← Chapters

ဝယ်ယူခြင်း၏ဒုက္ခ

Vol. 60 Ch. 833

ဝယ်ယူခြင်း၏ဒုက္ခ

Vol. 60 Ch. 833

၎င်းတို့မှာ ဆေးမြို့တော်တခွင် လှည့်လည်သွားလာရင်း ထူးထူးဆန်းဆန်း သတ္တဝါများအား တွေ့မြင်ခဲ့ရသည်။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေရှိ သက်ရှိများသည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ သတ္တဝါများထက်ပင် အသွင်အပြင် ပိုမိုထူးခြားကြသည်။ ၎င်းတို့၏ ပုံစံများမှာ အမျိုးမျိူးအဖုံဖုံ စုံလို့နေသည်။

ပျော့ပျော့လုံးလုံးနှင့် အစိမ်းရောင် ဂျယ်လီသဏ္ဍာန် သတ္တဝါသည် 'ဖေဖေ'ဟု အော်ခေါ်ကာ ဖြူကောင်တစ်ကောင်၏ကျောပေါ် တွယ်တက်လာသည်။

အနက်ရောင် ဖြူကောင်တစ်ကောင်သည် အစိမ်းရောင် ဂျယ်လီတုံးအား မည်သို့မွေးဖွားထားသည်ကို အန်လင်း နားမလည်နိုင် ဖြစ်နေမိသည်။ ၎င်းတို့၏ မျိုးပွားနည်းများမှာ ထူးခြားပုံ ရသည်။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေရှိ အဆောက်အဦးများသည် ဂျယ်လီများနှင့် အတော်ဆင်တူသည်။

အန်လင်းသည် အနားတွင် ရှိနေသော ရွှေရောင်အိမ်အား ထိကြည့်လိုက်သောအခါ နူးညံ့ပြောင်ချောနေသည်ကို တွေ့လိုက်ရသည်။ ထူးခြားသော မွှေးရနံ့ပါ ထွက်လာသောကြောင့် စားပင်စားချင်လာမိသည်။

ဇူစကာမှာလည်း စိတ်မထိန်းနိုင်ပဲ အဆောက်အဦးများကို စားသောက်ချင်ကြောင်းသာ ပြောနေသည်။

တုန်းဖန်းကျွမ်းရှီးမှ ထုံးစံအတိုင်း တားဆီးထားလေသည်။

၎င်းတို့သည် ဆေးမြို့တော်၏ ဗဟိုဒေသသို့သာ ဦးတည်ထွက်ခွာခဲ့ကြသည်။

အန်လင်းမှာ အမှန်တကယ် အမြင်ကျယ်သွားရသည်။ ပုံမှန်မဟုတ်သော သတ္တဝါများအပြင် ဆန်းကြယ်သော အရာဝတ္ထုများကိုပါ ဆက်တိုက်တွေ့မြင်နေရလေသည်။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ တစ်ခုလုံး ယခုကဲ့သို့သာ ဆိုပါက ကောလဟလများလို ကြောက်မက်ဖွယ် မကောင်းနေပေ။

ဤနေရာတွင်ရှိသော အစားအသောက်များမှာ စိတ်ကူးယဉ်ဆန်သော စွမ်းအင်လုံးများ ဖြစ်သည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ ခရမ်းစသည်ဖြင့် အရောင်အသွေး စုံလင်ကာ စုပ်ယူရန်လည်း လွယ်ကူသည်။

အန်လင်းသည် နှင်းဆီအိပ်မက်ဟူသော အစားအသောက်အားဝယ်ရန် စိတ်ဝိဉာဉ်ကျောက်တုံး နှစ်တုံးအား အသုံးပြုခဲ့သည်။

ထိုသည်မှာ အနီနှင့်အပြာ ရောယှက်နေသော စွမ်းအင်လုံး ဖြစ်သည်။ အပြာရောင်သည် အပြင်ဘက်တွင် ကာထားပြီး အနီရောင်မှာ နှင်းဆီတစ်ပွင့်လို ကားစွင့်နေသည်။

အန်လင်းသည် နှင်းဆီအိပ်မက်အား တစ်ခါတည်း မြိုချပစ်လိုက်သည်။ ဤနေရာတွင် ထိုကဲ့သို့သာ စားသုံးကြသည်။

လန်းဆန်းသွားကာ အိပ်မက်ဆန်သော ခံစားချက်မှာ ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့သွားပြီး စွမ်းအင်လုံးလည်း ပျော်ကျသွားသည်။ နှင်းဆီတစ်ပွင့် ဖူးပွင့်လာသလို နွေးထွေးသော ခံစားချက်ကိုလည်း ရရှိလိုက်သည်။ အလွန်ကျေနပ်ဖွယ်ကောင်းသောကြောင့် သူ၏အံ့ဖွယ်အာရုံများသည်ပင် ပြေလျော့သွားလေသည်။

တော်တော်ထူးခြားတဲ့အရသာပဲ......

မဟုတ်သေးဘူး....... တကယ်ထူးခြားတဲ့ ခံစားချက်ပဲ....

ထိုအစားအစာ၏ အရသာသည် ခန္ဓာကိုယ် တစ်ခုလုံးပေါ် အကျိုးသက်ရောက်မှု ရှိသည့်အပြင် အံ့ဖွယ်အာရုံကိုပါ ကောင်းမွန်စေသည်။

စွမ်းအင်လုံးမှာ အရသာ ရှိလွန်းသောကြောင့် အန်လင်း စိတ်ဝင်စားသွားကာ အခြားအရာများပါ ဝယ်ယူပြီး သိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်သည်။ သူ့အတွက် ငွေရေးကြေးရေးမှာ ခြေသလုံးမွှေးပင် မဟုတ်လော။

ထိုစွမ်းအင်လုံးများမှာ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေတွင်သာရှိသော ဒေသအစားအစာ ဖြစ်သည်။

တပိုင်တို့အတွက် ဝယ်သွားပေးရန်မှာ အကြံကောင်းတစ်ခုပင်။

စုရှောင်လန်သည်လည်း မြို့တော်တခွင် လှည့်ပတ်ရင်း ပျော်ရွှင်နေသည်။ သူမသည် အစားအသောက် မဟုတ်ပဲ ပစ္စည်းများကို စိတ်ဝင်စားခြင်းပင်။

မရဏဝိဉာဉ်များ စုဝေးရာဖြစ်သော ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ ဒေသခံ တိုင်းရင်းသားများသည် အံ့ဖွယ်အာရုံနှင့် ပက်သတ်၍ ဗဟုသုတနေရာတွင် ပြိုင်ဘက်ကင်းကြသည်။ ဟာလာပြင်စိတ်ဝိဉာဉ် မျိုးနွယ်စုများသည်ပင် ၎င်းတို့လောက် ဗဟုသုတ မကြွယ်ဝကြပေ။

ဟာလာပြင်စိတ်ဝိဉာဉ် မျိုးနွယ်စုများသည် စားသောက်ရန်သာ သိကြပါသော်လည်း တစ်ဖက်တွင်မူ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေရှိ သတ္တဝါများမှာ သာမန်ဆန်ကြသည်။

ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ နာမည်ကြီး မြို့တော်ဖြစ်သည်နှင့်အညီ ဆေးမြို့တော်တွင် စိတ်ဝင်စားစရာများ များပြားလှသည်။

စုရှောင်လန်သည် အန်လင်းနှင့်အတူ သွားလာနေရင်း သွေးစက်ကျောက်စိမ်းရတနာကျောင်းတော်တွင် စိတ်ဝင်စားစရာ ပစ္စည်းတစ်ခုကို တွေ့လိုက်သည်။

ထိုသည်မှာ လုံးဝန်းနေသော အဖြူရောင်ကျောက်များဖြစ်ပြီး ၎င်းတို့၏ မျက်နှာပြင်မှာ ကြေးမုံပြင်ကဲ့သို့ ချောမွတ်နေသည်။

လူနှစ်ဦး၏ အရှိန်အဝါနှင့် အံ့ဖွယ်အာရုံ စွမ်းအင်အား ကျောက်နှစ်ခုထဲ တစ်ချိန်တည်း ထည့်ထားပါက မည်မျှပင် ဝေးနေပါစေ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ပေလိမ့်မည်။

အသံဆက်သွယ်သော ကျောက်စိမ်းပြားနှင့် ဆင်တူပါသော်လည်း ထိုကျောက်များသည် ရုပ်ပုံများကိုပါ လွှဲပြောင်းပေးနိုင်သောကြောင့် ဗီဒီယိုကောလ် ပြောရသလိုပင်။

သို့သော် ကျောက်များမှာ အတော်ပင် စျေးကြီးပြီး စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းခန့် ကျသင့်သည်။

ဝယ်စေသတည်း.......

အန်လင်းမှာ ထိုပမာဏအား ဂရုမစိုက်ပဲ တည်တည်ငြိမ်ငြိမ်ပင် ဝယ်ယူလိုက်သည်။

ချစ်သူကောင်လေးတစ်ဦး၏ ဆွဲဆောင်မှုမှာ မြင့်တက်သွားသလိုပင်။

ကျင့်ကြံရေးလောကတွင် အင်တာနက် မရှိသောကြောင့် ထိုကျောက်များမှာ အသုံးဝင်လှသည်။

အန်လင်းနှင့် စုရှောင်လန်သည် အရှိန်အဝါနှင့် အံ့ဖွယ်အာရုံ စွမ်းအင်များအား ကျောက်နှစ်ခုထဲသို့ အတူတကွ ထည့်လိုက်ကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦးကြည့်ကာ ချိုမြိန်စွာ ပြုံးမိလိုက်ကြသည်။

ဇူစကာမှာ အနည်းငယ် ဒေါသထွက်သွားသည်။

"ဟမ့်.....ဘာတွေပြုံးနေကြတာလဲ။ ဘာကပျော်စရာပါလို့လဲ။ ဗိုက်ထဲရောက်မှ တကယ်ပိုင်တာကွ။"

အော့နျို နားမလည်နိုင် ဖြစ်သွားရသည်။

"အဲ့တော့ မင်းပြောချင်တာကဘာလဲ။"

ဇူစကာ တိတ်ဆိတ်သွားသည်။

"ဇူစကာက မြင်ကွင်းကြောင့် စိတ်မသက်မသာ ဖြစ်နေတာလေ။"

အဆိပ်မြူဖား စကားဆိုလာသည်။

အော့နျို နားမလည်သေးပေ။

၎င်းတို့သည် ဆေးဖော်ရန် လိုအပ်သော ပစ္စည်းများကို မြို့တော်တလျှောက် လိုက်လံစုဆောင်းခဲ့ကြသည်။

ခေတ္တမျှ ကြာပြီးနောက် စုရှောင်လန်သည် ခံစားချက်ဝတ်စုံအား စိတ်ဝင်စားမိပြန်သည်။

ထိုဝတ်စုံသည် ခံစားချက်ပေါ် မူတည်ကာ အရောင်ပြောင်းလဲ၏။ ဥပမာအားဖြင့် အပြာရောင်သည် မှိုင်တွေခြင်းအား ကိုယ်စားပြုကာ အနက်ရောင်သည် စိတ်ဓာတ်ကျခြင်း ဖြစ်သည်။ အနီရောင်သည် ဒေါသထွက်ခြင်းဖြစ်ပြီး အဖြူရောင်သည် တည်ငြိမ်ခြင်းကို ကိုယ်စားပြုသည်။ ပျော်ရွှင်ခြင်းသည် အဝါရောင်ဖြစ်ကာ ကြိုက်နှစ်သက်ခြင်းသည် ပန်းရောင် ဖြစ်၏။

ခံစားချက်ဝတ်စုံသည် လှပသည့်အပြင် အရောင်မျိုးစုံ ပြောင်းလဲနိုင်သည်။ ဝတ်ဆင်သူ၏ ခံစားချက်အတိုင်း ပြောင်းလဲနေမည် ဖြစ်သောကြောင့် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလှသည်။

မည်သို့ပင်ဆိုစေကာမူ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းကျသင့်သောကြောင့် စျေးကြီးသည်ဟု ဆိုနိုင်သည်။

အန်လင်း ဝယ်ယူလိုက်သည်။

ရှောင်လန်လေးကြိုက်ရင် ပြီးတာပဲလေ.......

ချစ်သူကောင်လေး၏ ဆွဲဆောင်မှုမှာ မဟားတရား မြင့်တက်နေလေပြီ။

စုရှောင်လန်သာ် ထိုဝတ်စုံအား အန်လင်းကို ပေးလိုက်သည်။ ထိုဝတ်စုံအားဝတ်ကာ လှပသော ကောင်းကင်နတ်မိမယ်များရှေ့တွင် ရပ်ပြရမည်ဟု ဆိုသည်။ ဥပမာအားဖြင့် စုချန်းရန်၊ လျှိုချင်းဟွမ်တို့ဖြစ်ပြီး ဝတ်စုံ၏ အရောင်အား သူမ မြင်ချင်သည်ဟု ပြောလာသည်။

ပန်းရောင်က ကြိုက်နှစ်သက်တာပဲ..... ပန်းရောင်သာ ဖြစ်လာလို့ကတော့........

အန်လင်းမှာ ခြေထောက်သုံးချောင်းလုံး တဆတ်ဆတ် တုန်သွားရသည်။

သောက်ကျိုးနည်း...... ထောင်ချောက်ကြီးဟ.....

သူသည် သူမ အလိုရှိသမျှ ဝယ်ယူပေးမည်ဟု ကတိပေးထားသောကြောင့် ကတိတည်ရတော့မည်ပင်။

ထို့အပြင် စုရှောင်လန်သည် ဝတ်စုံအား ဝယ်ကိုဝယ်ရမည်ဖြစ်ကြောင်း ပြောထားသည်။

အန်လင်းမှာ ငွေချေနေရင်း လက်ချောင်းများ တုန်ယင်နေသည်။

စိတ်ထဲတွင်လည်း နောင်တရနေမိသည်။

"အန်လင်း ဒီဝတ်စုံကို သေချာသိမ်းထားနော်။ နောက်ကြရင် နင်ဝတ်ထားတာကို ကြည့်ချင်သေးတယ်။"

စုရှောင်လန် ပြုံးကာပြောလိုက်သည်။

အန်လင်းသည် ဆိုင်အားဖြိုချချင်စိတ်ပါ ပေါက်လာသည်။

မင်းမေယောနိ...... ရောင်းစရာ တော်တော်ရှားနေလို့ ယီးလိုလို မှိုလိုလို အဝတ်ကိုမှ ရောင်းရတာလား......

ဇူစကာ အားရစွာ ပြုံးလိုက်သည်။

"ဟမ့်..... တွေ့တယ်မလား။ အပျော်မစောသင့်ဘူး။ ဗိုက်ထဲရောက်မယ့် ဟာကလွဲရင် ဘာကိုမှ ဂရုမစိုက်သင့်ဘူး။"

အော့နျိုမှာ ဇူစကာ၏ မတူညီသော အမူအရာအား သတိထားမိသွားသည်။

"မင်းအခုပြောချင်တာကရောဘာလဲ။"

ဇူစကာ တိတ်ဆိတ်နေပြန်သည်။

ဉာဏ်ရည်မြင့်သော အဆိပ်မြူဖား စကားဆိုလာသည်။

"အုံးအွမ်..... ချစ်သူနှစ်ယောက် အဆင်မပြေလို့ ဇူစကာ ပျော်သွားတာလေ။ FA တွေဆိုတာ အဲ့လိုပဲ။"

"ငါမင်းကို စားပစ်လိုက်ရမလား။"

ဇူစကာ မျက်စောင်းထိုးလိုက်သည်။

အော့နျို နားမလည်နိုင်သေးပေ။

"မူး...... ဘာလို့ပျော်နေတာလဲ။ သူတို့ချစ်သူနှစ်ယောက် အဆင်ပြေအောင် လုပ်ပေးသင့်တာမလား။"

အော့နျို မေးမြန်းလိုက်သည်။

ဇူစကာနှင့် အဆိပ်မြူဖားမှာ အော့နျိုအား ကြည့်လာကြသည်။

"ဘာဖြစ်လို့လဲ။"

အော့နျိုမှာ ထိုနှစ်ကောင်အား အမှန်တကယ် နားမလည်နိုင်တော့ပေ။

"ဘာမှမဟုတ်ပါဘူး။ မင်းက ရိုးသားဖြူစင်လွန်းလို့ပါ။"

ဇူစကာ တုံ့ပြန်လာသည်။

"ရိုးသားတဲ့နွားလေး..... တကယ်တော်တယ်။"

အဆိပ်မြူဖား ချီးကျူးလိုက်သည်။

အော့နျို ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။

"ဟီးဟီး....."

All Chapters