ရူးသွပ်သွားသောထူပါ့ရှူ
Vol. 58 Ch. 812
"အား......."
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ သွေးရူးသွေးတန်း အော်ဟစ်နေသည်။
၎င်း၏ဖင်ပေါက်ဝမှ ရွှေရောင်သွေးများ စီးကျနေလေသည်။ ခုခံကာကွယ်ရေး ဖောက်ထွင်းခံရကာ လူမဆန်သော တိုက်ခိုက်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
အန်လင်းထံ ပျံဝဲလာနေသော သွေးနီရောင် ဆူးချွန်များမှာလည်း ထက်ရှနေပြီး အဝေးမှပင် သွေးနံ့ထောင်းထောင်း ထနေသည်။
အန်လင်းသည် မှိုပွင့်ကြီးထံမှ စွမ်းအင်အား ဆန့်ကျင်ကြည့်လိုသောကြောင့် ယခုအခြေအနေသည် ပြီးပြည့်စုံသော အခွင့်အရေးပင်။
သူသည် အဆင့်မြင့် အင်မော်တယ်ရတနာဖြစ်သော အံ့ဖွယ်မီးတောက်ပုတီးစေ့အား ထုတ်ဖော်လိုက်သည်နှင့် အတွင်းမှ ရွှေမီးလျှံနဂါးတစ်ကောင် ထွက်ပေါ်လာသည်။ မီးလျှံနဂါးသည် မီးပင်လယ်၏ အထောက်အပံ့ကြောင့် အရှိန်အဝါများ ရုတ်ချည်းထိုးတက်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ရွှေကြေးခွံများလည်း ပိုမိုစစ်မှန်လာသည်။ ၎င်းသည် ကျယ်လောင်စွာ ဟိန်းဟောက်ကာ သွေးနီရောင် ဆူးချွန်များထံ ပျံဝဲသွားလိုက်သည်။
ဝုန်း......
ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာကာ မီးပင်လယ် နေရာအချို့ပင် ပျောက်ကွယ်သွားရသည်။ သွေးနီရောင် ဆူးချွန်များသည် ပူပြင်းလှသော အပူရှိန်ကြောင့် တွန့်လိမ်ကောက်ကွေးကာ အငွေ့ပျံကုန်ပြီး မီးပင်လယ်မှာလည်း ဖြည်းညင်းစွာ ကွယ်ပျောက်သွားသည်။
ထိုနည်းလမ်းသည် စွမ်းအင်ကုန်ခမ်းလွန်းသောကြောင့် အန်လင်းအနေဖြင့် နောက်ထပ်တစ်ကြိမ် အသုံးပြုနိုင်ရန် မသေချာပေ။
သူသည် စွမ်းအားဖြည့်ဆေးလုံးတစ်လုံးအား သောက်သုံးလိုက်ပြီးနောက် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအား ကြည့်ရှုလိုက်သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် နှင်းဖြူရောင် ဓားမော့နှစ်လက်အားကိုင်ကာ သွေးနီရောင် ဆူးချွန်များအား အသည်းအသန် တိုက်ခိုက်နေရသည်။ ၎င်း၏ဖင်ပေါက်မှ ရွှေရောင်သွေးများ စီးကျကာ ကျောပြင်ရှိ အမွှေးများအားလုံး ထောင်ထနေပြီး အသေအကြေ တိုက်ခိုက်မည့်ပုံ ရသည်။
အနေအထားတစ်ခုထိ ဖိအားပေးခံရပါက သားရဲများအားလုံးသည် အသက်ကိုပင် ပဓာနမထားပဲ ရူးနှမ်းနေသလို တိုက်ခိုက်လာကြပေလိမ့်မည်။ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည်လည်း ထိုအခြေအနေသို့ ရောက်ရှိသွားခြင်းပင်။
သွေးနီရောင် ဆူးချွန်များသည် ကွဲထွက်သွားစဉ်ကတည်းက အားနည်းသွားသည့်အပြင် မီးပင်လယ်၏ အရှိန်အား ခံစားထားရသောကြောင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ အသာစီး ရလာသည်။
"ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာက ဘယ်တော့မှ အနှိမ်မခံဘူးကွ......"
"သေစမ်း...... သေစမ်း..... သေစမ်း......."
"သမုဒ္ဒရာရဲ့ တစ်ခုတည်းသောခုတ်ချက်....."
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ ဟစ်ကြွေးသံနှင့်အတူ တောက်ပလွန်းသော ဓားမော့ပုံရိပ်တစ်ခု ကျဆင်းလာသည်။
ဓားမော့ပုံရိပ်သည် တားဆီးမရနိုင်သော စွမ်းအင်တစ်ခုအလား သွေးနီရောင် ဆူးချွန်များအားလုံးကို ထက်ပိုင်းဖြတ်ကာ ဖြစ်တည်မှု ပျက်စီးသွားစေသည်။
"ဟူး..... ဟူး......"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် အသက်ပြင်းပြင်း ရှူနေရပါသော်လည်း ပျော်ရွှင်သော ခံစားချက်မှာ ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသောကြောင့် ခပ်ဖွဖွ ပြုံးနေသည်။
ထို့နောက် အသိစိတ် ဝင်လာသောအခါ လူငယ်တစ်ဦးသည် ၎င်းအားပြုံးပြီး ကြည့်နေသောကြောင့် ကြက်သီးမွှေးညှင်းများ ထသွားရသည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ : "............."
၎င်း၏နှလုံးသားထဲတွင် တစ်စုံတစ်ခုအား ကြိုတင်သိရှိနေသလို ခံစားလာရပြန်သည်။
ပတ်ဝန်းကျင်ကို သတိမထားမိလို့ ဒုက္ခရောက်ရတော့မှာလား..........
အန်လင်းသည် မိစ္ဆာရှင်းဓားဖြင့် ထူပါ့ရှူအား သတ်တော့မည့် အချိန်မှာပင် စုရှောင်လန်အား လှမ်းကြည့်မိလိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားကာ လေတောင်ပံနှင့် ဝါယောဓားအား တစ်ချိန်တည်း အသက်သွင်းလိုက်သည်။
ဘန်း.......
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ရှေ့တွင်ရှိနေသော အန်လင်းမှာ ရုတ်တရက် ပျောက်ကွယ်သွားကာ လေပြင်းပြင်းများသာ ကျန်ရစ်ခဲ့သည်။
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ကြောင်အမ်းအမ်း ဖြစ်သွားရပြီးနောက် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။
စုရှောင်လန်သည် ရာဂအား အပြတ်ရှင်းရန် ပြုလုပ်နေစဉ်မှာပင် သွေးနီရောင် မျက်ဝန်းများနှင့် အရိပ်တစ်ခု နံရံပေါက်တွင် ပေါ်ထွက်လာသည်။
ဝှစ်......
ကောင်းကင်နှင့်မြေပြင်ကြားတွင် ထူးခြားသော အသံလှိုင်းတစ်မျိုး ဖြစ်ပေါ်လာလေသည်။
ချက်ချင်းဆိုသလို စုရှောင်လန်၏ ကြည်လင်သော မျက်ဝန်းများမှာ တွေဝေငေးငိုင်သွားသည်။
အခွင့်အရေးပဲ.......
ရာဂ၏ မျက်ဝန်းများတွင် သွေးဆာသော အရိပ်အယောင်များ ဖြစ်ပေါ်လာကာ တွေဝေခြင်းပင် မရှိပဲ စုရှောင်လန်အား ခုန်အုပ်လိုက်သည်။
"လစ်စမ်း......"
ဒေါသထွက်နေသော အော်ဟစ်သံတစ်ခု ဟိန်းထွက်လာသည်။
ဝုန်း.....
ရာဂ၏ ခြေထောက်အောက်တွင် အားကောင်းလွန်းသော ဆွဲအားစက်ကွင်းတစ်ခု ဖြစ်ပေါ်လာသောကြောင့် အရိုးများပင် ကွဲအက်ကုန်သည်။
အသူရာတွင်းနက်ဆွဲငင်အား.........
အန်လင်း၏ ခန္ဓာကိုယ်မှ မြူခိုးနက်များ ဖြာထွက်လာသလို အရှိန်အဝါမှာလည်း တဟုန်ထိုး မြင့်တက်သွားသည်။
သူသည် ရာဂအားကြည့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ဝေါင်း....."
ရာဂ မျက်စိမျက်နှာ ပျက်သွားသည်။ ထိုသည်မှာ သူ၏အံ့ဖွယ်စွမ်းရည်ထဲမှ တစ်ခုဖြစ်သော မိစ္ဆာဒုစရိုက် ဟစ်ကြွေးသံပင်။
ဒုစရိုက်စွမ်းအင်များနှင့်အတူ ရုပ်လုံးပေါ်လာသော အသံလှိုင်းများမှာ ရာဂ၏ ခန္ဓာကိုယ်ပေါ် သက်ဆင်းလာသည်။
မောက်မာမှုသည် လေဟာနယ်အား အေးခဲသွားစေသည်။ ပျင်းရိခြင်းမှာ အိပ်မက်ဆန်သော မြူခိုးမြူငွေ့များ ဖန်တီးပေးကာ မနာလိုမှုသည် ဓားသွားများသဖွယ် ထက်ရှလွန်းလှ၏။ ဒေါသသည် အရာအားလုံးကို လောင်ကျွမ်းပစ်စေနိုင်သော မီးတောက်များနှင့် ဆင်တူကာ လောဘသည် လေထုပါမကျန် တိုက်စားပစ်နေသည်။ ဆာလောင်စိတ်သည် ပါးစပ်ပေါက်ကြီးသဖွယ် ဖြစ်နေကာ ရာဂ၏ စိတ်ဝိဉာဉ်များကိုပင် ဆုတ်ဖြဲပစ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းပေသည်။ ဒုစရိုက် ခုနစ်ပါး၏ စွမ်းအင်များမှာ ရာဂ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
"ဝေါင်း....."
ရာဂသည် ကိုယ့်ရှူးကိုယ်ပက်သလို ကိုယ့်အစွမ်းကြောင့် ပြန်ထိခိုက်ကာ နာနာကျင်ကျင် အော်ဟစ်လိုက်ရသည်။ ဒုစရိုက် ခုနစ်ပါး၏ စွမ်းအင်မှာ ထိတ်လန့်ဖွယ် ကောင်းသလို အံ့အားသင့်ဖွယ်လည်း ကောင်းလွန်းလှသည်။
မှိုပွင့်ကြီးထဲမှ အရိပ်မည်း သတ္တဝါမှာ အန်လင်းအား လက်ညှိုးထိုးလာသည်။
သွေးနီရောင် မြှားတစ်စင်းသည် လျင်မြန်လှသော အရှိန်ဖြင့် အန်လင်းထံ ပျံဝဲလာသည်။ အန်လင်းသည် စစ်နတ်ဘုရား ခန္ဓာရှိနေပါသော်လည်း အားကောင်းလှသော အန္တရာယ် အငွေ့အသက်အား ခံစားလိုက်မိသည်။
ချက်ချင်းပင် သွေးပင်လယ်မှာ ဆူပွက်လာပြီး မရဏစွမ်းအင်များမှာ သူ့အား အကာအရံတစ်ခုသဖွယ် ကာကွယ်ထားလိုက်သည်။ ထိုသည်မှာ ရာဂ၏ စွမ်းအင်ဖြစ်သော မရဏသွေးမိစ္ဆာဝိဉာဉ်၏ အသွင်နောက်တစ်မျိုး ဖြစ်သည်။
ဝုန်း.......
စွမ်းအင်များ ပေါက်ကွဲသွားပါသော်လည်း မြှားသည် အဆုံးသတ်တွင် အကာအရံအား ထိုးဖောက်နိုင်ခဲ့သည်။
အန်လင်းသည် သူ၏စွမ်းအင်များအားသုံးကာ မြှားအားအသည်းအသန် ကာကွယ်နေလိမ့်မည်ဟု ရာဂ ထင်ထားပါသော်လည်း ရုတ်ချည်းဆိုသလို ခုခံကာကွယ်ရေးများကို ဖယ်ထုတ်ကာ ရာဂအား ရွှေရောင်ဟာလာပြင်လျှပ်စီးဖြင့် တိုက်ခိုက်လာသည်။
"ဝေါင်း..... မင်းရူးနေတာလား။ ငါ့ကိုပါ မင်းနဲ့အတူ သေခိုင်းမလို့လား။"
ရာဂ ဟိန်းဟောက်လိုက်သည်။
အန်လင်းသည် အသက်ချင်းလဲကာ တိုက်ခိုက်နေသလိုပင်။
စင်စစ်တွင်မူ အန်လင်းသည် သူ၏ စစ်နတ်ဘုရားခန္ဓာအပေါ် ယုံကြည်မှု ရှိနေခြင်းသာ ဖြစ်သည်။ ထိုမြှားသည် သူ၏ခန္ဓာကိုယ်အား မထိုးဖောက်နိုင်လောက်ပေ။
ရာဂသည် ဒဏ်ရာဒဏ်ချက်များ ရှိထားပြီးသားဖြစ်ကာ အန်လင်း၏ တိုက်ခိုက်မှုအား အပြင်းအထန် ခုခံကာကွယ်လိုက်သည်။ ထိုအချိန်မှာပင် သွေးနီရောင်မြှားသည် အန်လင်း၏ ရင်ဘတ်ထံ ရောက်ရှိလာတော့သည်။
ရွှေရောင်ဟာလာပြင်လျှပ်စီးသည် ဟင်းလင်းပြင်သို့အပြန်အဆင့် အံ့ဖွယ်လျှပ်စီးကဲ့သို့ တိုက်စားခြင်း စွမ်းအင်များ ပါဝင်နေသောကြောင့် ရာဂ၏ ခုခံကာကွယ်ရေးအား အလွယ်တကူ ထိုးဖောက်လိုက်နိုင်သည်။
ရာဂသည် အန်လင်းအား စူးစူးဝါးဝါး စူးစိုက်ကြည့်ရှုနေသည်။
မြှားထိသွားရင် ဘယ်လိုအော်ဟစ်နေရမလဲဆိုတာ မြင်ကိုမြင်ချင်သေးတယ်......
သို့သော် ၎င်းမျှော်လင့်ထားသော မြင်ကွင်းမှာ ရောက်ရှိမလာပေ။
မြှားသည် အန်လင်း၏ ရင်ဘတ်ထံ ရောက်ရှိကာ စူးရှရှအသံများ ထွက်လာပါသော်လည်း ခြစ်ရာကလေးမျှပင် မထင်ခဲ့ပေ။
အန်လင်း၏ ရင်ဘတ်တွင် သက်တံ့အကာအရံတစ်ခု ဖြစ်ပေါ်နေပြီး ထိုမြှားအား ရှေ့တိုးမရအောင် ကာကွယ်ထားသည်။
"မပေါက်သွားဘူးလား။"
ရာဂ မျက်လုံးပြူးသွားသည်။
ထိုစကားအား ဆိုလိုက်စဉ်မှာပင် ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ သူ၏ခန္ဓာကိုယ်အား နှစ်ခြမ်းခွဲပစ်လိုက်တော့သည်။
"မဟုတ်ဘူး။ မတရားဘူး။"
ရာဂ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"မင်းကဘာလို့ ဘာမှမဖြစ်ရတာလဲ။ လုံးဝမတရားဘူး။"
ငါတို့အတူတူ သေရမှာ မဟုတ်ဘူးလား...... ဘာလို့ငါပဲလဲ.......
ရာဂမှာ အော်ဟစ်ငိုကြွေးနေရင်း ခန္ဓာကိုယ်မှာ ပိုမိုကွဲထွက်လာသည်။
"ဘာလို့လဲဆိုတော့ ငါကမင်းထက် ပိုပြီးသန်မာလို့ပေါ့။"
အန်လင်း အေးစက်စွာ တုံ့ပြန်လာသည်။
ရာဂ : "..........."
မကြာမီပင် ရာဂ၏ ခန္ဓာကိုယ်မှာ အပြီးတိုင် ကွဲထွက်သွားလေသည်။
သွေးနီရောင် မြှားမှာလည်း အန်လင်း၏ ရင်ဘတ်အား မထိုးဖောက်နိုင်သောကြောင့် ဖြည်းညင်းစွာ ပျောက်ကွယ်သွားရသည်။
အရိပ်မည်းမှာ "ဟမ့်"ခနဲ ရေရွတ်သံ ထွက်ပေါ်လာသည်။ ၎င်းသည် မြင်ကွင်းကြောင့် အနည်းငယ် အံ့သြသွားပုံရသည်။
ဂမ်ဒမ်သုံးနှင့် တိုက်ခိုက်နေသော ဇူစကာမှာလည်း အမူအရာ ပြောင်းလဲသွားလေသည်။
ရာဂမှာ အသတ်ခံလိုက်ရပါသော်လည်း သူသည် အန္တရာယ် အငွေ့အသက်အား မခံစားလိုက်မိပေ။
ဇူစကာသည် သွေးစက်အရှင်အား ယုံကြည်ပါသော်လည်း ၎င်းသည် စိတ်မပါပါက မည်သူ့ကိုမှ ကယ်တင်ပေးမည် မဟုတ်ပေ။ ရာဂ၏ သေဆုံးမှုမှာ အကောင်းဆုံး ဥပမာတစ်ခုပင်။
ဇူစကာသည် အခွင့်အရေးရှာကာ တိုက်ပွဲထံမှ ထွက်ပြေးသွားပြီးနောက် မှိုပွင့်ကြီးထံ ပြေးဝင်သွားသည်။ လူသားနှစ်ဦးသည် ထင်မှတ်ထားသည်ထက် သန်မာနေသောကြောင့် ၎င်းထံတွင် ရွေးချယ်စရာ မရှိပေ။
အန်လင်းသည် အရိပ်မည်းအား သဲကွဲစွာ မမြင်ရပါသော်လည်း ၎င်းသည် လူသားနှင့် ဆင်တူကြောင်း တွေ့နေရသည်။ သူ၏နှလုံးသားထဲတွင် ကြောက်စိတ်ဖြစ်စေခဲ့သည်မှာလည်း ထိုအရိပ်မည်းပင် ဖြစ်သည်။
အရိပ်မည်းသည် သူ့အားပစ်မှတ်ထားနေပုံ ရသောကြောင့် လွတ်မြောက်နိုင်မည့်ပုံ မပေါ်ပေ။
ရာဂ သေဆုံးသွားသည့်တိုင် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်မှ စွမ်းရည်များ ပျောက်မသွားသေးသောကြောင့် သူ့အနေဖြင့် အသုံးပြုနိုင်ဦးမည်ပင်။
အန်လင်း လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် သွေးမိစ္ဆာသားရဲများ ဖြစ်ပေါ်လာကာ အရိပ်မည်းထံ ပြေးထွက်သွားကြသည်။
"သွေးမိစ္ဆာသားရဲကို ငါ့ကိုတိုက်ဖို့ သုံးနေတာလား။"
အရိပ်မည်း စကားဆိုလာသည်။
"ကောင်းပြီလေ။ မင်းကိုပြပေးရသေးတာပေါ့။"
***