← Chapters

အံ့သြနေသောဦးလေး

Vol. 60 Ch. 834

အံ့သြနေသောဦးလေး

Vol. 60 Ch. 834

ဆေးမြို့တော်တခွင် လှည့်လည်လျှောက်သွားရင်း ဆေးဖော်စပ်ရန် လိုအပ်သော ပစ္စည်းအတော်များများကို ရရှိခဲ့သည်။

"အင်း...... အဓိက ပါဝင်ပစ္စည်းနှစ်ခု လိုနေတုန်းပဲ။ ဆေးမျှော်စင်မှာ သွားရှာရမယ် ထင်တယ်။"

တုန်းဖန်းကျွမ်းရှီးမှာ မိုးပြာကျောက်စိမ်း သိုလှောင်လက်စွပ်အားကြည့်ကာ စကားဆိုလိုက်သည်။

"ဆေးမျှော်စင်...... မြို့အလယ်ခေါင်က မျှော်စင်လား။"

အန်လင်းမှာ မြို့အလယ်သို့ လှမ်းကြည့်ကာ မေးလိုက်သည်။ ထိုနေရာတွင် ရောင်စဉ်ခုနစ်သွယ် ဘုရားကျောင်းရှိပြီး ကောင်းကင်ထက်သို့ ထိုးတက်နေသည်။

"ဟုတ်တယ်။ အဲ့ဒဏ္ဍာရီလာမျှော်စင်ပဲ။"

တုန်းဖန်းကျွမ်းရှီးမှာ အတိတ်ကို သတိရနေဟန်ဖြင့် မျှော်စင်အား ကြည့်ရှုလိုက်သည်။

"ဆေးမျှော်စင်က ဆေးလုံးသန့်စင်ဖို့အတွက် နာမည်ကြီး မြင့်မြတ်နေရာပဲ။ ဆေးဆရာ တော်တော်များများက ဒီကနေပဲ ထွက်လာကြတာ။ ဆေးဥသျှောင်အဆင့် ဆေးဆရာ ရှစ်ယောက်တောင် ဒီနေရာကနေ မွေးထုတ်ပေးဖူးတယ်။"

အန်လင်းမှာ ကြားရုံနှင့်ပင် လေးစားမိသွားသည်။

သူ၏ဗဟုသုတအရ ဆေးဖော်စပ်ခြင်းတွင် အဓိက အဆင့်ကြီးငါးဆင့် ရှိသည်။ မီးဝိဇ္ဇာအဆင့်၊ ဆန္ဒဖြည့်ဆည်းခြင်းအဆင့်၊ ဝိဉာဉ်စုဆောင်းခြင်းအဆင့်၊ ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်နှင့် ဆေးဥသျှောင်အဆင့်တို့ ဖြစ်သည်။ တစ်နည်းဆိုသော် ဆေးမျှော်စင်မှ ပြိုင်ဘက်ကင်း ဆေးဆရာရှစ်ဦး ပေါ်ထွက်လာခဲ့ခြင်းမှာ အံ့အားသင့်စရာပင်။

ယီရှီသည်လည်း ဆေးဥသျှောင်တစ်ဦး ဖြစ်သည်။

စုရှောင်လန်သည် ဆေးလုံးသန့်စင်ခြင်းတွင် ပါရမီကောင်းမွန်ပြီး ရှမ့်ယင်၏ ဆေးလုံးသန့်စင်ခြင်း အမွေအနှစ်ကို ရရှိထားခဲ့သည်။ သူမသည် ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်ပြီး ဆေးဥသျှောင်အဆင့်သည် မည်မျှမြင့်မားကြောင်း မှန်းဆကြည့်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဆေးလုံးများအား ၎င်းတို့ဖော်စပ်နိုင်ပေသည်။

"အဲ့နေရာကိုဝင်ဖို့ ကျွန်တော်တို့ အဆင့်နဲ့ ရပါ့မလား။"

အန်လင်း စိုးရိမ်စွာ မေးလိုက်သည်။

"ဟမ့်...... သာမန်လူတွေကတော့ ဘယ်ဝင်လို့ရမလဲ။ ဒါပေမယ့် ငါ့မှာတခြား အဆင့်အတန်းတစ်ခု ရှိတယ်လေ။"

တုန်းဖန်းကျွမ်းရှီး ဂုဏ်ယူစွာ ခေါင်းမော့ထားလိုက်သည်။

သားရဲများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသလို အန်လင်းနှင့် စုရှောင်လန်တို့မှာလည်း မျှော်လင့်စောင့်စားမိသွားသည်။

"ဟုတ်တယ်။ မင်းတို့ထင်တဲ့အတိုင်း ငါကဆေးဆရာတစ်ယောက်ပဲ။"

တုန်းဖန်းကျွမ်းရှီး ပြုံးကာပြောလာသည်။

"ပြီးတော့ ငါက ဝိဉာဉ်စုဆောင်းခြင်းအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်နေပြီ။"

သားရဲများ : "..........."

အန်လင်း : "..........."

စုရှောင်လန် : "............."

"ဘာလဲ။ မင်းတို့အားလုံး ပြောစရာ မရှိဘူး ဖြစ်သွားတာလား။"

တုန်းဖန်းကျွမ်းရှီးမှာ နားလည်ပေးနိုင်ဟန်ဖြင့် ပြောလိုက်သည်။

အန်လင်း မျက်နှာပျက်သွားသည်။

ခင်ဗျားက တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာ သားရဲတစ်ကောင် ဖြစ်နေပြီးတော့ ဆေးလုံးသန့်စင်တဲ့ ပညာမှာ ဝိဉာဉ်စုဆောင်းခြင်းအဆင့်ပဲ ရှိတာတဲ့လား...... အဲ့ဒါက ဂုဏ်ယူစရာလား........

ဒီဦးလေးကြီးကို ရှောင်လန်ရဲ့ အဆင့်က ပိုမြင့်တယ်ဆိုတာ ပြောပြသင့်လား...... သူမက ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်တောင် ရောက်နေပြီလေ.......

စုရှောင်လန်အတွက်မူ ပို၍ပင် ခက်ခဲသေးသည်။ စီနီယာတစ်ဦးသည် သူမ အဆင့်ထက်နိမ့်သော ဆေးလုံးသန့်စင်ခြင်း အဆင့်အကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ကြွားဝါပြနေသည်ကို တည်တည်ငြိမ်ငြိမ် ဟန်ဆောင်နေရသည် မဟုတ်လော။

"ဆေးမျှော်စင်မှာတော့ ဆေးဥသျှောင်တွေက အထွဋ်အထိပ်ပဲ။"

တုန်းဖန်းကျွမ်းရှီး ပြုံးကာပြောလာသည်။

"ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့် ဆေးဆရာတွေကိုတော့ အကြီးအကဲ ဒါမှမဟုတ် ဆရာသခင်လို့ သတ်မှတ်ကြတယ်။ ဝိဉာဉ်စုဆောင်းခြင်းအဆင့် အထွဋ်အထိပ်ရောက်နေတဲ့ ငါ့အတွက်တော့ ဆေးမျှော်စင်မှာ ပါရမီရှင်အဖြစ် သတ်မှတ်ခံရလိမ့်မယ်။"

အန်လင်းမှာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးကာ ပြုံးလိုက်မိသည်။

သားရဲများသည်လည်း လိုက်ပြုံးလိုက်ကြသည်။

အန်လင်း စိတ်ထဲမှ သက်ပြင်းချမိသည်။

ယီးတဲ့မှ...... ဒင်းလည်း ငါ့လိုပဲလား မသိဘူး..... ဆေးလုံးသန့်စင်တာနဲ့ ပက်သတ်ပြီး ဘာမှပါရမီ မပါပဲနဲ့ ကျင့်ကြံရေးသက်သက်ကြောင့် အဆင့်တစ်ခုကို ရောက်နေတာထင်တယ်......

အန်လင်းသည် ဆေးလုံးသန့်စင်ခြင်းတွင် မီးဝိဇ္ဇာတစ်ပါး ဖြစ်ပါသော်လည်း ထိုသည်မှာ သူ၏ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံရေးအဆင့်ကြောင့် ဖြစ်သည်။ တုန်းဖန်းကျွမ်းရှီး၏ ဆေးလုံးသန့်စင်ခြင်း အဆင့်မှာလည်း တာအိုပေါင်းစည်းခြင်း ကျင့်ကြံရေးအဆင့်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဝက်များသည်ပင် ထိုအဆင့်သို့ ရောက်လာပါက ဗဟုသုတ အနည်းငယ် ရှိလာနိုင်သည် မဟုတ်လော။

နေပါဦး...... သူက ဆေးဖော်မယ် ပြောထားသေးတယ်လေ.......

အဲ့လောက်နိမ့်တဲ့ အဆင့်နဲ့ ဘာဆေးဖော်မှာတုန်း.....

"ဦးလေးတုန်းဖန်း......အရှိန်အဝါ ဖုံးကွယ်ဖို့ ဆေးဖော်ပေးမယ် ပြောတယ်မလား။ ဆေးကဘယ်အဆင့်လဲ။ ခင်ဗျားရဲ့ ဆေးလုံးသန့်စင်ခြင်း အဆင့်နဲ့ ရပါ့မလား။"

အန်လင်း မေးမြန်းလိုက်သည်။

တုန်းဖန်းကျွမ်းရှီး သက်ပြင်းချသည်။

"ဆေးဖော်စပ်နည်းကို ရှေးဟောင်းပေလွှာတစ်ခုက ရခဲ့တာ။ အဲ့ဒါက အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးဆိုတော့ ငါကိုယ်တိုင် မဖော်စပ်နိုင်ဘူး။ ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်ရှိတဲ့ ဆေးဆရာကို အကူအညီ တောင်းရလိမ့်မယ်။"

"ဆေးနည်းကို ပြရမှာဆိုတော့ ကောင်းတော့မကောင်းဘူးပေါ့။ ဘာမှတော့ မဖြစ်ပါဘူး။ အသက်အန္တရာယ်အတွက် တချို့ဟာတွေ အနစ်နာခံရမှာပဲ။"

တုန်းဖန်းကျွမ်းရှီးမှာ အနစ်နာခံရန် အသင့်ဖြစ်နေပုံပင်။

"အဲ့လောက်မခက်ခဲပါဘူး။ ရှောင်လန်က ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်ရှိတဲ့ ဆေးဆရာပဲလေ။"

အန်လင်း တွေဝေနေပါသော်လည်း ပြောပြလိုက်သည်။

တုန်းဖန်းကျွမ်းရှီး မျက်လုံးပြူးသွားရသည်။

"ဘာ..... ဘာပြောလိုက်တယ်။"

"ဦးလေးတုန်းဖန်း အဲ့ဒါအမှန်ပါပဲ။ ကျွန်မက ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်ရှိတဲ့ ဆေးဆရာပါ။"

စုရှောင်လန် အတည်ပြုပေးလိုက်သည်။

"အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးကတော့ အေးအေးဆေးဆေး ဖော်ပေးနိုင်ပါတယ်။"

တုန်းဖန်းကျွမ်းရှီး : "........."

တုန်းဖန်းကျွမ်းရှီး၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲနေရသည်။ သူသည် အားလုံးရှေ့တွင် မောက်မာစွာ ဝံ့ကြွားနေပါသော်လည်း သူ့ထက်အများကြီးငယ်သော မိန်းမငယ်လေး၏ ဆေးလုံးသန့်စင်ခြင်း အဆင့်မှာ ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်ပင် ဖြစ်နေလေသည်။

ထိုခံစားချက်သည် နာကျင်စရာ ကောင်းလွန်းလှသည်။

သူသည် ဆေးလုံးသန့်စင်ခြင်းအား နှစ်ပေါင်းများစွာ လေ့လာခဲ့ပါသော်လည်း စုရှောင်လန်ကိုပင် မကျော်နိုင်ခဲ့ပေ။ ထိုသည်မှာ အချိန်ဖြုန်းခဲ့မိသလိုပင်။

အကြောင်းပြချက် အချို့ကြောင့် ကြီးမားဝိုင်းစက်သော မျက်ဝန်းများဖြင့် အဝါရောင်ဝတ်စုံ ဆင်မြန်းထားသော အမျိုးသမီးအား စိတ်ထဲတွင် တွေးလိုက်မိသည်။ သူမသည် ရှက်ရွံ့တတ်ပါသော်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသူ ဖြစ်သည်။

"အဲ့ဒါဆိုလည်း ဒီကိစ္စကို မင်းကိုပဲ အကူအညီ တောင်းရတော့မယ်။"

တုန်းဖန်းကျွမ်းရှီး ခေါင်းညိတ်သဘောတူလိုက်သည်။

ထိုသို့ဖြင့် ဆေးမျှော်စင်ထံ ဆက်လက်ထွက်ခွာလာကြသည်။

တုန်းဖန်းကျွမ်းရှီးသည် ဂုဏ်သိက္ခာ မှေးမှိန်သွားသလို ခံစားရသောကြောင့် အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေမိသည်။

စုရှောင်လန်မှာလည်း စိတ်မသက်မသာ ဖြစ်နေသည်။ သူမ၏ ဆေးလုံးသန့်စင်ခြင်းသည် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အချို့ထက်ပင် သာလွန်နေသေးသည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက သူမသည် နာမည်ကြီးတစ်ဦး ကျိန်းသေပေါက် ဖြစ်လာပေလိမ့်မည်။

..........

မကြာမီပင် ဆေးမျှော်စင်သို့ ရောက်ရှိလာကြသည်။

ဆေးမျှော်စင်၏ တာအိုကွင်းပြင်တွင် အခမ်းအနားတစ်ခု ကျင်းပနေပုံပင်။ သက်ရှိပေါင်းများစွာ စုဝေးကာ လှုပ်ရှားသက်ဝင်နေလေသည်။ တာအိုကွင်းပြင်သည် ဆယ်ကီလိုမီတာခန့်ရှိပြီး သက်ရှိပေါင်း သိန်းနှင့်ချီ ရှိနေသည်။

ထိုအချိန်တွင် စကားသံတစ်ခု ပဲ့တင်ထပ်လာသည်။

"ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲက ဆယ်နှစ်မှာတစ်ကြိမ် ကျင်းပနေကြပါ။ အသက်သုံးဆယ်အောက် မီးဝိဇ္ဇာအဆင့် ရှိတဲ့သူမှန်သမျှ စာရင်းပေးနိုင်ပါတယ်။"

"အဓိကဆုတွေကတော့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ထိပ်ဆုံးအယောက်တစ်ရာက ဆေးမျှော်စင်မှာ ကျင့်ကြံခွင့်ရမှာပါ။ ထိပ်ဆုံးငါးယောက်ကတော့ အဆင့်ခြောက် အင်မော်တယ်ဆေးလုံး လက်မှတ်ကို ရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကတော့ ဆေးမျှော်စင်က ရတနာ တစ်ခုဖြစ်တဲ့ အလယ်အလတ်အဆင့် အင်မော်တယ်ရတနာ ဝိဉာဉ်ကိုးသွယ်ဆေးအိုးကို ရရှိမှာပါ။"

ကြေညာချက်ကြောင့် အန်လင်းနှင့် စုရှောင်လန်မှာ မျက်ဝန်းများ လင်းလက်သွားသည်။

၎င်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။

"အန်လင်း..... ငါလည်း ဆေးလုံးသန့်စင်ဖို့ အိုးကောင်းကောင်း လိုနေတာ။"

စုရှောင်လန် စကားဆိုလာသည်။

"သွားရအောင် ရှောင်လန်...... ဒီကောင်တွေကို သေချာလေး ပညာပြလိုက်ကြတာပေါ့။"

အန်လင်း အားပေးလိုက်သည်။

တုန်းဖန်းကျွမ်းရှီး : " .........."

All Chapters