်။
ချီထုံ၏ တပည့်က ဝမ်အာကို လူသိရှင်ကြား သတ်ဖြတ်ခဲ့သည့် ကိစ္စမှာ သူ့မျက်နှာ ဖြတ်ရိုက် လိုက်သလို ဖြစ်၏။ ရန်ဝမ်ကျန်အနေဖြင့် ဤနေရာတွင် ဆက်နေရမည့် အကြောင်းအရင်း မရှိတော့ပေ။
ရန်ဝမ်ကျန်းက လောကနန်းတော်မှ လေးစားမှု မရှိ ထွက်ခွာ သွားသည်ကို မြင်သော်လည်း ချီထုံက ဘာမျှ မပြောချေ။ ဤကိစ္စမှာ အမှန်ပင် လိန်ဟုန်ကျီ၏ အမှား ဖြစ်ပေသည်။ စိန်ခေါ်တိုက်ပွဲ စင်မြင့် ဖြစ်သည့်အတွက် တစ်ဖက်လူကို သတ်ပစ်ဖို့ရာ မလိုအပ်ပေ။ ဝမ်အာကို အနိုင်ယူနိုင် လိုက်ခြင်းက သူ့ကို အဆင့် ၁ ဖြစ်သွားစေ လိမ့်မည်။
လိန်ဟုန်ကျီက အရည်အချင်း ရှိသော်လည်း သတ်ဖြတ်လိုစိတ် ကြီးမားလွန်းသည်။
“ကြယ်တာရာ သခင် ... ကျုပ် မလေးမစား ပြုမူမိပါတယ်။ ဝူရှန်းက တောင်းပန် ချင်ပါတယ် ... ”
သူက အမှား လုပ်မိခဲ့လျှင်ပင် ဆရာကြီး ဝူရှန်းက တောင်းပန်လေ့ မရှိပေ။ သို့သော် ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင်မှာ မလေးမစား ပြုမူ၍ ရသည့်သူ မဟုတ်ပေ။ သူက အခြာသူများကို ဂရုမစိုက်သော်လည်း ကြယ်တာရာ ဘုရင်တောင်မှာ ကြယ်တာရာ သခင်နှင့် ရင်ဆိုင်ရသည့် အခါ လေးလေးစားစား ရှိဖို့ လိုအပ်လှသည်။
ချီထုံက လက်ကို ခါပြရင်း စိတ်ထဲမထားဟန် ပြလိုက်သည်။ သူ့မျက်နှာမှာ မသာမယာ ဖြစ်နေလေသည်။ ထိုသည်က သူ့သဘောထား သေး၍ မဟုတ်ဘဲ လိန်ဟုန်ကျီက ဝမ်အာကို သတ်လိုက်၍ စိတ်ပျက်နေခြင်း ဖြစ်သည်။
မည်သည့် ရှုထောင့်မှ ကြည့်ကြည့် ဝမ်အာကို မသတ်လိုက် သင့်ပေ။ မရေမရာ ကမ်းပါး၏ ကမ်းပါး ခေါင်းဆောင် ရန်ဝမ်ကျန်းက လောက အင်မော်တယ် ဖြစ်ပြီး ဝမ်အာကို သတ်လိုက်ခြင်းသည် မရေမရာ ကမ်းပါးကို ရန်စလိုက်ခြင်းနှင့် တူညီပေသည်။
ထိုသည်က အရေးကြီးဆုံး အကြောင်းပြချက် မဟုတ်ပေ။ အရေးကြီးဆုံးမှာ ထုံချီက ဝမ်အာသည် မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၂ ဖြစ်သည့် အတွက် သူ့အနာဂတ်ကား အလားအလာ ကောင်းများနှင့် ပြည့်နေလေသည်။ သို့သော်လည်း ထိုသို့ သေဆုံးသွားမှုမှာ ကျန်းမိုနယ်မြေ အတွက် ဆုံးရှုံးမှု တစ်ခု ဖြစ်ပေသည်။ တူညီလှစွာ လီရှို့ရန် သေဆုံးမှုအတွက် သူ့နှလုံးသားက နာကျင်နေရသည်။ လီရှို့ရန်မှာ အဆင့် ၁ ဖြစ်ပြီး အသတ်မခံရလျှင် ကျန်းမိုနယ်မြေ၏ သေချာပေါက် ထိပ်သီးပါရမီရှင် ဖြစ်လာလိမ့်မည်။ ထိုသို့ အရည်အချင်း ရှိသူ နှစ်ယောက် သေဆုံးသွားခဲ့သည့် အတွက် ကျန်းမိုနယ်မြေ အတွက် အဆုံးရှုံးမှု အကြီးကြီး ဖြစ်မနေဘူးလား ...
“အိမ်တော် သခင်ယန် ... ကျုပ် တပည့် လီရှို့ရန်ကို ဘယ်သူ သတ်သွားတာလဲ သိလား ... ”
တောင်းပန် ပြီးနောက် ဆရာကြီး ဝူရှန်းက လှည့်ကာ လက်နှစ်ဖက် ဆုပ်လျက် ယန်ဟွေ့မင်ကို မေးလိုက်သည်။
***