← Chapters

ကြေကွဲနေသောသက်လတ်ပိုင်းအရွယ်အမျိုးသား

Vol. 58 Ch. 816

ကြေကွဲနေသောသက်လတ်ပိုင်းအရွယ်အမျိုးသား

Vol. 58 Ch. 816

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ သွေးကျောက်စိမ်းမှာ ဘယ်ရောက်သွားပါသနည်း။

ထိုသည်မှာ ရူးမိုက်လွန်းလှသော မေးခွန်းတစ်ခုပင်။ အားလုံး၏ ရှေ့မှောက်တွင်ပင် အန်ကီရင်သည် ထိုသွေးကျောက်စိမ်းအား ဝါးမြိုပစ်ခဲ့သည် မဟုတ်လော။

သို့သော် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုအဖြစ်အပျက်အား အနည်းငယ်မျှ နားမလည်နိုင် ဖြစ်နေသည်။

ဒင်းက.. ဘယ်လိုလုပ် မြိုချနိုင်ရတာလဲ......

ဝှစ်.......

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အန်ကီရင်ထံသွားကာ လေပေါ်မြှောက်တင်လျက် ခန္ဓာကိုယ်အား ရမ်းခါပစ်လိုက်သည်။

"ထွေးထုတ်စမ်း..... ငါယီးထဲမှ...... အခုချက်ချင်း ထွေးထုတ်လိုက်စမ်း......"

"ယိယိယားယား......"

အန်ကီရင်မှာ ယက်ကန်ယက်ကန် ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းအားကြည့်ရသည်မှာ ပြန်ထွေးထုတ်မည့်ပုံ မပေါ်ပေ။

"မင်းကငါ့ကို ဖိအားပေးနေတာပဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဒေါသထွက်သွားပြီးနောက် လက်ဝါးဖြင့်ရိုက်ရန် ရွယ်လိုက်သည်။

ထိုလက်ဝါးချက်သည် ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် လေထုသည်ပင် ဆုတ်ပြဲသွားလေသည်။

ဘန်း.......

အန်ကီရင်မှာ လက်ဝါးချက်ကြောင့် ပေါက်ကွဲထွက်သွားသည်။

လျှပ်စီးများ လင်းလက်လာကာ သူ၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားတော့သည်။

သို့သော် သွေးကီရင်ကျောက်စိမ်း ပြန်မရခဲ့ပေ။

"အား......."

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မျက်နှာအား လက်ဖြင့်ကုပ်လျက် အရူးတစ်ပိုင်း အော်ဟစ်နေသည်။

"ငါ့ရဲ့ သွေးကျောက်စိမ်း ဘယ်မှာလဲ။ ဘယ်လိုလုပ် ပျောက်သွားရတာလဲ...... အား......"

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အချိန်တစ်ခုမျှ ကြေကွဲနေပြီးနောက် အန်လင်းအား စူးစိုက်ကြည့်ရှုလာသည်။

"မင်းဘာလုပ်လိုက်တာလဲ။ သွေးကီရင်ကျောက်စိမ်းက မင်းစုပ်ယူဖို့အတွက် ပြီးပြည့်စုံလွန်းနေတယ်။ ပြောစမ်း..... မင်းဘယ်မှာဖွက်ထားလိုက်တာလဲ။"

"မင်းမသေချင်ဘူးဆိုရင်......"

စကားမဆုံးသေးခင်မှာပင် လျှပ်စီးများနှင့်အတူ အန်ကီရင်၏ ခန္ဓာကိုယ် ပြန်လည်ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အမူအရာ ပြောင်းလဲသွားပြီးနောက် အန်ကီရင်ထံသွားကာ လေဟာနယ်ချိပ်စည်းတစ်ခုကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။ ထိုရွှေရောင်ကလေးငယ်လေး ထပ်မံပျောက်ကွယ်သွားမည်ကို သူအလွန်ကြောက်ရွံ့နေလေပြီ။

အန်ကီရင်သည် မစားသင့်သော အစာတစ်ခုကို စားမိထားသည့်အလား နာကျင်နေဟန်ဖြင့် ဗိုက်အားပွတ်နေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဝမ်းသာအားရဖြစ်ကာ အန်ကီရင်အား ကျောပွတ်ပေးလိုက်သည်။

"မအီမသာ ဖြစ်နေတာမလား။ ထွေးထုတ်လိုက်......ချက်ချင်းသက်သာသွားလိမ့်မယ်။ မြန်မြန်လေး ထွေးထုတ်လိုက်စမ်းပါ။"

အန်ကီရင်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့်အတူ လျှပ်စီးများ ပေါက်ကွဲကာ ၎င်း၏နှလုံးသားနေရာတွင် တောက်ပသော အနီရောင်အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် ဒဏ္ဍာရီလာသားရဲ တစ်ကောင်၏ အရှိန်အဝါများလည်း ဖြာထွက်လာ၏။

ဒုန်း.... ဒုန်း..... ဒုန်း......

အန်လင်း၏ နှလုံးသားမှာ အန်ကီရင်၏ နှလုံးခုန်သံအတိုင်း ကဆုန်ပေါက်နေသည်။

သူ၏သွေးများလည်း စတင်ဆူပွက်လာသည်။

အန်ကီရင်၏ နှလုံးသားမှ အကန့်အသတ်မဲ့သော အနီရောင်အလင်းများမှာ ဖြာထွက်နေသည်။ ထိုအလင်းထဲတွင် သတ်ဖြတ်ခြင်းနှင့် ရှင်သန်ခြင်း စွမ်းအင်များ ပါဝင်နေပြီး သက်ရှိသတ္တဝါများအားလုံးကို ကြောက်ရွံ့စေနိုင်သော ဒဏ္ဍာရီလာသားရဲတစ်ကောင်သဖွယ် ထင်မှတ်ရစေသည်။

ထိုသည်မှာ သွေးမိစ္ဆာကီရင်၏ တာအိုစိတ်ဆန္ဒနှင့် အစွမ်းများပင် ဖြစ်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မျက်လုံးအပြူးသားဖြစ်ကာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားရသည်။ ဖြစ်ပျက်နေသော အကြောင်းအရာများအား နားလည်နိုင်ရန် သူ၏ဦးနှောက်မှ လိုက်မမှီနိုင်တော့ပေ။

ဒါက ငါ့အစွမ်းတွေလေ...... ဒီကလေးလေးက ဘာလို့သုံးနိုင်နေတာလဲ.......

အန်ကီရင်၏ အဖြူရောင်ဝတ်ရုံမှာ တဖျတ်ဖျတ် လွင့်ခါနေပြီး အကန့်အသတ်မဲ့သော အနီရောင်အလင်းများမှာ ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့ကာ တောက်ပလွန်းသော အနီရောင် အင်္ကျီနှင့် ဘောင်းဘီကို ဖြစ်ပေါ်လာစေသည်။

ထိုအင်္ကျီနှင့် ဘောင်းဘီမှ သွေးကီရင်ကျောက်စိမ်း အရှိန်အဝါများ ထွက်ပေါ်နေသည်ကို သက်လတ်ပိုင်းအရွယ် အမျိုးသား ခံစားမိပေသည်။

"ဒါက......"

သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မယုံကြည်နိုင်ခြင်းများနှင့်အတူ အသက်ရှူသံများ မြန်လာရသည်။

"ငါ့ရဲ့ သွေးကီရင်ကျောက်စိမ်းက အဝတ်အစားတွေ ဖြစ်သွားတာလား။"

အန်လင်း : "..........."

စုရှောင်လန် : ".........."

သားရဲများ : "........."

ဘာတွေဖြစ်နေတာလဲ..........

"မဟုတ်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ရူးမလို ဖြစ်နေလေပြီ။

"ငါ့ရဲ့ သွေးကီရင်ကျောက်စိမ်းက ဘာလို့အဲ့လို ဖြစ်ရမှာလဲ။"

သူသည် အန်ကီရင်၏ အဝတ်များအား စတင်ချွတ်တော့သည်။

"ချွတ်စမ်း....... အဝတ်ဖြစ်သွားရင်တောင် အဲ့ဒါက သွေးကီရင်ကျောက်စိမ်းပဲ။"

မည်သို့ပင်ဆိုစေကာမူ အဝတ်များသည် ခန္ဓာကိုယ်နှင့် ကပ်ချုပ်ထားသည့်အလား မည်မျှကြိုးစားပါစေ ဘာမှထူးမလာပေ။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် လက်မလျှော့ပဲ ဆက်လုပ်နေသောကြောင့် အန်ကီရင်မှာ မျက်ရည်များ ကျဆင်းလာလေသည်။

ကမ္ဘာပေါ်တွင်သာဆိုပါက သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ကလေးသူငယ် နှောင့်ယှက်မှုဖြင့် ထောင်ကျသွားနိုင်သည်။

"ရှင်တရားလွန်နေပြီနော်။ သူက ကလေးပဲ ရှိသေးတာလေ။"

စုရှောင်လန် မနေနိုင်တော့ပဲ အန်ကီရင်အတွက် ရပ်တည်ပေးလာသည်။

"ယီးလား......"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဒေါသထွက် ပေါက်ကွဲကာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများပင် ဖြစ်ပေါ်လာသည်။

အန်လင်း ချက်ချင်းပင် စုရှောင်လန်ရှေ့၌ နေရာယူလိုက်သည်။

"အန်ကီရင်ကို လွှတ်ပေးလိုက်...... သူက ကလေးပဲ ရှိသေးတယ်။"

"ဒီခွေးမသားလေးက သင်ခန်းစာပေးဖို့ လိုနေပြီ။ သွေးကီရင်ကျောက်စိမ်းကို ပြန်မရရင် မင်းတို့အားလုံးကို သတ်ပစ်မယ်။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်းနှင့် စုရှောင်လန်အား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် အန်ကီရင်ထံ အကြည့်ပြန်ရောက်သွားသည်။

သူသည် အန်ကီရင်အား အဝတ်ချွတ်နေသလို အန်ကီရင်မှာလည်း ရွှေရောင်ဟာလာပြင်လျှပ်စီးနှင့် ပြန်လည်တိုက်ခိုက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏ခန္ဓာကိုယ်တဝိုက်ရှိ အားကောင်းလှသော သက်ရှိစွမ်းအင်ကြောင့် ရွှေရောင်ဟာလာပြင်လျှပ်စီးများအားလုံး ပျောက်ကွယ်ကုန်ရသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်တွင် ခြစ်ရာတစ်ခုမျှပင် ရှိမနေပေ။

"ငါမသေသေးဘူးဆိုတော့ သွေးကီရင်ကျောက်စိမ်း မပျောက်သွားဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ အဲ့ဒါက အဝတ်အဖြစ်ပဲ ပြောင်းသွားတာ။ ငါ့ကိုပြန်ပေးစမ်း။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်ကီရင်၏ အဝတ်များအား အကြမ်းပတမ်း ဆွဲချွတ်နေသည်။

သို့သော် ဆက်နွယ်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာကာ အန်ကီရင်အား ဆက်လက်နာကျင်အောင် လုပ်၍မရတော့ပေ။

"ယီးတဲ့မှ..... မဟုတ်ဘူး။ ငါက သွေးမိစ္ဆာကီရင်ပဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်ကီရင်အား အဝတ်ဆွဲချွတ်ရန် ကြိုးစားလိုက်ပြန်သည်။

ဝှစ်......

လေပြင်းများ ဖြစ်ပေါ်လာကာ အန်ကီရင်နားရောက်ရန် တစ်လက်မခန့်အလိုတွင် သူ၏လက်များ ရပ်တန့်သွားရသည်။ ထိုထက်ပို၍ တစ်မီလီမီတာမျှပင် ရှေ့တိုးမရပေ။

သူနှင့်အန်ကီရင်ကြားတွင် အစေခံနှင့်သခင် ဆက်နွယ်မှု ရှိနေသည့်အလား သွေးကီရင်ကျောက်စိမ်းမှ ဖြစ်ပေါ်လာသော အဝတ်အစားကိုပင် ထိမရတော့ပေ။

"ယီးတွေလား...... ငါက တကယ်ပဲ ဒင်းအဝတ် ဖြစ်သွားတာလား။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အန်လင်းအား စူးစိုက်ကြည့်ရှုဘာသည်။

အန်ကီရင်ကို မထိရလည်း ဘာဖြစ်လဲ...... အန်လင်းကို သတ်ပစ်မယ်......

"သေလိုက်တော့။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်နှက်နေသော လက်သီးဖြင့် အန်လင်းအား ပြင်းထန်စွာ ထိုးချလိုက်သည်။

သို့သော် အကြောင်းအရင်း အချို့ကြောင့် သူ၏လက်သီးမှာ ရပ်တန့်နေလေသည်။

အန်လင်းနှင့် သူ့ကြားတွင်လည်း သခင်နှင့် အစေခံ ဆက်နွယ်မှု ရှိနေ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသား အော်ဟစ်လိုက်သည်။

"ငါ......... မင်းအဖွားယိုးထဲမှ......"

အန်လင်းသည် တောင်ခွင်းလက်သီးဖြင့် တိုက်ခိုက်လိုက်သောကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသား လွင့်ထွက်သွားရသည်။

အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

သွေးမိစ္ဆာကီရင်က အန်လင်းကြောင့် လွင့်ထွက်သွားတာလား.......

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဝိဉာဉ်မရှိတော့သလို ငေးငိုင်နေလေပြီ။

"မဖြစ်နိုင်ဘူး........ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။"

သားရဲများအားလုံးမှာ ကြောင်တောင်တောင် ဖြစ်သွားရပြန်သည်။

အန်လင်း ထိုးလိုက်လို့ ဂေါက်သွားတာများလား.......

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ သူ၏ဖြစ်တည်မှုကိုပင် သံသယ ဝင်လာသည်။

သွေးကီရင်ကျောက်စိမ်းမှာ သူ့အပိုင် ဖြစ်ပါသော်လည်း အဝတ်အစားအဖြစ် ပြောင်းလဲသွားသည့်အပြင် သခင်နှင့် အစေခံ ဆက်နွယ်မှုပါ ဖြစ်လာသေးသည်။

ဒါက သားရဲစာချုပ်လား........

သောက်ကျိုးနည်း....... သားရဲစာချုပ်လား......

"မဖြစ်နိုင်ဘူး။ ငါအိပ်မက်မက်နေတာပဲ ဖြစ်ရမယ်...... ငါအိပ်မက်မက်နေတာ။"

သက်လတ်ပိုင်းအရွယ် အမျိုးသား မျက်ရည်များ စီးကျလာသည်။

"အတု..... အားလုံး အတုချည်းပဲ။ ငါက တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲလေ။ ဘယ်လိုလုပ် စာချုပ်ဆက်ဆံရေးတစ်ခုထဲ ရောက်နေရမှာလဲ။"

***

All Chapters