အိပ်မက်ဆိုးရွံ့လူသား၏အိပ်မက်ဆိုး
Vol. 59 Ch. 823
"အဟွတ်......အဟွတ်......"
အိပ်မက်ဆိုး ရွှံ့လူသားမှာ ချောက်နက်ထဲတွင်ပင် သွေးထပ်အန်လိုက်ရသည်။
သူသည် တုန်ရီစွာနှင့်ပင် မတ်တပ်ထရပ်လိုက်သည်။ အနက်ရောင် မြူခိုးမြူငွေ့များ ဖြာထွက်နေသော ပြားကပ်နေသည့် ခန္ဓာကိုယ်မှာ မကြာမီပင် လူသားအသွင် ပြန်ဖြစ်လာသည်။
"ငါက အရမ်းတုံးတာပဲ။ မင်းက သန်မာလွန်းတယ်။ ငါမင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။"
အိပ်မက်ဆိုး ရွှံ့လူသားမှာ တုန်းဖန်းကျွမ်းရှီးအားကြည့်ကာ အံကြိတ်လိုက်သည်။
"ဒါပေမယ့် ငါကံကောင်းနေတာတော့ အမှန်ပဲ........ ဘာလို့လဲဆိုတော့......."
သူသည် ကျောက်စိမ်းပြားတစ်ခုအားထုတ်ကာ အေးစက်စွာ ပြုံးလာသည်။
သူ့အနေဖြင့် သတင်းအချက်အလက်အား မဟာလင်းနို့ဧကရာဇ်ထံ ပို့ပေးလိုက်ရုံပင်။ သွေးမိစ္ဆာကီရင်၏ ယခုအခြေအနေဖြင့်ဆိုလျှင် မဟာလင်းနို့ဧကရာဇ်ထံမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဘန်း.........
ကျောက်စိမ်းပြားမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။
တုန်းဖန်းကျွမ်းရှီးသည် ကီရင်မျက်ဝန်းအား အသက်သွင်းလိုက်သောကြောင့် သွေးနီရောင် မျက်ဝန်းများ ဖျက်ခနဲလက်ကာ လေထုမှာ တွန့်လိမ်သွားရသည်။
ထိုကျင့်စဉ်၏ အဓိက အားသာချက်သည် လျင်မြန်မှုဖြစ်ပြီး ရန်သူများမှာ သတိလက်လွတ် ခံရတတ်သည်။
အိပ်မက်ဆိုး ရွှံ့လူသားမှာလည်း ထိုအကွက်နှင့်ပင် ခံလိုက်ရလေသည်။
"မင်းကံကောင်းတယ် ဆိုတာတော့ မမှားဘူးဆို။"
တုန်းဖန်းကျွမ်းရှီး စကားဆိုလိုက်သည်။
အိပ်မက်ဆိုး ရွှံ့လူသား : "............"
"မြန်မြန်....... သွေးမိစ္ဆာကီရင် ရောက်လာတဲ့ အကြောင်းကို မဟာလင်းနို့ဧကရာဇ်ဆီ သတင်းပို့လိုက်ကြ။"
အိပ်မက်ဆိုး ရွှံ့လူသား၏ အော်ဟစ်သံမှာ ကီလိုမီတာ များစွာတိုင် ပဲ့တင်ထပ်သွားသည်။
ပတ်ဝန်းကျင်တွင်ရှိသော သားရဲများအားလုံးမှာ နားကွဲမတက် ကျယ်လောင်လှသော အမိန့်အား ကြားလိုက်ကြလေသည်။
၎င်းတို့သည် အခြေအနေအား နားမလည်နိုင်ပဲ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။
သွေးမိစ္ဆာကီရင်လား.........
လူသားနှင့်ဆင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တစ်ချိန်က ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ တခွင်လုံးအား ဖိန့်ဖိန့်တုန်စေခဲ့သော သွေးမိစ္ဆာကီရင်ပေလော။
ထိုသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။ အိပ်မက်ဆိုး ရွှံ့လူသားအား လက်သီးတစ်ချက်ဖြင့် အီစလံဝေစေနိုင်သူမှာ ၎င်းသာရှိပေလိမ့်မည်။
မီးလျှံသိမ်းငှက်နှင့် နဂါးနက်မျောက်ဝံတို့သည် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော မဟာလင်းနို့ဧကရာဇ်၏ လက်အောက်ခံများ ဖြစ်ကြသည်။ ၎င်းတို့သည် အချိန်ဆွဲမနေပဲ မဟာလင်းနို့ဧကရာဇ်အား ဆက်သွယ်ရမည့် ကျောက်စိမ်းပြားများကို ထုတ်ယူလိုက်ကြသည်။
သို့သော် ကြည်လင်နေသော ရေစက်နှစ်ခုမှာ ရုတ်ချည်းဆိုသလို ပျံဝဲလာပြီးနောက် ဓားနှစ်လက်အလား ကျောက်စိမ်းပြားများကို ဖျက်စီးပစ်လိုက်သည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲနှစ်ကောင် ထိတ်လန့်နေစဉ်မှာပင် ကြည်လင်နေသော ခန္ဓာကိုယ်တစ်ခုမှာ ၎င်းတို့အား ရစ်ပတ်လျက် တိုက်စားခြင်းစွမ်းအင်များ ပါဝင်နေသော အရည်တစ်မျိုးကို ထုတ်ဖော်လာသည်။
"ကျောက်စိမ်းအရိုးသွယ် မင်းရူးသွားပြီလား။"
မီးလျှံသိမ်းငှက် အော်ဟစ်လိုက်သည်။
၎င်းတို့အား နှောင့်ယှက်လာသူမှာ အန်လင်း၏ သားရဲ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်ပင်။
"ဟမ့်....... မင်းကငါ့ဆီကနေ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းတောင် ယူသွားတာလေ။ အခုက အတိုးပေးရမယ့် အချိန်ပဲ။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် တုံ့ပြန်လာသည်။
မီးလျှံသိမ်းငှက် နားမလည်နိုင် ဖြစ်သွားရသည်။
"ယီးလား....... အဲ့ဒါ ငါတို့ သဘောတူညီထားတာ မဟုတ်ဘူးလား။ ငါကမင်းကို ကူညီပေးတာလေ။ နေပါဦး......."
မီးလျှံသိမ်းငှက်သည် ရုတ်တရက် မစ်နာတော နှစ်ကောင်အား သတိရလိုက်ပြီးနောက် လူသားနှစ်ဦးအားကြည့်ကာ ဆက်စပ်မိသွားသည်။
၎င်း၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေသည်။
"မင်း...... မင်းက သစ္စာဖောက်ပဲ။"
"တော်တယ်...... ကုလေး...."
အန်လင်း ချီးကျူးလိုက်သည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲနှစ်ကောင်သည် ကျောက်စိမ်းပြားနှင့် မဟာလင်းနို့ဧကရာဇ်အား ဆက်သွယ်ရန် ပြုလုပ်နေပြီး သာမန်အခြေအနေတွင် ၎င်းတို့အား တားဆီးရန် ခက်ခဲပေလိမ့်မည်။ သို့သော် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည် ၎င်းတို့မထင်မှတ်ထားချိန်တွင် ရုတ်တရက် တိုက်ခိုက်ကာ ကျောက်စိမ်းပြားများကို ဖျက်စီးပစ်နိုင်ခဲ့သည်။
"ပါးစပ်ပိတ်ပြီး ငါလွတ်ဖို့ ကူညီပေးဦး။"
နဂါးနက်မျောက်ဝံ အော်ဟစ်လိုက်သည်။ ၎င်းသည် အရှိန်အဝါများ ထွက်ပေါ်စေကာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်ထံမှ လွတ်မြောက်နိုင်ရန် ကြိုးစားနေသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ သားရဲများမှာလည်း စတင်လှုပ်ရှားလာသည်။
သို့သော် ၎င်းတို့သည် အဆင့်နိမ့် သားရဲများ ဖြစ်သောကြောင့် မဟာလင်းနို့ဧကရာဇ်အား ဆက်သွယ်စရာ မရှိပဲ ခြေထောက်ဖြင့်သာ သုတ်ခြေတင်ရတော့သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာလည်း ဝေးဝေးလံလံပင် မရောက်လိုက်ပေ။
ရှောင်ဇယ်သည် လေဟာနယ်ချိပ်စည်းအား ထုတ်ဖော်လိုက်သောကြောင့် ၎င်းတို့အားလုံး လှုပ်ရှားမရ ဖြစ်သွားသည်။
"ဝေါင်း........"
ရှောင်ဇယ် ဟိန်းဟောက်လိုက်သည်နှင့် ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များ စုဝေးကာ သားရဲများအပေါ် ကျဆင်းလာသည်။
အန်လင်း၊ စုရှောင်လန်၊ အော့နျို၊ အဆိပ်မြူဖားနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့သည်လည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကြသည်။
ဇူစကာမှာမူ ဟင်းလင်းပြင်သို့အပြန် သားရဲနှစ်ကောင်ထံ ပြေးဝင်လာသည်။ ၎င်းသည် သတ်ဖြတ်ရန် မရည်ရွယ်ထားပဲ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်နှင့် ပူးပေါင်းကာ ၎င်းတို့သတင်းမပို့နိုင်စေရန် ကာကွယ်မည်သာ ဖြစ်သည်။
အိပ်မက်ဆိုး ရွှံ့လူသားသည် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကိုကြည့်ကာ စိတ်ဆင်းရဲသွားရသည်။
သွေးမိစ္ဆာကီရင်ကိုတွေ့ရင် ကံဆိုးတတ်တာများလား.......
"ဟားဟား...... အခုတော့ မင်းကို သင်ခန်းစာ ပေးရဦးမှာပေါ့။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ရက်စက်စွာ ပြုံးလိုက်သည်။
အိပ်မက်ဆိုး ရွှံ့လူသားမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားရပြီးနောက် တွေဝေခြင်းပင် မရှိပဲ အံ့ဖွယ်တာအိုအစွမ်းအား ထုတ်ဖော်လိုက်ကြောင့် မဟူရာ အရှိန်အဝါများမှာ ဆယ်ကီလိုမီတာတိုင် လွှမ်းခြုံသွားသည်။
ဆင့်ခေါ်ခြင်းမန္တာန်....... အိပ်မက်ဆိုးတစ္ဆေလောက.......
များပြားလှသော တစ္ဆေများစွာ ရုပ်လုံးပေါ်လာကာ တုန်းဖန်းကျွမ်းရှီးထံ ပျံဝဲသွားသည်။
"မင်းကတကယ် အမှတ်မရှိဘူးပဲ။ ဟုတ်တယ်မလား။"
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ခေါင်းခါလိုက်ပြီးနောက် ၎င်းထံမှ ကျစ်လစ်လှသော သွေးစွမ်းအင်များ ဖြာထွက်လာကာ ကောင်းကင်နှင့်မြေပြင်ကိုပင် ခြိမ်းခြောက်နိုင်လောက်သော သွေးနီရောင်အလင်းများ ဖြစ်ပေါ်လာပြီး တစ္ဆေများအား ရက်ရက်စက်စက် ချေမှုန်းပစ်လိုက်သည်။
အိပ်မက်ဆိုး ရွှံ့လူသားမှာ အားမာန်တင်းကာ ၎င်းကိုယ်တိုင် သွေးနီရောင် အလင်းထဲ ပြေးဝင်လာသည်။
၎င်း၏ခန္ဓာကိုယ်မှာ ကြီးမားလာပြီး ပေတစ်ထောင်ခန့်ရှိသော အနက်ရောင် ရွှံ့လူသားအသွင် ပြောင်းလဲသွားသည်။ ၎င်းသည် ပါးစပ်ကြီးအား ဟလိုက်သည်နှင့် အကန့်အသတ်မဲ့သော ဝိဉာဉ်ဝါးမြိုစွမ်းအင်များ ထွက်ပေါ်လာလေသည်။
ထိုပါးစပ်ကြီးမှာ အရာအားလုံးကို ဝါးမြိုပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ရသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် မည်သည့်မန္တာန်မှပင် ထုတ်မနေပဲ လက်သီးတစ်လုံးသာ ပစ်သွင်းလိုက်သည်။
သွေးမိစ္ဆာကီရင် အသက်ကို ကိုယ်စားပြုသော သွေးစွမ်းအင်အပြင် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသော မိစ္ဆာစွမ်းအင်လည်း ရှိသည်။
ထိုလက်သီးတွင် သွေးမိစ္ဆာကီရင်၏ မိစ္ဆာစွမ်းအင်များ ပါဝင်နေသည်။
ထိုစွမ်းအင်သည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို မီးလောင်ပြာကျစေနိုင်သည်။
ဘန်း...........
အိပ်မက်ဆိုး ရွှံ့လူသားမှာ ပထမဆုံး အကြိမ်အနေဖြင့် သူ၏အံ့ဖွယ်တာအိုသည် စက္ကူဖြင့် လုပ်ထားသည်လားဟု ခံစားလိုက်ရသည်။
၎င်း၏အကာအကွယ် အရိပ်များမှာ ပြိုကွဲသွားပြီးနောက် ပါးစပ်ပေါက်ကြီးလည်း ပျက်စီးကာ လက်သီး၏ ဖိအားကြောင့် ပေထောင်ချီသော ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာသည်။
အိပ်မက်ဆိုး ရွှံ့လူသားသည် အသက်ရှူရန်ပင် အချိန်မရလိုက်ပဲ တုန်းဖန်းကျွမ်းရှီး၏ လက်သီးအား မြည်းစမ်းလိုက်ရသည်။
ဝုန်း.......
အားကောင်းလှသော ထိုးနှက်ချက်ကြောင့် အိပ်မက်ဆိုး ရွှံ့လူသား မြေပြင်ပေါ် ပြုတ်ကျကာ ချောက်ကြီးတစ်ခု ဖြစ်သွားရပြန်သည်။
"ဖူး......."
အိပ်မက်ဆိုး ရွှံ့လူသား သွေးအန်နေရလေပြီ။
တုန်းဖန်းကျွမ်းရှီး စကားဆိုလိုက်သည်။
"မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တော်တော်ညံ့တာပဲ။ ဘာပဲဖြစ်ဖြစ် ဆိုးတော့မဆိုးပါဘူး။ မင်းက တကယ်ကောင်းတဲ့ သဲအိတ်ပဲ။"
တိုက်ခိုက်ရေးစွမ်းရည် ညံ့တယ်...... ဒါပေမယ့် ကောင်းတဲ့သဲအိတ်.......
အခြားတစ်ယောက်သာ ထိုသို့ပြောလာပါက သူအမှန်တကယ် သတ်ပစ်မိလိမ့်မည်။ သို့သော် သွေးမိစ္ဆာကီရင်မှာ ထမနိုင်သည်အထိ သူ့အားဖိနှိပ်ထားနိုင်လေသည်။
ဝုန်း......
လက်သီးတစ်လုံး ထပ်ရောက်လာပြန်သည်။
အိပ်မက်ဆိုး ရွှံ့လူသားမှာ အစွမ်းကုန် ကာကွယ်လိုက်ပါသော်လည်း အရာမထင်ပဲ သွေးသာအန်လိုက်ရသည်။
ထိုမျှနှင့် မပြီးဆုံးသေးပေ။ တုန်းဖန်းကျွမ်းရှီးသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများအား ပက်လက်လန်စေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော လက်သီးများအား အလှူပေးလိုက်သည်။
အိပ်မက်ဆိုး ရွှံ့လူသားမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေလေပြီ။
လက်သီးတစ်လုံး........
လက်သီးတစ်ချက်.......
တုန်းဖန်းကျွမ်းရှီး၏ လက်သီးများမှာ အိပ်မက်ဆိုး ရွှံ့လူသား၏ အိပ်မက်ဆိုး ဖြစ်လာသည်။
အနာဂတ်တွင် လက်သီးများ ထပ်မြင်ရပါက စိတ်ရောဂါ ဖြစ်လာလိမ့်မည်ဟုပင် ခံစားနေရသည်။
နေပါဦး…. အနာဂတ်ရော ရှိသေးရဲ့လား........
အခြားသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သားရဲများမှာလည်း အန်လင်းတို့ကြောင့် ဘဝကူးသွားလေပြီ။
တုန်းဖန်းကျွမ်းရှီး၏ လက်ချက်ကြောင့် အိပ်မက်ဆိုး ရွှံ့လူသားမှာလည်း မသန်စွမ်းပင် ဖြစ်တော့မည်။
"ဆရာ...... အဲ့သက်လတ်ပိုင်းအရွယ် ယောက်ျားက တကယ်ကြီး သွေးမိစ္ဆာကီရင်လား။ လုံးဝ သောက်ကြမ်းကြီးနော်။"
ရှောင်ဇယ် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"အကြောင်းအရင်း တချို့ကြောင့် သူက ငါမရှိပဲ မနေနိုင်ဘူး။ အဲ့ဒါကြောင့် ငါ့နားမှာပဲ နေလိမ့်မယ်။"
အန်လင်း ရှင်းပြလိုက်သည်။
ရှောင်ဇယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
အဲ့လူကြီးက ဆရာမရှိပဲ မနေနိုင်လို့ ဆရာ့နားမှာ နေမယ်ပေါ့.......
သူလေးလေးနက်နက်တွေးကာ စုရှောင်လန်အား လှမ်းကြည့်လိုက်မိသည်။
သခင်မလေး စုရှောင်လန်က ဆရာ့မိန်းမလေ......
အဲ့ဒါဆို အဲ့လူကြီးကိုရော ဘယ်လိုခေါ်သင့်လဲ.....