← Chapters

အစစ်အမှန်သွေးစက်ကုန်းမြေ

Vol. 58 Ch. 806

အစစ်အမှန်သွေးစက်ကုန်းမြေ

Vol. 58 Ch. 806

အရိပ်စပါးအုံးသည် သွေးနီရောင် ကျွန်းမျောကြီးထံ တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

အညိုရောင် ကြယ်စင်များသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ တက်လာနေပြီး ကျောက်သားကောင်းကင်မှလည်း စွမ်းအင်တစ်မျိုး ကျဆင်းလာနေပြီ ဖြစ်သောကြောင့် မဖြစ်မနေ စွန့်စားရတော့မည်ပင်။

အရိပ်စပါးအုံး ကျယ်လောင်စွာ မြည်တွန်လိုက်ပြီးနောက် စွမ်းအင်များအားလုံး ပေါက်ကွဲထွက်ပေါ်စေလျက် အနက်ရောင် အရိပ်တစ်ခုအလား ကျွန်းမျောကြီးထံ ပျံဝဲသွားသည်။

အန်လင်း၊ စုရှောင်လန်နှင့် သားရဲများအားလုံးမှာ အရိပ်စပါးအုံးကိုသာ အာရုံစိုက်နေကြသည်။

ထိုသည်မှာ မဖြစ်မနေ လိုအပ်နေသော စမ်းသပ်ချက် တစ်ခုပင်။

သွေးနီရောင် ကျွန်းမျောကြီးသည် ကြယ်စင်များနှင့် အလှမ်းမကွာလှသောကြောင့် အရိပ်စပါးအုံးမှာ အဟန့်အတားစွမ်းအင်အား ကျော်ဖြတ်ကာ မြေပြင်ပေါ် ရောက်ရှိသွားသည်။

ဝုန်း.........

မြေပြင်ပေါက်ကွဲကာ ဖုန်များထောင်းထောင်းထပြီးနောက် အရိပ်စပါးအုံးအား ဖြည်းညင်းစွာ မြင်တွေ့လိုက်ရသည်။

ကြယ်စင်အလင်းတန်းသည် ပစ်မှတ်ပျောက်ဆုံးသွားသောကြောင့် စက်ဝိုင်းသဏ္ဍာန် လည်ပတ်နေကာ ၎င်း၏စွမ်းအင်ရင်းမြစ်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။

ကျောက်သားကောင်းကင်မှ ဆင်းသက်လာသော စွမ်းအင်မှာလည်း ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

အန်လင်း လက်သီးဆုပ်ကာ အနီရောင် အလင်းအား စူးစိုက်ကြည့်ရှုနေသည်။

ဝှစ်.............

အနီရောင်အလင်းသည် ကျစ်လစ်သိပ်သည်းသွားက အရိပ်စပါးအုံးထံ လျင်မြန်စွာ ရောက်ရှိလာသည်။

အရိပ်စပါးအုံးသည် ခုခံတိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိသည့်အတွက် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် စွမ်းအင်များ ထွက်ပေါ်စေကာ အနက်ရောင် အကာအရံ တစ်ခုဖြင့် ခန္ဓာကိုယ်အား ကာကွယ်ထားလိုက်သည်။

အနီရောင်အလင်းတန်းသည် သေမင်းတမာန် နတ်ဘုရားသဖွယ် အရိပ်စပါးအုံး၏ ခန္ဓာကိုယ်အား ဖြတ်ကျော်သွားလေသည်။

ခရက်........ ဘန်း........

အရိပ်စပါးအုံး၏ အကာအရံမှာ ပျက်စီးသွားပါသော်လည်း ခန္ဓာကိုယ်တွင် ခြစ်ရာကလေးမျှ ရှိမနေပေ။

အန်လင်း၏ အသက်ရှူသံများ ပြင်းလာကာ မျက်ဝန်းများလည်း လင်းလက်တောက်ပသွားသည်။

"အသက်ရှင်တယ်။ လွတ်မြောက်သွားတယ်။ စမ်းသပ်ချက် အောင်မြင်တာပဲ။"

အရိပ်စပါးအုံးသည်လည်း ထိုသည်ကို မမျှော်မှန်းထားသောကြောင့် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ အသိစိတ် ဝင်လာသည်နှင့် တပြိုင်နက် ကျွန်၏အလယ်ဗဟိုထံ ပြေးသွားတော့သည်။

"ပြောင်းပြန်ဖြစ်သွားတော့ အဟန့်အတားကို ကျော်သွားတာနဲ့ ကျွန်းမျောကလည်း မြေပြင်ဖြစ်သွားပြီ။ အခုက အဲ့ကိုသွားဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။"

အန်လင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သွားရအောင်လေ။"

စုရှောင်လန်မှာလည်း မစောင့်နိုင်တော့ပေ။

ထိုသို့ဖြင့် ၎င်းတို့နှစ်ဦး အပါအဝင် နွားတစ်ကောင်နှင့် ဖားတစ်ကောင်ပါ ကျွန်းမျောကြီးထံ ပျံဝဲသွားလိုက်ကြသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် အခြားသော သားရဲများသည်လည်း အားကုန်သုံးကာ ကျွန်းမျောကြီးထံ ပျံလာကြသည်။ ၎င်းတို့သည် သွေးကီရင်ကျောက်စိမ်းအား ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်ပါသော်လည်း ခန့်မှန်းမရသော ကြယ်စင်များထံမှ လွတ်မြောက်ရန်ဟုလည်း ဆိုနိုင်သည်။

အလင်းတန်းများမှာ ပြောင်းပြန်ဖြစ်နေသော ကျွန်းမျောကြီးပေါ် ဦးတည်နေကြသည်။

မရေမတွက်နိုင်သော ကြယ်ရောင်စဉ်များမှာလည်း ကောင်းကင်ပေါ် ပျံတက်လာသောကြောင့် ကြယ်ကြွေနေသည်အား ပြောင်းပြန်ကြည့်နေရသလိုပင်။

သို့သော် ထိုကြယ်ရောင်စဉ်များမှာ ကြောက်မက်ဖွယ် လူသတ်သမားများ ဖြစ်ပေသည်။

အရိပ်စပါးအုံးသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ရှိသောကြောင့် လွတ်မြောက်ခဲ့ပါသော်လည်း စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သားရဲများမှာ ထိုမျှကံမကောင်းကြပေ။

သားရဲတစ်ကောင်ပြီးတစ်ကောင် ကြယ်စင်အလင်းများကြောင့် ထုတ်ချင်းပေါက်ကာ နာကျင်စွာ အော်ဟစ်နေရသည်။

အမြန်ပျံသန်းနိုင်သော သားရဲအချို့သည် ခက်ခက်ခဲခဲဖြင့် အဟန့်အတားအား လွတ်မြောက်လာပါသော်လည်း ကျစ်လစ်သိပ်သည်းသော အနီရောင်အလင်းကြောင့် အပိုင်းပိုင်းအစစ ဖြတ်ခံလိုက်ရသည်။

အဆုံးတွင်မူ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့မှ အခြားသားရဲနှစ်ကောင်သာ လွတ်မြောက်နိုင်ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ရှိသူများ ဖြစ်သည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့ထက် စောရောက်နေသော အန်လင်းတို့သည် သွေးကီရင်ကျောက်စိမ်းအား ရှာဖွေရန်အတွက် အရိပ်စပါးအုံးနောက် လိုက်သွားကြလေပြီ။

ကျွန်းအလယ်ရှိ မှိုပွင့်ကြီးထံတွင် သွေးကီရင်ကျောက်စိမ်း ရှိကောင်းရှိနေနိုင်သည်။

အရိပ်စပါးအုံးသည် အလျင်မြန်ဆုံး လှုပ်ရှားမှုအား အသုံးပြုထားသောကြောင့် အရိပ်တစ်ခုအလား ကြောက်မက်ဖွယ် အရှိန်ဖြင့် မှိုပွင့်ကြီးထံ သွားနေသည်။ သွေးကီရင်ကျောက်စိမ်း မရမချင်း နောက်ပြန်ဆုတ်စရာ အကြောင်းမရှိပေ။

ထိုမှိုပွင့်ကြီးနှင့်လည်း လွန်စွာနီးကပ်နေပြီပင်။

အရိပ်စပါးအုံး မော့ကြည့်လိုက်သောအခါ မှိုပွင့်ကြီးထံမှ အရောင်အဝါများ ဖြာထွက်နေသည်ကိုပင် မြင်နေရသည်။

"ဟားဟားဟား....... သွေးကီရင်ကျောက်စိမ်းရေ...... ငါလာပြီဟေ့။"

အရိပ်စပါးအုံး စိတ်လှုပ်ရှားစွာဖြင့် သွေးကီရင်ကျောက်စိမ်း၏ တည်နေရာအားရှာရန် အံ့ဖွယ်အာရုံကို ဖြန့်ကျက်လိုက်သည်။

ထို့နောက် ၎င်း၏ဘေးတွင် တစ်စုံတစ်ခု ရှိနေသည်ကို သတိထားလိုက်မိသည်။

အနီးရှိ မှိုပွင့်အိမ်မှ အနီရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ထက်ရှလှသောဓားဖြင့် အရိပ်စပါးအုံးအား တိုက်ခိုက်လာသည်။

"ရွှီး......."

အရိပ်စပါးအုံး ဒေါသတကြီး မြည်တွန်ကာ ထိုပုံရိပ်အား အမြှီးဖြင့်ပတ်ရန် ပြုလုပ်လိုက်သည်။

ဝှစ်.......

အနီရောင် ပုံရိပ်မှာ လျင်မြန်စွာ ဆုတ်ခွာသွားပြီးနောက် ၎င်း၏ဓားထက်ထက်မှာ စပါးအုံး၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာလေသည်။

အရိပ်စပါးအုံးသည် အေးစက်စက် အထိအတွေ့နှင့်အတူ မချိတင်ကဲ နာကျင်မှုအား ခံစားလိုက်ရသည်။

ရွှပ်........

စပါးအုံး၏ခေါင်းမှာ တိတိပပ ပြတ်ထွက်သွားသည်။

နာနာကျင်ကျင် အော်ဟစ်သံများနှင့်အတူ အသက်စွမ်းအင်လည်း ပျောက်ကွယ်သွားရလေသည်။

အန်လင်းနှင့် စုရှောင်လန်မှာ အနီရောင် ပုံရိပ်အားကြည့်ကာ အမူအရာ ပြောင်းလဲသွားသည်။

ထိုသည်မှာ လူသားခန္ဓာကိုယ်ရှိသော သွေးနီရောင် ကြောင်တစ်ကောင်ပင်။

၎င်းသည် ဓားရှည်တစ်လက်အား ဆွဲကိုင်ထားပြီး ၎င်း၏အရှိန်အဝါမှာ သန္ဓေပြောင်းသွေးဇာမဏီ အနားတွင် တွေ့ခဲ့ရသော သွေးမိစ္ဆာသားရဲများထက်ပက် သာလွန်သေးသည်။

အန်လင်းသည် များများစားစား တွေးမနေပဲ ရွှေရောင်ဟာလာပြင်လျှပ်စီးအား ထွက်ပေါ်စေလိုက်သည်။

ဝုန်း.........

ကျယ်လောင်လှသော မိုးခြိမ်းသံနှင့်အတူ ရွှေရောင်လျှပ်စီးတစ်ခုသည် အနီးနားရှိ မှိုပွင့်အိမ်တစ်ခုအား ပြာကျသွားစေသည်။ သွေးနီရောင် ပုံရိပ်တစ်ခု ထွက်လာကာ ရယ်မောလိုက်သည်။

"ဘွားဟားဟားဟား........တယ်အဆင့်မြင့်ပါလားကွ။"

"ဆိတ်နတ်ဘုရား...... သတိထားနော်။ ခင်ဗျား တည်ရှိမှုကိုတောင် အာရုံခံနိုင်တယ်ဆိုတော့ ဒီကောင်တွေ မလွယ်ဘူးပဲ။"

ကြောင်သည် ဓားမှသွေးများကိုခါကာ သတိပေးစကား ဆိုလိုက်ပါသော်လည်း ၎င်းကိုယ်တိုင်မှာမူ အန်လင်းထံ လျှောက်လှမ်းလာသည်။

"အခုက ငါတို့အခွင့်အရေးပဲ။ သူတို့နောက်ကောက်ကျတော့မယ်။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် အလွန်ပျော်ရွှင်သွားပြီးနောက် သွေးမိစ္ဆာသားရဲများအားရှောင်ကာ မှိုပွင့်ကြီးထံ သွားလိုက်သည်။

သို့သော် ကောင်းကင်ထက်မှ စစ်တူကြီးတစ်ခု ကျဆင်းလာသောကြောင့် အပြုံးများ ပျောက်ကွယ်သွားရသည်။

စစ်တူကြီးသည် မီတာရာနှင့်ချီကာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် အခြားသော အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့မှ သားရဲနှစ်ကောင်ပေါ် ကျဆင်းလာနေခြင်းပင်။

ဝုန်း......

မြေပြင်သည်ပင် သိမ့်သိမ့်တုန်သွားလေသည်။

ပြင်းထန်လွန်းသော တိုက်ပွဲများ ဖြစ်ပေါ်နေပါသော်လည်း ကျွန်းအလယ်ရှိ မှိုပွင့်ကြီးမှာ အလွန်အမင်း ငြိမ်သက်နေဆဲ ဖြစ်သည်။

အရိပ်မည်းများ လွှမ်းခြုံနေသော သတ္တဝါတစ်ကောင်သည် သွေးနီရောင် အရည်များ ပါဝင်သော ဝိုင်ခွက်တစ်ခွက်အား မော့ချလိုက်သည်။

၎င်း၏ဘေးတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်နေသော သတ္တဝါနှစ်ကောင် ရှိသေးသည်။ ထိုနှစ်ကောင်လုံးသည် မြေပြင်ထက် ဝပ်ဆင်းကာ တိုက်ပွဲအား ကြည့်ရှုနေကြသည်။

တောင်ပံတွင် အရိုးခေါင်းများ ချိတ်ဆွဲထားသော အပြာရောင် ကျားပျံကြီး မျက်မှောင်ကျုံ့လိုက်သည်။

"ရောက်လာတဲ့ထဲမှာ အဲ့တစ်ယောက် အရှိန်အဝါကို ငါတကယ်မကြိုက်ဘူး။"

ဆိတ်ခန္ဓာကိုယ် လူမျက်နှာနှင့် မကောင်းဆိုးဝါးမှာ သွေးပေနေသော လက်သည်းများအား မြေပြင်ပေါ် ချလိုက်သည်။

"ဗိုက်ဆာတယ်။ တစ်ခုခု စားချင်တယ်။"

"မလောနဲ့လေ။ အရသာရှိတာတွေ စားရတော့မှာပဲ။ စိတ်ရှည်သင့်တာပေါ့။"

အရိပ်များထဲမှ သတ္တဝါသည် ဝိုင်ခွက်အား စားပွဲပေါ် တင်လိုက်သည်နှင့် ကျွန်းတစ်ခုလုံး ကြားရလောက်အောင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

ဒုန်း...........

မြေပြင်မှ ရုတ်ချည်းဆိုသလို သွေးနီနီများ ထွက်လာလေသည်။

ထိုသွေးထဲတွင် ဝိဉာဉ်များစွာ၏ အော်ဟစ်သံများ ပါဝင်နေပြီး တစ်ခဏအတွင်း ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ပတ်ဝန်းကျင် တစ်ခုလုံး သွေးလွှမ်းသွားလေပြီ။

အန်လင်းသည် ထိုမြင်ကွင်းအားကြည့်ကာ တစ်စုံတစ်ခုအား ရုတ်တရက် တွေးမိသွားသည်။

ဒါက သွေးစက်ကုန်းမြေ အစစ်လား.......

***

All Chapters