← Chapters

အောင်မြင်မှုနှင့်အပြန်ခရီး

Vol. 59 Ch. 821

အောင်မြင်မှုနှင့်အပြန်ခရီး

Vol. 59 Ch. 821

၎င်းတို့နှစ်ဦး၏ သန္ဓေပြောင်းသွေးဇာမဏီ စွမ်းအင်မှာ ပြင်းထန်လွန်းလှ၏။

စိတ်အားကြိုတင်ပြင်ဆင်ထားသော အော့နျိုမှလွဲ၍ အဆိပ်မြူဖား၊ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် ဇူစကာတို့မှာ ရုတ်တရက် ပေါက်ကွဲမှုကြောင့် အလွန်ထိတ်လန့်သွားရသည်။

တုန်းဖန်းကျွမ်းရှီးမှာမူ စိတ်လှုပ်ရှားစွာ လက်ခုပ်လက်ဝါး တီးလိုက်သည်။

"ကောင်းလိုက်တာ။ ဒါကမှ စွမ်းအင်အစစ်ပဲ။ သူတို့က တကယ်ကို စိတ်မပျက်စေဘူးပဲ။"

"ဒါပေမယ့် ဒီစွမ်းအင်ကို အရမ်းရင်းနှီးနေသလိုပဲ။"

ကြောက်မက်ဖွယ် အနီရောင်မီးလျှံများသည် လမ်းကြောင်းတလျှောက်အား ဖုံးလွှမ်းထားပြီး ပန်ကု၏ စွမ်းအင်အားဖြည့်မှု မရှိသောကြောင့် ရေခဲစွမ်းအင်များမှာ ထိုအပူချိန်အား တွန်းလှန်နိုင်ခြင်း မရှိပေ။

အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

စွမ်းအင်ဗဟိုချက်မှာ အားနည်းလာသောကြောင့် ရေခဲစွမ်းအင်များလည်း ပျောက်ကွယ်လာရသည်။

တောက်လောင်နေသော အနီရောင် မီးလျှံများနှင့်အတူ ပျက်စီးသွားသော အင်းကွက်နေရာတွင် မျက်ဝန်းတစ်စုံ ပေါ်ထွက်လာသည်။ မီးတောက်မီးလျှံများ ပျောက်ကွယ်သွားပြီးနောက် ထိုမျက်ဝန်းမှာ ပွင့်ဟလာလေသည်။

အန်လင်းနှင့် စုရှောင်လန်မှာ ထိုမျက်ဝန်းအား တွေ့လိုက်ရသည်နှင့် ခန္ဓာကိုယ်များ တောင့်တင်သွားရသည်။ ထိုမျက်ဝန်းများအား ၎င်းတို့ရင်းနှီးနေပြီး ကောင်းကင်ဘုံ၏စီရင်ချက် ထူးခြားဖြစ်စဉ်တွင် မြင်တွေ့ခဲ့ဖူးသည်။

တုန်းဖန်းကျွမ်းရှီး၏ ပြောပြချက်အရ ကြယ်စင်များ၏ ဖိနှိပ်ခြင်း၊ ကောင်းကင်ဘုံ၏ စီရင်ချက်နှင့် ဘုန်းတော်ဂုဏ်တော် ကပြောင်းကပြန်တို့သည် ပန်ကု ချန်ထားရစ်ခဲ့သည့် စွမ်းအင်များဖြစ်ကြောင်း သိရှိထားကြသည်။

ထို့ကြောင့် ဤမျက်ဝန်းများအား ပန်ကု မျက်ဝန်းများဟု ဆိုနိုင်ပေသည်။

၎င်းတို့နှစ်ဦးသည် ကောင်းကင်နှင့်မြေပြင်မှ ဖိနှိပ်လာသလို ကြမ်းတမ်းလှသော ဖိအားများကို ကြုံတွေ့လိုက်ရပြီး သိမ်ငယ်သေးနုပ်သလို ခံစားချက်မျိုး ဖြစ်ပေါ်လာရသည်။

ထိုမျက်ဝန်းသည် ၎င်းတို့အား စူးစိုက်ကြည့်ရှုလာသောကြောင့် အန်လင်းမှာ ကြောက်စိတ်များ ထွက်ပေါ်လာကာ နှလုံးခုန်သံပင် ရပ်တန့်သွားတော့မလို ခံစားလိုက်မိသည်။

သို့သော် ထိုမျက်ဝန်းသည် အန်လင်းအား အချိန်အတန်ကြာ ကြည့်ရှုနေပြီးနောက် ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။

စွမ်းအင်ဖိအားများလည်း ကွယ်ပျောက်သွားသောကြောင့် အန်လင်းနှင့် စုရှောင်လန်မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။

ထိုအချိန်မှသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ၎င်းတို့၏ လက်များတွင် ချွေးများရွှဲနစ်နေသည်ကို သတိထားမိလိုက်ကြသည်။

"ဟားဟား........ကောင်းလိုက်တာ။ ပန်ကုရဲ့ ရေခဲအင်းကွက်က ပျက်စီးသွားပြီဆိုတော့ ငါလွတ်လပ်ပြီပေါ့။"

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ၎င်း၏ကီရင်ချိုမှာလည်း ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။ (ကီရင်ဆိုသည်မှာ ချီလင်ကို ခေါ်ဆိုခြင်းဖြစ်ပြီး မြန်မာလို တိုးနယားဟု အကြမ်းအားဖြင့် မှတ်ယူနိုင်ပါသည်။)

သူသည် အခြားသားရဲများအား ဦးဆောင်ကာ အန်လင်းနှင့် စုရှောင်လန်ထံ ထွက်လာလိုက်သည်။

"မင်းတို့နှစ်ယောက်လုံးကို အရမ်းကျေးဇူးတင်ပါတယ်။ မင်းတို့ကြောင့်သာ မဟုတ်ရင် တသက်လုံး ဒီမှာပိတ်မိနေတော့မှာ။"

"ဟမ့်...... ခင်ဗျားကို ဒီကနေ ခေါ်ထုတ်ပေးမယ်လို့ မပြောခဲ့ဘူးလား။ ကျုပ်က ကတိတည်တဲ့သူပါ။"

အန်လင်း စကားဆိုလာသည်။

တုန်းဖန်းကျွမ်းရှီးသည် အန်လင်းအား ပို၍ပင် အထင်ကြီးမိသွားသည်။ ထိုလူသားသည် ကျင့်ကြံရေးအဆင့် မမြင့်လှပါသော်လည်း ၎င်း၏ပါရမီ၊ တာအိုနှလုံးသားနှင့် စိတ်ဓာတ်တို့သည် တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် ကမ္ဘာကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည့်သူမျိုး ဖြစ်သည်။

တုန်းဖန်းကျွမ်းရှီးသည် သွေးစက်ကုန်းမြေအားကြည့်ကာ လက်သင်္ကေတအချို့ ပြုလုပ်လိုက်သည်နှင့် သွေးနီရောင် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်တခွင် ပျံ့နှံ့သွားသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ။"

အန်လင်း သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"သွေးစက်ကုန်းမြေကို သိမ်းနေတာလေ။"

ဇူစကာ တုံ့ပြန်လာသည်။

ထိုစကားနှင့်အတူ ကျွန်းမျောကြီးမှာ တွန့်လိမ်ကာ စတင်ကျုံ့ဝင်လာတော့သည်။ ထိုသို့သေးငယ်လာရင်းနှင့်ပင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။

အန်လင်းသည် တုန်းဖန်းကျွမ်းရှီး၏ သွားကြားတွင် ရှိနေသော သွေးနီရောင် ပုတီးစေ့အား မြင်နေရသည်။

ထိုပုတီးစေ့တွင် ပြင်းထန်လှသော လေဟာနယ်စွမ်းအင်များ ပါဝင်နေသည်။

စင်စစ်တွင် ယင်းပုတီးစေ့မှာ သွေးနီရောင် ကျွန်းမျောကြီးပင် ဖြစ်သည်။

အပြာရောင်လမ်းကြောင်း၏ အပြင်ဘက်တွင် လေဟာနယ်သာ ရှိတော့သည်။ လမ်းကြောင်းတစ်ဖက်ခြမ်းသည် ကြယ်စင်များဖြစ်ကာ တစ်ဖက်သည် မှောင်မိုက်နေသော မြေပြင်ဖြစ်ပါသော်လည်း သွေးကြယ်စင်၏ ဖြစ်တည်မှုမှာ မရှိတော့ပေ။

"ဒီထဲမှာရှိတဲ့ သားရဲတွေ လမ်းပျောက်ကုန်တော့မှာပဲ။"

အန်လင်း ခပ်တိုးတိုး ပြောလိုက်သည်။

အဝါရောင်ကြယ် တစ်ခုတည်းရှိရုံဖြင့် ထွက်ပေါက်အား ခန့်မှန်းရန် မလွယ်ကူပေ။ ထွက်ပေါက်သည် အဝါရောင်ကြယ်ပေါ်တွင် ရှိနေခြင်း မဟုတ်ပေ။ သွေးကြယ်စင်ကိုသာ မမြင်ရပါက ထွက်ပေါက်ရှာရန်မှာ ကံတရားပေါ်တွင်သာ မူတည်နေပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် သူတော်စင်တစ်ပါး မဟုတ်သည့်အတွက် ထိုသားရဲများ သေရေးရှင်ရေးကို ဂရုစိုက်နေမည် မဟုတ်ပေ။

၎င်းတို့သည် တုန်းဖန်းကျွမ်းရှီးနှင့်အတူ ရှေ့ဆက်ခဲ့ကြသည်။

...............

မဟာလင်းနို့ဧကရာဇ် ပိုင်နက်၌.......

မြေပြင်တွင် ကြီးမားလှသော ချောက်ကြီးတစ်ခု ရှိနေသည်။

ထိုချောက်ကြီးတွင် သွေးနီရောင် ဝဲဂယက်ကြီးတစ်ခု တလက်လက် တောက်ပနေသည်။ ထိုသည်မှာ မှော်နယ်မြေ၏ ထွက်ပေါက်ပင်။

အနက်ရောင် မြူခိုးများ လွှမ်းခြုံထားသော လူပုံသဏ္ဍာန် သတ္တဝါတစ်ကောင်သည် ထွက်ပေါက်နှင့် မလှမ်းမကမ်းတွင် ရှိနေသည်။

၎င်း၏ဘေးတွင်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲသုံးကောင်ရှိပြီး မှော်နယ်မြေထဲမှ သားရဲများ ထွက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည်လည်း ၎င်းတို့ထဲတွင် အပါအဝင်ဖြစ်ကာ သူသည် ထွက်ပေါက်ကိုသာ တစ်ချိန်လုံး အာရုံစိုက်နေသည်။

အန်လင်းနှင့် စုရှောင်လန် ထွက်လာသည်နှင့် အသက်လုကာ ထွက်ပြေးကြရမည်ပင်။

မဟာလင်းနို့ဧကရာဇ်၏ ယုံကြည်ရသော လက်အောက်ခံ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် အိပ်မက်ဆိုး ရွှံ့လူသား ရှိနေသည် မဟုတ်လော။ ထို့ကြောင့် ၎င်းတို့အနေဖြင့် အမှားလုပ်၍ မဖြစ်ပဲ ခြေထောက်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးရမည်သာ။

ဖျတ်ခနဲ တောက်ပသွားသော အလင်းနှင့်အတူ ဒဏ်ရာရထားသော အနက်ရောင် အာရှဆင်မိုးတစ်ကောင် ထွက်ပေါ်လာသည်။ (အာရှဆင်မိုးဆိုသည်မှာ ရေခဲခေတ်တွင် ကျက်စားခဲ့သော အမွေးရှည်ဆင် အပုမျိုးဖြစ်သည်။)

အိပ်မက်ဆိုး ရွှံ့လူသားမှာ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် ၎င်း၏မြူများထဲမှ လူပုံစံ သတ္တဝါငါးကောင် ရုပ်လုံးပေါ်လာကာ ထိုအာရှဆင်မိုး၏ သိုလှောင်ရတနာအား စစ်ဆေးလိုက်ကြသည်။

"ဟမ့်...... သုံးစားမရတဲ့ အမှိုက်ပဲ။"

အာရှဆင်မိုးထံတွင် လောက်လောက်လားလား မည်သည့်ရတနာမှ ပါမလာပေ။

အစပိုင်းတွင် စေလွှတ်ခဲ့သော သားရဲများသည် ရတနာ သို့မဟုတ် သွေးစက်ကုန်းမြေနှင့် ပက်သတ်သော သတင်းအချက်အလက်များနှင့်အတူ ပြန်လာခဲ့ကြသည်။ သို့သော် ယခုတခေါက် စေလွှတ်သော သားရဲများသည် အသက်ရှင် လွတ်မြောက်နှုန်း ပိုမိုမြင့်မားပါသော်လည်း သတင်းအချက်အလက်ရော၊ ရတနာများပါ မရရှိခဲ့ကြပေ။

"အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ရော ဘယ်လိုနေလဲ မသိဘူး။ သွေးကြယ်စင်နဲ့ ပက်သတ်ပြီး သူတို့ကိုပဲ အားကိုးရတော့မယ်။"

အိပ်မက်ဆိုး ရွှံ့လူသားမှာ သက်ပြင်းချလိုက်မိသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ဦးဆောင်သော အဖွဲ့သည် အားကိုးနိုင်ပါသော်လည်း ယခုထိတိုင် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့မှ သားရဲများ ပြန်မလာကြသေးပေ။ ၎င်းတို့သည် သွေးကီရင်ကျောက်စိမ်းအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်ပေလိမ့်မည်။

အိပ်မက်ဆိုး ရွှံ့လူသား တွေးတောနေစဉ်မှာပင် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည်။

သွေးနီရောင် ဝဲဂယက်မှာ စတင်မှေးမှိန်လာသလို အထဲမှ စွမ်းအင်များလည်း ပျောက်ကွယ်လာနေသည်။

"နေပါဦး....... ဘာတွေဖြစ်နေတာလဲ။"

အိပ်မက်ဆိုး ရွှံ့လူသားသည် ဖြစ်ပျက်နေသည်များကို မယုံကြည်နိုင်စွာ ကြည့်ရှုနေမိသည်။

"မှော်နယ်မြေရဲ့ ထွက်ပေါက်က ပိတ်သွားတော့မှာများလား။"

မဖြစ်သေးဘူး........ မဟာလင်းနို့ဧကရာဇ်ကို သတင်းပို့ရမယ်........

အပြောင်းအလဲမှာ မြန်ဆန်လွန်းလှပြီး သူကိုင်တွယ်ဖြေရှင်းနိုင်သော အရာမျိုး မဟုတ်ပေ။

အိပ်မက်ဆိုး ရွှံ့လူသားသည် မဟာလင်းနို့ဧကရာဇ်အား သတင်းပို့ရန် ပြင်လိုက်စဉ်မှာပင် ပြောင်းလဲမှုများ ထပ်ဖြစ်လာသည်။

ဝှစ်.......

လေဟာနယ် စွမ်းအင်များ ဖြာထွက်လာသည်။

အိပ်မက်ဆိုး ရွှံ့လူသား ကြည့်လိုက်သောအခါ အဖြူရောင် ဓားမော့နှစ်လက်အား ကိုင်ဆောင်ထားသော ရွှေရောင်ထူပါ့ရှူတစ်ကောင်အား တွေ့လိုက်ရသည်။

အိပ်မက်ဆိုး ရွှံ့လူသား ဝမ်းသာသွားလေသည်။ ထိုသည်မှာ အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ခေါင်းဆောင် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ ဖြစ်သည်။

ကောင်းလိုက်တာ....... ပြန်ရောက်လာပြီပဲ...... အားကိုးရတဲ့ကောင်ဆိုတော့ ရတနာတွေ ပါလာမှာ သေချာတယ်......

၎င်း၏ဘေးတွင် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့သားဖြစ်သော နတ်အဆိပ်ဖားလည်း ပါလာသည်။

အိပ်မက်ဆိုး ရွှံ့လူသားမှာ ပျော်ရွှင်နေလေပြီ။

နတ်အဆိပ်ဖားသည် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ထဲတွင် အပေါင်းအသင်း ဝင်ဆံ့သူဖြစ်ပြီး သစ္စာရှိကာ အားကိုးရသူဟုလည်း ဆိုနိုင်သည်။ ၎င်း၏မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီ ဖြစ်ပါသော်လည်း အိမ်ပြန်ရန် အမြဲပြောနေလေ့ရှိကာ ချစ်ခြင်းမေတ္တာအား တန်ဖိုးထားသော ဖားသူငယ်လေးဟုလည်း ပြောနိုင်ပေသည်။

အိပ်မက်ဆိုး ရွှံ့လူသားသည် ထိုသည်ကို တွေးမိကာ နတ်အဆိပ်ဖားအား ပိုမိုအထင်ကြီးမိသွားသည်။

ဒီကောင်တွေမှာ ရတနာတွေ ပါကိုပါလာမှာပဲ.......

အိပ်မက်ဆိုး ရွှံ့လူသားသည် လေးစားမှုအား ပြသသည့်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားလိုက်သောအခါ အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ဝင် မဟုတ်သော ပုံရိပ်အချို့ပါ တွေ့လိုက်ရသည်။

အဖြူရောင် နွားတစ်ကောင်၊ ဆိတ်ခန္ဓာကိုယ်နှင့် လူမျက်နှာရှိသော မကောင်းဆိုးဝါးတစ်ကောင်....... ထိုမကောင်းဆိုးဝါးအား သူကောင်းစွာရင်းနှီးနေသလိုပင်။

ထို့နောက် လူသားသုံးဦးကိုပါ မြင်လိုက်ရသောကြောင့် အိပ်မက်ဆိုး ရွှံ့လူသား အမူအရာ ပြောင်းလဲသွားရသည်။

မဟုတ်သေးဘူး....... ဒီလူက သွေးနီရောင် ကီရင်ချိုကြီးနဲ့ပါလား.........

အိပ်မက်ဆိုး ရွှံ့လူသားမှာ အသက်ရှူသံများပင် ပြင်းသွားရသည်။

သူကဘယ်သူလဲ......

All Chapters