← Chapters

တင်းမာသောအခြေအနေ

Vol. 59 Ch. 822

တင်းမာသောအခြေအနေ

Vol. 59 Ch. 822

အိပ်မက်ဆိုး ရွှံ့လူသားသည် ကီရင်ချိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ကျင့်ကြံရေးအဆင့်အား အာရုံခံမရသောကြောင့် အလွန်ထိတ်လန့်သွားမိသည်။ သူသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ရှိသော သားရဲတစ်ကောင်ပင်။

ကျင့်ကြံရေးအဆင့်အား ခန့်မှန်းမရခြင်းသည် ၎င်းတို့ထံတွင် ဖုံးကွယ်ပေးသော အထူးရတနာ ရှိနေခြင်း သို့မဟုတ် အာရုံခံသူ၏ ကျင့်ကြံရေးအဆင့်ထက် မြင့်နေခြင်းကြောင့် ဖြစ်သည်။

"ဒီသတ္တဝါက သွေးစက်ကုန်းမြေကများလား။ ရန်သူလား.... မိတ်ဆွေလား။"

အိပ်မက်ဆိုး ရွှံ့လူသားသည် မရင်းနှီးသော သတ္တဝါနှင့်ပက်သတ်၍ မည်သို့လုပ်ဆောင်သင့်သည်ကို နားမလည်နိုင် ဖြစ်နေမိသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၊ နတ်အဆိပ်ဖားတို့နှင့် အတူတကွ လိုက်ပါလာခြင်းသာ မဟုတ်လျှင် တိုက်ခိုက်နေပြီးလောက်ပြီပင်။

"ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၊ နတ်အဆိပ်ဖား........ ဒါတွေက ဘယ်သူတွေလဲ။"

အိပ်မက်ဆိုး ရွှံ့လူသားမှာ ရှေ့ဆက်မတိုးတော့ပဲ သတင်းအချက်အလက်များ ဦးစွာစုဆောင်းရန် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

ယခုအခြေအနေနှင့် ပက်သတ်၍ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာလည်း မသေမချာ ဖြစ်နေသည်။ အန်လင်းနှင့် စုရှောင်လန် နှစ်ဦးတည်း အတူတကွ ဝင်သွားခဲ့ပါသော်လည်း ပြန်ထွက်လာသောအခါ အုပ်လိုက်ကြီး ဖြစ်နေလေသည်။ ထိုသည်သာမက အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့သားများပါ အန်လင်းတို့နှင့် အတူရှိနေပြီး ထူးထူးဆန်းဆန်း လူတစ်ဦးနှင့် မကောင်းဆိုးဝါး သားရဲတစ်ကောင်ပါ ပါနေသေးသည်။

နေပါဦး...... မကောင်းဆိုးဝါး သားရဲကို ရင်းနှီးနေသလိုပဲ........

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ ရုတ်တရက် အသိဝင်လာသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားရသည်။

သောက်ကျိုးနည်း....... အဲ့ဒါက မဟာရက်စက်သော သားရဲလေးကောင်ထဲက ဇူစကာ မဟုတ်ဘူးလား........

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် နတ်အဆိပ်ဖားတို့မှာ အိပ်မက်ဆိုး ရွှံ့လူသား၏ မေးခွန်းအား အဖြေပြန်မပေးကြပေ။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် တုန်းဖန်းကျွမ်းရှီးနှင့် သားရဲစာချုပ် ချုပ်ဆိုထားသောကြောင့် သခင်အား သစ္စာဖောက်ရန် မဖြစ်နိုင်ပေ။ နတ်အဆိပ်ဖားမှာလည်း တစ်စုံတစ်ခု အမှားလုပ်မိပါက သွေးမိစ္ဆာကီရင်၏ သတ်ဖြတ်ခြင်းကို ခံရမည် စိုးသောကြောင့် မည်သည့်စကားမှ မဆိုရဲပေ။

"မင်းတို့ဘာမှ မပြောဘူးလား။"

အိပ်မက်ဆိုး ရွှံ့လူသားမှာ စိတ်အဆင်မပြေ ဖြစ်လာသည်။

၎င်း၏ခန္ဓာကိုယ်မှ ပြင်းထန်လှသော အရှိန်အဝါများနှင့်အတူ အိပ်မက်ဆိုး အံ့ဖွယ်တာအိုများ ဖြာထွက်လာသည်။ မဟူရာတောင်ပံများနှင့်အတူ အိပ်မက်ဆိုး ပုံရိပ်များစွာ ဖြစ်ပေါ်လာကာ ကောင်းကင်မှာ ငရဲအဖြစ် ပြောင်းလဲသွားရသည်။

"ဒါက အိပ်မက်ဆိုး ရွှံ့လူသားရဲ့ အံ့ဖွယ်တာအို အစွမ်းလား။ ဘာမှလည်း မဟုတ်ပါဘူး။ ပြောရရင် လေဒင်ကိုတောင် မမှီဘူး။"

ချောမောခန့်ညားသော လူငယ်လေးမှ အေးစက်စွာ ပြောလိုက်သည်။

ထိုစကားအား ဆိုလိုက်သည်မှာ မိုးကြိုးကပ်ဘေးနှင့် လေဒင်အား သတ်ပစ်ခဲ့သော အန်လင်းပင်။

အိပ်မက်ဆိုး ရွှံ့လူသား ဒေါသထွက်သွားကာ အန်လင်းအား စူးစိုက်ကြည့်ရှုလာသည်။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကများ အဲ့လိုပြောရဲတယ်ပေါ့။ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။"

၎င်းသည် လက်သီးဆုပ်လိုက်သည်နှင့် အံ့ဖွယ်တာအို အစွမ်းများ စုဝေးလာကာ အနက်ရောင် စွမ်းအင်မျှင်များ ဖြစ်လာပြီးနောက် လှံတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း.......

ကြမ်းတမ်းလွန်းသော စွမ်းအင်များကြောင့် လေထုသည်ပင် အက်ကွဲသွားရသည်။

ထိုသည်မှာ ပြင်ပတိုက်ခိုက်မှုသာမက စိတ်ဝိဉာဉ် တိုက်ခိုက်မှုလည်း ဖြစ်သည်။ ထိမှန်သွားသည်နှင့် အသက်စွမ်းအင် မည်မျှအားကောင်းနေပါစေ ထာဝရ နှိပ်စက်မှုထဲတွင် အိပ်မက်ဆိုးများနှင့်အတူ စိတ်အကျဉ်းကျကာ ဝိဉာဉ်များလည်း တဖြည်းဖြည်း ပျက်စီးသွားပေလိမ့်မည်။

"ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၊ နတ်အဆိပ်ဖား မင်းတို့ကို နောက်ဆုံးအခွင့်အရေးပေးမယ်။ အခုလိုဆက်ပြီး တိတ်ဆိတ်နေမယ်ဆိုရင် မင်းတို့ကိုပါ သစ္စာဖောက်လို့ သတ်မှတ်ပြီး သတ်ပစ်ရလိမ့်မယ်။"

အိပ်မက်ဆိုး ရွှံ့လူသားမှာ စိတ်မရှည်တော့ပေ။

အခြားသားရဲများသည် တိုက်ခိုက်မှု၏ စွမ်းအင်လှိုင်းဂယက်များအား ခံစားရမည် စိုးသောကြောင့် ချက်ချင်းပင် ဆုတ်ခွာသွားကြသည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲသုံးကောင်သာ ကျန်ရစ်ခဲ့လေသည်။

နတ်အဆိပ်ဖားသည် အိပ်မက်ဆိုး ရွှံ့လူသား၏ ခြိမ်းခြောက်မှုကြောင့် လွန်စွာထိတ်လန့်နေမိသည်။ သို့သော် တုန်းဖန်းကျွမ်းရှီးအားကြည့်ကာ ဘာမှမပြောနိုင်ပေ။

အိပ်မက်ဆိုး ရွှံ့လူသားသည် ကြောက်မက်ဖွယ် ကောင်းပါသော်လည်း သွေးမိစ္ဆာကီရင်နှင့် ယှဉ်မရပေ။

တုန်းဖန်းကျွမ်းရှီးသည် ၎င်း၏ကျင့်ကြံရေးအဆင့်အား ပွင့်ပွင့်လင်းလင်း ဖော်ပြထားခဲ့သည်။ သူသည် ပန်ကု၏ နှိပ်စက်မှုများကြောင့် ခန္ဓာကိုယ် အစစ်အမှန် မရှိတော့ပါသော်လည်း ၎င်း၏အသိစိတ် သက်သက်ကပင် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်၏ အထွဋ်အထိပ်တွင် ရှိသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် နတ်အဆိပ်ဖားတို့၏ နှုတ်ပိတ်နေမှုကြောင့် ၎င်းတို့သည် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့အား သစ္စာဖောက်သွားပြီဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။

"သေလိုက်တော့။"

အိပ်မက်ဆိုး ရွှံ့လူသားသည် လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် အိပ်မက်ဆိုး အံ့ဖွယ်တာအိုမှာ အန်လင်းတို့ထံ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာသည်။

ထိုသည်မှာ သားရဲမျိုးနွယ်စု၏ အကျင့်ဖြစ်ပြီး ၎င်းတို့အားလုံးမှာ အလွန်ပေါက်ကွဲလွယ်ကြသည်။

၎င်းတို့သည် သတ်ဖြတ်ပြီးမှသာ ကျန်ရှိသော အရာများကို စိုးရိမ်ပူပန်လေ့ရှိသည်။

တုန်းဖန်းကျွမ်းရှီး မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။

"ကျိုးကြောင်းဆီလျော်မှု မရှိလိုက်တာ။ ဘလိုင်းကြီး တိုက်ခိုက်တယ်ပေါ့လေ။"

ထိုအချိန်မှာပင် အန်လင်းရှေ့သို့ နဂါးနက်တစ်ကောင် ရောက်ရှိလာသည်။

"ဆရာနဲ့ ဆရာကတော်...... ပြန်ကြရအောင်လေ။"

ရှောင်ဇယ် ရောက်လာပြီပင်။

ဝုန်း.......

အိပ်မက်ဆိုး အံ့ဖွယ်တာအိုများ ပါဝင်နေသောလှံသည် ရှောင်ဇယ်၏ ခန္ဓာကိုယ်အား ထိမှန်ကာ ထက်ရှလှသော ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။

"အား......"

ရှောင်ဇယ်သည် အသိစိတ်များ ဆုတ်ဖြဲခံရသလို ခံစားရကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ လှံ၏စွမ်းအင်သည် သူ့အား အန်လင်းတို့ထံ တွန်းပို့နေသည်။

တုန်းဖန်းကျွမ်းရှီးမှာ လက်ဝါးချက်တစ်ခုအား ထုတ်ဖော်လိုက်သည်။

ဝုန်း.......

ကမ္ဘာမြေပြင် တုန်ဟီးမတက် စွမ်းအင်များ ထွက်ပေါ်လာသည်။

ရှောင်ဇယ်၏ ခန္ဓာကိုယ်ကြီးမှာ ကြိုးပြတ်သွားသော စွန်အလား အဝေးသို့ လွင့်ထွက်သွားလေသည်။

"ရှောင်လေး...... မင်းအဆင်ပြေရဲ့လား။"

အန်လင်း ထိတ်လန့်သွားကာ ရှောင်ဇယ် အသက်ရှင်မရှင် အော်ဟစ်မေးမြန်းလိုက်သည်။

အရာအားလုံး ဖြစ်ပျက်သွားသည်မှာ လျင်မြန်လွန်းလှသောကြောင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

ရှောင်ဇယ်သည်လည်း ကြောင်အမ်းအမ်း ဖြစ်နေသည်။ သူသည် လေဟာနယ် ဝဲဂယက်မှ ထွက်လာသည်နှင့် လှံဖြင့်အပစ်ခံရကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးချက်ဖြင့်ပါ အဆော်ခံလိုက်ရသည်။

ထိုသည်မှာ အလစ်တိုက်ခံရသော ခံစားချက်မျိုးပင်။

သို့သော် အန်လင်း၏ စိုးရိမ်တကြီး အော်ဟစ်သံအား ကြားလိုက်ရပြီးနောက် ဖြစ်ပျက်နေသည်များကို အနည်းငယ် နားလည်သွားရသည်။ သူသည် ရန်သူထံမှရော၊ မိတ်ဆွေထံမှပါ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်လောက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်ဆရာ...... ဒီက ထွက်သွားရအောင်။"

ရှောင်ဇယ် မူးနောက်နောက် ဖြစ်နေသည်ကို ခေါင်းခါပစ်ကာ အန်လင်းထံ ပျံဝဲလာသည်။

"ဒီနဂါးက ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်လား။ ခုခံကာကွယ်ရေးအစွမ်း တော်တော်ကောင်းတာပဲ။"

အိပ်မက်ဆိုး ရွှံ့လူသားမှာ မှတ်ချက်ပြုလိုက်ပြီးနောက် တုန်းဖန်းကျွမ်းရှီးအားကြည့်ကာ လက်နှစ်ဖက်လုံး လက်သီးဆုပ်လိုက်သည်။

ဝုန်း.........

ငါးကီလိုမီတာပတ်လည် လေဟာနယ်မှာ ချိပ်ပိတ်သွားလေသည်။

"ဟားဟား....... တကယ့်ဆရာကြီးကို တွေ့လိုက်ရတာတော့ အံ့သြစရာပဲ။"

အိပ်မက်ဆိုး ရွှံ့လူသားမှာ တုန်းဖန်းကျွမ်းရှီးအားကြည့်ကာ စိတ်လှုပ်ရှားလာသောကြောင့် ခန္ဓာကိုယ် တဝိုက်ရှိ မြူခိုးများသည်ပင် ပိုမိုထူထပ်လာသည်။

"ဒီအစွမ်းက...... လုံးဝမမှားနိုင်ဘူး။ သွေးမိစ္ဆာကီရင်ရဲ့ အစွမ်းဆိုတာ သေချာတယ်။"

"ငါတော်တော်ကံကောင်းနေပါလား။ သွေးမိစ္ဆာကီရင်နဲ့တောင် တွေ့ရတယ်ဆိုတော့။"

တုန်းဖန်းကျွမ်းရှီးသည် ပျော်ရွှင်နေသော အိပ်မက်ဆိုး ရွှံ့လူသားအားကြည့်ကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။

"မင်းကဘာလို့ ကံကောင်းတယ် ထင်ရတာလဲ။"

အိပ်မက်ဆိုး ရွှံ့လူသား ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ကောင်းပြီလေ။"

တုန်းဖန်းကျွမ်းရှီးမှာ လည်ပင်းအား တကျွတ်ကျွတ်မြည်အောင် အကြောလျှော့လိုက်သည်။

"ငါက ကျိုးကြောင်းဆီလျော်မှု ရှိတဲ့သူပါ။ အဲ့ဒါကြောင့် မင်းကိုပြောပြမယ်။ ငါဘာမှမလုပ်ပဲနဲ့ မင်းကသတ်ဖို့ လုပ်လာမှတော့ ငါ့ဖက်ကလည်း မတုံ့ပြန်စရာ အကြောင်းမရှိဘူးမလား။"

သွေးနီရောင် အရှိန်အဝါများ ဖြည်းညင်းစွာ ဖြာထွက်လာသည်။

တုန်းဖန်းကျွမ်းရှီး လက်တစ်ချက် လှုပ်လိုက်သည်နှင့် အိပ်မက်ဆိုး ရွှံ့လူသား၏ လေဟာနယ် ချိပ်စည်းမှာ ပျက်စီးသွားရသည်။

အိပ်မက်ဆိုး ရွှံ့လူသားမှာ အမူအရာ ပြောင်းလဲသွားရပြီးနောက် လက်ခုပ်တစ်ချက်တီးကာ အိပ်မက်ဆိုး ပုံရိပ်များ ထွက်ပေါ်စေလျက် တုန်းဖန်းကျွမ်းရှီးထံ ပို့လွှတ်လိုက်သည်။

အိပ်မက်ဆိုး ပုံရိပ်များ၏ အရှိန်အဝါမှာ ထိတ်လန့်ဖွယ် ကောင်းလွန်းလှပေသည်။

ကြောက်ရွံခြင်း၊ သွေးပျက်ခြင်း အစရှိသော မကောင်းသည့် စိတ်ခံစားချက်များမှာ ကောင်းကင်နှင့်မြေပြင်ကိုသာမက ပတ်ဝန်းကျင်တွင် ရှိနေသော သားရဲများ အားလုံးကိုပါ လွှမ်းခြုံသွားသည်။ အချို့ဆိုလျှင် အလန့်တကြားဖြစ်ကာ ဒူးထောက်ကျကုန်ရသလို အချို့သားရဲများဆိုလျှင် စိတ်ဝိဉာဉ်ပါ ပျက်စီးသွားသောကြောင့် နေရာတွင်ပင် သေကုန်သည်။

အနီရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်ကာ အကန့်အသတ်မဲ့ အမှောင်ထုအား ဖြိုခွင်းလိုက်ပြီးနောက် အိပ်မက်ဆိုး ရွှံ့လူသားထံ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာသည်။

အိပ်မက်ဆိုး ရွှံ့လူသားမှာ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားရလေသည်။

တုန်းဖန်းကျွမ်းရှီးသည် အမူအရာ ကင်းမဲ့နေပြီး သူ၏လက်သီးထိပ်တွင် ဆယ်ကီလိုမီတာခန့် ကျယ်ပြန့်သော သွေးဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲဂယက်သည် အမှောင်ထု တစ်ခုလုံးကို ဝါးမြိုပစ်လိုက်၏။

ထိုလက်သီး၏ အရှိန်အဝါ၊ စွမ်းအင်ဖိအားနှင့်ပင် အိပ်မက်ဆိုး ပုံရိပ်များစွာ ပျောက်ကွယ်သွားရသည်။

အိပ်မက်ဆိုး ရွှံ့လူသား၏ အံ့ဖွယ်တာအိုအစွမ်းလည်း ပျက်ပြယ်ကာ ၎င်း၏ခန္ဓာကိုယ်မှာလည်း အနက်ရောင် အရည်များအဖြစ် ပြောင်းလဲသွားရသည်။ သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် မြေပြင်ပေါ် ဝုန်းခနဲ ပြိုကျသွားရတော့သည်။

ဝုန်း........

မြေပြင်တွင် ချောက်ကြီးတစ်ခု ဖြစ်သွားရသည်။

တုန်းဖန်းကျွမ်းရှီးမှာ ဂုဏ်ယူဝံ့ကြွားသော အမူအရာ ရှိနေသည်။

ပတ်ဝန်းကျင်မှာမူ အပ်ကျသံပင် ကြားရလောက်အောင် ဆိတ်ငြိမ်နေ၏။

အန်လင်း၊ စုရှောင်လန်နှင့် သားရဲများအားလုံး ထိတ်လန့်နေကြသည်။

အိပ်မက်ဆိုး ရွှံ့လူသားမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားလေပြီ။

တုန်းဖန်းကျွမ်းရှီးမှာ လက်သီးတစ်ချက်သာ ကျွေးရသေးသည်။

All Chapters