နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ က မိုဝူကျီပဲ
Vol. 25 Ch. 340
ယန်ဟွေ့မင်က မပြောခင် ခဏတာ တွေဝေသွားပြီး …
“ကျွန်မလည်း မသေချာပေမဲ့ လီရှို့ရန် မြေကမ္ဘာ အဆင့်ဇယားက ပျောက်မသွားခင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လို့ ခေါ်တဲ့သူက အဆင့် ၁ ဖြစ်သွားခဲ့တာ။ ဒါပေမဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က နှစ်နာရီ လောက်နေတော့ ဝမ်အာကို ပြောင်းသွားတာ။ အဲဒီ နောက်ပိုင်းတော့ ကျွန်မတို့ အားလုံး သိတဲ့အတိုင်းပဲ ... ”
အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်သည်။ ယန်ဟွေ့မင် ပြောသည်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လီရှို့ရန်ကို သတ်ကာ မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁ ကို ရောက်လာပြီး စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်း သွားသောကြောင့် မြေကမ္ဘာ အဆင့်ဇယားမှ ထွက်သွားခြင်း ဖြစ်သည်။ မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၂ ဝမ်အာက အဆင့် ၁ ဖြစ်လာခြင်း ဖြစ်ပေသည်။
သို့သော် ကိစ္စများက တိုက်ဆိုင် လွန်းလှသည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ က မြေကမ္ဘာ အဆင့်ဇယားမှ ထွက်သွား သည့်အချိန် လိန်ဟုန်ကျီက ဝမ်အာမှာ အဆင့်တစ် ဖြစ်လာကြောင်း မသိသေးဘဲ အဆင့် ၂ ဝမ်အာကို စိန်ခေါ်မိခြင်း ဖြစ်သည်။ ထို့ကြောင့် လိန်ဟုန်ကျီက ဝမ်အာကို သတ်ပြီးနောက် မြေကမ္ဘာ အဆင့်ဇယားတွင် အဆင့် ၁ ဖြစ်လာခြင်း ဖြစ်ပေသည်။
အချိန်တိုအတွင်း မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁ မှာ လူလေးယောက် ဆက်တိုက် ပြောင်းလာခြင်း မဟုတ်ပါလော။
ခဏ ... လိန်ဟုန်ကျီသာ ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူသွားပါက မြေကမ္ဘာ အဆင့်ဇယားမှ အဆင့် ၁ မှာ အချိန်တိုအတွင်း လူငါးယောက် ပြောင်းလဲခြင်း ဖြစ်သွားပေ လိမ့်မည်။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို အားလုံးနီးပါး သိကြလေသည်။ သူက လူသား အဆင့်ဇယား အဆင့် ၁ ဖြစ်ဖူးသည့်အပြင် သူက ပျောက်ဆုံး နယ်မြေမှ ဖြစ်၏။
သို့သော် တချို့သာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ မှာ လူသား အဆင့်ဇယားတွင် အဆင့် ၁ ရရုံသာမက လူသားဘုရင် အဆင့်ဇယား ၌လည်း အဆင့် ၁ ရထားခြင်း ဖြစ်ကြောင်း သိကြ၏။ လူသားဘုရင် အဆင့်ဇယားတွင် အဆင့် ၁ ရရှိခြင်းမှာ လူသား အဆင့်ဇယားထပ် ပိုမိုကြီးကျယ် ပေသည်။
“ဟား ဟား ... ”
ဆရာကြီး ဝူရှန်းက ခွက်ထိုးခွက်လန် ရယ်မောလိုက်ပြီး …
“နယ်လှည့် ကျင့်ကြံသူ လေးကများ ... ဒီဘုန်းကြီး တပည့်ကို သတ်ရဲတယ်ပေါ့ … သူက သေချင်နေတာပဲ ... ”
အားလုံးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို တိတ်တဆိတ်သာ နှမြောတသ သနားလိုက် ကြတော့သည်။ အကယ်၍ သူက အားကောင်း လာလျှင်ပင် အလွန်ဆုံး စစ်မှန်ခြင်း နတ်ဘုရား အဆင့်သာ ဖြစ်ဦးမည်။ ယခု သူက ဆရာကြီး ဝူရှန်း၏ ပစ်မှတ်ထား ခံရသဖြင့် သူ့နေရက်များကို ရေတွက်လို့ပင် ရနေလေပြီ။
“ဆရာကြီးဝူရှန်း …”
ချီထုံက ရုတ်တရက် ထခေါ်လိုက်သည်။
ဝူရှန်းက တစ်ဖက်လှည့်ကာ လက်သီးဆုပ်လျက် အသိမှတ် ပြုလိုက်သည်။ သူက ကြယ်တာရာ သခင်ကို အရင် မလေးမစား ပြုမိခဲ့သည်မှာ သူ့အမှား ဖြစ်၏။ သူ့စိတ်တွင် အမုန်းတရားများနှင့် ပြည့်နှက် နေသော်ငြား သူက ကြယ်တာရာ သခင်၏ အဆင့်အတန်းကို လျစ်လျူရှု၍ မရပေ။
ချီထုံက ခေါင်းညိတ်ကာ ပြောလိုက်သည် ။
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ကျန်းမိုနယ်မြေ နှစ်ရာစုအတွင်း တစ်ခါမှ ပေါ်မလာဖူးတဲ့ ပါရမီရှုင်ပဲ။ သူ့အရည်အသွေးက လိန်ဟုန်ကျီ ထက်တောင် ပိုမြင့်ဦးမယ်။ အဲဒါကြောင့် ဆရာကြီး ဝူရှန်းက အဲဒီ အရည်အသွေးကို တန်ဖိုးထား ပြီးတော့ တစ်ကြိမ် ခွင့်လွတ်ပေးဖို့ မျှော်လင့်ပါတယ်...”
ဆရာကြီးဝူရှန်း အကြည့်မှာ အေးစက်လာပြီး …
“ကြယ်တာရာ သခင် ... အခုလေးက ကျုပ်မှားသွားတဲ့ အတွက် တောင်းပန်ပြီး သွားပါပြီ။ အခုတော့ ကျုပ်လည်း ကြယ်တာရာ သခင်ကို မေးချင်တယ်။ တကယ်လို့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လိန်ဟုန်ကျီကို သတ်သွားရင်ရော လွတ်ပေးမှာလား ... ”
ချီထုံက သက်ပြင်းချကာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လိန်ဟုန်ကျီကို သတ်သွားလျှင်ပင် သူက ၂၇၀၅ကို သတ်မည် မဟုတ်ပေ။ ဤနေရာရှိ လူတော်တော် များများက ကိုယ်ပိုင် အကျိုးသာ ကြည့်ကြလေသည်။ သူတို့ထဲက ဘယ်လောက် များများက သူတို့ဂြိုဟ်သည် မရေမရာ အခြေအနေထဲ ရောက်နေပြီး တခြား တစ်ယောက်၏ နောက်ဖေး ကွက်လပ် ဖြစ်သွားနိုင်သည်ကို သိကြသနည်း။
သို့သော်လည်း သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို လွတ်ပေးမည် ပြောလျှင်ပင် ဆရာကြီ းဝူရှန်းက ယုံမည် မဟုတ်မှန်း သိ၏။
ထင်ထားသည့် အတိုင်း ဆရာကြီး ဝူရှန်းက ချီထုံ ပြန်အဖြေကိုပင် မစောင့်ဘဲ အရင်ဦးစွာ ပြောလိုက်သည် ။
“ပြောဖို့တော့ လွယ်တယ်၊ လိုက်လုပ်ဖို့တော့ ခက်ခဲတယ်။ လိန်ဟုန်ကျီ အသတ်ခံ ရတဲ့အထိ စောင့်ပေါ့ ... အဲဒီအချိန်မှ ကြယ်တာရာ သခင်လည်း နားလည်လာ လိမ့်မယ် ... ”
ချီထုံ အမူအရာ ပြောင်းလဲလာလေ၏။ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဝင်ပြောဖို့ရာ ကြိုးစားသော်လည်း ရှားတန်တောက်က သူ့အစား ဝင်ပြောလိုက်သည်။
ရှားတန်တောက်က နံပါတ်တစ်ခန်းမ ဖြစ်သည့် ကြယ်တာရာ တိုက်ပွဲခန်းမ၏ ခန်းမသခင် ဖြစ်ပေသည်။ ကြယ်တာရာ တိုက်ပွဲ စစ်တပ်က စစ်တပ် ဆယ်ခုအနက် အဆင့်ငါး ဖြစ်လေသည်။ မည်သူမျှ ရှားမျိုးနွယ်စုကို အထင်မသေး ရဲကြချေ။ ထို့ကြောင့် ရှားတန်တောက် ဝင်ပြောလိုသည့် အခါ မည်သူမျှ မနှောင့်ယှက်ကြပေ။
“ကြယ်တာရာ သခင်၊ ခန်းမသခင်များနဲ့ ဂိုဏ်းချုပ် အပေါင်းတို့ ... ကျုပ် ဒီနေရာမှာ ရပ်နေတာက မျှမျှတတ ဖြစ်သွားအောင် ဝင်ပြောချင်လို့ပါ ....
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လီရှို့ရန်ကို သေခြင်း၊ ရှင်ခြင်း တိုက်ပွဲမှာ တိုက်ခဲ့တယ် ဆိုရင်တော့ အမှား မဟုတ်ဘူး။ အဲဒီလိုပဲ ကြယ်တာရာ သခင် စကားတွေက သဘောတရား ကျတယ်။ အဲဒါကြောင့် ဆရာကြီး ဝူရှန်းကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို မသတ်ဖို့ရာ အကြုံပြု ချင်ပါတယ်။ အသာလွန်ဆုံး အဆင့် ပါရမီရှင်တွေက ကျုပ်တို့ နေရာမှာ ရှားပါးလာနေပြီ။ အဲဒီလို သတ်ဖို့ရာက ဒီနေရာအတွက် အမှန်တကယ်ကို ကပ်ဘေး ဖြစ်သွားလိမ့်မယ် ... ”
ရှားတန်တောက်က လူအများ၏ သံသယကို စတင်လောင်မြိုက် ပေးလိုက်သည်။ အကယ်၍ ရှားတန်တောက်က ချီထုံကို ကူညီလိုလျှင် သူက ဆရာကြီး ဝူရှန်းကို ရန်စပြီး လုပ်မည် မဟုတ်ပေ။ ထို့အပြင် တချို့လူများက ရှားတန်တောက်၏ သားဖြစ်သူ ရှားမူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ တာအို လက်တွဲဖော်ကို ခိုးယူချင် နေသည်ဟု ကြားသိထား ကြသည်။ ရလဒ်အနေဖြင့် ရှားမျိုးနွယ်စု၏ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ပျောက်ဆုံး နယ်မြေထဲ ပျောက်ဆုံးသွား ခဲ့ရသည်။ အတိအကျ ဆိုရလျှင် ရှားမျိုးနွယ်စု၏ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ပျောက်ဆုံး နယ်မြေကနေ ပြန်ရောက် မလာခဲ့ပေ။
ဆရာကြီ ဝူရှန်း၏ အကြည့်က မပြောင်းလဲ သွားသည်ကို မြင်လိုက်ရသည်။ သူ့အတွက် ရှားတန်တောက်၏ စကားလုံးများက မရှိသည့် လေကဲ့သို့ ဖြစ်၏။ သူက သူလုပ်ချင်တာ လုပ်မည် ဖြစ်သည်။
ရှားတန်တောက်က ဘာမှ မဖြစ်သကဲ့သို့ ပြုမူရင်း ဆက်ပြောလိုက်သည် ။
“လိန်ဟုန်ကျီနဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ရဲ့ အရည်အသွေး တွေကို မပြောကြနဲ့ဦး။ လီရှို့ရန်က တကယ့်ကို အသာလွန်ဆုံး ထိပ်သီး ပါရမီရှင် တစ်ယောက်ပဲ ...
အခု သူ အသတ်ခံ လိုက်ရတော့ ဆရာကြီးဝူရှန်း စိတ်ဆိုး ဒေါသထွက်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျုပ်သာ ဆိုရင်လည်း မကျေမနပ် ဖြစ်မိမှာပဲ။ ဆရာကြီး ဝူရှန်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ရှာတွေ့ရင် သက်ညှာတဲ့ အနေနဲ့ တပည့်အဖြစ် လက်ခံလိုက်ရင် ဘယ်လို သဘောရလဲ ....
ဒီလိုဆိုရင် နာကျင်တာ အတွက်ရော ဆုံးရှုံးမှု အတွက်ရော ပြန်လည် ဖာထေးပြီးသား ဖြစ်မသွား ပေဘူးလား။ ကျုပ်ကတော့ ဒီနေရာမှာ ရှိနေတဲ့ လူအားလုံးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ရှာဖွေဝရမ်း ထုတ်ပေးကြ လိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဆရာကြီးဝူရှန်း အတွက်လည်း ထူးချွန်တဲ့ တပည့် တစ်ယောက် မြန်မြန် တွေ့နိုင်လိမ့်မယ် ... ”
ရှားတန်တောက် စကားများကို ကြားပြီး အများစုက ထိုလူသည် အကောင်း ဆိုလိုခြင်း မဟုတ်မှန်း နားလည် လိုက်ကြသည်။ သူက ဆရာကြီး ဝူရှန်းနှင့် ချီထုံတို့ကို ကျေနပ်စေရန် ကြိုးစားနေ သကဲ့သို့ ပြုမူနေသော်လည်း အမှန်တကယ်တော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ဝရမ်း ထုတ်လိုခြင်း ဖြစ်သည်။
လူသိရှင်ကြား ပြောကြသည်က …
“လိန်ဟုန်ကျီနဲ့ နယ်လှည့် ကျင့်ကြံသူ အရည်အချင်း တွေကို မပြောနဲ့ဦး ... လီရှို့ရန်က ထိပ်သီး ပါရမီရှင် အစစ်အမှန်ပဲ ... ”
သူ ဆိုလိုချင်သည်က လီရှို့ရန်က လိန်ဟုန်ကျီ နှင့်တောင် မယှဉ်နိုင် ဘူးလား။ သူက ဆရာကြီး ဝူရှန်းကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အား တပည့်အဖြစ်ပင် လက်ခံခိုင်း နေသည်လား...
ဟား ဟား ... ဆရာကြီး ဝူရှန်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ ဝိညာဉ်ကို ထုတ်မပစ်လျှင် ကံကောင်းပေ လိမ့်မည်။
နောက်နားတွင် ထိုင်နေသည့် ရှူချီဟောင်က ထပ်အောင့် မထားနိုင်တော့ပေ။ သူက ထရပ်ကာ ပြောလိုက်သည် ။
“ကျုပ် ရှုချီဟောင်က ဒီနေရာမှာ အားအနည်းဆုံး ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်မှာလည်း ပြောစရာ ရှိတယ်။ ကျုပ်တို့ ဂြိုလ်က နယ်ခြား အင်အားစုတွေရဲ့ ပစ်မှတ်ထား ခံနေရတာ ပိုဆိုးလာပြီ။ ဒီလိုသာ ဆက်ဖြစ် နေမယ်ဆိုရင် တစ်ရက်ကျ ကျုပ်တို့တွေ တခြားသူရဲ့ ခြေထောက်အောက် ရောက်သွားလိမ့်မယ်။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လူသားဘုရင် အဆင့်ဇယား မှာလည်း အဆင့် တစ်ပဲ ... ကျုပ်တော့ မြေကမ္ဘာဘုရင် အဆင့်ဇယား မှာလည်း သူ ရောက်လာမယ်လို့ ယုံကြည်တယ်။ ဒီလိုမျိုး ပါရမီရှင်မျိုးကို ပြုစုမွေးထုတ် ပေးသင့်တယ်။ အဲဒါကို ဘာလို့ သတ်ချင်နေ ကြတာလဲ ... ”
ဝူရှန်းက ရှူချီဟောင်ကို အေးစက်စွာ ကြည့်ပြီးနောက် လှည့်ထွက် သွားလေသည်။ သူက လောက အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူလေးနှင့် အချင်းပွား မနေတော့ပေ။
“ဆရာကြီးဝူရှန်း ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ဘယ်လို လုပ်မယ်ဆိုတာ ခင်ဗျားအပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကျုပ် တစ်ခုတော့ ပြောရဦးမယ်။ ခင်ဗျား နောက်ထပ် ပျောက်ဆုံး နယ်မြေက ကျင့်ကြံသူတွေကို လာထိရင် ကျုပ်က ကြယ်တာရာသခင် ရာထူးကို လက်လျှော့ ရရင်တောင် ဒီအတိုင်း မထားနိုင်ဘူး ... ”
ချီထုံက လူသတ်ငွေ့ဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
အေးစက်စက် ခံစားချက်က လောကခန်းမ တစ်လျောက် ပျံ့နှံ့လာပြီး အားလုံး၏ စိတ်ထဲ တအံ့တဩ ဖြစ်သွားစေသည်။ တချို့သာ ချီထုံ၏ အစစ်အမှန် စွမ်းအားကို သိကြသော်လည်း ထိုသို့ လူသတ်ငွေ့ ထုတ်လွှင့် နိုင်ခြင်းက ချီထုံ၏ ကျင့်ကြံဆင့်မှာ မနိမ့်ကျကြောင်း ပြသနေခြင်း ဖြစ်ပေသည်။
ဝူရှန်းက နှာခေါင်းရှုံ့ကာ ထွက်သွားလေသည်။ သူက ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူ အားလုံးကို တပြုံလုံး သတ်ဖြတ် ပြီးနောက် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သတ်ရန် ကြံထားလေသည်။ ထို့နောက် သူက ပျောက်ဆုံး နယ်မြေသို့ သွားကာ ထိုနေရာမှ လူအားလုံးကို သတ်ဖြတ်ပစ်ပြီး ခွေးများ၊ ကြောင်များကိုပင် အလွတ်မပေးပေ။
ချီထုံက ထိုကိစ္စကို သတိပေး လိုက်သည့်အတွက် သူက ဤအတိုင်း ထားလိုက်ရ တော့သည်။ သူက ကြယ်တာရာ သခင်၏ စွမ်းအားကို သေချာမသိပေ။ သို့သော် သူ့ယခင် ထိပ်တိုက် တွေ့ဆုံမှုကြောင့် ကြယ်တာရာ သခင်၏ စွမ်းအားမှာ သူ့ထက် ကြောက်မခန်းလိလိ မြင့်မားကြောင်း နားလည် လိုက်သည်။ ဝူရှန်းက သူ့ကိုယ်ပိုင် စွမ်းအားကို နားလည်သည်။ သူက မြေကမ္ဘာ အင်မော်တယ် အဆင့်အောက်၌ အနှိုင်းမဲ့သော တည်ရှိမှုမျိုး ဖြစ်ပေသည်။
ကြယ်တာရာ သခင်က အားကောင်း သောကြောင့် ကြယ်တာရာ သခင်က လောက အင်မော်တယ် အဆင့်ကို ကျော်လွန်သွားပြီး မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်သွား လောက်လေပြီ။ ဝူရှန်း ထွက်သွား ပြီးနောက် လူအုပ်ကြီးက အသီးသီး ထွက်ခွာသွား ကြတော့သည်။ ထိုသည်က တိုက်ပွဲအကြို ညီလာခံ ဖြစ်သောလည်း အဆုံးသတ်တွင် အပြောင်းအလဲကြီး တစ်ခု ရုတ်တရက် ဖြစ်သွားလေသည်။
လောကနန်းတော်မှ ထွက်လာ ပြီးနောက် ရှားမျိုးနွယ်စု၏ ရှားတန်တောက်က အာကာသထဲ လွတ်ဖို့ရာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်နှင့် အထက် ကျင့်ကြံသူ အားလုံးကို မျိုးနွယ်စု အမိန့်ထုတ် လိုက်လေသည်။ သူတို့တွင် ရည်ရွယ်ချက် တစ်ခုသာ ရှိပြီး နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ တည်နေရာကို ရှာတွေ့ရန် ဖြစ်သည်။
တကယ်တမ်း ရှားတန်တောက်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် မိုဝူကျီ ဖြစ်ကြောင်း ခန့်မှန်းမိ လေသည်။ နှစ်ယောက်လုံး ပေါ်လာချိန်မှာ အချိန်ကိုက် လှသည်။ ထို့အပြင် မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကဲ့သို့ သံမဏိတုတ်ကို အသုံးပြု လေသည်။
အကယ်၍ နယ်လှည့် ကျင့်ကြံသူသာ မိုဝူကျီ ဖြစ်နေပါက သူ့တွင် လခြမ်းကွေးသော့ သုံးချောင်း ရှိနေသည် မဟုတ်ပါလော။ လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာမည့် ရက် နီးကပ်လာပြီ ဖြစ်ရာ လခြမ်းကွေး သော့များ ရှိနေခြင်းက ဘာအဓိပ္ပာယ် ဖြစ်မည်နည်း။
***
တစ်ချိန်တည်းတွင် ယန်မျိုးနွယ်စု၏ ယန်ချီရန်က ယန်မျိုးနွယ်စု၏ ပါရမီရှင် အားလုံးကို စုစည်းနေသည်။
ယန်ချီရန်က သူ့ရှေ့မှ ပါရမီရှင်များကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည် ။
“ငါတို့ ရထားတဲ့ သတင်းတွေအရ လီရှို့ရန်ကို သတ်လိုက်တဲ့ ကျင့်ကြံသူက မိုဝူကျီနဲ့ တူတယ်တဲ့။
ပြီးတော့ သူတို့နှစ်ယောက်က တူညီချက်တွေ ရှိတယ်။ နှစ်ယောက်လုံးက လျှပ်စီးကျင့်စဉ်ကို အသုံးပြု ပြီးတော့ မှော်ရတနာ အနေနဲ့ တုတ်ကို အသုံးပြုကြတယ်။ လောကခန်းမရဲ့ နိဗာနတုတ်အရိပ် တိုက်ကွက် ကိုလည်း မိုဝူကျီ ဝယ်သွားတာ ဖြစ်ရမယ် ... ”
သူတို့အားလုံးက မိုဝူကျီသည် နှင်းခါး ပင်လယ်ထဲ၌ အသက်ရှင် နိုင်တော့မည် မဟုတ်ဟု သေချာခဲ့ကြသည်။
သို့သော် အကယ်၍ မိုဝူကျီသာ နှင်းခါး ပင်လယ်၌ မသေဘဲ အသက်ရှင်နေလျှင် ...
အားလုံးကို ရှင်းပြပြီးသား ဖြစ်သွားပေ လိမ့်မည်။ မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်၏။
ကြယ်တာရာ တိမ်တိုက် ခန်းမသခင် ယန်ဖင်းကျီက ခေါင်းညိတ်ကာ…
“ခေါင်းဆောင် ပြောတာ ထောက်ခံတယ်။ မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နိုင်ချေက ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။ သူ မဟုတ်ရင်တောင် သူက လီရှို့ရန်ကို သတ်နိုင်ထားတာ ဆိုတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ရိုးရှင်းမှာ မဟုတ်ဘူး။ အဲဒီလခြမ်းကွေး သော့သုံးချောင်းက ကျုပ်တို့ ယန်မျိုးနွယ်စုက ပိုင်တာ ...
ကျုပ်တို့တွေ သေချာပေါက် ရှာတွေ့ရမယ်။ ကျုပ်တို့ ယန်မျိုးနွယ်စုရဲ့ ကောင်းကင် နယ်ပယ်က ပါရမီရှင်တွေ စုစည်းပြီးတော့ ယန်ဒေါင် အတွက် လက်စားချေ ပေးကြမယ် ... ”
မည်သူကမျှ ထမငြင်းကြပေ။ ယန်ယန်ဒေါင် အတွက် လက်စားချေမည့် ကိစ္စသည် အကြောင်းပြချက် တစ်ခုသာ ဖြစ်၏။ မိုဝူကျီကို သတ်ဖို့ရန်က သူတို့ ရည်ရွယ်ချက် အစစ်အမှန် ဖြစ်ပေသည်။ ယန်ယန်ဒေါင် အတွက် လက်စားချေခြင်းမှာ အတုအယောင် ဖြစ်သော်လည်း မိုဝူကျီကို သတ်ဖို့ရန်မှာ အမှန်တကယ် ဖြစ်သည်။
သို့သော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ သာ မိုဝူကျီ ဖြစ်နေပါက ယန်မျိုးနွယ်စု အတွက် ကပ်ဘေးကြီး ဖြစ်လာလိမ့်မည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ သူမတူ အရည်အချင်းများနှင့် သူ့အတွက် မြေကမ္ဘာ အင်မော်တယ် အဆင့် တက်လှမ်းဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သာ မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်ရှိသွားပါက သူ့နောက်ကို သဲကြီးမဲကြီး လိုက်ထားသော ယန်မျိုးနွယ်စုမှာ ဤဂြိုဟ်ပေါ်မှ ပျောက်ကွယ် သွားရလိမ့်မည်။
တစ်ချိန်တည်း ဆိုသလို မော့မျိုးနွယ်စုနှင့် ခန်းမသခင်များ ၌လည်း အတူတူပင် ဖြစ်သည်။ သူတို့၏ ကောင်းကင် နယ်ပယ်အဆင့် ပါရမီရှင်များကို စေလွှတ်ပြီး မိုဝူကျီကို ဖမ်းခိုင်းကြသည်။
ဤတစ်ကြိမ်တွင် သူတို့က မတူညီစွာ လှုပ်ရှား နေကြသည်။ အားလုံးက သူတို့ကို သိသွားမလားဟု စိုးထိတ်ရင်း တည်တည် ငြိမ်ငြိမ်ဖြင့် လှုပ်ရှား နေကြသည်။
***
“ဘမ်း ဘမ်း”
ကျောက်တုံးကြီး တစ်ခုပေါ်တွင် မိုဝူကျီဘေးနားမှ စိတ်ဝိညာဉ်ကွင်း မှိုကျောက်တုံး များက တစ်စစီ ဖြစ်သွားကြသည်။ ထိုစဉ် မိုဝူကျီက မတ်တတ်ရပ် လိုက်တော့သည်။
“ရွိုက်ကော ... လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာဖို့ နီးကပ်နေပြီ။ ငါတို့တွေ လောကခန်းမကို သွားကြည့်ကြစို့ ... ”
ကျင့်ကြံခြင်း လေးလ အကြာတွင် မိုဝူကျီက သူ့တွင် ရှိနေသော စိတ်ဝိညာဉ်ကွင်း မှိုကျောက်တုံး ၇၀ ရာခိုင်နှုန်း လောက်ကို အသုံးပြုပြီး သွားလေပြီ။ ထိုအခါမှ သူက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၂ ကို တက်နိုင်သည် ဆိုရုံမျှလေး ဖြစ်၏။ သူက လောကခန်းမကို ရောက်သည်နှင့် ခက်ခဲသော တိုက်ပွဲများ ရှိမည်မှန်း ရှင်းရှင်းလင်းလင်း သိထားသည်။
“ဟုတ်ကဲ့ပါ ... သခင်ကြီး ...”
ယခုအချိန်ထိ ရွိုက်ကောက ပျင်းရိနေပြီ ဖြစ်ရာ မိုဝူကျီက လောကခန်းမကို သွားမည် ဆိုသောကြောင့် သူ့အိပ်မက်လေး အကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။
***