← Chapters

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေခရီးစဉ်

Vol. 60 Ch. 832

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေခရီးစဉ်

Vol. 60 Ch. 832

ထိုသည်ကို တွေးမိသွားပြီးနောက် ၎င်းတို့အားလုံး မျက်စိမျက်နှာ ပျက်ကုန်သည်။

စုရှောင်လန်၏ လှပသော မျက်နှာတွင်လည်း အလိုမကျသောပုံစံ ဖြစ်ပေါ်လာသည်။

ထိုက်ချူကုန်းမြေတွင် ခဏတဖြုတ် အလည်သွားရန်ပင် မသင့်တော်သော နေရာအား ရွေးချယ်ခိုင်းပါက ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှာ ထိပ်ဆုံးအဆင့်တွင် ရှိပေလိမ့်မည်။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေသည် အလွန်မုန်းတီးစက်ဆုပ်ဖွယ်ကောင်းသော နေရာတစ်ခုတော့ မဟုတ်ပါချေ။

သို့သော် မည်သူကမှ ခြေမချချင်သော အရပ်ဒေသတစ်ခု ဖြစ်သည်။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေတွင်ရှိသော သက်ရှိသတ္တဝါများအားလုံးသည် သာမန်နှင့် မတူပဲ အလွန်အမင်း ထူးဆန်းကြသည်။ ထိုနေရာတွင် ကြာကြာနေမိပါက မည်သူမဆို ထိုကဲ့သို့ပင် ဖြစ်လာပေလိမ့်မည်။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေတွင် ပုံမှန်ဖြစ်နေသောသူ မရှိပေ။

ထို့အပြင် မရဏနှင့်ဆိုင်သော အရာများစွာလည်း ရှိနေသေးသည်။ ပတ်ဝန်းကျင်သည် သက်တောင့်သက်သာ ဖြစ်မနေပေ။ သူရဲဘောကြောင်သူများသာ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေသို့ ရောက်ရှိသွားပါက ရူးပင်ရူးသွားနိုင်သည်။

ထိုနေရာတွင် ကောင်းကင်နှင့်မြေပြင်၏ လောကနိယာမမှာလည်း ပုံမှန်မဟုတ်ပေ။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေသည် ကောင်းကင်ဘုံ၏ ကောင်းချီးရရှိထားသော နေရာဖြစ်ကာ တစ်နည်းအားဖြင့် ကောင်းကင်နှင့် တစ်သားတည်း ဖြစ်နေသည်။ ထို့ကြောင့် လေဟာနယ်စွမ်းအင်များ အသုံးပြု၍ မရပေ။

နေရောင်ခြည်သည်လည်း တိမ်စိုင်များကို ထိုးဖောက်နိုင်ခြင်း မရှိသောကြောင့် ထာဝရ ညအချိန်သာ ဖြစ်နေသည်။

မရဏနှင့် နီးကပ်လာလေ၊ အစွမ်းထက်လာလေပင်။

အသက်စွမ်းအင် အားကောင်းလာလေ၊ ကောင်းကင်နှင့်မြေပြင်၏ ဖိနှိပ်ခြင်းအား ခံရလေလည်း ဖြစ်သည်။

ထို့ကြောင့်ပင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေရှိ သက်ရှိများသည် မရဏတာအို သို့မဟုတ် တစ္ဆေတာအိုကိုသာ ကျင့်ကြံကြသည်။ တစ္ဆေများကဲ့သို့ ဝတ်စားဆင်ယင်ခြင်းနှင့် မိစ္ဆာများအသွင် ပြုမူနေထိုင်ခြင်းများသည် ထိုနေရာတွင် ပုံမှန်မြင်ကွင်းများဟု ဆိုနိုင်သည်။

အန်လင်းနှင့် အခြားသူများသည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေအား မနှစ်သက်ကြပါသော်လည်း ၎င်းတို့ထံတွင် အခြားသော ရွေးချယ်စရာ မရှိပေ။

တုန်းဖန်းကျွမ်းရှီးသည် စွမ်းအင်များအားလုံး စုစည်းကာ အရှိန်အား မြှင့်တင်လိုက်သည်။

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင် လေဟာနယ်စွမ်းအင် သုံးမရသည့်အပြင် တုန်းဖန်းကျွမ်းရှီးမှာလည်း ပင်ပန်းနေပြီ ဖြစ်သောကြောင့် ရှောင်ဇယ်မှ နေရာလွှဲယူလိုက်သည်။ သူသည် ပေသောင်းချီသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ အားလုံးကို ကျောပေါ်တင်လျက် ဆက်လက်ထွက်ပြေးလာခဲ့သည်။

"ဒါက ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေလား။ အရမ်းလှတာပဲ။"

အန်လင်း အံ့အားသင့်သွားရသည်။

အားလုံး၏အမြင်တွင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ မှာ အရောင်အသွေး စုံလင်စွာဖြင့် လွန်စွာလှပနေသည်။

ကောင်းကင်မှာမူ မီးခိုးရောင် သမ်းနေပြီ ဖြစ်သည်။ ၎င်းတို့ပြေးဝင်လာသည်နှင့်အတူ ကောင်းကင်မှာ ပိုမိုမည်းနက်လာပြီး တဖြည်းဖြည်း အမှောင်အတိ ဖြစ်လာသည်။ ပျင်းရိဖွယ်ကောင်းသော ကောင်းကင်နှင့် ဆန့်ကျင်နေသည့်အလား မြေပြင်မှာမူ တောက်ပလင်းထိန်သော အရောင်အဆင်းများဖြင့် မျက်စိပဒါသ ရှိလှပေသည်။

ရောင်စဉ်အသွယ်သွယ် စုံလင်သော မြေပြင်သည် ပိုးသားတစ်ထည် ဖြန့်ခင်းထားသည့်အလား နူးညံ့သိမ်မွေ့သော အလင်းကို ထုတ်လွှတ်ပေးနေသည်။

ထူးခြားကာ ညှို့ယူနိုင်လောက်သော အပင်အမျိုးမျိုးမှာလည်း ကျယ်ပြန့်သော ကုန်းမြေပေါ် ပွင့်လန်းနေကြသည်။ အချို့သည် အလင်းရောင်များ တောက်ပနေကာ၊ အချို့မှာမူ လေပြေများနှင့်အတူ ယိမ်းနွဲ့ကခုန်နေသည်။ ထိုသည်မှာ အန်လင်း၏ အမြင်အား ဖွင့်ပေးလိုက်သလိုပင်။

"ဘယ်ဘက်ကို ဆက်သွားသင့်လဲ။"

ရှောင်ဇယ် မေးမြန်းလိုက်သည်။

တုန်းဖန်းကျွမ်းရှီး မေးဖျားကိုပွတ်ကာ စဉ်းစားနေသည်။

"မဟာလင်းနို့ဧကရာဇ်က ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေကိုလာပြီး ငါတို့နောက် ဆက်လိုက်မှာ သေချာတယ်။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေက တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကိုတောင် ဆက်သွယ်ပြီး အကူအညီ တောင်းပြီးလောက်ပြီ။ ကိုးပြည်ထောင်ဘက်ကိုသွားတဲ့ နယ်စပ်ဒေသကလည်း အစောင့်အကြပ်တွေ တော်တော်များလိမ့်မယ်။ လောလောဆယ် လိုအပ်တာလေးတွေ အရင်ရှာရအောင်။ ငါတို့အရှိန်အဝါကိုဖုံးဖို့ ဆေးလုံးသန့်စင်ပေးမယ်။"

အားကိုးနိုင်သော စီနီယာတစ်ဦး ရှိနေခြင်းမှာ အမှန်တကယ် ကောင်းမွန်းလှသည်။ တုန်းဖန်းကျွမ်းရှီးသည် ဆေးလုံးသန့်စင်ခြင်း အတတ်ကိုပင် တတ်ကျွမ်းပေသည်။

"အရှေ့တောင်ဘက် ကီလိုမီတာ တစ်ထောင်လောက်မှာ နာမည်ကြီး ဆေးမြို့တော်တစ်ခု ရှိတယ်။ အဲ့နေရာမှာဆို လိုတာတွေ ရနိုင်လောက်မယ်။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် စကားဆိုလာသည်။

"ကုလေးက ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေကို ရောက်ဖူးတာလား။"

အန်လင်း ဝမ်းသာသွားသည်။

"ဟုတ်တယ်။ ဒီနေရာနဲ့လည်း တော်တော်ရင်းနှီးတယ်။ ဆန့်ကျင်ဘက်ကမ်းခြေပန်းပွင့်ထဲမှာ ဆန့်ကျင်ဘက်ကမ်းခြေလိပ်ပြာ ရှိတယ်လေ။ ပန်းပွင့်လာပြီး သစ်ရွက်တွေ ကြွေကျပြီးသွားရင် အရာအားလုံးက ထာဝရ ပျောက်ကွယ်သွားတယ်။ ဒီနေရာက ကမ္မနဲ့ မရဏလမ်းကြောင်းကို ဉာဏ်အလင်းပွင့်ချင်ရင် ရွေးချယ်သင့်တဲ့ နေရာပဲ။"

"ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှာပဲ ဆင့်ကဲပြောင်းလဲတာနဲ့ ပက်သတ်ပြီး ဉာဏ်အလင်းရခဲ့တာ။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ပြောပြလိုက်သည်။

၎င်းတို့အတွက် လမ်းပြတစ်ဦးပါ ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ကောင်းနေပြီပင်။

နောက်မှလိုက်လာသော တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအား ထိုမျှစိတ်ပူနေစရာ မလိုတော့ပေ။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေသည် အလွန်ကျယ်ပြန့်သည့်အပြင် ကောင်းကင်မျက်လုံးမန္တာန်ဝင်္ကပါလည်း ရှိမနေပေ။ အန်လင်းတို့အား ရှာဖွေရန်မှာ ထိုမျှလွယ်ကူတော့မည် မဟုတ်ပေ။

အရင်လက်လျှော့သွားသည့်သူမှာ အရှုံးဖြစ်ပေလိမ့်မည်။

ကီလိုမီတာ တစ်ထောင်သို့ရောက်ရန် ဆယ့်ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။

ဆေးမြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာပြီးနောက် အန်လင်း၊ စုရှောင်လန်နှင့် တုန်းဖန်းကျွမ်းရှီးတို့မှာ မထင်မရှား ဖြစ်စေမည့် အဝတ်များကို လဲလှယ်လိုက်ကြသည်။ ရှောင်ဇယ်သည်လည်း လူငယ်တစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။ မဟာလင်းနို့ဧကရာဇ်အား ရှောင်ရှားနေရသောကြောင့် နှိမ့်ချထားခြင်းမှာ ပိုမိုကောင်းမွန်ပေသည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည်လည်း လိပ်ပြာငယ်လေးအဖြစ် ပြောင်းလဲကာ အန်လင်း ပုခုံးပေါ် နားလိုက်သည်။ ဇူစကာ၊ အော့နျို၊ အဆိပ်မြူဖားနှင့် ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာတို့သည်လည်း သာမန်သားရဲများ အသွင်ပြောင်းကာ အိမ်မွေးတိရစ္ဆာန်လေးများအတိုင်း နောက်မှလိုကိပါလာသည်။

ဇူစကာသည် အနည်းငယ် ရုပ်ဆိုးနေရုံမှလွဲ၍ အခြားသားရဲများအားလုံးမှာ ချစ်ဖို့ကောင်းကြသည်။

ဆေးမြို့တော်သည် ကောင်းကင်ထက်တွင် တည်ရှိပြီး တစ်ရာကီလိုမီတာမျှ ကျယ်ဝန်းကာ ဝင်္ကပါတစ်ခုဖြင့် ကာကွယ်ထားသည်။

အန်လင်းတို့သည် လှေကားမှတဆင့် တက်သွားပြီးနောက် မြို့တံခါးသို့ ရောက်ရှိလာကြသည်။ တံခါးတစ်ဖက်ဆီတွင် မည်းနက်နေသော ခေါင်းသုံးလုံး ခွေးကြီးနှစ်ကောင်မှ စောင့်ကြပ်နေလေသည်။ ၎င်းတို့သည် ပေတစ်ရာခန့် မြင့်မားပြီး အသက်စွမ်းအင် ရှိမနေပေ။ သွေးနီရောင် မျက်ဝန်းများထဲမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။

ထိုခွေးများအား ကဲဘဲရို့စ်ဟုခေါ်ပြီး စွမ်းဆောင်ရည်များစွာ ရှိကြသည်။

(ဂရိဒဏ္ဍာရီတွင် ကဲဘဲရို့စ် ၊ ဟေးဒီးစ်(ငရဲမင်း) ၏ ခွေးအုပ်ဟု မကြာခဏ ရည်ညွှန်းလေ့ရှိသော ခွေးသည် လူသေများ ထွက်ခွာခြင်းမှ တားဆီးရန် မရဏလောက၏ တံခါးများကို စောင့်ကြပ်ပေးသော ဦးခေါင်းပေါင်းစုံ ခွေးမျိုးဖြစ်သည်။)

ကဲဘဲရိုစ့်များသည် အစောင့်အကြပ်များဖြစ်ကာ မြို့ထဲဝင်မည့်သူတိုင်းကို စစ်ဆေးလေ့ ရှိသည်။

ဆေးမြို့တော်သို့ ဝင်ရောက်ခွင့်ရရန် တန်းစီနေကြသည်မှာ မနည်းလှပေ။

လေးနက်ခက်ထန်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းမှာဝင်ခွင့်မရှိဘူး။"

မြွေလူသားမှာ အမူအရာ ပြောင်းလဲသွားပြီးနောက် ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ကဲဘဲရို့စ်များမှ လျင်မြန်စွာပင် မြွေလူသားရှေ့ ရောက်ရှိလာကာ ကိုက်ချလိုက်သည်။

"အား......."

နာနာကျင်ကျင် အော်ဟစ်သံမှာ ပဲ့တင်ထပ်သွားလေသည်။

အခြားသူများမှာ ထိုမြင်ကွင်းအား တိတ်တဆိတ်ပင် ကြည့်နေကြသည်။

မြွေလူသား၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားပြီးနောက် ကဲဘဲရိုစ့်များမှ မြိုချပစ်လိုက်သည်။

အန်လင်း အံ့အားသင့်သွားသည်။

ဝင်ခွင့်မရှိတာ ထားပါတော့...... ထွက်သွားဖို့တောင် သူတို့သဘောနဲ့မှလား......

ဘယ်လိုစည်းကမ်းကြီးလဲ......

မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ထိုကဲဘဲရိုစ့်နှစ်ကောင်အား ဂရုမစိုက်ပေ။ ၎င်းတို့သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်သာ ရှိသောကြောင့် သူ့အနေဖြင့် ထိုးနှက်သတ်ပစ်နိုင်သည်။

မကြာမီမှာပင် အန်လင်းတို့သည်လည်း လူအုပ်ကြီးရှေ့သို့ ရောက်ရှိလာသည်။

အန်လင်းသည် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ပေးထားသော ဝင်ခွင့်ကတ်ပြားအား ထုတ်ပေးလိုက်သည်နှင့် ကဲဘဲရိုစ့်တစ်ကောင်မှ စစ်ဆေးလိုက်ပြီးနောက် လေးစားစွာ အရိုအသေ ပေးလာသည်။

"ကြိုဆိုပါတယ် အရှင်။"

"အင်း......"

အန်လင်းမှာ ဆရာကြီးဟန်ဖြင့် တည်တည်ငြိမ်ငြိမ် ဝင်သွားလိုက်သည်။

စုရှောင်လန်တို့မှာမူ ရိုရိုကျိုးကျိုးပင် သူ၏နောက်မှ လိုက်ပါသွားကြသည်။

စောင့်နေကြသော လူအုပ်ကြီးမှာ အန်လင်းတို့အား အားကျမနာလိုဖြစ်ကာ စိတ်ထဲမှ အတင်းတုပ်နေကြသည်။ ၎င်းတို့သည် အန်လင်းအား ဆရာ့ဆရာကြီးဟု ထင်မှတ်သွားကြလေသည်။

အန်လင်း သက်ပြင်းချမိသည်။

ကုလေးသည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေတွင် အတော်အသင့် အရေးပါပုံပင်။

မြို့ထဲဝင်လာသည်နှင့် အဓိကလမ်းမကြီးအား တွေ့လိုက်ရသည်။

ထိုလမ်းအား ရောင်စုံစွမ်းအင်များဖြင့် ခင်းကျင်းထားကာ အိပ်မက်ဆန်သော သက်တံ့လမ်းတစ်ခုလို ထင်မှတ်ရသည်။

အန်လင်းသည် စုရှောင်လန်အား လက်တွဲကာ မြို့ထဲဝင်လာခဲ့သည်။ သက်တံ့လမ်းမှာ အိစက်နေပြီး ဝါဂွမ်းပုံပေါ် လမ်းလျှောက်နေသလို ခံစားရစေသည်။

ဇူစကာမှာ သက်တံ့လမ်းအားကြည့်ကာ ဗိုက်ဆာလာသောကြောင့် စိတ်လှုပ်ရှားစွာ ကုန်းလျင်ပစ်လိုက်သည်။ တုန်းဖန်းကျွမ်းရှီးမှာ ဂုတ်မှကိုင်ကာ တားလိုက်ရလေသည်။

"သူများတွေ အာရုံစိုက်လာအောင် မလုပ်စမ်းပါနဲ့။"

သက်လတ်ပိုင်းအရွယ် အမျိုးသား ဆူပူလိုက်သည်။

"ပြီးတော့ မြင်သမျှ လျှောက်စားမနေနဲ့။"

ဇူစကာ နှုတ်ခမ်းစူသွားသည်။ ဆိတ်ခန္ဓာ၊ လူမျက်နှာနှင့် မကောင်းဆိုးဝါး နှုတ်ခမ်းစူနေသည်မှာ ကြည့်မကောင်းလှပေ။

တုန်းဖန်းကျွမ်းရှီး စိတ်မကောင်း ဖြစ်သွားရသည်။

"ပြန်တဲ့အချိန်ကြရင်တော့ တစ်ကိုက်လောက်ကိုက်ပေါ့။"

ဇူစကာ ပျော်ရွှင်သွားသည်။

၎င်းတို့သည် သက်တံ့လမ်းအဆုံးတွင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ နာမည်ကြီး ဆေးမြို့တော်ထံ ရောက်လာခဲ့သည်။

မြို့တော်မှာ လွန်စွာလှပပေသည်။ မြေပြင်အား အကောင်းဆုံး ဝိဉာဉ်ကျောက်စိမ်းများ ခင်းကျင်းထားကာ လမ်းမီးတိုင်များတွင် ချီကျောက်တုံးများ ရှိနေသည်။ ချီကျောက်တုံးသည် အလင်းပေးရုံသာမက မြို့တော်အား သက်ရှိစွမ်းအင်များ ပြည့်နှက်နေစေသည်။

ဂျယ်လီကဲ့သို့ ပျော့တွဲတွဲ အဆောက်အဦးများအား ကျောက်မျက်ရတနာများဖြင့် ဖုံးအုပ်ထားလေသည်။

မြို့တော်ဝင်းအတွင်း မီးလျှံချော်ရည်များနှင့် ရေခဲရေများ စီးကျနေသော သံစဉ်များ ထွက်ပေါ်နေသည့် ရေပန်းတစ်ခု ရှိသေးသည်။ ထိုရေပန်းအနီးတွင် ပုံရိပ်များစွာလည်း ဖြစ်ပေါ်နေကာ ညဉ့်ကောင်းကင်ယံအား အလှဆင်ထားသည်။

သက်ရှိများမှာ ရယ်မောကခုန်နေပြီး ပျော်ရွှင်သက်ဝင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးနေသည်။

အန်လင်းသည် ဆေးမြို့တော်အား စိတ်ထဲမှ မှတ်ချက်ချမိသည်။

ခမ်းနားကြီးကျယ်လိုက်တာ.......

All Chapters