← Chapters

သနားစဖွယ်ရာဂ

Vol. 58 Ch. 810

သနားစဖွယ်ရာဂ

Vol. 58 Ch. 810

ဝုန်း........

မြင့်မြတ်သော ဗာမီလီယမ်မီးတောက်များနှင့် လျှပ်စီးများ ပေါင်းစည်းကာ တားဆီးမရနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ တိုက်ခိုက်မှုသည် အလွန်လျင်မြန်ကာ အားကောင်းလှသောကြောင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများအားလုံး ပြာကျကုန်ရသည်။

စုရှောင်လန်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်သော တိုက်ခိုက်မှုအား ထုတ်ဖော်လိုက်ခြင်းပင်။

လက်နှစ်ဖက်ဖြင့် ကာကွယ်ထားသော ရာဂမှာ မီတာပေါင်း ရာနှင့်ချီ လွင့်ထွက်သွားရသည်။ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံး မည်းနက်ကာ လက်နှစ်ဖက်တွင်လည်း ကြီးမားလှသော ဒဏ်ရာကြီးနှစ်ခု ဖြစ်သွားသည်။

သူမက ဘာလို့အဲ့လောက်ထိ သန်မာနေရတာလဲ........

ရာဂ လွန်စွာထိတ်လန့်နေစဉ်မှာပင် စုရှောင်လန်၏ တိုက်ခိုက်မှု မပြီးဆုံးသေးကြောင်း သိလိုက်ရသည်။

စုရှောင်လန်သည် လျှပ်စီးများ တလက်လက် တောက်ပနေသော နဂါးစာကလေးဓားဖြင့် ရာဂအား လျင်မြန်စွာ တိုက်ခိုက်လာသည်။

ဝုန်း..... ဝုန်း........ ဝုန်း.........

သူမ၏ ဓားသွားပေါ်ရှိ လျှပ်စီးများထံမှ ဓားပုံရိပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာနေသည်။

ရာဂသည် ရန်သူအား အထင်မသေးရဲတော့သဖြင့် လက်သည်းများထုတ်ကာ ဓားပုံရိပ်များအား အသည်းအသန် ခုခံတိုက်ခိုက်လိုက်သည်။

လူသားမိန်းမငယ်သည် အလွန်သန်မာပြီး သူမ၏ဓားမှာလည်း အဆင့်မြင့် အင်မော်တယ်လက်နက် ဖြစ်နေသောကြောင့် တိုက်ခိုက်မှု တစ်ခုချင်းစီမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားတစ်ဦးသည် ထိုမျှထိတ်လန့်ဖွယ် ကောင်းနေလိမ့်မည်ဟု ရာဂ ထင်မှတ်မထားခဲ့ပေ။

သို့သော် ထိုမိန်းမငယ်လေးသည် ပထမဆုံး ဓားကွက်တွင် စွမ်းအင်များစွာ အသုံးပြုထားသောကြောင့် ရေရှည်တိုက်ပွဲတွင် အဆင်မပြေနိုင်ကြောင်း ရာဂ သိရှိနေသည်။

အခုက ပြန်တိုက်ရမယ့် အချိန်ပဲ.........

ရာဂ၏ မျက်ဝန်းများ ဖျက်ခနဲ လက်သွားပြီးနောက် နဂါးစာကလေးဓားအား ပုတ်ထုတ်ကာ ၎င်း၏အမြှီးဖြင့် စုရှောင်လန်၏ နဖူးတည့်တည့် ထိုးချပစ်ရန် လုပ်လိုက်သည်။

စုရှောင်လန်၏ ခြေဖဝါးအောက်တွင် လျှပ်စီးများ ဖြစ်ပေါ်လာပြီးနောက် လျင်မြန်လှသော လှုပ်ရှားမှုနှင့်အတူ ရာဂ၏ ရုတ်တရက် တိုက်ခိုက်မှုအား အချိန်မီ ရှောင်ရှားလိုက်နိုင်သည်။

ဆံနွယ်အချို့ မြေပြင်ပေါ် ကျဆင်းလာသည်။ ထိုသည်မှာ ရာဂ၏ အမြှီးကြောင့် ပြတ်ထွက်သွားရသော စုရှောင်လန် ဆံနွယ်များပင်။

မြေပြင်ပေါ်ရှိ သွေးများမှာ ရုတ်ချည်းဆိုသလို ပွက်ပွက်ဆူသွားရသည်။

"ရှောင်လန်......... ဒီလောက်ဆို ကိုယ့်အတွက် အချိန်ဆွဲပေးတာ လုံလောက်ပြီ။ အခုက ကိုယ့်အလှည့်ပဲ။"

"ဒင်းက မင်းဆံနွယ်လေးတွေကို ဖြတ်ရဲတယ်ပေါ့။ အဲ့ကောင် ဘောမွှေးတောင် မကျန်စေရဘူး။"

အန်လင်း အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ သူ၏စကားသံထဲတွင် ဒေါသအငွေ့အသက်များ ရောယှက်နေလေသည်။

ရာဂသည် အန်လင်းအား တစ်ချိန်လုံး အာရုံစိုက်နေခဲ့ပါသော်လည်း သူဘာလုပ်နေသည်ကို မဖော်ထုတ်နိုင်ခဲ့ပေ။ ယခု အန်လင်းသည်လည်း တိုက်ခိုက်လာတော့မည် ဖြစ်သောကြောင့် သူ့အားသွေးတိုးလာစေသည်။

"နိုးထကြလော့.......... မရဏမိစ္ဆာသွေးဝိဉာဉ်တွေ...... "

အန်လင်းသည် လက်နှစ်ဖက်အား ကောင်းကင်ပေါ်မြှောက်ကာ ဟစ်ကြွေးလိုက်သည်နှင့် မြေပြင်ရှိ သွေးများမှာ ဖြည်းညင်းစွာ သိပ်သည်းလာသည်။

"ဝါး...... ဝါး....... ဝါး......."

များပြားလှသော သားရဲနှင့် တစ္ဆေဝိဉာဉ်များ၏ အော်ဟစ်ငိုကြွေးသံမှာ ပတ်ဝန်းကျင်တခွင် ပဲ့တင်ထပ်သွားသည်။

ကမ္ဘာမြေ၏ စွမ်းအင်နှင့်အတူ မရဏ အငွေ့အသက်များ လွင့်ပျံ့လာသည်။

ရာဂမှာ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေရလေပြီ။

ဒီအစွမ်း...... ဒီပုံစံ...... ဘာလို့အဲ့လောက်တောင် ရင်းနှီးနေရတာလဲ.......

သွေးမိစ္ဆာသားရဲ တစ်ကောင်ပြီးတစ်ကောင် ဖြစ်ပေါ်လာကာ ၎င်းတို့၏ မျက်ဝန်းများမှာ အလွန်အမင်း သွေးဆာနေပုံရပြီး ကြောက်မက်ဖွယ် အရှိန်အဝါများလည်း ထုတ်ဖော်ထားကြသည်။ ၎င်းတို့သည် ရာဂအားမုန်းတီးရွံရှာစွာ စူးစိုက်ကြည့်ရှုလာကြသည်။

ရာဂ ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ယီးတဲ့မှ...... အဲ့ဒါ ငါ့ရဲ့ မရဏမိစ္ဆာသွေးဝိဉာဉ်အစွမ်း မဟုတ်ဘူးလား။ ငါ့ကိုခစားဖို့ သွေးပင်လယ်ထဲက သားရဲစွမ်းအင်တွေကို ဆင့်ခေါ်တဲ့ဟာလေ။"

ရာဂ သွေးရူးသွေးတန်း ရေရွတ်နေစဉ်မှာပင် အန်လင်း အနီးတွင် သွေးမိစ္ဆာသားရဲ အကောင်တစ်ရာမျှ ရှိနေပြီ ဖြစ်သည်။ ၎င်းတို့အားလုံးသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အစွမ်းများ ပိုင်ဆိုင်ထားကြသည်။

ရာဂ၏ နှလုံးသားထဲတွင် အကြောက်တရားများ စိမ့်ဝင်ကာ အမူအရာ ပြောင်းလဲသွားသည်။

"မင်းမှာဘယ်လိုလုပ် အဲ့အစွမ်း ရှိနေတာလဲ။ ဟမ့်....... ဘဝင်လေဟပ်မနေနဲ့။ ငါလည်း အဲ့လိုလုပ်နိုင်တယ်။"

၎င်းသည် အတောင်များဖြန့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ထိုဟိန်းသံကြောင့် မြေပြင်ရှိ သွေးများသည်ပင် လှိုင်းထန်သွားရလေသည်။

ထိုမျှသာ........

ရာဂ : "..........."

"ငါ့ရဲ့ မရဏမိစ္ဆာသွေးဝိဉာဉ်အစွမ်းက ဘယ်ရောက်သွားတာလဲ။"

၎င်းအလွန်အမင်း ထိတ်လန့်နေစဉ်မှာပင် အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"သွားတော့...."

ဝှစ်..... ဝှစ်...... ဝှစ်.....

အကောင်တစ်ရာကျော်သော သွေးမိစ္ဆာသားရဲများမှာ ရာဂထံ ပြေးဝင်သွားကြသည်။

"မင်း....... မင်း......."

ရာဂ၏ အတောင်ပံပေါ်မှ အရိုးခေါင်းများ ပါးစပ်ဟလာကာ တိုက်စားခြင်းစွမ်းအင်များ ပါဝင်သော အနက်ရောင် အသံလှိုင်းတစ်မျိုးကို ဖြစ်ပေါ်စေလိုက်သည်။

အံ့ဖွယ်စွမ်းရည်....... မိစ္ဆာဒုစရိုက် ဟစ်ကြွေးသံ......

ဒုစရိုက်စွမ်းအင်များ၏ အသံလှိုင်းသည် ကောင်းကင်နှင့်မြေပြင်ကြား ရုပ်လုံးပေါ်လာသည်။

မောက်မာမှုကြောင့် လေထုသည်ပင် အေးခဲသွားကာ ပျင်းရိခြင်းကြောင့် မြူခိုးမြူငွေ့များ ပေါ်ထွက်လာသည်။ မနာလိုမှုသည် ဓားသွားများအလား ထက်ရှနေပြီး ဒေါသသည် အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်သော မီးတောက်မီးလျှံများလို ပူလောင်လွန်းလှသည်။ လောဘသည် လေထုကိုပါ တိုက်စားပစ်ကာ ဆာလောင်စိတ်သည် အရာရာ ဝါးမြိုပစ်မည့် ပါးစပ်ကြီးနှင့် ဆင်တူပေသည်။ ရာဂကမူ စိတ်ဝိဉာဉ်များကိုပင် ဆုတ်ဖြဲပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ရသည်။

ဒုစရိုက် ခုနစ်ပါး ပေါင်းစည်းခြင်း အသံလှိုင်းသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အရပ်မျက်နှာ အစုံသို့ ပျံ့နှံ့သွားသည်။

သွေးမိစ္ဆာသားရဲများအားလုံးမှာလည်း ချက်ချင်းအသတ်ခံလိုက်ရသည်။

အန်လင်းသည်လည်း အသံလှိုင်းကြောင့် လွင့်ထွက်ကာ သွေးပင်လယ်ထဲ ပြုတ်ကျသွားရသည်။ သာမန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါက ယခုတိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ပါ ပျက်စီးသွားရပေလိမ့်မည်။ သို့သော် အန်လင်းသည် ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ် သန်မာလွန်းသောကြောင့် ဒဏ်ရာတစ်ချက်ပင် မရခဲ့ပေ။

"ဝေါင်း........"

ရာဂသည် သွေးမိစ္ဆာသားရဲများအား ဝါးမြိုပစ်လိုက်သည်။

ထို့နောက် အသက်ပြင်းပြင်း ရှူနေရသည်။ မိစ္ဆာဒုစရိုက် ဟစ်ကြွေးသံသည် အံ့ဖွယ်စွမ်းရည်ဖြစ်ကာ အသက်သွင်းရန်အတွက် စွမ်းအင်များစွာ အသုံးပြုရသည်။

အန်လင်းသည်လည်း စိတ်မတည်မငြိမ် ဖြစ်နေသည်။ ရာဂ၏ အစွမ်းအား အသုံးပြုရန် စွမ်းအင်များစွာ အသုံးပြုလိုက်ရသည့်အပြင် တိုက်ခိုက်မှုပါ ခံလိုက်ရသောကြောင့် သူ၏အခြေအနေမှာ ရာဂထက်ပင် အနည်းငယ် ဆိုးရွားနေသည်။

"ဟားဟား....... မင်းရှုံးပြီ။ ငါမင်းကို သတ်ပစ်မယ်။"

ရာဂမှာ ရက်စက်စွာပြုံးကာ အန်လင်းထံ ခုန်ဝင်လာသည်။

အန်လင်း ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

"ငါရှုံးပြီဟုတ်လား..... အဟက်။"

"ငါ့မှာချစ်သူရှိတယ်လေ။"

ထိုစကားနှင့်အတူ ကျောက်စိမ်းဝတ်စုံနှင့် မိန်းမငယ်တစ်ဦးသည် နဂါးစာကလေးဓားအားကိုင်ကာ ရာဂအား တိုက်ခိုက်လာသည်။

"အား......"

ရာဂ ဒေါသထွက်စွာ အော်ဟစ်လိုက်ရသည်။

ဘာလို့လဲ......

လုံးဝမတရားဘူး.......

ငါကဘာလို့ FAဖြစ်နေရတာလဲ.......

ရာဂသည် FAဖြစ်ရခြင်း၏ ဆိုးကျိုးအား လက်တွေ့ခံစားလိုက်ရသည်။ သောက်ကျိုးနည်း နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်းသည် သူ့အားအနိုင်ကျင့်နေသလိုပင်။

အန်လင်းသည် ပထမအဆင့် စိတ်ဝိဉာဉ်ဆေးလုံးအား လျင်မြန်စွာ သောက်သုံးလိုက်သည်။

နှစ်ယောက်တစ်ယောက် တိုက်ပွဲတောင် မဟုတ်တော့ဘူး...... ဒင်းက ဆေးကူပါယူနေသေးတယ်......

ဝုန်း......

အန်လင်း၏ စွမ်းအင်မှာ ချက်ချင်းထိုးတက်လာပြီးနောက် မရဏမိစ္ဆာသွေးဝိဉာဉ်များအား တဖန်နိုးထစေလိုက်သည်။

သွေးပင်လယ်ထဲမှ သွေးမိစ္ဆာသားရဲများ ထပ်မံရုပ်လုံးပေါ်လာသည်။

အချစ်နှင့် ငွေကြေး ပူးပေါင်းမှုသည် ရာဂ၏ နှလုံးသားကို ထိခိုက်စေသည်။

ခေတ္တမျှ အနားယူထားသောကြောင့် စုရှောင်လန်သည်လည်း အားပြည့်ကာ သူမ၏ တိုက်ခိုက်မှုများမှာ ယခင်ကလို ကြောက်မက်ဖွယ် ကောင်းနေလေပြီ။ အန်လင်း ရှိနေသောကြောင့် စွမ်းအင်ကုန်ခမ်းကာ ဒုက္ခရောက်ရမည်ကိုလည်း စိုးရိမ်ပူပန်စရာ မရှိပေ။

"ဝေါင်း......."

ရာဂမှာ စုရှောင်လန်၏ဓားအား လက်ဖြင့်ပုတ်ထုတ်လိုက်သည်။

စုရှောင်လန်သည် ရာဂ၏ ခုခံမှုအစွမ်းအား မှီခိုကာ အနောက်သို့ ဆုတ်ခွာလိုက်သည်။

အပြင်းအထန် တိုက်ခိုက်နေရသောကြောင့် သူမ အနည်းငယ် ပင်ပန်းနေပြီပင်။

ရာဂသည် စုရှောင်လန်အား ခုန်အုပ်တော့မည့် အချိန်မှာပင် အကောင်ရေ ရာနှင့်ချီသော သွေးမိစ္ဆာသားရဲများမှာ ၎င်းထံပြေးဝင်လာကြသည်။

ရာဂ : "......."

စိတ်ဆင်းရဲလိုက်တာကွာ..... ယီးတဲ့မှ......

ရာဂထံတွင် မိစ္ဆာဒုစရိုက် ဟစ်ကြွေးသံအား ထုတ်ဖော်ရန် စွမ်းအင်မကျန်တော့ပေ။

ဒီတိုင်းဆက်ဖြစ်နေရင် ငါတော့ရှုံးတော့မှာပဲ......

"ဝေါင်း...... ငိုးမစုံတွဲတွေ...... မင်းတို့ပြန်ပေးဆပ်ရလိမ့်မယ်။"

ရာဂသည် အတောင်များဖြန့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။ အနိုင်မရနိုင်သောကြောင့် ထွက်ပြေးရတော့မည်သာ။

မဟာရက်စက်သော သားရဲလေးကောင်တွင် တစ်ကောင်အပါအဝင်ဖြစ်သော သူ့အတွက် ယခုဖြစ်ရပ်မှာ အရှက်ကွဲလွန်းသည်။

ဒီလူသားနှစ်ယောက်မှာ အဆတစ်ထောင်မက ပြန်ခံစားစေရမည်။

***

All Chapters