မဟာလင်းနို့ဧကရာဇ်၏အမျက်ဒေါသ
Vol. 59 Ch. 829
အော့နျို၏ စကားသံအား အန်လင်း၏ ကျောက်စိမ်းပြားမှတဆင့် ကြားနေရသည်။
အန်လင်း၊ စုရှောင်လန်၊ ဇူစကာနှင့် ရှောင်ဇယ်တို့၏ အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။ မဟာလင်းနို့ဧကရာဇ်သည် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ တစ်ကောင်ပင် မဟုတ်လော။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များကိုပင် ရင်ဆိုင်ရန် မလွယ်ကူလှပေ။ ယခု လာနေသည်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ရှိသူ ဖြစ်သည်။ ဒဏ္ဍာရီလာသားရဲ တစ်ကောင်အား ၎င်းတို့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
၎င်းတို့အနေဖြင့် ထွက်ပြေးရုံသာ ရှိသည်။
"မြန်မြန် ဒီနေရာက ထွက်သွားရအောင်။ လွတ်အောင်ပြေးမှဖြစ်မယ်။"
"မူး...... ကျွန်တော်တို့ ထွက်လာလို့ မရဘူး။ အိပ်မက်ဆိုး ရွှံ့လူသားက ပတ်ဝန်းကျင်ကို ပိတ်ထားတယ်။"
အော့နျို တုံ့ပြန်လာသည်။
အန်လင်း : "..........."
သူတွေဝေမနေပဲ တုန်းဖန်းကျွမ်းရှီးအား လှမ်းဆက်သွယ်လိုက်သည်။ တုန်းဖန်းကျွမ်းရှီးမှာ တည်တည်ငြိမ်ငြိမ်ပင် စကားဆိုလာသည်။
"ဘာဖြစ်လို့လဲ အန်လင်း....."
"မဟာလင်းနို့ဧကရာဇ် လာနေပြီဆိုတာ ခင်ဗျားလည်း သိတယ်မလား။"
အန်လင်း အလောကြီးစွာ မေးလိုက်သည်။
"ခင်ဗျားတို့ တကယ်ကြီး အဲ့မှာပိတ်မိနေတာလား။"
"ဟမ့်...... အိပ်မက်ဆိုး ရွှံ့လူသား လုပ်ထားတာကို ပြောတာလား။ အဆင်ပြေပါတယ်။ ငါ့ကို တစ်မိနစ် သို့မဟုတ် မိနစ်ဝက်လောက်ပဲ အချိန်ပေး....."
အန်လင်းသည် ဆက်သွယ်မှုကို မဖြတ်တောက်ထားသောကြောင့် ကျယ်လောင်လှသော စွမ်းအင်ပေါက်ကွဲသံများကို ကြားနေရသည်။
"ဟားဟား...... သွေးမိစ္ဆာကီရင်ရယ် လုပ်မနေစမ်းပါနဲ့။ ကံကြမ္မာကို လက်ခံလိုက်စမ်းပါ။"
အိပ်မက်ဆိုး ရွှံ့လူသား၏ စကားသံကိုပါ ကြားလိုက်ရသည်။
အော်ဟစ်သံပေါင်းစုံလည်း ဆူညံနေလေသည်။
အန်လင်းမှာ အသံဆက်သွယ်သော ကျောက်စိမ်းပြားမှတဆင့် ကြားနေရခြင်း ဖြစ်ပါသော်လည်း နှလုံးသားမှာ အနည်းငယ် တုန်လှုပ်နေမိသည်။
...........
ကောင်းကင်ချိုင့်ဝှမ်း၌.....
အနက်ရောင်ပုံရိပ်များမှာ ကောင်းကင်နှင့်မြေပြင်အား လွှမ်းခြုံထားသည်။
အိပ်မက်ဆိုး ရွှံ့လူသား၏ ခန္ဓာကိုယ်အား တုန်းဖန်းကျွမ်းရှီးမှ ဆွဲဖြဲပစ်လိုက်သည်။
ဝှစ်......
၎င်း၏ခန္ဓာကိုယ်မှာ ပျော့တွဲတွဲဖြင့် ပြန်လည်ပေါင်းစည်းသွားပြန်သည်။ အိပ်မက်ဆိုး ရွှံ့လူသား သွေးအန်ကာ အရှိန်အဝါများလည်း အားနည်းသွားသည်။ သို့သော် မထီမဲ့မြင် ပြုံးနေဆဲပင်။
"ဟားဟားဟား.......မင်းငါ့ကို အကြိမ်တစ်သောင်းလောက် ထိခိုက်စေတော့ရော ဘာဖြစ်လဲ။ ငါသေလောက်အောင် နာရမှာတော့ ဟုတ်တယ်။ ဒါပေမယ့် မဟာလင်းနို့ဧကရာဇ် ရောက်မလာခင် မင်းငါ့ကို သတ်နိုင်မှာမှ မဟုတ်တာ။ ဘဝဆိုတာဘာလဲ မင်းသိရဲ့လား။ ငါ့ရဲ့အသက်စွမ်းအင် ဘယ်လောက်အားကောင်းလဲဆိုတာ မင်းတွေးတောင်တွေးရဲမှာ မဟုတ်ဘူး။"
အိပ်မက်ဆိုး ရွှံ့လူသားသည် အကြိမ်ကြိမ်အခါခါ သမခံနေရပါသော်လည်း သဲအိတ်ဖြစ်ရသည်ကို ဂုဏ်ယူနေသည့်အလား မောက်မာနေသည်။
ထိုအတွက်ကြောင့်လည်း အပြစ်ဆိုမရပေ။ စင်စစ်အားဖြင့် အထုခံ၊ အထောင်းခံနိုင်သည်မှာလည်း အရည်အချင်း တစ်ခုပင် မဟုတ်လော။
တုန်းဖန်းကျွမ်းရှီး ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
"ဘဝဟုတ်လား။ အဟက်....... ငါက ဘဝဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်တဲ့ကောင်လို့ ထင်နေတာလား။ သွေးမိစ္ဆာကီရင်ဆိုတဲ့ နာမည်ကို ငါဘယ်လိုရလာလဲ သိရဲ့လား။"
အိပ်မက်ဆိုး ရွှံ့လူသားမှာ အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သည်။
သူသည် တုန်းဖန်းကျွမ်းရှီး၏ ကီရင်လက်သည်းများကိုကြည့်ကာ ကြောက်စိတ်ဝင်လာမိသည်။
ကီရင်လက်သည်းပေါ်တွင် သွေးစက်များ ရှိနေပြီး ထိုသွေးစက်များမှာ ဖြည်းညင်းစွာ မည်းနက်လာသည်။ ထို့နောက် အံ့ဖွယ်အာရုံနှင့်ပင် မခံစားနိုင်သော အမှုန်ငယ်များအဖြစ် ပြောင်းလဲသွားလေသည်။
အိပ်မက်ဆိုး ရွှံ့လူသား မျက်မှောင်ကျုံ့လိုက်သည်။
မရဏစွမ်းအင်တွေပါလား......
ဒုန်း.....
ရုတ်ချည်းဆိုသလို နှလုံးခုန်သံများ ကြမ်းတမ်းသွားသည်။
အိပ်မက်ဆိုး ရွှံ့လူသားမှာ အမူအရာ ပြောင်းလဲသွားပြီးနောက် အသည်းအသန် ဆုတ်ခွာတော့သည်။
"ပြေးနေလည်း အသုံးမဝင်ဘူး။ ကီရင်လက်သည်းနဲ့ မင်းခန္ဓာကိုယ်ကို ဖြဲလိုက်တည်းက မိစ္ဆာသွေးတွေ စိမ့်ဝင်သွားပြီ။"
တုန်းဖန်းကျွမ်းရှီး သွေးဆာနေဟန်ဖြင့် ပြုံးလိုက်သည်။
"အား......"
အိပ်မက်ဆိုး ရွှံ့လူသား၏ ခန္ဓာကိုယ် တစ်ခုလုံး ဆိုးရွားစွာ နာကျင်လာသည်။
အိပ်မက်ဆိုး ရွှံ့လူသား၏ အသက်စွမ်းအင်မှာ စတင်ပျက်စီးလာသည်။ အသွေးအသားနှင့် စွမ်းအင်ဝင်ပေါက်များသာမက သက်ရှိစွမ်းအင်ပင်လယ်နှင့် အံ့ဖွယ်အာရုံများပါ ပြိုပျက်လာသည်။
တုန်းဖန်းကျွမ်းရှီးမှာ အမူအရာ ကင်းမဲ့နေသည်။
"ဘဝကို နားမလည်ဘူးဟုတ်လား။"
သူရက်စက်စွာ ပြုံးလိုက်သည်။
"ငါ့သွေးတွေနဲ့တင် သွေးမိစ္ဆာသားရဲ စစ်တပ်ကြီးတစ်ခုလုံး ဖန်တီးဖူးတဲ့သူပါ။ ဘဝကိုရော၊ အသက်ကိုရော ငါကောင်းကောင်းကြီးသိတယ်။"
"မိစ္ဆာသွေးတစ်စက်ကိုသုံးပြီး တစ်မြို့လုံးကို အဆိပ်ခတ် သတ်ခဲ့ဖူးတယ်။ မျိုးနွယ်စု တစ်ခုလုံးကိုလည်း မျိုးဖြုတ်ပစ်ခဲ့ဖူးတယ်။ သွေးမိစ္ဆာကီရင်ဆိုတဲ့ နာမည်က ဒီအတိုင်း ရလာတယ် ထင်လို့လား။"
အိပ်မက်ဆိုး ရွှံ့လူသား၏ ခန္ဓာကိုယ်သည် ဆက်လက်ပျက်စီးနေပြီး အဖျက်စွမ်းအင်ကိုလည်း မတားဆီးနိုင်ပေ။ ထိုစွမ်းအင်သည် သူ၏ဘဝကို ပျောက်ကွယ်သွားစေနိုင်သည်။
"မဟုတ်ဘူး။ ငါမသေချင်သေးဘူး။ ငါမသေချင်ဘူး။"
အိပ်မက်ဆိုး ရွှံ့လူသား အရူးတစ်ယောက်လို အော်ဟစ်နေသည်။ တုန်းဖန်းကျွမ်းရှီးအား ကြည့်ရှုနေသော ၎င်း၏မျက်ဝန်းများတွင်လည်း ကြောက်ရွံ့မှုကို တွေ့နိုင်သည်။
တုန်းဖန်းကျွမ်းရှီးသည် သွေးဆာနေပုံရပြီး ထိုမြင်ကွင်းအား အားပါးတရ ကြည့်ရှုကာ ရယ်မောလိုက်သည်။
"အဟားဟား......သေခြင်းတရားကို ခံစားလိုက်ပါဦး။ အဲ့ဒါမှ ဘဝအဓိပ္ပါယ်ကို လေးလေးနက်နက် နားလည်သွားလိမ့်မယ်။"
ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၊ အော့နျိုနှင့် အဆိပ်မြူဖားတို့အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။ တုန်းဖန်းကျွမ်းရှီး၏ ကျိုးကြောင်းဆီလျော်မှုရှိကာ ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင်မှာ ကွာကျသွားခဲ့လေပြီ။ သူသည် လူ့အရေခွံအောက်တွင် ပုန်းကွယ်နေသော ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။ ထိုသည်မှာ တုန်းဖန်းကျွမ်းရှီး၏ အစစ်အမှန် ပုံစံသာ ဖြစ်ပေလိမ့်မည်။
"အား........"
နာနာကျင်ကျင် အော်ဟစ်သံနှင့်အတူ အိပ်မက်ဆိုး ရွှံ့လူသား၏ နောက်ဆုံးအသက်စွမ်းအင်လည်း ပျောက်ကွယ်သွားခဲ့သည်။ အံ့ဖွယ်တာအို အစွမ်းများ မရှိတော့သည့်အတွက် လှောင်အိမ်ကြီးလည်း ပျက်စီးသွားလေသည်။ မြေပြင်ပေါ် နေရောင်ခြည်များ ပြန်လည်ကျဆင်းလာသည်။
အိပ်မက်ဆိုး ရွှံ့လူသားသည် ကြိုးစားခဲ့သမျှ အရာမထင် ဖြစ်ရလိမ့်မည်ဟု မထင်ထားလောက်ပေ။ တုန်းဖန်းကျွမ်းရှီးသည် ကောင်းကင်ချိုင့်ဝှမ်းမှ ထွက်ခွာနိုင်ရန် ၎င်းအားစိမ်ပြေနပြေ သတ်ပစ်ခဲ့သည်။
တုန်းဖန်းကျွမ်းရှီးမှာ အသံဆက်သွယ်သော ကျောက်စိမ်းပြားအား ကောက်ကိုင်လိုက်သည်။
"ပြီးပြီ။ အခုချက်ချင်း မင်းတို့ဆီ လာခဲ့မယ်။"
အန်လင်းသည် ကောင်းကင်ချိုင့်ဝှမ်း အပြင်ဘက်တွင် ရှိနေပြီး ကျောက်စိမ်းပြားအားကြည့်ကာ ပြောစရာစကား ပျောက်ရှနေသည်။
မမြင်ခဲ့ရပါသော်လည်း ကြားနေရသော အသံများအရ တိုက်ပွဲမှာ အတော်ပင် ကြမ်းတမ်းကြောင်း သိသာလှသည်။ အိပ်မက်ဆိုး ရွှံ့လူသားသည် အိပ်မက်ဆိုးအား ကြုံတွေ့ခဲ့ရကာ တုန်းဖန်းကျွမ်းရှီးမှာမူ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
သူသည် ရယ်သံအား ကြားရရုံနှင့်ပင် မိစ္ဆာ၏ အပြုံးအား မြင်ယောင်ကြည့်နိုင်သည်။
အန်လင်း တိတ်တဆိတ်ပင် အချိန်တွက်ကြည့်လိုက်သည်။
တကယ် မိနစ်ဝက်ပဲ.....
တုန်းဖန်းကျွမ်းရှီးသည် အိပ်မက်ဆိုး ရွှံ့လူသား၏ သိုလှောင်လက်စွပ်အား သိမ်းယူလိုက်ပြီးနောက် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာ၊ အော့နျိုနှင့် အဆိပ်မြူဖားတို့ခေါ်ကာ အန်လင်းတို့ထံ လေဟာနယ် ခုန်ကူးလိုက်သည်။
အန်လင်းတို့မှာ ၎င်းတို့အား စောင့်ဆိုင်းနေကြသည်။ အန်လင်းသည် ဂမ်ဒမ်သုံးနှင့် ဂမ်ဒမ်လေးအား အားပြန်ပြည့်စေရန် စိတ်ဝိဉာဉ်ကျောက်တုံးများ ထုတ်ကျွေးနေသည်။
ဂမ်ဒမ်သုံးနှင့် ဂမ်ဒမ်လေးသည် ထိတ်လန့်ဖွယ် ကောင်းပါသော်လည်း ၎င်းတို့၏ စားသုံးမှုနှုန်းမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းသေးသည်။ အန်လင်းသည် ကုန်ဆုံးသွားသော စိတ်ဝိဉာဉ်ကျောက်တုံးများအားကြည့်ကာ ရင်နာနေရသည်။
ခရက်......
လေဟာနယ် ဆုတ်ပြဲမှုနှင့်အတူ တုန်းဖန်းကျွမ်းရှီးတို့မှာ အန်လင်းရှေ့ ရောက်ရှိလာသည်။
"ကြည့်ရတာ ကြမ်းခဲ့တဲ့ပုံပဲ။ ရန်သူတွေတော့ အပြတ်ရှင်းနိုင်လိုက်ပြီ။"
တုန်းဖန်းကျွမ်းရှီးသည် ချိုင့်ဝှမ်းငယ်အားကြည့်ကာ စိတ်ကျေနပ်နေသည်။
"ပျော်မနေနဲ့။ ဒီကနေ သွားရအောင်။"
အန်လင်း စကားဆိုလိုက်သည်။
တုန်းဖန်းကျွမ်းရှီး၏ လက်ရှိအခြေအနေသည် မဟာလင်းနို့ဧကရာဇ်အား မယှဉ်နိုင်သေးပေ။
မဟာလင်းနို့ဧကရာဇ်သာ ဖမ်းမိသွားပါက ငါးပါးမှောက်ကုန်လိမ့်မည်။
၎င်းတို့သည် သွေးစက်ကုန်းမြေမှ မထွက်ခွာမီ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ အိပ်မက်ဆိုး ရွှံ့လူသားသည် တုန်းဖန်းကျွမ်းရှီး၏ အရှိန်အဝါအား အာရုံခံနိုင်မည် ဖြစ်သောကြောင့် မဟာလင်းနို့ဧကရာဇ်အား ဆက်သွယ်မည်မှာ သေချာသည်။
ထို့ကြောင့် အန်လင်းတို့အနေဖြင့် ထွက်ပြေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ မဖြစ်မနေ လိုအပ်လာပါက ရန်သူများကိုသတ်ကာ ထွက်ပြေးရမည်ပင်။ အိပ်မက်ဆိုး ရွှံ့လူသားကြောင့် အစီအစဉ်များ နှောင့်နှေးခဲ့ပါက မဟာလင်းနို့ဧကရာဇ်နှင့် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။ အိပ်မက်ဆိုး ရွှံ့လူသားအား သတ်ဖြတ်ရန်မှာ အနည်းငယ် ခက်ခဲနိုင်ပါသော်လည်း ထွက်ပြေးရန် အဆင်ပြေသွားမည် ဖြစ်သည်။
တုန်းဖန်းကျွမ်းရှီး ရှိနေသောကြောင့် အိပ်မက်ဆိုး ရွှံ့လူသားအားသတ်ရန် ယုံကြည်ချက်ရှိပြီး အမှန်တကယ်လည်း အောင်မြင်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် အသုံးမကျသော အဖွဲ့ဝင်များမှာ မဟာလင်းနို့ဧကရာဇ်၏ ဆက်သွယ်မှုအား လက်ခံဖြေကြားခဲ့လေသည်။
တုန်းဖန်းကျွမ်းရှီးသည် အန်လင်းတို့အားခေါ်ကာ လေဟာနယ် ခုန်ကူးလိုက်သည်။
လက်ရှိအချိန်တွင် သူ၏အစွမ်းသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မျှ ရှိသောကြောင့် အဆင်ပြေလှသည်။
နှစ်မိနစ်ခန့် ကြာပြီးနောက်.....
ကောင်းကင်ချိုင့်ဝှမ်းတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
မဟာလင်းနို့ဧကရာဇ်မှာ ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲ သုံးကောင်နှင့်အတူ အက်ကြောင်းထဲမှ ထွက်လာသည်။
မဟာလင်းနို့ဧကရာဇ်သည် ဒေါသတကြီးဖြင့် ကောင်းကင်ချိုင့်ဝှမ်းအား ကြည့်ရှုလိုက်သည်။
"သူတို့အားလုံး သေသွားပြီ။ သွေးမိစ္ဆာကီရင်လည်း လွတ်သွားတယ်။"
ဝုန်း......
ကောင်းကင်သည် အမျက်ဒေါသကို ခံစားနေရသည့်အလား မှိုင်းညို့သွားသည်။
"သူတို့အဝေးကြီး မရောက်လောက်သေးဘူး။ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကို ပိတ်ထားဖို့ အင်မော်တယ်သားရဲတွေကို ပြောထားလိုက်။ ကောင်းကင်မျက်လုံးမန္တာန်ဝင်္ကပါကိုလည်း အသက်သွင်းရမယ်။"
"ဘာပဲဖြစ်ဖြစ် သူတို့ကို ရအောင်ရှာမယ်။"
မဟာလင်းနို့ဧကရာဇ်မှာ ပေါက်ကွဲနေကြောင်း သိသာလှသည်။
"ဟုတ်ကဲ့ပါ။"
အင်မော်တယ်သားရဲ သုံးကောင်မှာ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရှိ အခြားအင်မော်တယ်သားရဲများအား ဆက်သွယ်လိုက်သည်။
ကောင်းကင်မျက်လုံးမန္တာန်ဝင်္ကပါ...... အသက်ဝင်စေ.....