ထွက်ခွာနိုင်မည့်သော့ချက်
Vol. 59 Ch. 819
ပြောင်းလဲသွားသော အခြေအနေများကြောင့် အန်လင်းမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ သူသည် သွေးကီရင်ကျောက်စိမ်းအား ရရှိလိုက်သည်သာမက ပြန်လည်ရှင်သန်လာသော သွေးမိစ္ဆာကီရင်ဖြစ်သည့် တုန်းဖန်းကျွမ်းရှီးသည်ပင် သူ၏အဖွဲ့ဝင် ဖြစ်လာသည်။
သူသည် တုန်းဖန်းကျွမ်းရှီး၏ သခင်ဖြစ်လာသောကြောင့် ၎င်း၏သားရဲများဖြစ်သော ဇူစကာနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့သည်လည်း သူ၏သားရဲများ ဖြစ်လာသည်ဟု ဆိုနိုင်သည်။
ထိုသည်မှာ ကြောင်တောင်တောင် နိုင်လွန်းလှသည်။
"ဟူး......... နောက်ဆုံးအဆင့် ဗီလိန်ဆရာကြီး ဖြစ်ရမှာကို အခုတော့ အသက်ရှင်ဖို့ ငါ့ကိုမှီခိုရတဲ့သူ ဖြစ်လာတယ်။"
အန်လင်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ပြဿနာများ ပြေလည်သွားပြီ ဖြစ်သောကြောင့် တုန်းဖန်းကျွမ်းရှီးအား ဤနေရာမှ ခေါ်ထုတ်သွားရန် စဉ်းစားရမည့် အချိန်ပင်။
တုန်းဖန်းကျွမ်းရှီးသည် အပြစ်သားတစ်ဦးအနေဖြင့် ဤနေရာတွင် အကျဉ်းချခံထားရခြင်း ဖြစ်သည်။
ထိုသည်မှာ သေခြင်းတရားထက်ပင် ဆိုးရွားသော ကံကြမ္မာဟု ဆိုနိုင်သည်။ သွေးမိစ္ဆာကီရင်များသည် အလွန်အားကောင်းသော အသက်စွမ်းအင်ကြောင့် လူသိများကြသည်။ ထို့ကြောင့် တစ်နေရာထဲတွင် ပိတ်မိနေခြင်းမှာ ရက်စက်လွန်းလှပေသည်။ နှိပ်စက်နည်းပေါင်း သောင်းခြောက်ထောင်ထက် ဆိုးရွားသော အခြေအနေအား ၎င်းရင်ဆိုင်နေရခြင်းပင်။
သွေးမိစ္ဆာကီရင်သည် ပြင်းထန်လှသော နှိပ်စက်မှုများကြောင့် သေဆုံးကာ သွေးကီရင်ကျောက်စိမ်း ဖြစ်လာခဲ့သည်။ သို့သော် ထိုသည်မှာ အဆုံးသတ်တစ်ခု မဟုတ်ခဲ့ပေ။
သေဆုံးသွားပြီးနောက် အသိစိတ်သည် သွေးကီရင်ကျောက်စိမ်းမှ ကွဲထွက်ကာ ဘဝသံသရာတွင် ဆက်လက်လည်ပတ်နိုင်ခြင်း မရှိသလို ပျောက်ကွယ်သွားခြင်းလည်း မရှိလည်း ကသိကအောက်နိုင်စွာ ဆက်လက်ရှင်သန်နေရသည်။
ထိုကံကြမ္မာမှာ လွန်စွာဆိုးရွားလှပေသည်။
ယခုတွင်မူ အန်လင်း ရောက်ရှိလာမှုကြောင့် ထိုအမှောင်နေ့ရက်များမှ လွတ်မြောက်နိုင်တော့မည်ပင်။
တုန်းဖန်းကျွမ်းရှီး၏ အခြေအနေများအား ကြားသိရပြီးနောက် အားလုံးမှာ စိတ်မကောင်း ဖြစ်မိကြသည်။
ပန်ကုသည် တုန်းဖန်းကျွမ်းရှီးအား အဘယ့်ကြောင့် အကျဉ်းချထားရသည်ကို အန်လင်း သိလိုနေမိသည်။ အလွန်ဆိုးရွားသော ပြစ်မှုတစ်ခုကို မကျူးလွန်ခဲ့ပါက မည်သူကမှ တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ တစ်ကောင်အား ထိုမျှနှိပ်စက်ထားမည် မဟုတ်ပေ။
တုန်းဖန်းကျွမ်းရှီးသည် အမှန်တရားကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူသည် သွေးယစ်ပူဇော်သည့်အနေဖြင့် ကုန်းမြေတစ်ခုလုံးအား သတ်ပစ်ခဲ့သောကြောင့် ပန်ကု၏ အမျက်ဒေါသအား တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထိုစကားကြောင့် အန်လင်းမှာ ကျောမွေးများပင် ထောင်သွားရသည်။ သူသည် နွေးထွေးလွန်းသော သက်လတ်ပိုင်းအရွယ် အမျိုးသားအားကြည့်ကာ ၎င်း၏လုပ်ရပ်ကို မယုံကြည်နိုင် ဖြစ်နေမိသည်။
"ခင်ဗျား ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ။"
ထိုလုပ်ရပ်၏ နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခု သေချာပေါက် ရှိနေလိမ့်မည်ဟု အန်လင်း ယုံကြည်သည်။
တုန်းဖန်းကျွမ်းရှီး ခေါင်းခါပြလာသည်။
"အားလုံးက အတိတ်တွေပဲလေ။ အခုပြောနေလို့ရော ဘာထူးတော့မှာလဲ။"
ဟမ့်....... ခင်ဗျားက မပြောချင်ဘူးပေါ့လေ..... OCDသမားတစ်ယောက်ကို အဲ့လိုတန်းလန်းလုပ်လို့ မရဘူး.......
"တုန်းဖန်းကျွမ်းရှီး..... အမှန်တရားကိုပြောဖို့ ခင်ဗျားကို အမိန့်ပေးတယ်။"
အန်လင်း လေးနက်စွာ အမိန့်ပေးလိုက်သည်။
တုန်းဖန်းကျွမ်းရှီး၏ ခန္ဓာကိုယ် တုန်ခါသွားကာ ငြင်းဆန်နေပါသော်လည်း မဖြစ်မနေ ဝန်ခံလာရသည်။
"အဲ့ကုန်းမြေကို အုပ်ချုပ်တဲ့သူက စစ်တပ်တစ်ခုလုံးကိုခေါ်ပြီး ငါ့ချစ်သူရှိတဲ့မြို့ကို ဖျက်စီးခဲ့တယ်။ သူမလည်း အဲ့မှာပဲ သေခဲ့ရတယ်။ အဲ့ဒါကြောင့် သူတို့အားလုံး သေဖို့ထိုက်တန်တယ်။"
အန်လင်းနှင့် စုရှောင်လန်မှာ အမူအရာ ပြောင်းလဲသွားပြီး ဘာပြောရမည်လဲပင် မသိတော့ပေ။
ချစ်သူ ဆုံးသွားလို့ ကုန်းမြေတစ်ခုလုံးကို အပြတ်ရှင်းပစ်တာတဲ့လား........ တကယ် ရူးသွပ်လွန်းတာပဲ......
သို့သော် အန်လင်းသည် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ လုပ်ရပ်အား မည်သည့်မှတ်ချက်မှ မပေးလိုပေ။ စုရှောင်လန်သာ တစ်စုံတစ်ယောက်ကြောင့် သေဆုံးသွားခဲ့ပါက သူသည်လည်း စိတ်လွတ်သွားနိုင်ပေသည်။
အင်း....... ငါက သူများကို တော်တော်စာနာတတ်တာပဲ.........
အန်လင်းသည် ကြင်နာနွေးထွေးသော ဇာတ်လိုက်မင်းသားလို ခံစားလိုက်ရသည်။
အံ့အားသင့်စရာ ကောင်းသည်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားအား အမိန့်စကား တစ်ခွန်းနှင့်ပင် အမှန်တကယ် ဖိအားပေးနိုင်ခြင်း ဖြစ်သည်။ သူ၏စကားလုံးများသည် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိပုံပင်။
နောက်ကြရင် ထူးထူးဆန်းဆန်းတွေများ ခိုင်းလို့ရမလား မသိဘူး........
ထိုအကြောင်းအရာသည် စကားစမြည် ပြောဆိုရန် လေးလံလွန်းလှသောကြောင့် အန်လင်းတို့သည် စကားလမ်းကြောင်း ပြောင်းသည့်အနေဖြင့် သွေးစက်ကုန်းမြေနှင့် ပြင်ပကမ္ဘာကြားရှိ ကန့်သတ်ချက်များအား မည်သို့ဖယ်ရှားကြမည်ကို ဆွေးနွေးဖြစ်ကြသည်။ ထိုမှသာ တုန်းဖန်းကျွမ်းရှီးလည်း လွတ်လပ်နိုင်မည် မဟုတ်လော။
တုန်းဖန်းကျွမ်းရှီးသည် အားလုံးကို ဦးဆောင်ကာ ကျွန်းမျောကြီး၏ အလယ်သို့ ခေါ်ဆောင်သွားသည်။
"ဒါက ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းပဲ။"
တုန်းဖန်းကျွမ်းရှီးသည် အေးခဲသော အရှိန်အဝါများ ဖြာထွက်နေသည့် ဂိတ်ပေါက်တစ်ခုကို ညွှန်ပြလိုက်သည်။
"ဘာလုပ်ရမလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"ဒီလမ်းကြောင်းက ပန်ကုကိုယ်တိုင် လုပ်ထားတဲ့ ရေခဲအင်းကွက်တစ်ခုနဲ့ ကာကွယ်ထားတာ။ ငါ့ရဲ့ကျင့်ကြံရေးအဆင့်တွေကိုလည်း လုံးဝတားမြစ်ထားတယ်။ ဒါပေမယ့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေအတွက်တော့ အဆင်ပြေတယ်။"
တုန်းဖန်းကျွမ်းရှီး ရှင်းပြလာသည်။
အန်လင်းသည် မျက်နှာပျက်စွာဖြင့် ဂိတ်ပေါက်ဝတွင် အေးခဲ၍သေနေသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲများအား လက်ညှိုးထိုးပြလိုက်သည်။
"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေအတွက် အဆင်ပြေတယ်ဆိုတာ အဲ့လိုမျိုးလား။"
တုန်းဖန်းကျွမ်းရှီး အထင်သေးစွာ ပြောလာသည်။
"အဲ့လိုအမှိုက်ကောင်တွေကို စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်လို့ သတ်မှတ်လို့ရော ရရဲ့လား။ သူတို့က မင်းနဲ့အတူ ပါလာတဲ့ နွားနဲ့ဖားလိုပဲ...... ဘာမှသုံးစားမရဘူး။ ငါ့မျက်စိထဲမှာတော့ မင်းတို့နှစ်ယောက်ကမှ တကယ့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနဲ့တူတာ။"
အော့နျိုနှင့် အဆိပ်မြူဖားမှာ သွေးအန်မတက် ဖြစ်သွားရသည်။
ဘာလို့ကို အသားလွတ်ကြီး စော်ကားခံနေရတာလဲ.......
သွေးမိစ္ဆာကီရင်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ပက်သတ်ပြီး နားလည်မှု လွဲနေတာများလား........ ငါတို့က သာမန်ပါပဲနော်...... ဒင်းတို့ကိုက သောက်ကြမ်းကြီးတွေ ဖြစ်နေတာ.......
၎င်းတို့စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင် ရှိနေပါသော်လည်း အပြင်ပန်းတွင်မူ ခပ်ဖွဖွပြုံးကာ ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေရသည်။
အန်လင်း သက်ပြင်းချလိုက်သည်။
"ကျွန်တော်က သာမန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဆိုတော့ တာဝန်က အရမ်းခက်ခဲရင် လုပ်နိုင်မှာ မဟုတ်ဘူး။ အရင်ဆုံး အသေးစိတ် အချက်အလက်တွေပြောပြ။"
အော့နျို၊ အဆိပ်မြူဖားနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့မှာ ဒူးထောက်ကျမတက် ဖြစ်သွားရသည်။
အန်လင်းက သာမန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပေါ့လေ......
"ကောင်းပြီလေ။"
တုန်းဖန်းကျွမ်းရှီး ခေါင်းညိတ်ပြလိုက်သည်။
"ပန်ကု ချန်ထားခဲ့တဲ့ ရေခဲအင်းကွက်က ဂိတ်ထဲကိုရောက်လေ ပိုအားကောင်းလာလေပဲ။ မင်းရဲ့မီးစွမ်းအင်နဲ့ အဲ့ဒါကို ကာကွယ်လို့ရတယ်။ အထဲကို တစ်ကီလိုမီတာလောက် ရောက်သွားရင် ဗဟိုချက်ကို တွေ့လိမ့်မယ်။ မင်းလုပ်ဖို့လိုတာက အဲ့စွမ်းအင်ဗဟိုချက်ကို ဖျက်စီးပေးဖို့ပဲ။"
"ဒီကိုလာသမျှ သောက်သုံးမကျတဲ့ ကောင်တွေထဲမှာ အသန်မာဆုံး ကောင်ကတော့ ခဲမသေခင် မီတာခြောက်ရာလောက်ထိ ရောက်ခဲ့တယ်။ ဟူး.......သူတို့က အရမ်းအားနည်းကြတာကိုး။ တကယ်ဆို အဲ့ကောင်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်တောင် ရောက်နေပြီ။ မျိုးဆက်တစ်ခုပြီးတစ်ခု ပိုပိုပြီး သောက်သုံးမကျ ဖြစ်လာကြတာပဲ။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ စိတ်ဆင်းရဲနေဟန်ဖြင့် ခေါင်းခါလိုက်သည်။
အဆိပ်မြူဖား၊ အော့နျိုနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့မှာ ထိုတာဝန် ပေးအပ်ခြင်း မခံရသောကြောင့် နတ်ဘုရားများကို ကျေးဇူးတင်နေမိသည်။ ထိုကဲ့သို့ ခက်ခဲသော တာဝန်အား ပါရမီရှင် လူသားနှစ်ဦးကသာ ဆောင်ရွက်သင့်ပေသည်။
"ရေခဲစွမ်းအင်ကလွဲရင် တခြားဘာမှ မရှိဘူးမလား။"
အန်လင်း မေးမြန်းလိုက်သည်။
"မရှိဘူး။ အဲ့စွမ်းအင်ကလည်း ငါ့တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားတာ။ အဲ့ဒါကြောင့် မင်းတို့က စွမ်းအင်အပြည့်အဝနဲ့ တိုက်ခိုက်ခံရမှာ မဟုတ်ဘူး။ သေသွားတဲ့ ကောင်တွေက ဘာမှသုံးစားမရလို့ကို ဘဝကူးကုန်တာ။"
တုန်းဖန်းကျွမ်းရှီး စကားဆိုလာသည်။
အန်လင်း မျက်စောင်းထိုးလိုက်သည်။
"ခင်ဗျားက ဒီမှာပိတ်ခံထားရတာကို အရမ်းဂုဏ်ယူနေတာလား။ အခုလို ဆက်ကြွားနေရင် ခင်ဗျားကို ဒီမှာပဲ ထားခဲ့လိုက်တော့မယ်။"
"အာ....... အဲ့လိုမလုပ်ပါနဲ့..... သခင်လေးအန်လင်း။"
တုန်းဖန်းကျွမ်းရှီးမှာ တောင်းပန်စကားဆိုလိုက်သည်။
"ဒီကအမိုက်အမဲမို့ မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါနော်။"
ဇူစကာမှာ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ သွေးမိစ္ဆာကီရင်သည် တောင်းပန်ရန် မဆိုထားနှင့် ကိုယ့်ကိုယ်ကို နတ်ဘုရားတစ်ပါးဟုထင်ကာ အခြားသူများအား အဆင့်နိမ့် သတ္တဝါများအဖြစ်သာ မြင်တတ်သူ ဖြစ်သည်။
ဒီကီရင်က အတုကြီးလား........