ပန်ကု၏အင်းကွက်အားဖျက်စီးခြင်း
Vol. 59 Ch. 820
တုန်းဖန်းကျွမ်းရှီးသည်လည်း ထိုသို့မတောင်းပန်လိုပေ။
သို့သော် အန်လင်းသာ ချန်ထားရစ်ခဲ့ပါက သူသည် သခင်ဖြစ်သူအား ထိခိုက်နာကျင်အောင် လုပ်မရသောကြောင့် ဘာမှမတက်နိုင်ပဲ ဤနေရာတွင်သာ ထာဝရ ပိတ်မိနေပေလိမ့်မည်။
မောက်မာနေသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တောင်းပန်တိုလျှိုးကာ ခေါင်းငုံ့လာသောကြောင့် အန်လင်း စိတ်ခံစားချက် ကောင်းမွန်ကာ ၎င်းအားခေါင်းပုတ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ ပန်ကု အင်းကွက်လောက်ကတော့ အေးဆေးပါ။ ဒီနေရာကနေ လွတ်မြောက်စေရမယ်။"
တုန်းဖန်းကျွမ်းရှီးမှာ အသက်ရှူသံများ ပြင်းသွားရပြီးနောက် ရုတ်ချည်းဆိုသလို အန်လင်းအား အားကိုးမှီခိုနိုင်ကြောင်း ခံစားမိလာသည်။
ထိုစကားသည် ရိုးရှင်းလွန်းပါသော်လည်း ကြားရရုံနှင့်ပင် စိတ်အားတက်စေသည်။
"အားကိုးပါရစေ....... သခင်လေးအန်လင်း......"
တုန်းဖန်းကျွမ်းရှီးမှာ အန်လင်းအား လေးလေးစားစား အရိုအသေ ပေးလိုက်သည်။
အန်လင်း လက်ခါပြကာ အပြာရောင်ဂိတ်ဝထံ ထွက်လာလိုက်သည်။
စုရှောင်လန်လည်း သူ၏နောက်မှ လိုက်ပါလာလေသည်။
"ရှောင်လန်...... ဒီမှာပဲ နေခဲ့လေ။ အဲ့လောက်ကတော့ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပါတယ်။"
အန်လင်း စကားဆိုလိုက်သည်။
"တကယ်လွယ်တာဆိုရင် နည်းနည်းပါးပါး ပျော်ဖို့အတွက် ငါလည်းလိုက်ချင်တာပေါ့။"
စုရှောင်လန် သဘောမတူပေ။
"ပြီးတော့ မီးနဲ့ကစားတဲ့ နေရာမှာ ငါကပိုတော်တာပါနော်။ ထားခဲ့ဖို့ တွေးတောင်မတွေးနဲ့။"
ဆုံးဖြတ်ချက် ပြတ်သားသော စုရှောင်လန်ကြောင့် အန်လင်းမှာ သက်ပြင်းသာ ချနိုင်တော့သည်။
"ကောင်းပြီလေ။ ဒါပေမယ့် သတိတော့ထားနော်။"
အန်လင်း၏ စကားများသည် အမှန်တရား မဟုတ်ကြောင်း ၎င်းတို့နှစ်ဦးလုံး သိရှိနေကြသည်။ ၎င်းတို့ရင်ဆိုင်ရမည်မှာ ပန်ကုကိုယ်တိုင် ချန်ထားခဲ့သည့် စွမ်းအင်အရင်းအမြစ်ပင်။ ထိုစွမ်းအင်ဗဟိုချက်သည် ၎င်းတို့အား ပစ်မှတ်မထားပါသော်လည်း အလွန်အန္တရာယ်များမည်မှာ တွေးစရာပင် မလိုအပ်ပေ။
"အိုး...... ဟုတ်သားပဲ။ ဟိုရွှေရောင်ကလေးလေးကို သွေးမိစ္ဆာကီရင်အစွမ်း မသုံးခိုင်းနဲ့နော်။ မဟုတ်ရင် ပန်ကုအစွမ်းက မင်းကို ပစ်မှတ်ထားနေမယ်။"
တုန်းဖန်းကျွမ်းရှီး ရုတ်တရက် သတိပေးလာသည်။
အန်လင်း မျက်စောင်းထိုးလိုက်သည်။
သွေးမိစ္ဆာကီရင် အစွမ်းကို မသုံးစေနဲ့ ဟုတ်လား....... ခင်ဗျားက အန်ကီရင်ကို တော်တော်အထင်ကြီးနေတာပဲ.......
အန်ကီရင်သည် အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ဗာမီလီယမ်ငှက်အား တိုက်ခိုက်ရန် ပြင်ဆင်ကာ အလွန်အလုပ်များနေသည်။ ယခုအခြေအနေဖြင့် အပြင်သို့ ထွက်လာစရာ အကြောင်းမရှိသေးပေ။
၎င်းတို့နှစ်ဦးသည် အပြာရောင် ဂိတ်ဝထံ အတူတကွ ထွက်လာခဲ့ကြသည်။ ဂိတ်ဝမှ အလွန်အေးခဲသော အရှိန်အဝါများ ဖြာထွက်နေပြီး လမ်းတလျှောက်တွင်လည်း သားရဲပေါင်းများစွာ ရေခဲရုပ်ထု ဖြစ်နေကြသည်။ ထိုသားရဲများအားလုံး၏ မျက်နှာတွင် အကြောက်တရားကို မြင်တွေ့နိုင်ပေသည်။
၎င်းတို့သည်လည်း ဂိတ်ဝရောက်သည်နှင့် အေးစက်လွန်းသော ခံစားချက်ကို ရရှိလိုက်ကြသည်။
အန်လင်းသည် အလွန်အားကောင်းသော စွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သည်။ ထိုစွမ်းအင်သည် ကောင်းကင်နှင့်မြေပြင်ကိုပင် ခြိမ်းခြောက်နိုင်မည်ဟု ထင်မှတ်ရ၏။
ကံကောင်းထောက်မစွာဖြင့် ထိုစွမ်းအင်သည် ၎င်းတို့အား လျစ်လျူရှုထားလေသည်။
အန်လင်းသည် အံ့ဖွယ်မီးတောက်များ ထုတ်လိုက်သလို စုရှောင်လန်သည်လည်း မြင့်မြတ်မီးတောက်အားထုတ်ကာ ရှေ့ဆက်လာကြသည်။
၎င်းတို့မှာ လျင်မြန်လွန်းသောကြောင့် တခဏအတွင်းမှာပင် မီတာခြောက်ရာသို့ ရောက်ရှိခဲ့သည်။
တုန်းဖန်းကျွမ်းရှီးမှာ လက်သီးများအား ခပ်တင်းတင်း ဆုပ်ထားလိုက်မိသည်။
"ထင်ထားတဲ့အတိုင်းပဲ။ အန်လင်းနဲ့ စုရှောင်လန်က ဒီကမ္ဘာရဲ့ အစစ်အမှန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေပဲ။ ငါ့ကိုလုံးဝ စိတ်မပျက်စေဘူး။"
အော့နျို၊ အဆိပ်မြူဖားနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ : "............"
.............
အေးခဲနေသော အပြာရောင်လမ်းကြောင်းပေါ်၌
အတွင်းဘက်သို့ရောက်လေ ပိုအေးလေလေပင်။
မီတာခုနစ်ရာ.......
မီတာရှစ်ရာ..........
မသိလိုက်ခင်မှာပင် အန်လင်းသည် အံ့ဖွယ်မီးတောက် လေးခုလုံး ထုတ်ဖော်ပြီးသွားလေပြီ။ သို့သော် အအေးဓာတ်သည် စိမ့်ဝင်လာနေဆဲဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံး ဖြည်းညင်းစွာ အေးခဲလာနေသလို ခံစားနေရသည်။
သူကြက်သီးထသွားကာ မီးတောက်စွမ်းအင်အား မြှင့်တင်ရန်အတွက် အဆင့်မြင့် အင်မော်တယ်ရတနာဖြစ်သော အံ့ဖွယ်မီးတောက်ပုတီးစေ့အား ထုတ်ယူလိုက်သည်။
မည်သို့ပင်လုပ်ဆောင်ပါစေ ဆိုးရွားလှသော အအေးဒဏ်၏ အနှောင့်အယှက်အား ခံစားရဆဲပင်။
မီတာကိုးရာ........
အန်လင်းသည် မီတာတစ်ရာ အကွာအဝေးမှ အဖြူရောင်အလင်းအားကြည့်ကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။
ထိုအချိန်တွင် သန့်စင်သော ယန်စွမ်းအင်မှာ ခန္ဓာကိုယ်ထဲ စီးဝင်လာကာ ဖော်ပြမရနိုင်သော နွေးထွေးမှုကို ပေးစွမ်းလာသည်။
"ဒါက....."
အန်လင်း အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သောအခါ ပြုံးနေသော စုရှောင်လန်ကို တွေ့လိုက်ရသည်။ သူမ၏ မြင့်မြတ်မီးတောက်သည် သူ၏အံ့ဖွယ်မီးတောက်များနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနေလေသည်။
မီးတောက်နှစ်ခု ပေါင်းစည်းခြင်းသည် တစ်နှင့်တစ်ပေါင်းသလို မရိုးရှင်းပေ။ မီးတောက်များ၏ အပူရှိန်၊ စိတ်ဆန္ဒနှင့် သန့်စင်မှုများအားလုံး တိုးမြင့်လာ၏။
ဝုန်း........
အပူစွမ်းအင် ပေါက်ကွဲမှုကြောင့် အအေးလှိုင်းများသည်ပင် ဆုတ်ခွာသွားရသည်။
အဖြူရောင် မြင့်မြတ်မီးတောက်နှင့် အံ့ဖွယ်မီးတောက် လေးခု ပေါင်းစည်းကာ လှပလွန်းသော သက်တံ့မီးလျှံ ဖြစ်ပေါ်လာသည်။
အန်လင်း ချမ်းစိမ့်လာသော အချိန်တိုင်းတွင် စုရှောင်လန် ပေါ်ထွက်လာကာ သူ့အားအနွေးပေးစမြဲပင်။
သူသည် အအေးဒဏ်ကို မှုစရာ မလိုတော့ပဲ စွမ်းအင်ဗဟိုချက်ထံ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
အဆုံးတွင်မူ အန်လင်းနှင့် စုရှောင်လန်မှာ စွမ်းအင်ဗဟိုချက်အောက်သို့ ရောက်ရှိလာသည်။
စွမ်းအင်ဗဟိုချက်သည် ရေခဲစွမ်းအင်များ ဖြာထွက်နေသော အပြာရောင်အင်းကွက်အဖြစ် မီတာတစ်ရာအမြင့်တွင် ဝေ့ဝဲနေသည်။
"အင်းကွက်ပတ်ပတ်လည်တောင် ခဲတောင့်နေတာပဲ။ သာမန်မီးတောက်လောက်နဲ့ အလုပ်ဖြစ်မယ် မထင်ဘူး။"
အန်လင်း မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
အင်းကွက်အောက်သို့ ရောက်လာမှသာ ထိုစွမ်းအင်သည် မည်မျှပြင်းထန်ကြောင်း သေသေချာချာ သိရှိလိုက်ရသည်။
ပန်ကု၏ စွမ်းအင်သည် ၎င်းတို့အား ပစ်မှတ်မထားပါသော်လည်း ထိုအင်းကွက်အား ဖျက်စီးရန်မှာ မလွယ်ကူပေ။
သွေးမိစ္ဆာကီရင်သည် အင်းကွက်အောက်သို့သွားကာ တိုက်ခိုက်လိုက်သည်နှင့် အလွယ်တကူ ပျက်စီးသွားမည်ဟု ဆိုခဲ့သည်။
ထိုသည်မှာ သွေးမိစ္ဆာကီရင်၏ အမြင်ပင်။
၎င်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ အမြင်ဘက်မှ မတွေးခဲ့ဖူးပေ။
အင်းကွက်အနီးရှိ အေးခဲစွမ်းအင်များကပင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအား အခက်တွေ့စေနိုင်လောက်သည်။
ဝှစ်.......
အနီရောင်အလင်းတစ်ခု ကောင်းကင်ထက်သို့ ပျံဝဲသွားသည်။
ထိုသည်မှာ နယ်မြေထိုးဖောက်လက်သည်းဖြစ်ပြီး အန်လင်း စဉ်းစားနိုင်သည့် တစ်ခုတည်းသောအရာလည်း ဖြစ်သည်။
အနီရောင်အလင်းသည် ရေခဲများအား ထိုးဖောက်သွားနိုင်ပါသော်လည်း အအေးဓာတ်မှာ ပိုမိုဆိုးရွားလာသောကြောင့် အင်းကွက်ထံ မရောက်နိုင်လိုက်ပေ။
"ရေခဲစွမ်းအင်က အရမ်းအားကောင်းလွန်းနေတယ်။"
အန်လင်း ခေါင်းကိုက်နေလေပြီ။
ထိုအအေးဓာတ်သည် အန်လင်းနှင့် စုရှောင်လန်ထံ ရောက်ရှိလာသည်။
အအေးဒဏ်အား အံတုနေရသောကြောင့် ၎င်းတို့၏ စွမ်းအင်များမှာ အလျင်အမြန် ကျဆင်းလာသည်။ ဖြေရှင်းရန် နည်းလမ်းမရှိပါက ၎င်းတို့အနေဖြင့် ဆုတ်ခွာရတော့မည်ပင်။
ကြည်လင်သော စကားသံလေး ထွက်ပေါ်လာသည်။
"ငါတို့မှာ အပူချိန် အရမ်းမြင့်တဲ့ဟာ တစ်ခုခုရှိရင် ဖြေရှင်းနိုင်မှာပဲမလား။"
အန်လင်းမှာ သူမ ရည်ညွှန်းသောအရာကို ချက်ချင်းသဘောပေါက်လိုက်ပြီးနောက် နူးညံ့သော အထိအတွေ့ကို ရရှိလိုက်သည်။
၎င်းတို့သည် တစ်ယောက်နှလုံးသား တစ်ယောက်နားလည်နေသည့်အလား ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာကာ သန္ဓေပြောင်းသွေးဇာမဏီ၏ အစွမ်းများလည်း ပေါက်ကွဲထွက်လာသည်။
ဇာမဏီပုံရိပ် နှစ်ခြမ်း ထွက်ပေါ်လာကာ ပြီးပြည့်စုံသော ဇာမဏီပုံရိပ်အဖြစ် ပေါင်းစည်းသွားသည်။
အနီရောင်မီးလျှံများမှာလည်း နေမင်းတစ်စင်းအလား ပြင်းထန်စွာဖြင့် ကောင်းကင်နှင့်မြေပြင် တခွင်လုံးကို ဖုံးလွှမ်းသွားသည်။
ခရက်.........
အက်ကွဲသံတစ်ခု ဖြစ်လာလေသည်။
အကန့်အသတ်မဲ့သော မီးတောက်မီးလျှံများမှာ ရေခဲများကို ပျော်ကျသွားစေပြီး နျူးကလီးယားဗုံးကဲ့သို့ ကြမ်းတမ်းလှသော အဖျက်စွမ်းအင်များမှာ အပြာရောင် အင်းကွက်အား လွှမ်းခြုံသွားတော့သည်။