← Chapters

ချီးကျူးကာဆုတ်ခွာခြင်း

Vol. 58 Ch. 813

ချီးကျူးကာဆုတ်ခွာခြင်း

Vol. 58 Ch. 813

အရိပ်မည်းသည် သာမန်သာ စကားဆိုလိုက်ပါသော်လည်း ၎င်း၏စကားသံမှာ သက်ရှိသတ္တဝါများအားလုံးကို အုပ်စိုးနေသူ တစ်ယောက်အလား ကြီးကျယ်ခမ်းနားနေသည်။

ထို့နောက် သွေးပင်လယ်မှ ဖြစ်တည်လာသော သွေးမိစ္ဆာသားရဲ တစ်ကောင်အား လက်ညှိုးထိုးလိုက်သည်။

"ဒီကမ္ဘာမှာရှိတဲ့ မိစ္ဆာတွေအားလုံး ငါ့ကိုပဲ ခစားရမယ်။"

၎င်း၏လက်ညှိုးထိပ်မှ အနီရောင်လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်တခွင် ပြန့်ကားသွားသည်။

အန်လင်း ဖန်ဆင်းထားသော သွေးမိစ္ဆာသားရဲများမှာ အေးခဲကုန်သည့်အလား ရုတ်တရက် ရပ်တန့်သွားလေသည်။

အန်လင်းသည် လွှမ်းမိုးမှုအားကောင်းသော စွမ်းအင်တစ်မျိုးကို ခံစားမိလိုက်ပြီးနောက် သွေးမိစ္ဆာသားရဲများအား ထိန်းချုပ်မရတော့ကြောင်း သိရှိလိုက်ရသည်။

သွေးမိစ္ဆာသားရဲများသည် အရှိန်အဝါများ မြင့်တက်လာပြီးနောက် အန်လင်းအားကြည့်ကာ ရက်စက်စွာ ပြုံးလာသည်။

"မြင်ရဲ့လား။ သူတို့ကို အသိစိတ်နဲ့ အသိဉာဏ် ထည့်ပေးလိုက်ပြီ။ အဲ့ဒါကမှ တကယ့်ဘဝပဲ။ မင်းဘယ်လိုထင်လဲ။"

အရိပ်မည်းမှာ သွေးနီရောင် မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ကာမေးလိုက်သည်။

ထိုစကားကြောင့် အန်လင်း မျက်နှာပျက်သွားသည်။

ဘာမေးခွန်းကြီးလဲဟ...... ငါကသူ့ကို ချီးကျူးပေးရဦးမှာလား.......

ဟမ့်...... ရန်သူဆီက ချီးကျူးစကားကို လိုချင်နေတာလား....... ဟာသပဲ.......

ငါက ပြိုင်ဘက်ကင်း ဓားအင်မော်တယ် အန်လင်းပါ..... လျှပ်စီးကိုတောင် မကြောက်တဲ့ အံ့ဖွယ်လျှပ်စီးထိန်းချုပ်သူလေ...... အဲ့လိုမျိုး ဂုဏ်သိက္ခာ ကြီးမားတဲ့ အရှင်သခင်ကြီးငါက ရန်သူတစ်ယောက်ကို ချီးကျူးပေးရမှာလား......

"အသက်စွမ်းအင်နဲ့ ပက်သတ်ပြီး တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူလို့ကို မပြောရဘူး။ အရမ်းအံ့သြဖို့ ကောင်းတာပဲ။"

အန်လင်း အရိုအသေပေးကာ ချီးကျူးလိုက်သည်။

အရိပ်မည်းပင် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

"တောင်းပန်ပါတယ် စီနီယာ..... ကျွန်တော်တို့က ဘုန်းတော်ဂုဏ်တော် ကပြောင်းကပြန် ဖြစ်စဉ်ကြောင့် စီနီယာရဲ့ ပိုင်နက်ဆီကို မတော်တဆ ရောက်လာတာပါ။ ဘာကိစ္စမှ မရှိတော့ရင် ကျွန်တော်တို့ ပြန်ထွက်သွားတော့မယ်နော်။"

အန်လင်း စကားဆိုလိုက်သည်။

အရိပ်မည်း : ".........."

စုရှောင်လန် : "........... "

အရိပ်မည်း နောက်တွင်ပုန်းနေသော ဇူစကာမှာလည်း ကြောင်စိစိ ဖြစ်သွားရသည်။

ထိုသည်မှာ ၎င်းတို့မျှော်လင့်ထားသော တုံ့ပြန်မှုမျိုး မဟုတ်ပေ။

အရိပ်မည်းသည် အန်လင်းအား ပြောရဆိုရ လွယ်ကူမည် ထင်မထားခဲ့ပေ။ ၎င်းသည် လူသားနှစ်ဦးအား ကိုယ်တိုင်ဆော်ပလော်တီးကာ ဖမ်းဆီးရန် စဉ်းစားထားခဲ့သည်။ သို့သော် အန်လင်းသည် တွေးထင်ထားသလို မဟုတ်ပဲ ချီးကျူးစကားဆိုကာ နှုတ်ဆက်နေလေသည်။

စုရှောင်လန်သည် အန်လင်း၏ ရည်ရွယ်ချက်အား နားလည်နေသောကြောင့် မသိမသာ အနောက်သို့ ဆုတ်လိုက်သည်။

အန်လင်းသည် သူရဲဘောကြောင် မဖြစ်လိုပါသော်လည်း အခြေအနေ တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ အရိပ်မည်း ဖန်ဆင်းထားသော သွေးမိစ္ဆာသားရဲများစွာအား သူတိုက်ခိုက်နိုင်ရန် မသေချာပေ။

ထိုသို့ဆိုလျှင် သွေးမိစ္ဆာသားရဲများအား ထိန်းချုပ်နိုင်သော အရိပ်မည်းအား မည်သို့အနိုင်ယူနိုင်မည်နည်း။

သူသည် အံ့ဖွယ်အာရုံအား ဖြန့်ကျက်ကာ အရိပ်မည်း၏ အရှိန်အဝါအား စစ်ဆေးကြည့်ပါသော်လည်း ထိုသို့မလုပ်နိုင်ကြောင်း သိခဲ့ရသည်။ ထို့ကြောင့် လက်ရှိအခြေအနေမှာ ထင်မှတ်ထားသည်ထက် ကြောက်မက်ဖွယ် ကောင်းနေလေသည်။

ရန်သူ၏ အနေအထား မြွေဖားကို မသိရခြင်းမှာ အလွန်အန္တရာယ်များသည်။

တစ်ဖက်ရန်သူသည် သွေးမိစ္ဆာသားရဲများအား ထိန်းချုပ်နိုင်သည့်အပြင် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော ဇူစကာလည်း ရှိနေသည်။ သူ့ဘက်တွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦး၊ ဂမ်ဒမ်သုံးနှင့် အသုံးမကျသော သားရဲနှစ်ကောင်သာ ရှိသည်။ ထို့အပြင် တဝက်ခန့် ကင်ထားသလို ဖြစ်နေသော မည်သည့်ဘက်မှ မပါသည့် ထူပါ့ရှူတစ်ကောင်လည်း ရှိသေးသည်။ သူ့အနေဖြင့် ယခုတိုက်ပွဲအား မည်သို့မှ အနိုင်မရနိုင်ပေ။

အခွင့်အရေးမျှပင် ရှိမနေပေ။

သွေးကီရင်ကျောက်စိမ်းအတွက် ထိုမျှစွန့်စားရန်မှာ မထိုက်တန်လှပေ။

အန်လင်းနှင့် စုရှောင်လန်သည် အရိပ်မည်းအား အာရုံစိုက်ကာ အနောက်သို့ ဖြည်းညင်းစွာ ဆုတ်နေသည်။

"မင်းတို့ထွက်ပြေးချင်နေတာလား။"

အရိပ်မည်း စကားဆိုလာသည်။

အန်လင်း ခေါင်းခါပြလိုက်သည်။

"ဒါကို ထွက်ပြေးတယ် ပြောမရဘူးလေ။ ကျွန်တော်တို့ကြားမှာ ရန်ငြှိုးမှ မရှိတာ။ ဒီကျွန်းပေါ်ကို ရှုခင်းလေးဘာလေး ကြည့်ရအောင် လာခဲ့တာဆိုတော့ အခုပြန်ရတော့မှာပေါ့။"

"မင်းက ငါ့ရဲ့ သွေးမိစ္ဆာသားရဲ အစောင့်တွေကို သတ်လိုက်ရုံတင် မကဘူး။ ငါ့သားရဲကိုပါ သတ်လိုက်သေးတယ်။ အဲ့ဒါတောင်မှ ငါတို့ကြားမှာ ရန်ငြှိုးမရှိဘူး ပြောချင်နေတာလား။"

အရိပ်မည်း အေးစက်စက် တုံ့ပြန်လာသည်။

အန်လင်း : "..............."

အန်လင်းမှာ မည်သည့်စကားမှ ပြန်မပြောပါသော်လည်း ဖြည်းညင်းစွာ ဆုတ်ခွာနေဆဲပင်။

အော့နျို၊ အဆိပ်မြူဖားနှင့် ထူပါ့ရှူတို့ဆိုလျှင် အန်လင်းထက်ပင် ပိုမြန်ကြသေးသည်။

အန်လင်းနှင့် စုရှောင်လန်သည်ပင် ဆုတ်ခွာနေသောကြောင့် ၎င်းတို့အနေဖြင့် အစားခံရမည်ကိုစောင့်ကာ အသေခံ တိုက်စရာ အကြောင်းမရှိပေ။

အရိပ်မည်းမှာ တိုက်ခိုက်ရန် ပြင်နေသောကြောင့် စုရှောင်လန် လျင်မြန်စွာ ရှင်းပြလိုက်သည်။

"ကျွန်မတို့က ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာပါ။ ရှင့်ရဲ့ အစောင့်တွေနဲ့ ရာဂက ကျွန်မတို့ကို အရင်တိုက်ခိုက်လာတာလေ။ အဲ့ဒါကြောင့် ရွေးချယ်စရာ မရှိပဲ ပြန်တိုက်ရင်း မတော်တဆ သတ်မိသွားတာပါ။ ကိုယ့်အသက်ကိုယ်တော့ ကာကွယ်သင့်တယ်မလား။"

"ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာလား။"

အရိပ်မည်း တွေဝေသွားသည်။

"အဓိပ္ပါယ်တော့ ရှိသားပဲ။"

"သွေးစက်အရှင်...... သူတို့နဲ့ စကားတွေ ပြောမနေနဲ့တော့။ အခုပဲ စားလိုက်ကြရအောင်။"

ဇူစကာမှာ မနေနိုင် မထိုင်နိုင် ဖြစ်နေလေပြီ။

"နေပါဦး။ ဒါကငါ့နေရာပဲ။ ငါ့ခွင့်ပြုချက် မပါပဲ ဘယ်သူမှ ထွက်သွားလို့ မရဘူး။"

"ငါက ကျိုးကြောင်းဆီလျော်မှု ရှိတဲ့သူပါ။ သူတို့စကားကို ဘယ်လိုပြန်ချေပသင့်လဲ။"

အရိပ်မည်း တိုင်ပတ်နေဟန်ဖြင့် တုံ့ပြန်လာသည်။

ဇူစကာသည်ပင် ထိုမေးခွန်းကြောင့် ကြောင်စီစီ ဖြစ်သွားလေသည်။

သူသည် ဘယ်သောအခါမှ ညှိနှိုင်းဆွေးနွေးခြင်း မလုပ်ပဲ မြင်မြင်သမျှ စားပစ်ခဲ့သည်။ ထိုသို့သာ စကားပြောနေခဲ့ပါက သူ၏သွားများသည်ပင် ထိုမျှရှည်နေမည် မဟုတ်ပေ။

သူသည် စကားနိုင်လုရန် စိတ်မဝင်စားပဲ စားသောက်ရန်သာ စိတ်ဝင်စားသူ ဖြစ်သည်။

"တကယ်တော့ ကျိုးကြောင်းဆီလျော်စရာ မလိုပါဘူး။"

ဇူစကာ တွေးတောကာ အကြံပြုလိုက်သည်။

"အားနည်းတဲ့ သူတွေကပဲ စကားလုံးတွေနဲ့ အကြောင်းပြချက်တွေကို လက်နက်အဖြစ် သုံးတာလေ။ အားကြီးတဲ့သူက လုပ်ချင်ရာ လုပ်လို့ရတယ်။ ဘယ်သူကမှ ဘာမှပြောရဲမှာ မဟုတ်ဘူး။"

အရိပ်မည်း တွေဝေငေးငိုင်သွားသည်။

"ဒါပေမယ့် အဲ့လိုဆို တရားမျှတမှု မရှိတော့ဘူးလေ။"

ဇူစကာမှာ ထိုစကားအား အရေးမစိုက်ပေ။

"လက်သီးကောင်းတဲ့သူက ဘာလုပ်လုပ် မှန်တာပဲ။ တရားမျှတစရာ လိုလို့လား။"

အရိပ်မည်း လက်မခံချင်ပေ။

"လက်သီးကောင်းရင် ဘာလုပ်လုပ် မှန်တယ်တဲ့လား။ အရိုင်းဆန်လိုက်တာ။ ငါက ယဉ်ကျေးမှုရှိတဲ့လူပဲ ဖြစ်ချင်တာ။"

"သွေးစက်အရှင်က လူသားမှ မဟုတ်တာ။"

ဇူစကာ ထောက်ပြလိုက်သည်။

"ဟူး....."

အရိပ်မည်း သက်ပြင်းချလိုက်လေသည်။

ထိုသည်မှာ တိုးညင်းသော သက်ပြင်းတစ်ချက်သာ ဖြစ်ပါသော်လည်း ကောင်းကင်နှင့်မြေပြင်မှာ ယူကြုံးမရ ဖြစ်သွားရသည့်အလား ကျွန်းပေါ်ရှိ သတ္တဝါများအားလုံး ဝမ်းနည်းပူဆွေးသွားရသည်။

အန်လင်းတို့သည်လည်း သက်ပြင်းချသံကို ကြားလိုက်ရပြီးနောက် တုံ့ပြန်ချိန် မရသေးခင်မှာပင် မြေပြင်ရှိ သွေးပင်လယ်မှာ တောက်ပလာတော့သည်။

"သွေးတွေဆူနေပြီပဲ။"

အရိပ်မည်း ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

ဝုန်း.......

ကျွန်းတစ်ခုလုံး၏ စွမ်းအင်များနှင့်အတူ သွေးပင်လယ်မှာ မကောင်းဆိုးဝါးများအလား အန်လင်းတို့ထံ ရောက်ရှိလာလေသည်။

"မူး..... ငါ့ခန္ဓာကိုယ်...... မူး....."

အော့နျို ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။

"အုံးအွမ်...... အိမ်ပြန်ချင်တယ်..... အုံးအွမ်...... အိမ်ပြန်ခွင့်ပေးကြပါ။"

အဆိပ်မြူဖား၏ ခြေထောက်များမှာ သွေးများကြောင့် တုတ်တုတ်လှုပ်မရပေ။

အန်လင်းနှင့် စုရှောင်လန်မှာလည်း ထူးမခြားနားပေ။ သွေးပင်လယ်၏ အစွမ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အရိပ်မည်းမှာ အန်လင်းတို့ရှေ့သို့ ရောက်ရှိလာသည်။

အမှောင်ထုများ ဖယ်ခွာသွားကာ ၎င်း၏အစစ်အမှန် ပုံစံအား မြင်တွေ့လိုက်ရသည်။

ထိုသည်မှာ အဖြူရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကာ နွေးထွေးသော အပြုံးတစ်ပွင့်ကို ဆင်မြန်ထားလေသည်။ ၎င်းသည် ယဉ်ကျေးစွာပင် အရိုအသေပေး နှုတ်ဆက်လာသည်။

"ရိုင်းပြမိတာ တောင်းပန်ပါတယ်။ မင်းတို့ကို လုပ်ခိုင်းစရာလေးရှိလို့ မစောင့်နိုင်တော့လို့ပါ။"

၎င်း၏အသွင်အပြင်သည် အလွန်တည်ငြိမ်ရိုးရှင်းကာ မြင်သူအပေါင်းကို စိတ်အေးချမ်းစေနိုင်လောက်သည်။ သို့သော် ၎င်း၏မျက်ဝန်းများမှာ သွေးနီရောင် ဖြစ်နေပြီး ဦးခေါင်းထက်တွင် ကီရင်ချို ရှိနေလေသည်။

"ကီရင်ချို...... ခင်ဗျားက......"

အန်လင်း၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။

"ဟုတ်တယ်။ ငါက သွေးမိစ္ဆာကီရင်ပဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

***

All Chapters