← Chapters

ပြီးပြည့်စုံသောသွေးကီရင်ကျောက်စိမ်း

Vol. 58 Ch. 815

ပြီးပြည့်စုံသောသွေးကီရင်ကျောက်စိမ်း

Vol. 58 Ch. 815

သွေးကျောက်စိမ်း၏ အလင်းအား အနက်ရောင် ဝင်္ကပါတစ်ခုမှ စုပ်ယူကာ မှိုပွင့်ကြီး၏ ခေါင်းမိုးမှတဆင့် အပြင်သို့ ဖြာထွက်နေစေသည်။

ကျွန်းတစ်ခုလုံးအား လွှမ်းခြုံထားသော သွေးနီရောင် အလင်းသည် ဤသွေးကျောက်စိမ်းမှ ဖြစ်လိမ့်မည်ဟု အန်လင်း ခံစားမိသည်။ ထိုသွေးကျောက်စိမ်းတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေပေသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ထိုသွေးကျောက်စိမ်းအား မြင်ခဲ့ပါသော်လည်း အခွင့်အရေးပင် မရလိုက်ပဲ သေမလို ဖြစ်ခဲ့ရသည်။

နောက်ထပ်တစ်ကြိမ် ထပ်မြင်ရသောအခါ စိတ်ထဲမှ အလိုရမ္မက်များအား ဖိနှိပ်ကာ ငြိမ်သက်စွာသာ ရပ်နေတော့သည်။

အော့နျိုနှင့် အဆိပ်မြူဖားဆိုလျှင် ကြောက်ရွံ့လွန်းလှသဖြင့် စကားပင် မပြောနိုင်ပေ။

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခိုင်းစေခြင်း မခံရသည်မှာ ၎င်းတို့သာ ရှိသည်။ စင်စစ်အားဖြင့် ၎င်းတို့သည် အဖက်လုပ်ခြင်းပင် မခံရပေ။ စိတ်အထွေထွေ ပြောင်းလဲနေသော သြဇာအာဏာ ကြီးမားသူ၏ အနီးတွင် ရှိနေရသောကြောင့် ၎င်းတို့သည် လျစ်လျူရှုခံရရန်အတွက် အတက်နိုင်ဆုံး ပုန်းလျှိုးကွယ်လျှိုးသာ ရှိနေကြသည်။

"ဒါကို သွေးကီရင်ကျောက်စိမ်းလို့ ထင်နေကြတာမလား။"

သက်လတ်ပိုင်းအရွယ် အမျိုးသား နွေးထွေးစွာ ပြုံးလိုက်သည်။

အားလုံး တိတ်ဆိတ်နေလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် သွေးကျောက်စိမ်းမှာ တုန်ခါလာပြီးနောက် ၎င်း၏လက်ပေါ် ပျံဝဲလာသည်။ ထိုသွေးကျောက်စိမ်းသည် ပြီးပြည့်စုံသော ကျောက်စိမ်းတစ်ခုအလား နွေးထွေးသော အနီရောင်အလင်းကို ထွက်ပေါ်စေနေသည်။

မှိုပွင့်ကြီးပေါ်ရှိ တလက်လက် တောက်ပနေသော အနီရောင်အလင်းမျာ ရုတ်တရက် ပျောက်ကွယ်သွားကာ ကျွန်းတစ်ခုလုံး အမှောင်ကျသွားပြီး သွေးကြယ်စင်သည်လည်း ရုတ်ချည်းကွယ်ပျောက်သွားသည်။

"ဟုတ်တယ်။ ဒါက သွေးကီရင်ကျောက်စိမ်းပဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား အတည်ပြုပေးလာသည်။

အားလုံးမှာ သွေးကီရင်ကျောက်စိမ်းအားကြည့်ကာ အသက်ရှူသံများ ပြင်းပြလာပြီး မျက်ဝန်းများလည်း တောက်ပလာကြသည်။

သွေးကီရင်ကျောက်စိမ်းသည် ဒဏ္ဍာရီလာသားရဲ၏ သရုပ်သကန်ဖြစ်ကာ ၎င်း၏တာအိုစိတ်ဆန္ဒလည်း ဖြစ်သည်။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည်ပင် အရူးအမူး ဖြစ်စေနိုင်သည့် ရတနာ တစ်ခုပင်။

"စီနီယာပြောတော့ သွေးကီရင်ကျောက်စိမ်းက ကီရင်သေမှ ဖြစ်လာတာဆို..... အဲ့ဒါဆို ဘာလို့....."

အန်လင်း ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

"ငါသေခဲ့တယ်လေ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ နွေးနွေးထွေးထွေးပင် အားလုံးကို ကြည့်ရှုလိုက်သည်။

"ဒါပေမယ့် ငါပြန်ရှင်လာတာ။"

အန်လင်း : "........."

"ဒါပေမယ့် အခုငါ့ဘဝက မှီတွယ်ပြီး ရှင်သန်နေရတာ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ သွေးကျောက်စိမ်းအားပွတ်ကာ ဖြည်းညင်းစွာ ရှင်းပြလာသည်။

"မင်းတို့ကို ပြောပြရမှာ မကြောက်ပါဘူး။ လျှို့ဝှက်နည်းလမ်း တစ်ခုကြောင့် ငါပြန်အသက်ရှင်လာတာ။ အခုတော့ ငါ့ဘဝက ဒီသွေးကျောက်စိမ်းကို မှီခိုနေရတယ်။"

သွေးကျောက်စိမ်းသည် ငန်းဥအရွယ်မျှရှိပြီး ပြစ်ချက်တစ်ခုပင် မရှိပေ။ နွေးထွေးသော အလင်းများ ဖြာထွက်နေပြီး ထိုသွေးကျောက်စိမ်းထံမှ တာအိုစိတ်ဆန္ဒ၊ စွမ်းအင်များအပြင် အသိစိတ်ကိုပါ အာရုံခံနိုင်သည်။ သွေးကီရင်ကျောက်စိမ်းသည် ပြီးပြည့်စုံသော ရတနာတစ်ခုပင်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အားလုံး၏ အမူအရာကြောင့် စိတ်ကျေနပ်နေဟန် ရှိသည်။

"သွေးကီရင်ကျောက်စိမ်းက ငါ့ရဲ့ခန္ဓာကိုယ်လို့ ပြောလို့ရတယ်။ ငါသေပြီး ဖြစ်လာတဲ့ ဒီသွေးကျောက်စိမ်းက မလှဘူးလား။"

အားလုံး : "............"

ထိုမေးခွန်းသည် တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသောကြောင့် အန်လင်းမှာ မည်သည့်စကားမှ မတုံ့ပြန်ခဲ့ပေ။

ထို့အပြင် ယင်းသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ၎င်း၏သေဆုံးမှုအကြောင်းအား စိတ်လှုပ်ရှားစွာ ပြောပြနေသည်မှာလည်း ထူးဆန်းနေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာမူ သူ၏သွေးကျောက်စိမ်းကိုကြည့်ကာ အလှတရားတွင် နစ်မြောနေသလိုပင်။

"ကီရင်တစ်ကောင် အစွမ်းထက်လေ...... သွေးကျောက်စိမ်းက ပြီးပြည့်စုံလေပဲ။ ငါမြင်ဖူးသမျှထဲမှာ ဒီသွေးကျောက်စိမ်းက အလှဆုံးပဲ။"

အားလုံး : ".........."

"ကြမ်းတယ်ဟေ့...."

အဆိပ်မြူဖားမှာ အခွင့်အရေးအား အမိအရ ဖမ်းဆုပ်ကာ ချီးကျူးလိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ၎င်းအား အရေးပင် မစိုက်ပေ။

"သက်ရှိတွေ အားလုံးက ငါ့သွေးကျောက်စိမ်းကို လိုချင်ကြတယ်။ ဒါပေမယ့် ဒီသွေးကျောက်စိမ်း ဖြစ်လာဖို့ ဘာတွေပေးဆပ်ရလဲ သိကြလို့လား။"

သူအားလုံးကိုကြည့်ကာ ပြောလိုက်သည်။

"မထိုက်တန်ဘူး။ ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့ သွေးကျောက်စိမ်းကို ထိုက်တန်တဲ့သူ ဘယ်သူမှ မရှိဘူး။"

သက်လတ်ပိုင်းအရွယ် အမျိုးသား လက်တစ်ချက် လှုပ်လိုက်သည်နှင့် သွေးကျောက်စိမ်းမှာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာထံ ပျံဝဲသွားသည်။ သွေးကျောက်စိမ်းတွင် ပါဝင်သော ဒဏ္ဍာရီလာသားရဲ အရှိန်အဝါများကြောင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ဖြူဖျော့ကြောက်ရွံ့လာကာ ခြေထောက်များပင် မခိုင်ချင်တော့ပေ။

"မင်းက ဒဏ္ဍာရီလာသားရဲ တစ်ကောင်ဆီက အစစ်အမှန် ဓားမော့စိတ်ဆန္ဒကို အမွေဆက်ခံထားပြီး သားရဲအသင်္ချေ မြင့်မြတ်ဝိဉာဉ်ကို ပိုင်ဆိုင်ထားပေမယ့် သွေးကီရင်ကျောက်စိမ်းနဲ့ မထိုက်တန်ဘူး။"

သွေးကျောက်စိမ်းမှာ စုရှောင်လန်ထံ ပျံဝဲလာပြန်သည်။ စုရှောင်လန်သည် ဒဏ္ဍာရီလာသားရဲတစ်ကောင်အား ရင်ဆိုင်နေရသလို ခံစားရသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာကာ အနောက်သို့ ဆုတ်လိုက်မိသည်။

"မင်းက အစစ်အမှန်နဂါးနဲ့ ဗာမီလီယမ်ငှက် သွေးဆက်ကို ပိုင်ဆိုင်ထားတာပဲ။ ပြီးတော့ ဓားလမ်းစဉ်မှာလည်း ပါရမီ အရမ်းကောင်းတယ်။ ဒါပေမယ့် မင်းလည်းမထိုက်တန်ဘူး။"

သူလက်တစ်ချက် လှုပ်လိုက်သည်နှင့် သွေးကျောက်စိမ်းမှာ အန်လင်းထံ ရောက်ရှိလာသည်။

ချက်ချင်းပင် အန်လင်းမှာ ကျွန်းတစ်ခုလုံးကို သတ်ဖြတ်ခဲ့သော ဒဏ္ဍာရီလာသားရဲတစ်ကောင်အား မြင်တွေ့လိုက်သလို ခံစားလိုက်ရသည်။ ၎င်းသည် ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်ဖော်ကာ အစွယ်များ ပြထားလျက် အသက်ရှူ ကြပ်စရာ ကောင်းလောက်အောင် အန်လင်းထံ ချည်းကပ်လာသည်။

သွေးမိစ္ဆာကီရင်၏ စွမ်းအင်ဖိအားများကြောင့် အန်လင်းမှာ နှလုံးခုန်သံများမြန်ကာ အကြောက်တရားများ ဖြစ်ပေါ်လာသည်။

"မင်းက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်မှာတင် ဓားလမ်းစဉ်ရဲ့ အစစ်အမှန် စိတ်ဆန္ဒကို ရထားတာပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း တကယ်ကို ကြောက်စရာပဲ။ မင်းလောက် ပါရမီကောင်းတဲ့သူမျိုး ဒီကမ္ဘာမှာ ထပ်တောင်မရှိနိုင်ဘူး။ ဘာပဲပြောပြော မင်းလည်းမထိုက်တန်သေးဘူး။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဝံ့ကြွားနေသည်။

"ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့ သွေးကျောက်စိမ်းနဲ့ ထိုက်တန်တဲ့သူ မရှိဘူး။ သွေးကျောက်စိမ်းက အသိအမှတ် မပြုသမျှ သူ့ရဲ့စွမ်းအင်ကို စုပ်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်သက်သက်ပဲ။"

"ငါတစ်ယောက်တည်းကပဲ ဒီသွေးကျောက်စိမ်းနဲ့ ထိုက်တန်တာ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ စကားသံ ပိုမိုကျယ်လောင်လာသည်။

ယီးလား...... ငါတို့ကို ခေါ်လာတာ ကြွားဖို့လား......

သူ့ကို ဝိုင်းမြှောက်ပင့်ကြဖို့ မျှော်လင့်နေတာလား........

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာမူ ပြောချင်ရာပြောကာ စိတ်ကျေနပ်နေသည်။ သုံးစားမရသော အမှိုက်ကောင်များစွာသည် သူ၏သွေးကျောက်စိမ်းအား မက်မောခဲ့ကြသည်။ ယခုတွင်မူ ပါရမီရှင်များ ရောက်ရှိလာသောကြောင့် အစစ်အမှန် စွမ်းအင်အား သိရှိစေရန် သေသေချာချာ ကြွားလုံးထုတ်ခဲ့သည်ပင်။

သို့သော် ရုတ်တရက် အပြောင်းအလဲမှာ သူ့အားထိတ်လန့်သွားစေသည်။

ထိုသည်မှာ ပျို့အန်နေသော အသံပင်။

အန်လင်း : "ဝေါ့......."

သက်လတ်ပိုင်းအရွယ် အမျိုးသား မျက်နှာပျက်သွားသည်။

ငါ့ကိုရန်စနေတာလား.......

ဒါသေချာပေါက် စော်ကားနေတာပဲ.......

ငါ့ကိုအော့အန်ပြပြီး ရွဲ့နေတာ သေချာတယ်......

စုရှောင်လန်သည်ပင် အန်လင်း လုပ်ရပ်ကြောင့် လန့်ဖြန့်သွားရသည်။

"ငါပြောလိုက်တဲ့ စကားကြောင့် လာအန်နေတာလား။"

သက်လတ်ပိုင်းအရွယ် အမျိုးသား မကျေမနပ် ဖြစ်နေသည်။

"ဝေါ့......"

ထိုအချိန်မှာပင် အဖြူရောင်ဝတ်ရုံနှင့် ရွှေရောင်ကလေးငယ်တစ်ဦး အန်လင်း၏ ပါးစပ်ပေါက်ထဲမှ ထွက်လာလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား မျက်မှောင်ကျုံ့သွားသည်။

အဆိပ်မြူဖား၊ အော့နျိုနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

၎င်းတို့တုံ့ပြန်ချိန် မရသေးခင်မှာပင် ရွှေရောင်ကလေးငယ်မှာ သွေးကီရင်ကျောက်စိမ်းအား ယူ၍ မြိုချလိုက်သည်။

ထိုသည်နှင့်ပင် တင်းတိမ်ပုံ မရသေးပဲ ဗိုက်ကိုပင် ပုတ်လိုက်သေးသည်။

"အေ့....."

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားလေသည်။

သားရဲများသာမက အန်လင်းနှင့် စုရှောင်လန်သည်ပင် ရွှေရောင်ကလေးငယ်အားကြည့်ကာ အံ့အားသင့်နေမိသည်။ ထိုကလေးငယ်မှာ အပြင်သို့ သိပ်မထွက်သော အန်ကီရင်ပင်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ နှုတ်ခမ်းများ တဆတ်ဆတ်တုန်ကာ ခေါင်းတစ်ခုလုံး ပူထူနေရသည်။

"မင်း..... ငါ...... ငါ့ရဲ့ သွေးကျောက်စိမ်း ဘယ်ရောက်သွားတာလဲ။"

***

All Chapters