← Chapters

ဟင်းလင်းပြင်သို့အပြန်အဆင့်

Vol. 60 Ch. 831

ဟင်းလင်းပြင်သို့အပြန်အဆင့်

Vol. 60 Ch. 831

"သင့်ကို ရွံရှာမုန်းတီးသော ဟင်းလင်းပြင်သို့အပြန်အဆင့် သို့မဟုတ် ထိုအဆင့်ထက်မြင့်သော ကျင့်ကြံသူဆယ်ယောက်....."

"စနစ်မှ ရရှိထားသော ဦးနှောက်လှိုင်းနှင့် အံ့ဖွယ်အာရုံလှိုင်းများအရ လက်ရှိအခြေအနေမှာ လိုအပ်သူ ဆယ်ယောက်အနက် ခြောက်ယောက်ရရှိထားပြီ ဖြစ်ပါသည်။ လင်ကျွင်းကျွင်း၊ ရန်ဟွား၊ မုန့်ကျီ၊ ဧကရာဇ်ဇီဝေး၊ လျှိုမင်ရွှမ်း၊ ကျူးရှန်တို့ ဖြစ်သည်။

အန်လင်းမှာ ထိုစာရင်းအားကြည့်ကာ အံ့အားသင့်သွားမိသည်။ သူမည်သို့မျှ လိုက်မမီနိုင်သော အချက်အလက်များ ပါရှိနေပြီး ဘယ်နေရာက စရမည်ကိုပင် မသိတော့ပေ။

လင်ကျွင်းကျွင်းနှင့် ရန်ဟွားမှာ ဥပမာ ဖြစ်သည်။ ၎င်းနှစ်ဦးသည် စာရင်းနှစ်ခုလုံးတွင် ပါဝင်နေပြီး အန်လင်းအား မစ်ရှင်အောင်မြင်ရန်အတွက် အင်တိုက်အားတိုက် ကူညီပေးနေသလိုပင်။

ချစ်လိုက်-မုန်းလိုက် လွန်ဆွဲနေတဲ့ ဆက်ဆံရေးမျိုးလား........

လျှိုမင်ရွှမ်းနှင့် ကျူးရှန်မှာ ကောင်းကင်ဓားဂိုဏ်း၏ သောက်ကျိုးနည်း လင်မယားစုံတွဲ ဖြစ်သည်။

ငါ့ကို မုန်းပေးလို့ ကျေးဇူးတောင် တင်ရဦးမယ်..... အဟက်.....

နှင်းပျိုမဒီ မုန့်ကျီမှ သူ့အားမုန်းတီးနေသည်မှာ အဓိပ္ပါယ်ရှိသည်။ သူသည် မြင့်မြတ်သော ဗာမီလီယမ်မီးတောက်အား ခိုးယူကာ နှင်းပျိုမဒီများ၏ အစီအစဉ်ကို ပျက်စီးစေခဲ့သည် မဟုတ်လော။ ၎င်းတို့တိုက်ခိုက်ခဲ့စဉ်က မုန့်ကျီ၏ အဝတ်အစားများကိုပင် ဆုတ်ပြဲစေခဲ့မိသောကြောင့် သူမအနေဖြင့် အမုန်းကြီး မုန်းနေပေလိမ့်မည်။

သို့သော် ဧကရာဇ်ဇီဝေးသည် သူ့အား အဘယ်ကြောင့် မုန်းတီးနေရပါသနည်း။

အန်လင်းမှာ ရင်ဘတ်တစ်ခုလုံး လေးလံလာသလို ခံစားလိုက်ရသည်။

ဧကရာဇ်ဇီဝေးက ငါ့ကိုမုန်းနေတာပေါ့......

သူအဲ့နေ့ကို အခုထိ မမေ့နိုင်သေးဘူးပေါ့လေ.....

အန်လင်း စိတ်ဆင်းရဲသွားမိသည်။ ထင်မှတ်ထားသည့်အတိုင်း ၎င်းထံမှ အမွေအနှစ်ရရန် မဖြစ်နိုင်လောက်တော့ပေ။

ထို့အပြင် ယခုမစ်ရှင်သည် သူနှင့်တိုက်ရိုက်ပက်သတ်ဖူးသူများသာ သက်ဆိုင်ပုံ ရသည်။

ထိုသို့မဟုတ်ပါက ဧကရာဇ်ရိတန်းနှင့် မဟာလင်းနို့ဧကရာဇ်တို့လည်း စာရင်းထဲ ပါမလာစရာ အကြောင်းမရှိပေ။

"အာ...... ငါက ဒီလောက်နာမည်ကြီးနေတာကို ငါ့ကိုမုန်းတဲ့ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူက ဆယ်ယောက်မပြည့်ပါလား။"

အန်လင်း စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။

စုရှောင်လန်မှာ ထိုစကားအား ကြားလိုက်မိသောကြောင့် အန်လင်း နဖူးပေါ် လက်တင်လာသည်။

"ဟင်....... အဖျားလည်း မရှိပါဘူး။ ဘာလို့ ပေါက်ကရတွေ လျှောက်ပြောနေတာလဲ။"

"ရှောင်လန်..... ကိုယ်အရမ်းနောင်တရတာပဲကွာ။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

"တကယ်ဆို ကိုယ့်နာမည်ကို ကောင်းကင်ချိုင့်ဝှမ်းမှာ ထွင်းခဲ့သင့်တာ။ မဟုတ်သေးဘူး။ ကိုယ့်ပုံပါ ချန်ထားခဲ့သင့်တာ။"

စုရှောင်လန် : "........."

သူမ ခေတ္တမျှ ငြိမ်သက်သွားကာ ညင်သာစွာ စကားဆိုလိုက်သည်။

"အန်လင်း....... အရမ်းကြီး ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ အခက်အခဲတွေ ရှိလာရင် ငါတို့တူတူ ကျော်ဖြတ်ကြမယ်လေ။ ပြဿနာ ကြုံလာရင်လည်း အတူတူ ဖြေရှင်းကြတာပေါ့။ အဓိပ္ပါယ် မရှိတာတွေ တွေးမနေပါနဲ့။ ပေါက်ကရတွေ လျှောက်လုပ်တာက မကောင်းဘူးရယ်။"

ဂရုစိုက်ပေးနေသော စုရှောင်လန်အားကြည့်ကာ အန်လင်း ရယ်မောမိသည်။

"ကိုယ်ဘာမှမဖြစ်ပါဘူး..... ရှောင်လန်ရဲ့။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေထဲမှာ ကိုယ့်ကိုမုန်းတဲ့သူ ဆယ်ယောက်ပြည့်မှ အဲ့ကျင့်စဉ်တစ်ခုကို ရမှာမို့ ပြောနေတာပါ။"

စုရှောင်လန် : ".........."

"ဘယ်လိုကြီးလဲ။ အဲ့ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပဲ။"

မစ်ရှင်မှန်သမျှ အဲ့လိုကြီးပါပဲကွာ.......

အန်လင်း ဘာမှမပြောတော့ပဲ စနစ်ကိုသာ ပြန်ကြည့်လိုက်သည်။ ကျင့်ကြံရေးအခြေခံဟူသော နေရာတွင်လည်း အသစ်များ ရှိနေလေပြီ။

ထိုသည်မှာ အဆင့်ကြီးတက်ခြင်း ဖြစ်သောကြောင့် လိုအပ်ချက်များမှာ အနည်းငယ် ခက်ခဲသည်။

"ဟင်းလင်းပြင်သို့အပြန်အဆင့် - လိုအပ်ချက် : သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေ၊ လျှပ်စီး၊ ယင်းနှင့်ယန် ကျင့်စဉ်များအား အဆင့်တစ် သို့မဟုတ် ထိုထက်မြင့်အောင်လုပ်ပါ။ အံ့ဖွယ်လက်နက်တစ်ခုနှင့် အံ့ဖွယ်ဆေးလုံးအား ရရှိအောင်လုပ်ပါ။ အံ့ဖွယ်လက်နက်အားကိုင်ကာ အံ့ဖွယ်ဆေးလုံးကို သောက်သုံးရမည်။ ထိုအချက်များ ပြီးပြည့်စုံပါက အဆင့်တက်မည် ဖြစ်သည်။"

အန်လင်း သက်ပြင်းချမိသည်။ ကျင့်ကြံရေး အဆင့်တစ်ခုသို့ ရောက်ရှိပြီးမှသာ အံ့ဖွယ်ပစ္စည်းများ ရရှိတတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူ့အတွက် အံ့ဖွယ်လက်နက်နှင့် အံ့ဖွယ်ဆေးလုံးသာ ရှာမရပါက အဆင့်ပင် တက်မည်မဟုတ်ပေ။

အံ့ဖွယ်လက်နက်နှင့် အံ့ဖွယ်ဆေးလုံး ရှာဖွေရသည်မှာ ခက်ခဲလွန်းလှပါသော်လည်း မျှော်လင့်ချက်တော့ ရှိနေသေးသည်ပင်။

အဆင့်တက်ရသော လိုအပ်ချက်မှာ အမြဲလိုလို ခက်ခဲလေ့ ရှိသည်။ ဒြပ်ထုကိုးမျိုး ကျင့်ကြံရေးတွင် သူသည် ခြောက်ခုအထိသာ ကျင့်ကြံရသေးသည်။ လေစိတ်ဝိဉာဉ် အဆင့်နှစ်၊ မိုးကြိုးအဆီအနှစ်ကျင့်စဉ် အဆင့်နှစ်၊ အမြဲစိမ်းနည်းစနစ် အဆင့်နှစ်၊ စစ်မှန်မီးတောက်တောင်ပံ အဆင့်နှစ်၊ အထွဋ်အထိပ် မြေကြာပန်းအတတ် အဆင့်တစ်နှင့် နတ်ရေစင်ဖန်ဆင်းခြင်းနည်းစနစ် အဆင့်တစ်တို့ ဖြစ်သည်။

သူသည် သတ္ထု၊ ယင်းနှင့် ယန်ဒြပ်စင်များအား မကျင့်ကြံရသေးပေ။

သတ္ထုဒြပ်စင်ကျင့်စဉ်အတွက် မစ်ရှင်ရှိထားပါသော်လည်း အန်လင်းမှာ ယခုထိ မလုပ်ဆောင်ရသေးပေ။ မစ်ရှင်သည် အံ့ဖွယ်လက်နက်၏ မူလစွမ်းအင် အဆင့်တစ်ဖြစ်ပြီး လိုအပ်ချက်မှာ လက်နက်ဝိဉာဉ်တစ်ခုအား ပျိုးထောင်ရန် ဖြစ်သည်။

အန်လင်းသည် မိစ္ဆာရှင်းဓားအပေါ် မျှော်လင့်ချက် ထားခဲ့ပါသော်လည်း သောက်ကျိုးနည်းဓားမှာ ဓားဝိဉာဉ်အဖြစ် မတိုးတက်လာခဲ့ပေ။ သူသည်လည်း ထိုကိစ္စနှင့်ပက်သတ်၍ စိတ်ညစ်နေလေပြီ။

သူသည် ယင်းဒြပ်စင်အား ကျင့်ကြံရန်လည်း အခွင့်အရေး ရခဲ့သေးသည်။ ဇွန်ဘီနတ်ဘုရားနှင့် ရင်ဆိုင်ခဲ့စဉ်က သူမအား အနမ်းခြွေရလျှင် ကျင့်စဉ်ရမည်ဟု စနစ်မှ မစ်ရှင်ပေးခဲ့သည်။ အန်လင်းသည် သူမအား မြေပြင်ပေါ် လှဲချကာ နမ်းရှိုက်ရန် လုပ်ခဲ့ပါသော်လည်း ပထမဆုံး အနမ်းအား ကာကွယ်လိုသောကြောင့် လက်လျှော့ဖြစ်ခဲ့သည်။

အတွေးနဲ့တင် ရွံစရာကြီးကွာ......

အန်လင်း သက်ပြင်းချလိုက်မိသည်။ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန်မှာ အချိန်လိုဦးမည့်ပုံပင်။ လိုအပ်သော ကျင့်ကြံရေးများကြောင့် သူ့အနေဖြင့် အလောကြီး၍ မဖြစ်ပေ။ အံ့ဖွယ်လက်နက်နှင့် အံ့ဖွယ်ဆေးလုံးအား ရယူရန်မှာလည်း မဖြစ်နိုင်သော မျှော်လင့်ချက် တစ်ခုလိုပင်။ မည်သို့ပင်ဆိုစေကာမူ သူ့အနေဖြင့် ပိုက်ဆံများများရှာရန် လိုအပ်သည်။

စိတ်ဝိဉာဉ်ကျောက်တုံး သန်းရာဂဏန်းခန့် ရှာရပေလိမ့်မည်။ ထို့အပြင် အဆက်အသွယ်ရှိရန်လည်း လိုအပ်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အံ့ဖွယ်လက်နက်များအား ငွေကြေးသက်သက်ဖြင့် မဝယ်ယူနိုင်ပေ။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည်ပင် အံ့ဖွယ်လက်နက် မပိုင်ဆိုင်ကြသောကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်ဆိုလျှင် ပြောစရာပင် မလိုတော့။

အန်လင်းသည် ထိုကိစ္စများအား ခေတ္တလျစ်လျူရှုကာ ဖြစ်ပျက်နေသည်များကို တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

တုန်းဖန်းကျွမ်းရှီးသည် လေဟာနယ် ခုန်ကူးနေဆဲပင်။

အချိန်တစ်ခုမျှ ကြာသွားပြီးနောက် သူ၏အမူအရာမှာ လေးနက်သွားသည်။

"ပြဿနာပဲ။ စွမ်းအင်တစ်ခုခုနဲ့ ပိတ်ခံထားရပြီထင်တယ်။"

အားလုံးမှာ မျက်စိမျက်နှာ ပျက်သွားကြသည်။

"အခုထိတောင် ငါတို့ကို အာရုံခံနိုင်သေးတာလား။"

အန်လင်း အံ့အားသင့်စွာ မေးလိုက်သည်။

"သူတို့က ထူးခြားတဲ့ အစွမ်းတစ်ခုကို အသက်သွင်းထားကြတယ်။"

တုန်းဖန်းကျွမ်းရှီး စကားဆိုလာသည်။

"လေဟာနယ် ခုန်ကူးတိုင်း စွမ်းအင်တုန်ခါမှု ဖြစ်နေတော့ သူတို့ အာရုံခံလို့ ရနေတာ။ ပြောရရင် ခြေရာကျန်ခဲ့သလိုပဲ။"

"အဲ့ဒါကို ရှောင်နိုင်မယ့်လမ်း မရှိဘူးလား။"

စုရှောင်လန် မေးမြန်းလိုက်သည်။

တုန်းဖန်းကျွမ်းရှီး ခေါင်းခါပြ၏။

"အဲ့အစွမ်းက အရမ်းအားကောင်းလွန်းတယ်။ ဖြစ်နိုင်တာတော့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ တစ်ခုလုံး ဖုံးလွှမ်းထားတဲ့ ဒဏ္ဍာရီလာ ကောင်းကင်မျက်လုံးမန္တာန်ဝင်္ကပါ ဖြစ်လိမ့်မယ်။ လက်ရှိအခြေအနေနဲ့တော့ အဲ့ဝင်္ကပါ အာရုံခံတာကနေ မလွတ်နိုင်ဘူး။"

ကောင်းကင်မျက်လုံးမန္တာန်ဝင်္ကပါလား........

ထိုနာမည်မှာ သောက်ကြမ်းကြီး ဖြစ်နေသောကြောင့် အန်လင်း စိတ်မသက်မသာ ဖြစ်သွားသည်။

ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာမှာ ဖြူရော်နေလေပြီ။

"ကောင်းကင်မျက်လုံးမန္တာန်ဝင်္ကပါက အသက်သွင်းဖို့ စွမ်းအင်တော်တော်လိုတယ်။ ဝင်္ကပါက ဘယ်လိုလေဟာနယ် ခုန်ကူးတာကိုမဆို အာရုံခံနိုင်တယ်။ လေဟာနယ် မခုန်ကူးနေရင် အာရုံခံရတာ ပိုတောင်မြန်သေးတယ်။"

လူစုခွဲကာ ထွက်ပြေးရန် ပြင်နေသော အန်လင်း၏ အကြံမှာ ပျက်စီးသွားရသည်။

ထောက်လှမ်းရေးဂြိုလ်တုလိုပဲဟ.... ယီးတဲ့မှ.....

ပြီးတော့ ကမ္ဘာပေါ်က ဟာတွေထက်တောင် ပိုတိကျဦးမယ်......

အဆိပ်မြူဖားလည်း ကြောက်ရွံ့နေသည်။

"မဟာလင်းနို့ဧကရာဇ်က အပီအပြင် ဆော်တော့မယ့်ပုံပဲ။"

တုန်းဖန်းကျွမ်းရှီး၏ အမူအရာမှာ လေးနက်ခက်ထန်သွားသည်။

"မဟာလင်းနို့ဧကရာဇ်က လာတောင်လာနေပြီထင်တယ်။ ဒီပုံအတိုင်းဆို မိသွားလိမ့်မယ်။"

"ကောင်းကင်မျက်လုံးမန္တာန်ဝင်္ကပါကနေ အမြန်ဆုံး လွတ်မှဖြစ်မယ်။ အခုလောလောဆယ် ငါတို့က ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရဲ့ အရှေ့တောင်ဘက်ကို ရောက်နေတာပဲ။ မဟာလင်းနို့ဧကရာဇ် လက်ထဲကနေ လွတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အရှေ့ဘက်ပဲ။"

အရှေ့ဘက်လား......

အန်လင်းမှာ ထိုက်ချူကုန်းမြေ မြေပုံအား စိတ်ကူးကြည့်လိုက်သည်။

ကိုးပြည်ထောင်၏ တောင်ဘက်တွင် ကြီးမြတ်သော ရေခဲကုန်းမြေရှိသည်။ ကြီးမြတ်သော ရေခဲကုန်းမြေ၏ အနောက်ဘက်တွင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ ဖြစ်သည်။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အနောက်ဘက်တွင်မူ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ တည်ရှိပေသည်။

တစ်နည်းအားဖြင့် ၎င်းတို့သွားရမည်မှာ......

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေပင်။

All Chapters