← Chapters

နောက်မှလိုက်ခြင်းကြောင့် ပေးရသောတန်ကြေး

Vol. 58 Ch. 805

နောက်မှလိုက်ခြင်းကြောင့် ပေးရသောတန်ကြေး

Vol. 58 Ch. 805

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းကာ နှင်းဖြူရောင် ဓားမော့နှစ်လက်အား အသင့်ပြင်ထားလိုက်သည်။

သို့သော် အန်လင်းသည် ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် ၎င်းအားလျစ်လျူရှုကာ အခြားအရပ်သို့သာ ဆက်လက်ထွက်ခွာသွားသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ အမူအရာ ပြောင်းလဲသွားရလေသည်။

ဒီလူသားက ငါ့ကိုကြောက်သွားတာလား........

မဟုတ်သေးဘူး.......

အန်လင်းသည် သူရွေးချယ်ထားသော လမ်းအတိုင်း သူ့ဘာသာ လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ရုတ်တရက် သတိထားမိသွားသည်။

အခြားသော သားရဲများသည်လည်း ထိုသည်ကို သိရှိကာ အန်လင်းအား လေးစားအားကျသော မျက်ဝန်းများနှင့် ကြည့်ရှုနေကြသည်။

သားရဲများအားလုံးသည် အသက်ရှင်ရန် ဆယ်ရာခိုင်နှုန်းသာရှိသော သေရေးရှင်ရေး အခြေအနေတွင် ပိတ်မိနေပါသော်လည်း တစ်ဖက်တွင်မူ အန်လင်းတို့မှာ 'အန္တရာယ်ဆိုတာ ဂျိုနှင့်လား'ဟု မေးရလောက်မည့် ပုံစံနှင့် အေးအေးဆေးဆေး လမ်းလျှောက်နေကြသည်။

မည်သူက ထိုသည်ကို လက်ခံနိုင်ပါမည်နည်း။

ခန္ဓာကိုယ် တစ်ခုလုံး အရည်များဖြင့် လွှမ်းခြုံထားသော မိကျောင်းကြီး တစ်ကောင်သည်ပင် မနာလိုဖြစ်ကာ တဆတ်ဆတ် တုန်လာသောကြောင့် ကြေးခွံပေါ်မှ ဖုန်မှုန်နှင့် အညစ်အကြေးများ ကျဆင်းလာကာ ထိုအကာအကွယ် အရည်လွှာ တစ်လွှာလုံး မည်းနက်သွားရသည်။

အဝါရောင် ခွေးကြီးမှာလည်း အံကြိတ်လွန်ကာ တဂီးဂီး အသံများပင် ထွက်နေသည်။ ၎င်းအား ကြည့်ရသည်မှာ အတော်ပင် ဒေါသထွက်နေပုံ ရသည်။

အန်လင်းနောက်မှ လိုက်ပါနေသော အဆိပ်မြူဖားမှာမူ ခုန်ကာပေါက်ကာနှင့် ဝမ်းသာပျော်ရွှင်သော အမူအရာမှာ မျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်နေသည်။ ၎င်းသည် အန်လင်းနောက်သို့လိုက်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့ပြီး အန္တရာယ်ကင်းစွာ ရှေ့ဆက်နေရသည် မဟုတ်လော။

မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ဝံ့ကြွားသင့်သော အရာတစ်ခုပင်။

အန်လင်းနောက်သို့ လိုက်ပါနေသောကြောင့်ပင် သေရေးရှင်ရေး အခြေအနေမှ လွတ်မြောက်နိုင်ခဲ့သည်သာ။

ဟူး...... ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာကို မရွေးခဲ့မိလို့ တော်သေးတာပေါ့......... အဲ့သောက်ရူးကို ကြည့်ပါလား...... တစ်နေရာထဲမှာ မလှုပ်မယက်နဲ့ ငပေါလိုပဲ......

အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးကာ စိတ်ထဲတွင်လည်း များပြားလှသော တွက်ချက်မှုများ ပြုလုပ်နေရသည်။

ကြယ်စင်များသည် အချိန်နှင့်အမျှ တည်နေရာ ပြောင်းလဲနေသည်။

၎င်းတို့သည် အစစ်အမှန် ကြယ်များအလား ဆွဲငင်အား တစ်ခု၏ လွှမ်းမိုးမှုကို ခံရကာ ရှုပ်ထွေးသော လမ်းကြောင်းများအတိုင်း လည်ပတ်နေလေသည်။ အခြေအနေအား သေသေချာချာ အာရုံစိုက်မထားပါက ထိုသည်ကို သတိပြုမိရန် မဖြစ်နိုင်ပေ။

ကြယ်ရောင်များသည် အလွှာအဆင့်ဆင့် ရှိနေပြီး ထို့ကြောင့်သာ ၎င်းတို့ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။

ကြယ်စင်များတွင် ပါဝင်နေသော စွမ်းအင်သည် တစ်စင်းနှင့်တစ်စင်း မတူညီကြပေ။

ကြယ်စင်များသည် အဆက်မပြတ် ပြောင်းလဲနေသောကြောင့် ကြယ်ရောင်များသည်လည်း ထို့အတူပင် ဖြစ်သည်။ ကြယ်ရောင်များ မလုံလောက်တော့ပါက ဆက်လက်ရပ်နေနိုင်တော့မည် မဟုတ်ပဲ ကြယ်စင်များ၏ ဝါးမြိုခြင်းအား ခံရပေလိမ့်မည်။

ထို့ကြောင့်ပင် အန်လင်းသည် အကောင်းဆုံးလမ်းအား ရှာဖွေရန် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား တစ်ချိန်လုံး အသုံးပြုနေရသည်။ ထိုမှသာ ကြယ်ရောင်များ၏ အပြောင်းအလဲအား အချိန်နှင့်အမျှ သိရှိရမည်ပင်။

ကြယ်စင်များ၏ တောက်ပမှု၊ လည်ပတ်မှုလမ်းကြောင်း၊ ခြေထောက်အောက်တွင် ရှိနေသော ကြယ်ရောင်စဉ် စသဖြင့်.........

အန်လင်းသည် ကီလိုမီတာ များစွာအတွင်းမှ ကြယ်စင်များအပေါ် တွက်ချက်မှုများ ပြုလုပ်နေရသည်။

သူလျှောက်လှမ်းနေသောလမ်းသည် အလွန်ခိုင်ခံ့ကာ အန္တရာယ်ကင်းသောကြောင့် ထိုက်တန်သည်ဟု ဆိုနိုင်သည်။

မြေခွေးနက်တစ်ကောင်သည် မနေနိုင်တော့ပဲ အန်လင်းနောက်သို့လိုက်ရန် ပြေးဝင်လာသည်။

သို့သော် ၎င်းအနားတွင် ရှိနေသော ကြယ်နှစ်စင်းမှာ ရုတ်တရက် မြေခွေးနက်ထံ ပျံဝဲလာလေသည်။

ဘန်း...... ဘန်း.......

မြေခွေးနက်မှာ ခန္ဓာကိုယ် တစ်ခုလုံး ပိပြားကာ ဆိုးဆိုးရွားရွား သေဆုံးသွားရသည်။

အန်လင်းသည် သေဆုံးသွားသော မြေခွေးနှင့် ကြယ်စင်များအားကြည့်ကာ သံသယတစ်ခု ဖြစ်ပေါ်လာသည်။

ကြယ်ရောင်များ၏ သိပ်သည်းဆအပေါ် မူတည်၍ ကြယ်စင်များ၏ တိုက်ခိုက်မှု ဖြစ်ပေါ်လာပုံ ရသည်။

တိုက်ဆိုင်မှုသက်သက် ဖြစ်နိုင်ပါသော်လည်း အန်လင်းတို့သည် တဖြည်းဖြည်း အနီရောင် ကျွန်းမျောကြီးနှင့် နီးကပ်လာသည်။ ကောင်းကင်အား မော့ကြည့်လိုက်လျှင် ပြောင်းပြန်ဖြစ်နေသော မှိုပွင့်များအား တွေ့မြင်နေရပြီပင်။

ထိုသည်မှာ ပြောင်းပြန်ကမ္ဘာတစ်ခု ကောင်းကင်ပေါ် ရောက်နေရသလို စိတ်ကသိကအောက် ဖြစ်စေသည်။

"ငါပဲ စိတ်ထင်နေတာလား မပြောတတ်ဘူး။ ဒါပေမယ့် မှိုပွင့်ကြီးဆီက အနီရောင်အလင်း မှိုန်သွားသလိုပဲနော်။"

စုရှောင်လန် စကားဆိုလိုက်သည်။

အန်လင်း ချက်ချင်းပင် မှိုပွင့်ကြီးအား လှမ်းကြည့်လိုက်မိသည်။

အနီရောင်အလင်းသည် ရေပြင်တစ်ခုအလား သိမ်မွေ့ညင်သာနေ၏။

"အရင်ကလောက် လင်းမနေတော့ဘူး။"

အန်လင်း အံ့အားသင့်စွာ မှတ်ချက်ပြုလာသည်။

အနီရောင်အလင်း၏ တိုက်ခိုက်မှုအကြောင်း ၎င်းတို့ကောင်းစွာ သိရှိနေသောကြောင့် ထိုသည်မှာ အရေးကြီးသော ရှာဖွေတွေ့ရှိမှုတစ်ခုပင်။ ထိုအနီရောင်အလင်း မှေးမှိန်သွားသောကြောင့် အဟန့်အတားတွင်လည်း ပြောင်းလဲမှုများ ရှိနေနိုင်သည်။

အန်လင်း အဆိပ်မြူဖားအား ကြည့်ရှုလိုက်သည်။

"အုံးအွမ်......"

အန်လင်း၏ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများကြောင့် အဆိပ်မြူဖားမှာ ကြောင်အမ်းအမ်းဖြစ်ကာ ရှက်သွေးပင် ဖြာလာသည်။

"သခင်လေးအန်လင်း....... ဘာ..... ဘာလုပ်နေတာလဲ။ ဘာလို့ အဲ့လိုကြီး လာကြည့်နေရတာလဲ။"

အန်လင်းသည် အစပိုင်းတွင် အနည်းငယ် တွေဝေနေပါသော်လည်း ၎င်း၏တုံ့ပြန်မှုကြောင့် ရွေးချယ်စရာ မရှိတော့သလို ခံစားလိုက်ရသည်။ သူသည် ဖားများအပေါ် စွဲလမ်းစိတ် ရှိသူမဟုတ်ကြောင်း အဆိပ်မြူဖားအား စမ်းသပ်ခံလုပ်ကာ သက်သေပြရတော့မည် ဖြစ်သည်။

အန်လင်း ထိုသို့တွေးနေစဉ်မှာပင် သက်ရှိသတ္တဝါတစ်ကောင်မှာ သူ၏နောက်သို့ ရောက်ရှိလာသည်။

သူလှည့်ကြည့်လိုက်သောအခါ အမှောင်ထုများ ဖုံးလွှမ်းနေသောကြောင့် အရိပ်တစ်ခုဟုပင် ထင်မှတ်ရသော စပါးအုံးတစ်ကောင် ဖြစ်နေသည်။

စပါးအုံးသည် သူ၏လမ်းအတိုင်း တိတ်တဆိတ် လိုက်ပါလာခြင်းဖြစ်ပြီး အချိန်မရွေး ထွက်ပြေးနိုင်ရန်လည်း အဝါရောင် မျက်ဝန်းများဖြင့် အဆက်မပြတ် စူးစိုက်ကြည့်ရှုနေ၏။

အန်လင်း : "............"

ငါ့နောက်ကနေ မသိအောင် လိုက်လာတာလားဟ........

အန်လင်း အေးစက်စွာ ရယ်မောလိုက်သည်။

ငါ့နောက်လိုက်ရတာ လွယ်မယ်ထင်နေလား...... ပြီးတော့ ဒင်းက ငါ့ကိုလည်း အထင်သေးနေသေးတယ်...... ကြိုက်တဲ့အချိန် ထွက်ပြေးလို့ရမယ် ထင်နေတာကိုက မဟုတ်တာပဲ......

သူသည် လေတောင်ပံများကို ထုတ်ဖော်လိုက်သောကြောင့် လေထုသည်ပင် ဆုတ်ပြဲသွားရသည်။

စပါးအုံးမှာ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်အား ရရှိလိုက်လေသည်။

ထို့နောက် တွေဝေခြင်းပင် မရှိပဲ အသည်းအသန် ထွက်ပြေးတော့သည်။

သို့သော် ရွှေရောင်အလင်းနှင့်အတူ ရွှေလက်သီးတစ်လုံးသည် အမှောင်ထုအားခွင်းကာ ၎င်းခန္ဓာကိုယ်ပေါ် ကျဆင်းလာသည်။

ဝုန်း...........

ရွှေရောင်အလင်းများ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။

အခြားသော သားရဲများမှာလည်း အထိတ်တလန့် ဖြစ်သွားကြသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဒီနေရာမှာတောင် ဒင်းက တိုက်ခိုက်ရဲသေးတယ်ပေါ့။"

ဤနေရာသည် အန္တရာယ်များ ပြည့်နှက်နေပြီး အားလုံးသည် တိုက်ခိုက်ရန် မဆိုထားနှင့် အချိန်တိုင်း သတိအပြည့် ထားနေရသည်။ ထို့ကြောင့်ပင် စပါးအုံးသည် အန်လင်းနောက်မှ ယုံကြည်ချက်ရှိစွာ လိုက်ပါရဲခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ကြိုတင်တွေးတောဟန်ပင် မရှိပဲ လွယ်လင့်တကူ တိုက်ခိုက်လာသည်။

အန်လင်း၏ တောင်ခွင်းလက်သီးကြောင့် စပါးအုံးမှာ သတိလစ်မတက် ဖြစ်သွားရသည်။ အန်လင်းသည် ထိုစပါးအုံးကြီးအား ပုခုံးပေါ်တင်ကာ စုရှောင်လန်တို့ထံ ပြန်လာခဲ့သည်။

"မင်း...... မင်းဘာလုပ်တာလဲ။"

စပါးအုံးမှာ ကြောက်ရွံ့လွန်းသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။

အန်လင်းသည် ထိုစပါးအုံး မရုန်းကန်နိုင်စေရန် ၎င်း၏စွမ်းအင်ဝင်ပေါက်များထဲ လျှပ်စီးပို့လွှတ်လိုက်သည်။

"မင်းကို ကောင်းကင်ပေါ် ပို့ပေးမလို့ပါ။"

စပါးအုံး နားမလည်နိုင် ဖြစ်သွားရသည်။

အဲ့ဒါ ဘာအဓိပ္ပါယ်လဲ........

အန်လင်းသည် ပြောင်းပြန်ဖြစ်နေသော ကျွန်းမျောကြီးအား လက်ညှိုးထိုးပြလိုက်သည်။

"သွေးကီရင်ကျောက်စိမ်းကိုရှာဖို့ မင်းကိုအခွင့်အရေး ပေးမှာလေ။ ဘယ်လိုလဲ။ ရင်ထဲထိသွားပြီလား။"

စပါးအုံးမှာ သဘောပေါက်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သိက္ခာကျခံမယ့်အစား သေပဲသေလိုက်မယ်။ မင်းတို့လို အရိုင်းအစိုင်း လူသားတွေအတွက် အစမ်းသပ်ခံတော့ မလုပ်ပေးနိုင်ဘူး။"

"အရိုင်းအစိုင်း လူသားတဲ့လား။"

အန်လင်း မျက်တောင်ခတ်လိုက်သည်။

"ငါ့နောက်ကို လိုက်လာတုန်းကရော အဲ့လိုမတွေးခဲ့ဘူးလား။"

အရိပ်စပါးအုံး : "............"

အန်လင်း စကားဆက်လာသည်။

"ငါမင်းကို ကောင်းကင်ပေါ် ပစ်တင်လိုက်မှာ။ အဲ့ဒါကြောင့် ဖိနှိပ်ခြင်းအစွမ်းကို မင်းခံရလိမ့်မယ်။ တစ်ခုတည်းသော လွတ်မြောက်နိုင်ခြေက အဲ့ကျွန်းပေါ် အမြန်ဆုံး ရောက်အောင်သွားတာပဲ။ ကောင်းကင်နဲ့မြေပြင်က ပြောင်းပြန်ဖြစ်နေတာဆိုတော့ အဟန့်အတားလည်း ရှိချင်မှ ရှိတော့မှာ။"

"မင်းရဲ့ သန်မာမှုနဲ့ ကံကြမ္မာပေါ်လည်း မူတည်တာပေါ့။ မင်းက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ဆိုတော့ အဆင်ပြေလောက်မှာပါ။"

အန်လင်း၏ စကားအား နားထောင်ကာ စပါးအုံးမှာ ဆဲဆိုချင်စိတ်များသာ ဖြစ်လာသည်။

"ငါမင်းကို %@လပ&*#`o)'<:မအလ......"

"အား........"

အန်လင်းသည် အရိပ်စပါးအုံးအား အားကုန်သုံးကာ အပေါ်သို့ ပစ်တင်လိုက်သည်။ ၎င်းသည် အမြှောက်ဆံတစ်ခုအလား ပြောင်းပြန်ကျွန်းမျောကြီးထံ ပျံဝဲသွားတော့သည်။

***

All Chapters