မသွားပါနဲ့ဦး...... အာရုဏ်တက်ချိန်ထိ တိုက်ရအောင်.....
Vol. 59 Ch. 824
ရှောင်ဇယ်မှာ စိတ်ရှုပ်သွားပါသော်လည်း ဆရာဖြစ်သူအား အလွန်လေးစားသွားမိသည်။
ဆရာသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအား မောင်းမဆောင်ထဲ ထည့်နိုင်လိုက်ရုံသာမက မောင်းမအချင်းချင်း အဆင်ပြေစေရန်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ အဓိက မိန်းမဖြစ်သူ စုရှောင်လန်သည် ထိုကိစ္စနှင့်ပက်သတ်၍ မည်သို့မျှ သဘောထားပုံ မရသောကြောင့် မောင်းမဆောင်အတွင်း ပြဿနာ မရှိသည်မှာ သေချာပေသည်။
"ဆရာနဲ့ ငါ့ကြားမှာ ကွာခြားချက်က တော်တော်ကြီးတာပဲ။ ငါက နဂါးမတွေအကြောင်းတွေးရင်း တိုင်ပတ်နေတုန်းမှာ ဆရာက မျိုးနွယ်စုရော၊ လိင်ကွဲပြားမှုကိုပါ ဂရုမစိုက်ပဲ ဒဏ္ဍာရီလာသားရဲ တစ်ကောင်ကို မောင်းမဆောင်ထဲ ကောက်ပစ်ထည့်ပစ်ပြီ။ ငါတကယ်ကို အများကြီး သင်ရဦးမှာပါလား။"
ရှောင်ဇယ် တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဘာတွေပြောနေတာလဲ။"
အန်လင်း ရှောင်ဇယ်အားကြည့်ကာ မေးလာသည်။
"အာ....... ဘာမှမဟုတ်ပါဘူး။"
ရှောင်ဇယ် ခေါင်းခါပြလိုက်သည်။
"ဘာမှလုပ်စရာ မရှိရင် ကုလေးနဲ့ ဇူစကာကို သွားကူပေးလိုက်ဦး။ အဲ့အင်မော်တယ်သားရဲနှစ်ကောင် လုံးဝမလွတ်စေနဲ့။"
အန်လင်း အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ။"
ရှောင်ဇယ်မှာ ဟင်းလင်းပြင်သို့အပြန် သားရဲနှစ်ကောင်ရှိရာသို့ ချက်ချင်းပျံသန်းသွားတော့သည်။
အိပ်မက်ဆိုး ရွှံ့လူသားကိုမူ စိုးရိမ်စရာ မရှိပေ။
သို့သော် မီးလျှံသိမ်းငှက်နှင့် နဂါးနက်မျောက်ဝံအား အာရုံစိုက်ထားရန် လိုအပ်သည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အချင်းချင်းကြားတွင် စွမ်းအင်ကွာခြားချက်မှာ ပြောပရလောက်အောင် မကွာခြားသောကြောင့် အခန့်မသင့်ပါက လွတ်မြောက်သွားနိုင်ခြေ ရှိသည်။
ယခုအခြေအနေမှာလည်း ထိုကဲ့သို့ပင်။ နဂါးနက်မျောက်ဝံသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ဖြစ်သောကြောင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာရှိသော မီးလျှံသိမ်းငှက်ထက် အနည်းငယ် သာလွန်ပေသည်။ မည်သို့ပင်ဆိုစေကာမူ မီးလျှံသိမ်းငှက်သည် လျင်မြန်မှုအရာတွင် နဂါးနက်မျောက်ဝံထက် သာလွန်နေ၏။
မီးလျှံသိမ်းငှက်သည် အိပ်မက်ဆိုး ရွှံ့လူသား ဖိနှိပ်ခံနေရသည်ကို မြင်တွေ့ဘိုက်ရပြီးနောက် ထွက်ပြေးလွတ်မြောက်နိုင်ရန် အသည်းအသန် ကြိုးစားတော့သည်။
၎င်းသည် အတောင်များကိုဖြန့်ကာ ရွှေရောင်အလင်းတန်း တစ်ခုအလား အဝေးသို့ လျင်မြန်စွာ ပျံဝဲသွားသည်။
ဇူစကာသည် မန္တာန်များအား ရွတ်ဆိုကာ တားဆီးရန် အဆက်မပြတ် ကြိုးစားပါသော်လည်း လွယ်ကူလှသည်တော့ မဟုတ်ပေ။
"ဟမ့်....... ဒေါင်းဇားလေး...... ငါ့ကိုများ လာလုပ်ချင်သေးတယ်။ ဒီကဖေဖေကြီးမှာ အတောင်ပါတာ မသိဘူးလား။"
မီးလျှံသိမ်းငှက်မှ ဇူစကာအား လှောင်ပြောင်လိုက်သည်။
သူသည် ပျံသန်းခြင်းအပေါ် ယုံကြည်ချက် ရှိသောကြောင့် ဇူစကာအား ကြောက်ရွံ့ခြင်း မရှိပေ။
ဇူစကာမှာလည်း ထိုသည်ကို သတိပြုမိသည်။ သူသည်လည်း မီးလျှံသိမ်းငှက်အား တားဆီးရန် ကြိုးစားရုံမှလွဲ၍ ဘာမှမတတ်နိုင်လောက်ပေ။
ထိုအချိန်မှာပင် မီးလျှံသိမ်းငှက်မှာ အမူအရာ ပြောင်းလဲသွားရသည်။
၎င်းသည် နဂါးတစ်ကောင်၏ အရှိန်အဝါနှင့်အတူ လေးလံလာသော လေထုကို ခံစားမိလိုက်သည်။
"မင်းပဲ။"
မီးလျှံသိမ်းငှက်မှာ အမွှေးများအားလုံး ထောင်ထသွားရသည်။
ပေသောင်းချီသော နဂါးကြီးမှာ ၎င်းထံ လျင်မြန်စွာ ရောက်ရှိလာနေလေသည်။
ရှောင်ဇယ်သည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသော ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်ဖြစ်ပြီး မီးလျှံသိမ်းငှက်သည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသောကြောင့် ၎င်းတို့နှစ်ဦးကြားရှိ စွမ်းအင်ကွာခြားချက်မှာ သိသာထင်ရှားသည်။
ထို့အပြင် ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်များ၏ ပျံသန်းနိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ရှောင်ဇယ်သည် တိမ်နှင့်မြူခိုးများအား စီးနင်းခြင်းအတတ်ကိုပါ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ထားသောကြောင့် သူ၏အလျင်မှာ မီးလျှံသိမ်းငှက်ထက်ပင် သာလွန်နေလေသည်။
"ဟာဟာ့...... ငါ့မှာလည်း အတောင်ပါတယ်လေ။ ဘယ်မှမသွားနဲ့ဦးနော်။ အာရုဏ်တက်ချိန်ထိ တိုက်ကြတာပေါ့။"
ရှောင်ဇယ် ရယ်မောလိုက်သည်။
သူသည် လျှပ်စီးများနှင့် အသားကျနေသည့်အလား လျှပ်စီးတိမ်တိုက်များနှင့်အတူ ပျံသန်းနေသည်။
မီးလျှံသိမ်းငှက်သည် ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်အား ရရှိလိုက်ပြီးနောက် နဂါးနက်ကြီး အရှိန်လျော့သွားစေရန် ရည်ရွယ်၍ အတောင်များကိုခတ်ကာ မီးပင်လယ်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။
သို့သော် နဂါးနက်ကြီးသည် မှုပင်မမှုပဲ မီးပင်လယ်ထဲ တိုးဝင်လာသည်။
သူကရူးနေတာများလား.......
မီးလျှံသိမ်းငှက်မှာ နားမလည်နိုင် ဖြစ်နေလေပြီ။
ထိုမီးလျှံများမှာ ကောင်းကင်ကို လောင်ကျွမ်းကာ မြေပြင်ကို ပြာချပစ်နိုင်လောက်အောင် ပူပြင်းသည့်အတွက် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများသည်ပင် လျစ်လျူရှုရဲမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏အတွေးမှာ မှားယွင်းသွားရသည်။
ရှောင်ဇယ်သည် ဒဏ်ရာတစ်ခုပင် မရပဲ မီးလျှံများကြားမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် သတ္ထုရောင် တလက်လက်ပင် တောက်ပနေသေးသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
မီးလျှံသိမ်းငှက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"အယားတောင် မပြေပါဘူးကွာ။"
ရှောင်ဇယ် ပြုံးကာပြောလိုက်ပြီးနောက် နဂါးချိုပေါ်တွင် လျှပ်စီးများ စုဝေးလာသည်။
သူရှေ့ဆက်တိုးလာသည်နှင့်အတူ ကောင်းကင်နှင့်မြေပြင်၏ အရောင်အဝါများ မှေးမှိန်သွားရသည်။
ဝုန်း.......
နားကွဲမတက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးလျှံသိမ်းငှက်မှာ မြေပြင်ပေါ် ပြုတ်ကျသွားရပြီး မီးတောက်အချို့ပင် လောင်ကျွမ်းသွားစေသည်။
တစ်ဖက်တွင်မူ နဂါးနက်မျောက်ဝံမှာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား တိုက်ခိုက်နေရင်း လျှို့ဝှက်စွာ ပြုံးလိုက်သည်။
ဟားဟား...... ငတုံးသိမ်ငှက်..... ငါကရော မပြေးတတ်ဘူး ထင်နေလား........
အဲ့နဂါးကိုကြောက်လို့ မပြေးတာကွ...... ဟားဟားဟား......
ယခု နဂါးသည် မီးလျှံသိမ်းငှက်အား အာရုံစိုက်နေသောကြောင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသေးသော ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား အေးအေးဆေးဆေး ခေါက်ထားခဲ့နိုင်ပြီပင်။
သူသည် ကိုယ့်ကိုယ်ကို ဆရာကြီးဟု တွေးမိကာ အားလုံးထဲတွင် ဉာဏ်အကောင်းဆုံးဟု ခံစားလိုက်မိသည်။
အခုက ထွက်ပြေးဖို့ အသင့်တော်ဆုံး အချိန်ပဲ......
"လစ်စမ်း...."
နဂါးနက်မျောက်ဝံသည် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာအဖြစ် ပြောင်းလဲသွားပြီဖြစ်သော ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား ကြမ်းတမ်းစွာ ထိုးချလိုက်သည်။
ဘန်း.......
ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းဂယက်များမှာ တစ်ကီလိုမီတာကျော် လွှမ်းခြုံသွားလေသည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည်လည်း အဝေးသို့ လွင့်ထွက်သွားရသည်။
နဂါးနက်မျောက်ဝံသည် မထီမဲ့မြင် အမူအရာဖြင့် ရင်ဘတ်အား လက်ဖြင့်ထု၍ အောင်ပွဲခံကာ ထွက်ပြေးတော့သည်။
"ဟေး...... ငါ့ကုလေးကိုဆော်ပြီး ထွက်ပြေးတော့မယ်ပေါ့လေ။"
နဂါးနက်မျောက်ဝံမှာ ထိုစကားသံကြောင့် လန့်ဖြန့်သွားရသည်။
ရန်သူတွေ ရှိနေသေးတာလား.....
သို့သော် ရန်သူအား တွေ့လိုက်ရသောအခါ ရယ်မောလိုက်မိသည်။
"ဟားဟား......ငါကြောက်မိသွားတော့မလို့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်နဲ့ နောက်ဆုံးအဆင့်လောက်ကများ ငါ့ကိုတားရဲတယ်ပေါ့။ မင်းတို့က ငါ့အတွက် စားဖွယ်ဆက်သမလို့လား။"
နဂါးနက်မျောက်ဝံမှာ လူသားနှစ်ဦးအား ဂရုပင်မစိုက်ပဲ ဆက်ထွက်သွားလိုက်သည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်လောက်နဲ့ ဟင်းလင်းပြင်သို့အပြန် အဆင့်ကို တားမလို့ပေါ့လေ...... အဟက်..... ဒင်းတို့က ရူးနေတာလား........
အဲ့လိုသောက်ရူးတွေက စားပစ်လိုက် အေးတာပဲ.......
"ဘာလို့ငါ့ကို အပါခေါ်နေတာလဲ။ ဒီလောက်တော့ နင့်ဘာသာ မရှင်းတတ်ဘူးလား။ ဝှက်ဖဲတွေ ရှိနေသားနဲ့။"
စုရှောင်လန် မကျေမနပ် ပြောလိုက်သည်။
အန်လင်းမှာ စုရှောင်လန်၏လက်အားကိုင်ကာ ခေါင်းခါပြလာသည်။
"ကိုယ်တစ်ယောက်တည်း မလုပ်ချင်ဘူး။ မင်းနဲ့တူတူ တိုက်ခိုက်ချင်တာလေ။"
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
"မရင့်ကျက်လိုက်တာ။"
ဝှစ်.......
သွေးနီရောင် ဇာမဏီတစ်ကောင်၏ ပုံရိပ်နှင့်အတူ ဒဏ္ဍာရီလာသားရဲ တစ်ကောင်၏ အရှိန်အဝါများ ထွက်ပေါ်လာသည်။
နဂါးနက်မျောက်ဝံမှာ မျက်မှောင်ကျုံ့သွားရသည်။
ထို့နောက် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့သည်။
ဝုန်း.......
သန္ဓေပြောင်းသွေးဇာမဏီ၏ မီးတောက်မီးလျှံများမှာ ကောင်းကင်နှင့်မြေပြင်တခွင် ဆယ်ကီလိုမီတာတိုင် လွှမ်းမိုးသွားသည်။
"ဂါး......."
နဂါးနက်မျောက်ဝံမှာ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
၎င်း၏ခန္ဓာကိုယ်မှာ မည်းတူးကာ အထိတ်တလန့်ဖြင့် နောက်သို့ဆုတ်ခွာလိုက်သည်။
ဒါ...... ဒါကြီးက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ရဲ့တိုက်ခိုက်မှုတဲ့လား......
ဒီစုံတွဲက သောက်ကျိုးနည်း သောက်ကြမ်းကြီးဟ......
ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် သားရဲတစ်ကောင်အား စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှ ဒဏ်ရာရစေခဲ့သည်ဆိုလျှင် မည်သူကမှ ယုံမည်မဟုတ်ပေ။
သူဆုတ်ခွာနေစဉ်မှာပင် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်မှာ တိုက်ပွဲထဲ ပြန်ဝင်လာသည်။
နဂါးနက်မျောက်ဝံ၏ ထွက်ပြေးရန် အကြံအစည်မှာလည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကြောင့် ပျက်စီးသွားရလေပြီ။