← Chapters

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်

Vol. 59 Ch. 817

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်

Vol. 59 Ch. 817

သားရဲများအားလုံးနှင့် စုရှောင်လန်တို့မှာ ဖြစ်ပျက်နေသည်များကို စတင်နားလည်လာကြသည်။

သွေးမိစ္ဆာကီရင် သွေးပျက်နေသည့် အကြောင်းအရင်းအား အန်လင်းလည်း ပိုမိုသိရှိလာသည်။

သူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတို့ကြားတွင် ထူးခြားသော ဆက်နွယ်မှုတစ်ခု ရှိနေလေသည်။

သွေးကီရင်ကျောက်စိမ်း လုယူခံလိုက်ရရုံသာမက သခင်နှင့် အစေခံ ဆက်နွယ်မှုပါ ဖြစ်ပေါ်လာသောကြောင့် သွေးမိစ္ဆာကီရင်မှာ အလွန်အမင်း ဒေါသထွက်နေပေလိမ့်မည်။ သို့သော် သူတတ်နိုင်သည့်အရာ မရှိပေ။

အန်လင်းသည် သွေးမိစ္ဆာကီရင်၏ နေရာမှ ဝင်တွေးလိုက်သောအခါ သူသာဆိုလျှင်လည်း ယခုကဲ့သို့သာ တုံ့ပြန်မိမည်ဖြစ်ကြောင်း တွေးမိလိုက်သည်။

သူသည် ရန်သူများကိုပင် နားလည်စာနာနိုင်သော ကရုဏာတရား ကြီးမားသူပင်။

လွတ်လပ်သွားပြီးနောက် အန်ကီရင်သည် သက်လတ်ပိုင်းအရွယ် အမျိုးသားအား လက်ညှိုးငေါက်ငေါက်ထိုးလျက် ကလေးတစ်ဦးကို ဆူပူနေသည့်အလား စကားလုံးလှိုင်းများ ထွက်ပေါ်စေလိုက်သည်။

အားပါးတရ ဆူပူပြီးမှသာ အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲ ပြန်လည်ရောက်ရှိလာသည်။

"တင်း......တောင်....."

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကိုတက်ဖို့ လိုအပ်ချက်ဖြစ်တဲ့ အန်ကီရင်ကို အဝတ်အစား ဆင်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။"

အန်လင်းမှာ ပျော်ရွှင်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်ကာ စနစ်အား ကြည့်ရှုလိုက်မိသည်။

အချိန်များစွာ ကြာမြင့်ပြီးနောက် အဆင့်တက်နိုင်ခဲ့လေပြီ။

ကျေးဇူးတင်ပါတယ် အန်ကီရင်.......

ကျေးဇူးတင်ပါတယ် သွေးမိစ္ဆာကီရင်........

သွေးကီရင်ကျောက်စိမ်းထံမှ အန်ကီရင်အတွက် အဝတ်အစား ရလာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးပေ။ ထိုသည်မှာ ကံကြမ္မာပင် ဖြစ်သည်။

ခရက်...........

အက်ကွဲသံ တစ်ခုနှင့်အတူ အန်ကီရင်၏ ခန္ဓာကိုယ်မှ စွမ်းအင်များ မြင့်တက်လာသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆယ်ကီလိုမီတာ ပတ်လည်ရှိ ကောင်းကင်နှင့်မြေပြင်၏ ဝိဉာဉ်စွမ်းအင်များလည်း ဝုန်းဒိုင်းကြဲသွားသည်။

အန်လင်းသည် ဂမ်ဒမ်သုံးအားထုတ်ကာ သူ့အားကာကွယ်ရန် အမိန့်ပေးပြီးနောက် တရားထိုင်ရန် ထိုင်ချလိုက်သည်။

သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ တက်ရောက်တော့မည်ပင်။

ဤရက်အား စောင့်ဆိုင်းခဲ့ရသည်မှာ အလွန်ကြာညောင်းနေလေပြီ။

"မူး...... ဒါက......"

အော့နျိုသည် တရားထိုင်နေသော အန်လင်းအားကြည့်ကာ မယုံကြည်နိုင် ဖြစ်နေသည်။

အဆိပ်မြူဖားမှာလည်း သက်ရှိစွမ်းအင်များ အားကောင်းလာသည်ကို ခံစားမိကာ အံ့အားသင့်သွားရသည်။

"သူအဆင့်တက်တော့မှာပဲ....... အုံးအွမ်။"

"သွေးကီရင်ကျောက်စိမ်းကိုယူပြီး သွေးမိစ္ဆာကီရင် ဒေါသထွက်အောင် လုပ်ပြီးမှ အဆင့်တက်တော့မလို့လား။"

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ မယုံကြည်နိုင်ဟန်ဖြင့် အန်လင်းအား ငေးကြောင်ကြည့်နေမိသည်။

စုရှောင်လန် ပေါ့ပါးစွာ ရယ်မောလိုက်ပြီးနောက် အန်လင်းအား ကာကွယ်ရန် ရှေ့တိုးလာလိုက်သည်။ သွေးမိစ္ဆာကီရင်သည် အန်လင်းအား ထိခိုက်အောင် မလုပ်နိုင်ပါသော်လည်း အခြားသားရဲများအနေဖြင့် ရူးကြောင်မူးကြောင် လုပ်လာပါက သူမ၏ဓားအား မြည်းစမ်းရပေလိမ့်မည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာလည်း ကြောင်တိကြောင်တောင် ဖြစ်နေသည်။

"ဘာလို့ အခုချိန်မှ အဆင့်တက်ရတာလဲ။ ကမ္ဘာကြီးက ငါ့ကို အနိုင်ကျင့်နေတာလားကွာ။"

"ဒါမှမဟုတ် ငါ့ရဲ့သွေးကီရင်ကျောက်စိမ်းကို စုပ်ယူလိုက်လို့များလား။"

"မဟုတ်သေးဘူး။ သူသာ သွေးကီရင်ကျောက်စိမ်းကို စုပ်ယူလိုက်ရင် ငါမရှိနိုင်တော့ဘူး။ ငါ......ငါ တကယ်ပဲ ဒီလူသားနဲ့ သခင်၊ အစေခံ ဆက်နွယ်မှု လုပ်မိသွားတာလား။ ငါ့ဘဝက ဒီလူသားကို မှီခိုနေရတော့မှာလား။"

သူသည် အခြေအနေအား လက်ခံနိုင်ရန် မည်သို့မှ မတည်ငြိမ်နိုင်ပေ။

ခါးသက်စရာ အမှန်တရားအား လက်မခံနိုင် ဖြစ်နေရသည်။

သွေးကီရင်ကျောက်စိမ်းသည် အန်ကီရင်၏ အဝတ်အစား ဖြစ်လာပြီး အန်ကီရင်သည် အန်လင်းနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် သူသည် အန်လင်းနှင့် မဖြစ်မနေ ဆက်ဆံရတော့မည့်ပုံပင်။

"ဘာ..... ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။"

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကမ္ဘာကြီး၏ စနောက်မှုကို ခံစားနေရသလို တွေးထင်နေမိသည်။ ထိုလူသားနှင့် အဘယ့်ကြောင့် တွေ့ဆုံခဲ့ရပါသနည်း။

"သွေးစက်အရှင်...... သူတို့ကို စားလိုက်သင့်လား။"

ဇူစကာမှာ အန်လင်းအား စူးစိုက်ကြည့်ရှုကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

"မရဘူး။ သူ့ကို ထိခိုက်အောင်လုပ်ဖို့ မင်းတွေးရဲတယ်ပေါ့။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

ထို့နောက် အသိစိတ် ဝင်လာလေသည်။

ဘာလို့ ဒီလူသားကို ထိခိုက်အောင်လုပ်ဖို့တောင် တွေးမရတော့တာလဲ........

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဆောက်တည်ရာမရ ဖြစ်နေလေပြီ။

သွားပြီ....... ငါတော့ လုံးဝကိုသွားပြီ......

အန်လင်း၏ အဆင့်တက်ခြင်းမှာ စတင်နေလေပြီ။ များပြားလှသော သက်ရှိစွမ်းအင်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ သက်ရှိစွမ်းအင် ပင်လယ်အား ချဲ့ထွင်စေလျက် စစ်နတ်ဘုရား ခန္ဓာအား သန့်စင်ပေးနေသလို သိစိတ်အာရုံကိုပါ မြှင့်တင်ပေးနေသည်။

"ဝေါင်း......"

ကမ္ဘာမြေပြင် တုန်ဟီးမတက် ကျယ်လောင်သော ဟိန်းဟောက်သံ ထွက်ပေါ်လာလေသည်။

အန်လင်း၏နောက်တွင် သွေးနီရောင် ကီရင်တစ်ကောင်၏ ပုံရိပ် ဖြစ်ပေါ်လာသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဘာတွေဖြစ်နေတာလဲ။ အဲ့ဒါက ငါမဟုတ်ဘူးလား။"

ထိုကီရင်၏ အသွင်သဏ္ဍာန်ရော၊ အရှိန်အဝါကပါ သူအသက်ရှင်စဉ်ကနှင့် တထေရာတည်း တူညီနေသည်။

ထို့အပြင် ယင်းကီရင်ပုံရိပ်သည် ၎င်းအား အထင်သေးစွာ ကြည့်ရှုနေလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ကြေကွဲသွားရလေပြီ။

ငါ့ပုံရိပ်က ငါ့ကိုသောက်ထင်သေးနေတာလား........

ကီရင်ပုံရိပ်သည် ၎င်း၏သွေးစွမ်းအင်များအား အန်လင်းထံ လွှဲပြောင်းပေးနေသည်။ ၎င်းသည် ဖြစ်တည်မှု တစ်ခုလုံးအား အန်လင်းထံ ပေးအပ်နေသလို လွှဲပြောင်းနိုင်သမျှ စွမ်းအင်အားလုံး လွှဲပေးနေလေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ သွေးအန်မတက် ဖြစ်သွားရသည်။

ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ.........

သွေးကီရင်ကျောက်စိမ်းက ငါ့အတွက်ပဲ ဖြစ်သင့်တာလေ........

ဒါပေမယ့် ဒီလူသားကို သခင်အဖြစ် လက်ခံရမှာ မဆိုးပါဘူး.......

ဟမ်.......

ငါဘာလို့ သူ့ကိုသခင်လို တွေးနေမိတာလဲ......

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အသိစိတ် ထပ်ဝင်လာကာ ရူးတော့မလို ဖြစ်သွားရပြန်သည်။

ယခုကဲ့သို့သာ ဆက်ဖြစ်နေပါက နှလုံးရောဂါပင် ရလောက်ပေသည်။

အန်လင်း၏ အစွမ်းများမှာ အဆက်မပြတ် တိုးတက်လာနေသည်။

သက်ရှိစွမ်းအင် ပင်လယ်ထဲတွင်လည်း အန်ကီရင်မှာ အလွန်တက်ကြွနေသည်။ သွေးကီရင်ကျောက်စိမ်းအား အဝတ်အဖြစ် ရရှိလိုက်ပြီးနောက် ယုံကြည်မှုများတိုးကာ ဗာမီလီယမ်ငှက်အား စိန်ခေါ်တော့သည်။

၎င်းတို့နှစ်ဦးကြားမှ တိုက်ပွဲသည် ရှောင်လွှဲရနိုင်မည့်ပုံ မပေါ်ပေ။

အန်ကီရင်သည် တိုက်ပွဲအား များစွာမျှော်လင့်ထားသည်။ သူသည် ဗာမီလီယမ်ငှက်၏ အနိုင်ကျင့်မှုများကို ခံစားခဲ့ရသောကြောင့် အခြေအနေအား ပြောင်းလဲပစ်ရန် စောင့်ဆိုင်းခဲ့ရသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေလေပြီ။

သွေးမိစ္ဆာကီရင်၏ သွေးစက်တာအိုတွင် ပါဝင်သော အစစ်အမှန် စိတ်ဆန္ဒသည် အန်လင်းအတွက် လွန်စွာအသုံးဝင်သည်။ တစ်ဖက်တွင်လည်း ဘဝတာအိုမှ ရရှိလာသော ဉာဏ်အလင်းများကြောင့် သူ၏အမြဲစိမ်းနည်းစနစ်မှာ ပိုမိုတိုးတက်လာသည်။

ထိုမျှတင် မကသေးပေ။

အန်လင်း၏ ဦးခေါင်းထက်တွင် အစိမ်းရောင် ရောင်စဉ်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဝုန်း........

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအစုံမှ ဖြစ်ပေါ်လာလေသည်။

အစိမ်းရောင် ရောင်စဉ်ကွင်းသည် အဆင့်တစ်ခု တက်သွားပုံပင်။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မျက်လုံးအပြူးသား ဖြစ်နေလေပြီ။

"ဒါ...... ဒါက အသက်စွမ်းအင်လား...... သိမ်မွေ့နက်နဲလိုက်တာ။"

စုရှောင်လန်မှာလည်း အန်လင်း၏ ဦးခေါင်းထက်မှ အစိမ်းရောင် ရောင်စဉ်ကွင်းအား ငေးမောကြည့်ရှုနေမိသည်။

သဘာဝပတ်ဝန်းကျင်နဲ့ တော်တော်ပနံသင့်တဲ့ အရောင်ပဲ........

အချိန်တစ်ခုမျှ ကြာမြင့်ပြီးနောက် ပတ်ဝန်းကျင်တခွင် ဝုန်းဒိုင်းကြဲနေသော သက်ရှိစွမ်းအင်များ လျော့ပါးလာကာ ကီရင်ပုံရိပ်မှာလည်း ပျောက်ကွယ်သွားသည်။

အန်လင်းမှာ တောက်ပသော မျက်ဝန်းအစုံကိုဖွင့်ကာ မတ်တပ်ရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါများမှာ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး ရှေးဟောင်းသားရဲတစ်ကောင် နိုးထလာသလို ထင်မှတ်ရသည်။

မကြာမီပင် ထိုအရှိန်အဝါများ ငြိမ်သက်ကာ အရာအားလုံး ပုံမှန်ဖြစ်သွားလေသည်။

အန်လင်းမှာ ပေါ့ပေါ့ပါးပါးပင် အကြောလျှော့လိုက်သည်။ စစ်နတ်ဘုရားခန္ဓာ၊ စွမ်းအင်ဝင်ပေါက်များ၊ သက်ရှိစွမ်းအင်ပင်လယ်နှင့် သိစိတ်အာရုံ အားလုံးမှာ တိုးတက်သွားခဲ့ပြီပင်။

ထိုသည်သာမက သွေးမိစ္ဆာကီရင်၏ စွမ်းအင်ဖြင့် အမြဲစိမ်းနည်းစနစ်ကိုပင် အဆင့်တက်စေလိုက်နိုင်သည်။

သူ၏အသက်စွမ်းအင်၊ အဆိပ်ခံနိုင်ရည်စွမ်းနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းများအားလုံးမှာလည်း ယခင်ကနှင့် မတူတော့ပေ။ ယခုအချိန်တွင် လက်တစ်ဖက်၊ ခြေထောက်တစ်ချောင်း အသစ်ဖြစ်လာစေရန်ပင် သူ့အတွက် မခက်ခဲတော့ပေ။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ရောက်သွားတာ ဂုဏ်ယူပါတယ်။"

စုရှောင်လန် စကားဆိုလိုက်သည်။

သူမ၏ အပြုံးသည် နွေးထွေးလွန်းလှပြီး စိတ်ရင်းစိတ်မှန်ဖြစ်ကြောင်း သိသာနေသည်။

အန်လင်း ကူကယ်ရာမဲ့စွာဖြင့် သူမ၏ပါးအား ဆွဲလိုက်သည်။

"စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်။ အခုတော့ ကိုယ်က တုနှိုင်းမဲ့ ဖြစ်သွားပြီနော်..... ဟဲဟဲ။"

စုရှောင်လန် မျက်စောင်းထိုးလာသည်။

အော့နျိုနှင့် အဆိပ်မြူဖားမှာလည်း အသိစိတ် ဝင်လာပြီးနောက် အန်လင်းအား မပြီးနိုင်၊ မစီးနိုင် ချီးကျူးလိုက်ကြသည်။

အခု ဆရာကြီးက သွေးမိစ္ဆာကီရင် မဟုတ်တော့ဘူး.......

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ အန်လင်းပဲ...... သူ့ကိုသာ ဖက်တွယ်ထားရင် သွေးမိစ္ဆာကီရင်တောင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး......

All Chapters