← Chapters

သွေးမိစ္ဆာကီရင်

Vol. 58 Ch. 814

သွေးမိစ္ဆာကီရင်

Vol. 58 Ch. 814

ဒီလူက သွေးမိစ္ဆာကီရင်လား...........

အန်လင်း၊ စုရှောင်လန်၊ အော့နျို၊ အဆိပ်မြူဖားနှင့် ထူပါ့ရှူတို့မှာ ကြားလိုက်ရသော စကားကြောင့် တအံ့တသြ ဖြစ်သွားကြသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ထိတ်လန့်ကြောက်ရွံ့စွာ အံကြိတ်လိုက်သည်။

"သွေးမိစ္ဆာကီရင်က သေပြီမဟုတ်ဘူးလား။ ခ..... ခင်ဗျားက သရဲလား။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ပြုံးစစဖြင့် ထူပါ့ရှူအား ကြည့်ရှုလာသည်။

"ငါသေပြီလို့ မင်းကိုဘယ်သူပြောလဲ။ သူများတွေ သေပြီထင်တာနဲ့ပဲ ငါကသေပေးရမှာလား။"

"ဒါဆို သွေးကီရင်ကျောက်စိမ်းက......"

အန်လင်း ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်မိသည်။

"ဟမ့်....... သွေးကီရင်ကျောက်စိမ်းက တာအိုပေါင်းစည်းခြင်းအဆင့် ကီရင်သေရင် သူ့ရဲ့တာအိုအစွမ်း အဆီအနှစ်တွေနဲ့အတူ မွေးလာလေ့ရှိတယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်းအားကြည့်ကာ မေးလိုက်သည်။

"အခုလို သေရေးရှင်ရေး အခြေအနေမှာတောင် သွေးကီရင်ကျောက်စိမ်းအကြောင်း တွေးနိုင်သေးတာလား။"

အန်လင်း မျက်နှာပျက်သွားသည်။ သူသည် သွေးကီရင်ကျောက်စိမ်း၏ တည်ရှိမှုကိုသာ အတည်ပြုလိုခြင်း ဖြစ်သည်။ မဟုတ်ပါက တိုက်ခိုက်ခဲ့ရသမျှ ဘာအတွက်မှ မဟုတ်ပဲ အလဟဿ ဖြစ်သွားမည် မဟုတ်လော။

ဇူစကာသည် သက်လတ်ပိုင်းအရွယ် အမျိုးသားနား ရောက်ရှိလာပြီးနောက် ထူပါ့ရှူအားကြည့်ကာ သွားရေတမြှားမြှား ကျလာသည်။

"အနံ့လေးက မွှေးနေတာပဲ။ သွေးစက်အရှင်...... သူ့ကိုစားလို့ရမလား။"

ထိုစကားကြောင့် ထူပါ့ရှူမှာ ချီးထွက်ကျမတက် ကြောက်လန့်သွားရသည်။ စုရှောင်လန်၏ မြင့်မြတ်မီးတောက်အပြင် အန်လင်း၏ မီးပင်လယ်နှင့်ပါ ရင်ဆိုင်ပြီးသည့်နောက် သူ၏ခန္ဓာကိုယ်မှာ အသားကင်နံ့ ထွက်နေလေပြီ။

သွေးပင်လယ်၏ ချုပ်နှောင်မှုကိုလည်း ခံထားရသောကြောင့် အစားကြူးသော ဇူစကာထံမှ လွတ်မြောက်နိုင်ခြေ မရှိတော့ပေ။ ၎င်း၏နှလုံးသားသည် ဆောက်တည်ရာမရဖြစ်ကာ ဇူစကာမှ ဆွဲဖြဲစားသောက်နေသည့် ပုံရိပ်များကိုပါ မြင်ယောင်လာမိသည်။

အန်လင်း အနံ့ခံကြည့်လိုက်သောအခါ အမှန်တကယ်ပင် ထူပါ့ရှူကင်နံ့ ရနေလေသည်။ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ ခန္ဓာကိုယ် နေရာအချို့မှာ ကျက်ပြီးသား ဖြစ်နေပြီပင်။

ထူပါ့ရှူ အမျိုးအစားမှန်သမျှ စားဖူးသော အစားသမားတစ်ဦး ဖြစ်သည်နှင့်အညီ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၏ အရသာသည် ထိပ်တန်းအဆင့် ရှိလိမ့်မည်ဖြစ်ကြောင်း သိရှိနေသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ရူးတော့မလို ဖြစ်နေပါသော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသား၏ စကားကြောင့် မျှော်လင့်ချက် ပြန်ရှိလာသည်။

"ဒီထူပါ့ရှူက တော်တော်လေး ပါရမီကောင်းတယ်။ ရာဂ သေသွားပြီဆိုတော့ အသက်ပြန်ရှင်ဖို့ အချိန်အတိုင်းအတာတစ်ခု လိုဦးမှာပဲ။ လောလောဆယ် သူ့ကိုပဲ အစာထိုးထားလိုက်မယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ တည်ငြိမ်စွာ စကားဆိုလိုက်သည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ပျော်ရွှင်လွန်းလှသောကြောင့် မျက်ရည်ကျမတက်ပင် ဖြစ်သွားရသည်။

သွေးမိစ္ဆာကီရင်က ပါရမီကို မြင်တက်တာပဲ...... ငါအရမ်းတော်မှန်းသိလို့ အသုံးဝင်မယ်မှန်း နားလည်လို့ ခေါ်ထားဖို့ လုပ်နေတာပဲ.........

ရန်သူ၏ ချီးကျူးခံရခြင်းသည် ကြွားဝါးစရာ မဟုတ်ပါသော်လည်း စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။ မည်သို့ပင်ဆိုစေကာမူ ဇူစကာ၏လက်မှ လွတ်မြောက်ခဲ့ပြီ မဟုတ်လော။

"ပြောစရာရှိတာ ဆက်ပြောရအောင်။ မင်းကူညီပေးရမှာ တစ်ခုရှိတယ်။ မင်းပဲ လုပ်ပေးနိုင်တာ။ အောင်မြင်ခဲ့မယ်ဆိုရင် မင်းကိုလွှတ်ပေးမယ့်အပြင် ဖြစ်ပျက်ခဲ့သမျှ ဘာမှမဖြစ်သလို နေပေးမယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသား ပြုံးကာပြောလာသည်။

"ဘာလုပ်စေချင်တာလဲ။"

အန်လင်း သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။

"ကမ္ဘာနှစ်ခုကြားက လမ်းကိုဖွင့်ပေး။ ငါအပြင်ထွက်ဖို့လိုတယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသား တောင်းဆိုလိုက်သည်။

"ကမ္ဘာနှစ်ခုကြားကလမ်းလား။"

စုရှောင်လန် နားမလည်နိုင် ဖြစ်သွားသည်။

"အဲ့ဒါက အဝါရောင်ကြယ် မဟုတ်ဘူးလား။ ဘာလုပ်ပေးစရာ လိုလို့လဲ။"

"ဟမ့်...... နှစ်ခုလုံးက ထူးခြားတဲ့ ကြယ်စင်တွေပဲဟာ..... အဝါရောင်ကြယ်မှာ ထွက်ပေါက်ရှိပြီးတော့ ဘာလို့ငါ့ဆီမှာ မရှိရတာလဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား အေးစက်စွာ တုံ့ပြန်လာသည်။

စုရှောင်လန် : "..........."

အန်လင်းမှာ ကျိုးကြောင်းဆီလျော်မှု မရှိသော စကားများကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

စုရှောင်လန်၏ စကားသည် ၎င်းအား အရှိုက်ထိသွားစေပုံပင်။ မည်သို့ပင်ဆိုစေကာမူ အဝါရောင်ကြယ်တွင် ထွက်ပေါက်ရှိနေပါလျက် ဤနေရာတွင်ပါ လိုချင်နေသည်လော။ ထိုအတွေးအခေါ်မှာ အူကြောင်ကြောင် နိုင်လွန်းလှသည်။

"မင်းတို့က အဝါရောင်ကြယ်မှာ ထွက်ပေါက်ရှိတာပဲသိပြီး ဘာလို့ဒီနေရာအကြောင်း မသိကြလဲသိလား။ ဒီကိုလာတဲ့ သားရဲမှန်သမျှ သေကုန်ကြလို့ပဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မောက်မာစွာ ပြောလိုက်သည်။

အန်လင်းနှင့် စုရှောင်လန်မှာ မည်သည့်စကားမှ မဆိုရဲကြပေ။

ကျိုးကြောင်းဆီလျော်ပြီး ယဉ်ကျေးမှုရှိတဲ့လူ ဖြစ်ချင်တာဆို....... အခုကြ လာသမျှ အကုန်သေတာကို ဂုဏ်ယူနေပါလား.......

"အမှန်အတိုင်း ပြောပြမယ်။ သွေးစက်ကုန်းမြေကနေ မထွက်သွားနိုင်တာ ဒီကျွန်းကြောင့်ပဲ။ ဒီနေရာကနေ ထွက်လိုက်တာနဲ့ ပန်ကု မျက်ဝန်းကြောင့် အသတ်ခံရလိမ့်မယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသား ရှင်းပြလာသည်။

"အဲ့ဒါကြောင့် ဒီကျွန်းမှာ ထွက်ပေါက်ရှိမှ အဆင်ပြေလိမ့်မယ်။"

"ပန်ကု...... ထိုက်ချူကုန်းမြေနဲ့ ကောင်းကင်နဲ့မြေပြင်ကို ဖန်ဆင်းထားတဲ့ ပန်ကုလား။"

အန်လင်း မျက်လုံးပြူးသွားရသည်။

"ဟုတ်တယ်။ အဲ့ဒေါင်းဇားပဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဒေါသထွက်စွာဖြင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။

အန်လင်းနှင့် စုရှောင်လန်မှာ အံ့သြသွားရပြန်သည်။

အဲ့ဒါဆို ကောင်းကင်က မျက်လုံးတွေက ပန်ကုလား....... ဘုရားရေ...... ထိုက်ချူကုန်းမြေရဲ့ အရေးအပါဆုံး ပုဂ္ဂိုလ်က ဒီမှာဘာလုပ်နေတာလဲ......

"မလန့်သွားပါနဲ့။ ပန်ကုက စွမ်းအင်ချန်ထားခဲ့ရုံပါ။ ဒီနေရာကနေ သူထွက်သွားတာ ကြာလှပြီ။ အခုဆို အဝေးကြီးတောင် ရောက်နေလောက်ပြီ။ မဟုတ်ရင် ငါလွတ်လပ်ဖို့ အခွင့်အရေးတောင် ဘယ်ရှိပါ့မလဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုကိစ္စနှင့်ပက်သတ်၍ များများစားစား ပြောလိုပုံ မရပေ။

"ဒီနေရာမှာလည်း ကမ္ဘာနှစ်ခုကြား ထွက်ပေါက်ရှိတယ်။ ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံရေးအဆင့်ကို လက်မခံထားဘူး။ အဲ့ဒါကြောင့် တားမြစ်ချက်တွေ အားလုံးကို ဖယ်ပေးစေချင်တာ။"

"ခင်ဗျားတောင် မလုပ်နိုင်တာ ကျွန်တော်တို့ လုပ်နိုင်ပါ့မလား။"

အန်လင်း စိတ်ကသိကအောက် ဖြစ်သွားသည်။ သွေးမိစ္ဆာကီရင်သည် ၎င်းတို့ထက်ပို၍ အဆပေါင်းများစွာ သာလွန်သည် မဟုတ်လော။

"ငါ့သားရဲတွေရော၊ ငါရော အဲ့နားတောင် ကပ်မရဘူး။ တခြားလာကူညီပေးတဲ့ သားရဲတွေကလည်း အမှိုက်တွေပဲ။ လမ်းအလယ်မှာရှိတဲ့ မဟူရာရေခဲ စွမ်းအင်ကို ဘယ်ကောင်မှ ခံနိုင်ရည် မရှိကြဘူးလေ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ စိတ်ပျက်လက်ပျက် တုံ့ပြန်လာသည်။

အားလုံးမှာ အသက်ရှူသံများပင် ပြင်းသွားရသည်။

အန်လင်းနှင့် စုရှောင်လန်မှာ ချောက်ထဲပြုတ်ကျသွားသလို ခံစားလိုက်မိကြသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

လာကူညီပေးတဲ့ သားရဲဟုတ်လား....... ဒီလူက ကူညီတယ်ဆိုတဲ့ စကားကို နားရောလည်ရဲ့လား.......

အားလုံးက သွေးကီရင်ကျောက်စိမ်း လာရှာတဲ့ သူတွေချည်းပဲ...... နောက်မှသာ ဒင်းလိုသလို သုံးတာခံရတာ......

"ကံကောင်းလို့ပေါ့....... နတ်ဘုရားတွေက ငါ့ကိုပစ်မထားပဲ မင်းတို့နှစ်ယောက်ကို ပို့ပေးလိုက်တယ်။ မင်းတို့ရဲ့ ကျင့်ကြံရေးအဆင့်နဲ့ဆို ဝင်လို့ရမှာပဲ။ ပြီးတော့ ငါတွေ့ဖူးသမျှ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေထဲမှာ မင်းတို့က အသန်မာဆုံးပဲ။ မင်းတို့က ငါ့ရဲ့ ကံကောင်းစေမယ့် ကြယ်စင်လေးတွေပေါ့ကွာ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်းနှင့် စုရှောင်လန်အားကြည့်ကာ ရယ်မောလိုက်သည်။

"မင်းတို့သာ ရောက်တာနောက်ကြရင် လမ်းကပိတ်သွားလောက်ပြီ။ အဲ့လိုဆို ငါလည်းဒီနေရာကနေ ထွက်လို့ရမှာ မဟုတ်တော့ဘူး။"

အန်လင်းတို့အားလုံးမှာ စိတ်ဆင်းရဲနေလေပြီ။

"ဒီလမ်းက ပိတ်တော့မှာလား။ လမ်းအကုန်ပွင့်ပြီး ဒီကမ္ဘာက ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကို ရောက်လာမှာ မဟုတ်ဘူးလား။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ မေးမြန်းလိုက်သည်။

"ဟားဟားဟား........"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအားကြည့်ကာ ခွက်ထိုးခွက်လန် ရယ်မောလာသည်။

"မင်းက လူတကာ ပြောသမျှ ယုံတာပဲလား။ မင်းက ချစ်စရာကောင်းလောက်အောင် တုံးအတာပဲကွ။ ငါသဘောကျတယ်။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ : "..........."

"ပန်ကု ထွက်သွားတာ အရမ်းကြာနေပြီဆိုတော့ ဒီကမ္ဘာက မတည်ငြိမ်တော့ဘူး။ ကမ္ဘာနှစ်ခုကြား လမ်းပွင့်နေတာတောင် ဒီကအစွမ်းတွေ စိမ့်ထွက်ပြီး ပြင်ပကမ္ဘာကို ထိခိုက်စေတယ် မဟုတ်လား။"

"ဒါပေမယ့် သိပ်မကြာတော့ပါဘူး။ ဒီကမ္ဘာရဲ့ ပြန်လည်ပြုပြင်တဲ့ ယန္တရားတွေက အသက်ဝင်နေပြီ။ ငါ့အတွက် အချိန်သိပ်မကျန်တော့ဘူး။"

သက်လတ်ပိုင်းအရွယ် အမျိုးသား ရှင်းပြလိုက်သည်။

သူလက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားသည်။

မူးနောက်နောက် ခံစားချက်နှင့်အတူ ၎င်းတို့အားလုံး မှိုပွင့်ကြီးထဲ ရောက်လာသည်။

ကန့်သတ်ထိန်းချုပ်ခြင်းများ ပျောက်ကွယ်ကာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားပါသော်လည်း မည်သူကမှ မဆင်မခြင် မလုပ်ရဲကြပေ။ ထိုအစား ၎င်းတို့အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

နူးညံ့သိမ်မွေ့သော အလင်းများ ဖြာထွက်နေသည့် သွေးကျောက်စိမ်းတစ်ခု ရှိနေလေသည်။

***

All Chapters