← Chapters

လူငယ်တစ်ဦးမှဆူပူခြင်း

Vol. 60 Ch. 835

လူငယ်တစ်ဦးမှဆူပူခြင်း

Vol. 60 Ch. 835

"နေပါဦး။ မင်းတို့တွေက ပြိုင်ပွဲဝင်မလို့လား။"

တုန်းဖန်းကျွမ်းရှီး မျက်လုံးပြူးသွားသည်။

အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ဘာဖြစ်လို့လဲ။ ပြဿနာ ရှိလို့လား။"

"ငါတို့ နှိမ့်ချပြီး နေရမှာ မဟုတ်ဘူးလား။ ဘာလို့ ပြိုင်ပွဲဝင်ပြိုင်ချင်နေတာလဲ။"

တုန်းဖန်းကျွမ်းရှီးမှာ အန်လင်းနှင့် စုရှောင်လန်အား နားမလည်နိုင်တော့ပေ။

အန်လင်း ဝင်ပြိုင်လိုသည်ကို မပြောပေ။ သူသည် အတွေးများ ထူးဆန်းကာ ပုံမှန်မဟုတ်သည်များ လုပ်တတ်သည်။ မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်သည် ရင့်ကျက်ကာ တွေးခေါ်တတ်သူ ဖြစ်ပါလျက် အဘယ့်ကြောင့် ဝင်ပြိုင်ချင်ရပါသနည်း။

"ဦးလေးတုန်းဖန်း..... ဒါကဒီလိုရှိတယ်။"

စုရှောင်လန် ရှင်းပြလာသည်။

"မဟာလင်းနို့ဧကရာဇ်သာ ဒီကိုလာပြီး အံ့ဖွယ်အာရုံနဲ့ရှာရင် မလွတ်နိုင်ဘူး ပြောတယ်မလား။ အဲ့လိုဆိုမှတော့ ကျွန်မတို့ နှိမ့်ချပြီး နေရင်တောင် မထူးတော့ဘူးလေ။"

"ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက အကြီးအကဲတွေကလွဲရင် တခြားသူတွေက ကျွန်မတို့ကို မသိပါဘူး။"

"အဲ့ဒါကြောင့် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက သူတွေရှိနေရင်တောင် ကျွန်မတို့ကို ဘယ်သူမှန်း မသိလောက်ဘူးလေ။ ဘာကြောက်စရာ ရှိလို့လဲ။"

"ဦးလေးပြောတော့ ဆေးမျှော်စင်က အရမ်းအင်အားကြီးတယ်ဆို...."

အန်လင်း ပြုံးကာပြောလိုက်သည်။

"ပြီးတော့ ဆေးမျှော်စင်က ဘယ်ဘက်မှ မပါပဲ သူ့ဘာသာ နေတာလေ။ ဆေးပဏ္ဍိတဆိုရင် တစ္ဆေဧကရာဇ် ပေါ်ကျွင်းကိုတောင် ကူညီဖို့ ငြင်းဖူးတယ်မလား။ အဲ့ဒါကြောင့် ဆေးမျှော်စင်က ဒုက္ခပေးမှာကို ပူနေစရာ မလိုပါဘူး။"

တုန်းဖန်းကျွမ်းရှီးမှာ ထိုကိစ္စနှင့်ပက်သတ်၍ ဘာမှမတုံ့ပြန်နိုင်ပေ။

သူမျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

"မင်းတို့တွေက ဝိဉာဉ်ကိုးသွယ်ဆေးအိုးကို လိုချင်နေတာလား။"

"ဟုတ်တယ်။"

အန်လင်းနှင့် စုရှောင်လန်မှာ အတူတကွ ဖြေကြားလိုက်ကြသည်။

စုရှောင်လန်၏ လှပသော မျက်ဝန်းများထဲတွင် အလိုဆန္ဒများ တငွေ့ငွေ့ တောက်လောင်နေသည်။

သူမထံတွင် ဝိဉာဉ်ကိုးသွယ်ဆေးအိုးအား တပ်မက်သောအတ္တ ရှိနေလေသည်။

"ကောင်းပြီလေ။ မင်းတို့ အရှိန်အဝါကိုပြောင်းဖို့ မန္တန်တစ်ခု ရွတ်ပေးလိုက်မယ်။"

တုန်းဖန်းကျွမ်းရှီး လက်သင်္ကေတများ ပြောင်းလဲလိုက်သည်။

"ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက လူရှာဖို့ အရှိန်အဝါကိုပဲ အာရုံခံကြရမှာ။ သူတို့တွေက မင်းတို့ကို မမြင်ဖူးဘူးလေ။"

အန်လင်းနှင့် စုရှောင်လန်မှာ တုန်းဖန်းကျွမ်းရှီး၏ ခွင့်ပြုချက်ကြောင့် ပျော်ရွှင်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြိုင်ပွဲအတွက် စာရင်းပေးလိုက်ကြသည်။

ဘဲဥအသွင်ရှိကာ မည်းနက်နေသော သတ္တဝါတစ်ကောင်မှ ရင်းနှီးမှု မရှိသော လူသားနှစ်ဦးအား ကြည့်ရှုလာသည်။

"လူသားတွေလား။"

"ဟုတ်ပါတယ်။ ငါကအန်လင်းပါ။ ပြိုင်ပွဲအတွက် စာရင်းသွင်းချင်လို့ပါ။"

"ငါကစုရှောင်လန်ပါ။ ငါလည်း ပြိုင်ပွဲဝင်မလို့လာတာ။"

၎င်းတို့နှစ်ဦးမှာ ပြိုင်ပွဲဝင်ခွင့်အတွက် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင်စီ ထုတ်ပေးလိုက်ကြသည်။

အန်လင်းသည် ဆုရရန် မမျှော်မှန်းထားပေ။ စုရှောင်လန်အား အဖော်ပြုကာ ပျော်ရအောင်သာ လိုက်လာခဲ့ခြင်း ဖြစ်သည်။ စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင်သည်လည်း သူ့အတွက် ဘာမှမဟုတ်ပေ။

သူသည် ယှဉ်ပြိုင်သူများအား ကြည့်ရှုလိုက်သည်။ ကျယ်ဝန်းသော တာအိုကွင်းပြင်တွင် သက်ရှိတစ်သောင်းခန့်သည် ဆေးအိုးများရှေ့၌ အသီးသီး ရပ်နေကြသည်။

ယှဉ်ပြိုင်သူ များပြားလွန်းသောကြောင့် ဝင်ကြေးနှင့်ပင် ဆေးမျှော်စင်သည် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းမျှ ရလောက်သည်။

လာရောက်ကြည့်ရှုသူများမှာလည်း သုံးသိန်းခန့် ရှိသောကြောင့် စည်ကားသက်ဝင်လွန်းလှသည်။

ဘဲဥအသွင် သတ္တဝါသည် ဝင်ခွင့်များအား လက်ခံနေသည်။ ဆေးမျှော်စင်သည် မြင့်မြတ်နေရာအဖြစ် သတ်မှတ်ခံထားရကာ အားလုံးကို တန်းတူညီမျှ ဆက်ဆံသောကြောင့် မျိုးနွယ်များအားလုံးမှာ ပြိုင်ပွဲဝင်ချင်ကြသည်။

ထိုဘဲဥသည် ကြေးမုံတစ်ချပ်အားထုတ်ကာ အန်လင်းနှင့် စုရှောင်လန်ရှေ့ ထားလိုက်သည်။

အဖြူရောင်အလင်းတစ်ခု တောက်ပသွားကာ ကြေးမုံပြင်ပေါ်တွင် ၎င်းတို့၏ အသက်များ ပေါ်ထွက်လာသည်။ နှစ်ဦးလုံးသည် အသက်နှစ်ဆယ့်တစ်နှစ် ရှိပြီဖြစ်ကာ မီးဝိဇ္ဇာအဆင့်အား ကျော်လွန်နေလေပြီ။

ဘဲဥမှာ ယှဉ်ပြိုင်ခွင့်ကတ်ပြားများအား ပေးအပ်လာသည်။

"ဘယ်သူမှ မရှိတဲ့ နေရာကို ရှာယူထားလိုက်။ နောက်တစ်နာရီဆို ပြိုင်ပွဲစပြီ။"

၎င်းတို့နှစ်ဦးမှာ ပျော်ရွှင်စွာ ထွက်လာခဲ့ကြသည်။

ယှဉ်ပြိုင်သူ တစ်သောင်းမျှ ရှိနေပါသော်လည်း နေရာလွတ်များ ရှိနေသေးသည်။

အန်လင်းတို့သည်လည်း အတူတကွ နေရာယူလိုက်ကြပြီးနောက် ဆေးအိုးများ ထုတ်လိုက်ကြသည်။

စုရှောင်လန်၏ ဆေးအိုးသည် လှပစွာ တန်ဆာဆင်ထားပြီး မျက်နှာပြင်တွင်လည်း ဇာမဏီတစ်ကောင်ကို ထွင်းထုထားသည်။ ဆေးအိုး၏ အရည်အသွေးမှာလည်း အတော်မြင့်မားပြီး အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်ရတနာ ဖြစ်သည်။

အန်လင်းသည်လည်း သူ၏ရတနာများထဲတွင် ဆေးအိုးတစ်အိုး ရှာတွေ့ခဲ့ပြီး စုရှောင်လန်၏ ဆေးအိုးထက်ပင် အဆင့်မြင့်နေသေးသည်။ ထိုသည်မှာ အဆင့်မြင့် စိတ်ဝိဉာဉ်ရတနာဖြစ်ကာ အသွင်အပြင်မှာမူ စုရှောင်လန်၏ ဆေးအိုးထက် ရုပ်ဆိုးနေသည်။ ဆေးအိုးမျက်နှာပြင်တွင် ဝက်နှစ်ကောင် အကြည်ဆိုက်နေပုံ ထွင်းထားကာ ပါးစပ်များဟလျက် ချက်ချင်းပင် အနမ်းပေးတော့မလို ထင်မှတ်ရသည်။

"ဟားဟားဟား.......အန်လင်း နင့်ဆေးအိုးက တော်တော်ထူးခြားတာပဲ။"

စုရှောင်လန်သည် အန်လင်း ဆေးအိုးပေါ်မှ ဝက်နှစ်ကောင်အားကြည့်ကာ ခွက်ထိုးခွက်လန် ရယ်မောမိလိုက်သည်။

အန်လင်း၏မျက်နှာ ရဲတွတ်သွားသည်။

"မင်းဘာနားလည်လို့လဲ။ ဆေးအိုးအတွင်းဘက်ကမှ အရေးပါတာ။ ဝက်ခေါင်းတွေက ဘာဖြစ်လို့လဲ။ မင်းက ဝက်တွေကို အထင်သေးတာလား။"

စုရှောင်လန် မျက်တောင်ခတ်လိုက်သည်။

"ငါအဲ့လိုမပြောပါဘူးနော်။"

သူမ ကြည်လင်သော စကားသံဖြင့် စနောက်လာသည်။

"ဘာလို့ ဝက်ခေါင်းတွေကို ပြောရတာလဲ။"

အန်လင်း ငြိမ်သက်သွားသည်။ စုရှောင်လန်သည် ဝက်ခေါင်းများနှင့် ပက်သတ်၍ အမှန်တကယ် ဘာမှမပြောခဲ့ပေ။

"ဟမ့်..... မိုက်မဲလိုက်တဲ့လူသား....... မင်းကရော ဘာနားလည်လို့လဲ။ ဆေးအိုးအပြင်ဘက်က အရေးမကြီးဘူးပေါ့လေ။ မင်းကို ဘယ်သူပြောလဲ။"

စကားသံတစ်ခု ထွက်ပေါ်လာသည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ ပေတစ်ရာခန့်ရှိသော သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရသည်။

ထိုသည်မှာ ဖွတ်နဂါးတစ်ကောင်ဖြစ်ပြီး ၎င်း၏အတောင်များမှာ နူးညံ့ချောမွေ့ကာ အစွန်းများမှာ ထက်ရှနေသည်။ ဝါကျင့်ကျင့် မျက်ဝန်းများတွင် အန္တရာယ် အငွေ့အသက်များ ရှိနေသည်။

"မိုက်မဲလိုက်တဲ့လူသားဟုတ်လား။"

အန်လင်းမှာ ဖွတ်နဂါးအား စူးစိုက်ကြည့်ရှုလိုက်သည်။

လူသားများနှင့် ဖွတ်နဂါးမျိုးနွယ်စုသည် ဘယ်သောအခါမှ အဆင်မပြေကြပေ။ အခြားနေရာတွင်သာ ထပ်ဆုံပါက လူသားများသည် မမိုက်မဲကြောင်း သက်သေပြရန်အတွက် တောင်ခွင်းလက်သီးအား လက်ဆောင်ပေးမိလောက်သည်။

ထိုဖွတ်နဂါးသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်သာ ရှိသောကြောင့် တောင်ခွင်းလက်သီးအား ခုခံနိုင်မည် မဟုတ်ပေ။

"ဟုတ်တယ်။ မင်းက မိုက်မဲတဲ့လူသားပဲ။ ဆေးလုံးသန့်စင်ခြင်းအကြောင်း ဘာမှလည်း မသိဘူး။"

ဖွတ်နဂါးမှာ မောက်မာစွာ စကားဆိုနေသည်။

"ဆေးဆရာတစ်ယောက်က ဝိဉာဉ်ကို မပျိုးထောင်ခင် အသွင်အပြင် ပြည့်စုံအောင် လုပ်ရတယ်။ အဲ့တော့မှ လွှမ်းမိုးမှု ရှိလာမှာလေ။ ဆေးအိုးရဲ့ အသွင်အပြင်က ဆေးဆရာရဲ့ စက္ခုအာရုံပေါ် သက်ရောက်မှုရှိတယ်။ အဲ့ဒါကြောင့် ဆေးဝိဉာဉ်နဲ့ ပုံသဏ္ဍာန်ကိုပါ လွှမ်းမိုးလာနိုင်တယ်။ ဆေးအိုးတစ်အိုးက ဆေးလုံးသန့်စင်ခြင်းရဲ့ အခြေခံပဲ။ အဲ့ဒါကြောင့် အရမ်းအရေးပါတယ်။"

"ဥပမာပြောရရင် ရွံစရာကောင်းတဲ့ပုံရတဲ့ အစားအသောက်နဲ့ အရသာရှိမယ်ထင်ရတဲ့ အစားအသောက်တွေ ရလာတယ် ဆိုပါတော့ အဲ့ဒါက စားတော်ကဲရဲ့ အရည်အချင်းနဲ့ အစားအသောက်ကို ပြင်ဆင်တဲ့ စိတ်အခြေအနေက မတူလို့ပဲ။ အဲ့တော့ အစားအသောက်ပုံစံလည်း ကွဲပြားသွားတာပေါ့။"

"နားလည်ရဲ့လား။"

ဖွတ်နဂါး စကားဆိုလာသည်။

အန်လင်း အံ့အားသင့်သွားရသည်။

ဒီဖွတ်မသားက ငါ့ကို လာဆုံးမနေတာလား........

သူသည် ဖွတ်နဂါး၏ ဆေးအိုးအား လှမ်းကြည့်လိုက်သည်။

"ဒါက မင်းလုပ်ထားတဲ့ ဆေးအိုးလား။ မင်းပုံကြီးနဲ့လေ။"

ဆေးအိုးပေါ်တွင် ထိုဖွတ်နဂါးထက်ပင် ချောမောခန့်ညားသော ဖွတ်နဂါး ပုံတူအား ထွင်းထုထားသည်။

"ဟမ့်...... ပိုချောနေတဲ့ ငါ့ကိုယ်ငါ မြင်ရတော့ ယုံကြည်ချက် ပိုတိုးတယ်လေ။ ငါ့ရဲ့ ဆေးလုံးသန့်စင်ခြင်းကလည်း အစစအရာရာ ပိုကောင်းလာလိမ့်မယ်။ မိုက်မဲတဲ့လူသား...... အခုမင်းနားလည်ပြီလား။"

ဖွတ်နဂါး ပြုံးကာပြောလိုက်သည်။

အန်လင်း : "........."

သူသည် ဆေးအိုးပေါ်မှ ဝက်နှစ်ကောင်အားကြည့်ကာ စိတ်မသက်မသာ ဖြစ်မိသွားသည်။

"ဂရေး...... ပြဿနာ မရှာနဲ့တော့။ မဟုတ်ရင် နင့်ကိုသတ်မိလိမ့်မယ်။"

ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။

ဖွတ်နဂါး တုန်လှုပ်သွားကာ ခေါင်းညိတ်လိုက်သည်။

"စိတ်လျှော့ပါ ဂျူလီယာရယ်...... ငါပြဿနာ မရှာပါဘူး။"

"ဟမ့်..... နောက်ထပ် စကားပြောကြည့်လိုက်။ နင့်လျှာအရင်းကနေ ပြတ်ထွက်သွားမယ်။"

ဖွတ်နဂါးမှာ မည်သည့်စကားမှ မပြောရဲတော့ပေ။

အန်လင်း လှမ်းကြည့်လိုက်သောအခါ ဖွတ်နဂါးဘေးတွင် နောက်ထပ်ဖွတ်နဂါးတစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်းသည် ရေခဲပြာရောင်ရှိကာ ဖွတ်နဂါးချောချောသည်ဟု ဆိုနိုင်သည်။ သို့သော် စိတ်ကြီးပုံ ရလေသည်။

ဂျူလီယာသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့် ရှိသောကြောင့် မနိမ့်လှဟု ပြောနိုင်ပေသည်။ အသက်လည်း သုံးဆယ်အောက်သာ ရှိသေးသဖြင့် သူမသည် ပါရမီရှင်တစ်ဦး ဖြစ်သည်။

မကြာမီပင် အလွန်လှပသော စစ်မှန်မိစ္ဆာတစ်ဦး ကောင်းကင်ထက်သို့ ပျံဝဲလာသည်။ သူမသည် လိုက်ဖက်လွန်းသော အနီရောင်ဝတ်စုံကို ဆင်မြန်းထားသည်။

"ရှောက်ရှိနေကြတဲ့ ယှဉ်ပြိုင်သူတွေအားလုံး ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲက အခုစတင်ပါပြီ။"

All Chapters