← Chapters

အင်မော်တယ်သားရဲများအားသတ်ဖြတ်ခြင်း

Vol. 59 Ch. 826

အင်မော်တယ်သားရဲများအားသတ်ဖြတ်ခြင်း

Vol. 59 Ch. 826

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ မြင်နေရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေမိသည်။

ထိုသည်မှာ အိပ်မက်တစ်ခု အလားပင်။

အန်လင်းထံတွင် စက်ရုပ်များ ထပ်ရှိနိုင်မည် မဟုတ်ဟု ပြောပြီးပြီးချင်းမှာပင် ငွေရောင်ဂမ်ဒမ်နှစ်ကောင် ထပ်မံပေါ်ထွက်လာသည်။ အန်လင်းသည် သူ့အားတမင်သက်သက် စော်ကားနေသည်လော။

မင်းမှာရှိနေရင်လည်း ဘာလို့အစတည်းက မထုတ်ရတာလဲ.......

အော့နျိုနှင့် အဆိပ်မြူဖားမှာ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာအား ပြိုင်တူကြည့်ရှုလိုက်ကြသည်။ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် ရှက်ရွံ့လွန်းလှသောကြောင့် ခေါင်းငိုက်စိုက်ချထားသည်။ ၎င်း၏ပါးများမှာ ပူကျစ်နေလေပြီ။

"မူး.......ငါပြောတာ မှန်တယ်မလား။ အန်လင်းရဲ့ အစွမ်းက မှန်းဆမရပါဘူးဆို။"

အော့နျိုမှာ လေးစားအားကျသော မျက်ဝန်းများဖြင့် အန်လင်းအား လှမ်းကြည့်လိုက်သည်။

အန်လင်း၏ စီးတော်နွား ဖြစ်ရသည်မှာ မဆိုးလှဟု တွေးမိလာသည်။ သူသည် နွားဘဝ၏ အထွဋ်အထိပ်သို့ပင် ရောက်ရှိသွားနိုင်သည် မဟုတ်လော။

................

အန်လင်းသည် ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်အား ထုတ်လိုက်ပါသော်လည်း သူ၏ရည်ရွယ်ချက်မှာ တိုက်ခိုက်ခိုင်းရန် မဟုတ်ပေ။

"ဂမ်ဒမ်တစ်၊ ဂမ်ဒမ်နှစ် သူများတွေ ဘယ်လိုတိုက်ခိုက်လဲကြည့်ထား....... ဂမ်ဒမ်သုံးနဲ့ ဂမ်ဒမ်လေးဆီကနေ သေသေချာချာ သင်ယူနော်..... ကြားလား။"

အန်လင်းမှာ မျှော်လင့်ချက်ကြီးစွာနှင့် ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်၏ ပုခုံးအားပုတ်ကာ ပြောလိုက်သည်။

ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ် : ".............."

အခြားသားရဲများမှာ ထိုအဖြစ်အပျက်အပေါ် အလွန်အလေးထားခြင်း မရှိကြပေ။ သို့သော် နဂါးနက်မျောက်ဝံသည် အန်လင်းထံ၌ ဂမ်ဒမ်နှစ်ကောင် ထပ်ရှိနေသေးသည်ကို မြင်လိုက်ရသောအခါ လွန်စွာထိတ်လန့်သွားရသည်။

ယီးတဲ့မှ....... ဒီဂမ်ဒမ်နှစ်ကောင်နဲ့တောင် သေမလို ဖြစ်နေတာကို သူ့ဆီမှာ နောက်နှစ်ကောင် ရှိနေသေးတာလား...... ငါလွတ်ရော လွတ်နိုင်ပါတော့မလား........

စုရှောင်လန်သည် အန်လင်းအကြောင်းအား ကောင်းစွာသိရှိနေသောကြောင့် ရန်သူများအား တစ်ဖက်လှည့်နှင့် ခြိမ်းခြောက်နေသည်ကို မြင်ရသောအခါ ရယ်ချင်ပက်ကျိစိတ်အား အတော်ထိန်းနေရသည်။ စိတ်ထဲတွင်လည်း အန်လင်းအား ကြိတ်ကာအမှတ်ပေးနေမိသည်။

ဝှစ်.......

ပန်းရောင်အမှုန်စွမ်းအင်ဓားသည် လေဟာနယ်အား ဖြတ်သန်းကာ နဂါးနက်မျောက်ဝံ၏ လက်မောင်းတစ်ဖက်အား ဖြတ်ချပစ်လိုက်သည်။

ယောင်ကျီးသည် ပြိုင်ဘက်ကင်း ဓားအင်မော်တယ် တစ်ဦးအလား ဓားကွက်များကို ထုတ်ဖော်နေသည်။ အစစ်အမှန် စိတ်ဆန္ဒ သို့မဟုတ် ဓားစွမ်းအင်သာ ဖြစ်နိုင်ပါသော်လည်း သူမ၏ ဓားကွက်များအားလုံးမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

နဂါးနက်မျောက်ဝံမှာ တိုက်ခိုက်နေရင်း မျှော်လင့်ချက်များ ကုန်ခမ်းလာကာ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

ယီးလိုမှပဲ...... ဘယ်လိုတောင် အစစ်အမှန် ဓားစိတ်ဆန္ဒတွေ ရှိနေရတာလဲ......... ဒီစက်ရုပ်က ဘာကြီးလဲကွာ....... အစစ်အမှန် စိတ်ဆန္ဒတောင် ထုတ်ဖော်နိုင်တာလား.......

မဟုတ်သေးဘူး....... အစစ်အမှန် စိတ်ဆန္ဒ ထုတ်နိုင်တဲ့ စက်ရုပ်တွေ တကယ်ရှိတယ်လေ.......

နဂါးနက်မျောက်ဝံ မျက်မှောင်ကျုံ့လိုက်မိသည်။

"ဒါက ခရမ်းကြယ်စင် စီရင်ချက်တပ်မဟာရဲ့ စွမ်းအင်ပဲ........ မင်းတို့က ဘယ်သူတွေလဲ။"

"ဟမ့်...... ငါက လူတစ်ယောက်နဲ့ သိထားတယ်လေ။"

အန်လင်း ပြုံးကာပြောလာသည်။

"မင်းကို ဘာမှမသိရပဲ မသေခိုင်းပါဘူး။ စုကျိုးအင်မော်တယ်ဂိုဏ်းကို ကြားဖူးလား။"

စုကျိုးအင်မော်တယ်ဂိုဏ်းလား.......

နဂါးနက်မျောက်ဝံ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ကြားဖူးသလို ရှိနေပါသော်လည်း ထိုအမည်အား မမှတ်မိပေ။

အန်လင်းမှာ ထိုအမူအရာကြောင့် စိတ်ပျက်သွားရသည်။

"ကြည့်ရတာ စုကျိုးအင်မော်တယ်ဂိုဏ်းက လုံလောက်အောင် နာမည်မကြီးသေးပုံပဲ။ ဒီပြဿနာတွေကြီးရင် ငါတို့ဂိုဏ်းနာမည်ကို မြေကြီးမှာ ထွင်းခဲ့သင့်လား။"

စုရှောင်လန် မျက်ခုံးပင့်ကာ ဆူပူလိုက်သည်။

"နင့်မှာ ရန်သူမလောက်သေးလို့လား။"

ထိုအချိန်တွင် နဂါးနက်မျောက်ဝံသည် အသက်စွမ်းအင်အား လောင်ကျွမ်းစေကာ အရှိန်အဝါကို မြှင့်တင်လိုက်သည်။

"ဝေါင်း......"

နဂါးဟိန်းသံမှာ ကောင်းကင်ထက်တိုင် ပဲ့တင်ထပ်သွားသည်။

နဂါးနက်မျောက်ဝံသည် မျောက်ဝံတစ်ကောင် ဖြစ်နေပါလျက် ထိုသို့အမည်တွင်ရသည်မှာ နဂါးချိုတစ်စုံ ပါနေသည့်အပြင် နဂါးတစ်ကောင်၏ ခွန်အားများ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

၎င်းသည် ယောင်ကျီး၏ တိုက်ခိုက်မှုအား ရှောင်ရှားကာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ၏ မြူခိုးမြူငွေ့များကိုလည်း ဖျက်စီးလျက် ဂမ်ဒမ်သုံးအား လက်သီးဖြင့် ထိုးလိုက်သည်။

"သေလိုက်တော့။"

ခရက်......

အမှောင်ထု သေခြင်းတရား စွမ်းအင်များ ပါဝင်နေသော လျှပ်စီးများသည် နဂါးချိုများတွင် စုဝေးလာသည်။ ထိုစွမ်းအင်ဖိအားများကြောင့် လေထုသည်ပင် မတည်မငြိမ်ဖြစ်ကာ ကမ္ဘာမြေပြင်မှာလည်း ခြောက်သွေ့အက်ကွဲလာသည်။

ဝုန်း.......

ထိုလျှပ်စီးသည် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာရော၊ ဂမ်ဒမ်များကိုပါ ပစ်မှတ်ထားခြင်းမဟုတ်ပဲ အန်လင်းကိုသာ ချိန်ရွယ်နေသည်။

ရုတ်တရက် တိုက်ခိုက်လာမှုမှာ မထင်မှတ်ထားချင်စရာ ဖြစ်သည်။ ကြည့်ရသည်မှာ နဂါးနက်မျောက်ဝံသည်လည်း ဖျက်ခနဲ အတွေးပေါက်သွားပုံပင်။

နဂါးနက်မျောက်ဝံမှာ အတွေးပေါင်း သောင်းခြောက်ထောင် တွေးတောဖြစ်ခဲ့သည်။

ဂမ်ဒမ်သည် သခင်၏ အမိန့်အတိုင်း လှုပ်ရှားကြရသည်။ သခင်သာ သေဆုံးသွားပါက ပိုင်ရှင်မဲ့ စက်ရုပ်သာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့သာဖြစ်လာလျှင် ၎င်းသည်လည်း ဖိအားများ လျော့ကျသွားမည် ဖြစ်သည်။ လွတ်မြောက်နိုင်ခြေမှာလည်း အတော်ပင် မြင့်တက်သွားမည်ပင်။

အမှောင်ထု သေခြင်းတရား စွမ်းအင်များ ပါဝင်နေသော နဂါးလျှပ်စီးသည် လျှို့ဝှက်နည်းလမ်းအား အသက်သွင်းပြီးနောက် လွန်စွာအားကောင်းလာခဲ့သည်။ လက်ရှိအချိန်တွင် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်ပေသည်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သာရှိသော အန်လင်းအနေဖြင့် ထိုတိုက်ခိုက်မှုအား ခုခံနိုင်မည် မဟုတ်ပေ။

အန်လင်းသည် အမှန်တကယ် သန်မာလွန်းလှသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏တွက်ချက်မှုအရ ယခုတိုက်ခိုက်မှုအား ရင်ဆိုင်နိုင်စရာ အကြောင်းမရှိပေ။

စုရှောင်လန်သည် လွန်စွာထိတ်လန့်သွားပါသော်လည်း လျှပ်စီးအား မြင်လိုက်ရသောအခါ စိတ်အေးလက်အေး ဖြစ်သွားသည်။

အန်လင်းမှာလည်း လျှပ်စီးအား တွေ့လိုက်ရသောအခါ မူးနောက်နောက် အမူအရာ ဖြစ်သွားလေသည်။

နဂါးနက်မျောက်ဝံ ဝမ်းသာအားရ ဖြစ်သွားသည်။

ဒီကောင် သေလောက်အောင် ကြောက်နေပြီပဲ.......

အဟက်.... ဇာတ်လမ်းပြတ်ပြီပဲ.....

စင်စစ်တွင်မူ အန်လင်းသည် ဗာမီလီယမ်ငှက်ကြေးမုံနှင့် တန်ပြန်ရမည်လော၊ လျှပ်စီးခြယ်လှယ်နည်းစနစ်အား သုံးသင့်သည်လော တိုင်ပတ်နေခြင်းပင်။

နဂါးနက်မျောက်ဝံ ဂုဏ်ယူဝံ့ကြွားနေသော လျှပ်စီးများသည် အန်လင်းရှေ့တွင် အေးခဲသွားသည့်အလား ရပ်တန့်သွားလေသည်။

အမှောင်ထု သေခြင်းတရား၏ စွမ်းအင်များကြောင့်သာ နဂါးလျှပ်စီးဖြစ်ကြောင်း သိရှိနေရခြင်း ဖြစ်သည်။

နဂါးနက်မျောက်ဝံမှာ ပါးစပ်အဟောင်းသား ဖြစ်နေလေပြီ။

"ဟူး........ မင်း က သာမန်မျောက်ဝံလို မနေနိုင်ဘူးလားကွာ။ ဘာလို့နဂါးဖြစ်ချင်ရတာလဲ။ နဂါးဖြစ်ရင်လည်း ထားလိုက်ပါတော့။ ဒါပေမယ့် မင်းက နဂါးလျှပ်စီးတောင် သုံးချင်နေတာတဲ့လား။"

အန်လင်း စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။

သူသည် လက်တစ်ချက် လှုပ်လိုက်သည်နှင့် နဂါးနက်မျောက်ဝံမှာ နဂါးလျှပ်စီးအား မထိန်းချုပ်နိုင်တော့ပေ။

"ဒီလျှပ်စီးစွမ်းအားက တော်တော်ပြင်းတာပဲ။ ဒါက မင်းရဲ့အကောင်းဆုံး တိုက်ကွက်မလား။ အခုထက် ပိုကောင်းသွားအောင် လုပ်ပေးမယ်။ မင်းအစွမ်းထက် သာတဲ့ဟာကို မြည်းခိုင်းမယ်။ အရသာ ကောင်းလောက်မှာပါ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

လျှပ်စီးချဲ့ထွင်နည်းစနစ်.......

ဝုန်း.......

အမှောင်ထု သေခြင်းတရား နဂါးလျှပ်စီးများမှာ ပိုမိုသိပ်သည်းလာသည်။ အဝေးတွင် ရှိနေသော နဂါးနက်မျောက်ဝံသည်ပင် အကြောက်တရားကို ခံစားမိလာလေသည်။

"ဒါ..... ဒါအတုပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

နဂါးနက်မျောက်ဝံမှာ မြင်တွေ့နေရသည်များကို မယုံကြည်နိုင် ဖြစ်နေသည်။

လျှပ်စီးများမှာ မျက်စိရှေ့တွင်ပင် ပို၍ပို၍ ကြမ်းတမ်းလာသည်။

"ဝေါင်း....."

နဂါးနက်မျောက်ဝံမှာ ကာကွယ်ရေး အလွှာများ အထပ်ထပ် ပြုလုပ်လိုက်သည်။

ဝုန်း..... ဝုန်း...... ဝုန်း.......

အမှောင်ထု သေခြင်းတရား နဂါးလျှပ်စီးမှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ နဂါးနက်မျောက်ဝံ၏ ကာကွယ်ရေး စွမ်းအင်လွှာများမှာလည်း တစ်ခုပြီးတစ်ခု ပျက်စီးကုန်ရလေသည်။

ထိုလျှပ်စီးများမှာ နဂါးနက်မျောက်ဝံ၏ မျက်နှာရှေ့တည့်တည့်တွင် ပေါက်ကွဲသွားသည်။

နဂါးနက်မျောက်ဝံ၏ ပါးစပ်မှ အဖြူရောင် အငွေ့များ ထွက်လာသည်။

"အဟွတ်....... ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိတဲ့ငါက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း လူသားတစ်ယောက်ကို ရှုံးသွားရတယ်တဲ့လား။"

ယောင်ကျီးမှာ နဂါးနက်မျောက်ဝံရှေ့ ရောက်ရှိလာကာ ပန်းရောင်အမှုန်စွမ်းအင်ဓားဖြင့်ခေါင်းအားဖြတ်ချလိုက်သည်။

ရွှပ်........

ခေါင်းပြတ်ထွက်သွားကာ လည်ပင်းမှ သွေးများပန်းထွက်လာသည်။

"ယီးတဲ့မှ...... ဂမ်ဒမ်လေးက ခေါင်းဖြတ်တာ ကျွမ်းလှချည်လား။"

အန်လင်းမှာ သားကောင် အခိုးခံလိုက်ရသောကြောင့် စိတ်အလိုမကျ ဖြစ်သွားရသည်။

ငါကိုယ်တိုင် လက်စသတ်ပေးမလို့ကို......

နဂါးနက်မျောက်ဝံမှာ အသက်စွမ်းအင် ပျောက်ကွယ်သွားသည်။

အန်လင်းသည် ၎င်း၏အလောင်းပါး သိမ်းဆည်းလိုက်သည်။

နောက်ကြရင် ဆေးဖော်ဖို့နဲ့ လက်နက်သန့်စင်ဖို့ လိုလာလိမ့်မယ်......

သိုလှောင်လက်စွပ်လည်း ယူရမှာပေါ့..... စစ်နိုင်တဲ့သူက အကုန်စားစတမ်းပဲ........

ထို့နောက် အန်လင်းမှာ အခြားသားရဲတစ်ကောင်အား အာရုံစိုက်လိုက်သည်။

မီးလျှံသိမ်းငှက်သည် ရှောင်ဇယ်ကြောင့် ပြားပြားဝပ်ကာ အသံမျိုးစုံ ထွက်နေရသည်။

အင်း...... အခုက လက်စတုန်းရမယ့် အချိန်ပဲ.....

All Chapters