အမြတ်ရနိုင်သောပြိုင်ပွဲစည်းမျဉ်းများ
Vol. 60 Ch. 836
ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲအား တရားဝင် စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သောကြောင့် အားလုံးစိတ်လှုပ်ရှားသွားကြသည်။
"ငါ့နာမည်က မိန်မိန်ပဲ။ ဒီပြိုင်ပွဲကို သဘာပတိအဖြစ် ဆောင်ရွက်မယ့်သူပါ။ ငါ့ရှေ့မှာ ဘာလှည့်ကွက်မှ သုံးဖို့မကြိုးစားနဲ့။ စည်းကမ်းဖောက်ဖျက်တာနဲ့ ပြိုင်ပွဲကနေ ထွက်ရမယ်။"
အမျိုးသမီး စစ်မှန်မိစ္ဆာ၏ အနီရောင်ဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ခါနေသည်။ သူမသည် အစွမ်းကုန် ပွင့်လန်းနေသော နှင်းဆီနီလေးနှင့်ပင် ဆင်တူပေသည်။
သူမ ခြေထောက်အား ဆောင့်နင်းလိုက်သည်နှင့် အဖြူရောင် မန္တာန်ဝင်္ကပါ တစ်ခုမှာ တာအိုကွင်းပြင် တခွင်လုံးကို ဖုံးလွှမ်းသွားပြီးနောက် ယှဉ်ပြိုင်သူများသည်လည်း ထူးခြားသော ခံစားချက်ကို ရရှိလိုက်ကြသည်။
ထိုစွမ်းအင်သည် ၎င်းတို့အား စောင့်ကြည့်နေကြောင်း အန်လင်း သိရှိထားသည်။
ယှဉ်ပြိုင်သူများအားလုံးမှာ ကောင်းကင်ထက်ရှိ စစ်မှန်မိစ္ဆာအား လှမ်းကြည့်လိုက်ကြသည်။ ထိုအကြည့်များနှင့်အတူ ရင်ခုန်သံများ မြန်လာရပါသော်လည်း ချက်ချင်းဆိုသလို စိတ်ပျက်သွားကြရသည်။
အား...... ကိုယ်ကြပ်ဘောင်းဘီတွေ......
သူမ၏ အနီရောင်ဝတ်စုံသည် လေနှင့်အတူ မျောလွင့်နေသောကြောင့် နတ်ဘုရားများပင် နှာခေါင်းသွေးလျှံစေမည့် မြင်ကွင်းမျိုး ဖြစ်နေသင့်သည်။
သို့သော် သူမသည် အတွင်း၌ ကိုယ်ကြပ်ဘောင်းဘီရှည်အား ဝတ်ဆင်ထားလေသည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏ သွယ်လျရှည်လျားသော ခြေတံများမှာ လွန်စွာဆွဲဆောင်မှု ရှိလှသည်။ အချို့သော ယှဉ်ပြိုင်သူများမှာ ထိုမြင်ကွင်းနှင့်ပင် ကျေနပ်သွားကြလေသည်။
စုရှောင်လန်သည် သူမ၏ဘေးတွင် ရှိနေသောကြောင့် အန်လင်းမှာ တစ်ချက်ကလေးပင် မော့မကြည့်ခဲ့ပေ။ သူသည် သစ္စာစောင့်ထိန်းသော အမျိုးကောင်းသား ဖြစ်သည်။
"ဒီပြိုင်ပွဲအတွက် ဆေးမျှော်စင်က အကြီးအကဲ ဆယ်ယောက်က ဒိုင်လုပ်ပေးလိမ့်မယ်။"
မိန်မိန်မှာ တာအိုကွင်းပြင် ရှေ့တွင်ရှိနေသော အကြီးအကဲ ဆယ်ဦးအား ညွှန်ပြကာ တစ်ဦးချင်း မိတ်ဆက်ပေးလိုက်သည်။
"ပထမစမ်းသပ်ချက် : စိတ်ဝိဉာဉ်ဆေးလုံး တစ်လုံးကို နှစ်နာရီအတွင်း သန့်စင်ပြီး ဆေးမျှော်စင်ဆီ အပ်ရမယ်။ ဆေးလုံးရဲ့ အဆင့်နဲ့ အရည်အသွေးပေါ် မူတည်ပြီး အကြီးအကဲတွေကနေ ထိပ်ဆုံးအယောက်တစ်ရာကို ရွေးပေးလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမယ်။"
မိန်မိန်မှာ ယှဉ်ပြိုင်သူများအား ငုံ့ကြည့်လာသည်။
"ဆေးလုံးသန့်စင်ဖို့ လိုအပ်တာတွေ ပြင်ဆင်လို့ရပါပြီ။"
တာအိုကွင်းပြင်မှာ ဆူညံသွားရသည်။
"ယီးတဲ့မှ...... တကယ့်ယီးလိုပဲ။ ဆေးမျှော်စင်က ပါဝင်ပစ္စည်းတွေ ထောက်ပံ့ပေးတယ်မလား။"
"ဆေးမျှော်စင်က စည်းမျဉ်းတွေ အမြဲပြောင်းနေတော့တာပဲ။"
"ဆေးလုံးသန့်စင်ဖို့ ပါဝင်ပစ္စည်းတွေ ယူမလာခဲ့မိဘူး။ ငါတော့ ကိုယ်ကျိုးနည်းပြီ ထင်တယ်။"
ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ ကျားသစ်ဖြူတစ်ကောင်မှာ ရင်ထုမနာ ငိုကြွေးလာသည်။
"ငါ့ဆီမှာ ဆေးလုံးသန့်စင်ဖို့ ပါဝင်ပစ္စည်းတွေ ရှိတယ်။ ဒါပေမယ့် စိတ်ဝိဉာဉ်ဆေးလုံးအတွက် မလောက်ဘူးရယ်။"
"ငါတော့သွားပါပြီ။ ဒါလုံးဝမတရားဘူး။"
ယှဉ်ပြိုင်သူ အများစုမှာ စိတ်ပျက်လက်ပျက် ဖြစ်ကုန်သည်။ အချို့ဆိုလျှင် ဒေါသထွက်ကာ ဆေးမျှော်စင်ကိုပင် ပြစ်တင်ပြောဆိုကြသည်။ အချို့မှာမူ ဝမ်းနည်းပက်လက် ငိုကြွေးမိကြသည်။
မိန်မိန်သည် လက်ဖြောက်တစ်ချက် တီးလိုက်သည်နှင့် အဖြူရောင် အလင်းများမှာ ယှဉ်ပြိုင်သူများထံ ရောက်ရှိလာပြီး တာအိုကွင်းပြင်တခွင် အော်ဟစ်သံများ ဆူညံသွားသည်။
ယှဉ်ပြိုင်သူများ နားမလည်နိုင် ဖြစ်သွားရသည်။
သူမက တိုက်တောင်တိုက်ခိုက်နေတာလား......
"ပြိုင်ပွဲအတွင်း ပါဝင်ပစ္စည်းတွေ လဲလှယ်တာကို တားမြစ်ထားတယ်။"
မိန်မိန် အေးစက်စွာ ကြေညာလိုက်သည်။
ယှဉ်ပြိုင်သူများမှာ ပို၍ပင် စိတ်ကသိကအောက် ဖြစ်လာရသည်။ ၎င်းတို့သည် အခြားသူများထံမှ ပါဝင်ပစ္စည်းများ ဝယ်ယူရန် လုပ်ဆောင်နေစဉ်မှာပင် မိန်မိန်မှ တားမြစ်ခဲ့ခြင်း ဖြစ်သည်။
"ပါရမီရှင် ဆေးဆရာတွေဆိုရင် ဘာလို့ပါဝင်ပစ္စည်းတွေ လုံလုံလောက်လောက် မရှိနေရတာလဲ။ ထိပ်ဆုံးအယောက်တစ်ရာထဲပါဖို့ ဘယ်လိုလုပ်ကြမှာလဲ။ နင်တို့ ပြိုင်ပွဲကနေ ထွက်သွားလို့ရတယ်။"
မိန်မိန်၏ စကားသံမှာ တာအိုကွင်းပြင်တွင် ပဲ့တင်ထပ်သွားသည်။
ထိုအကြောင်းပြချက်မှာ ငြင်းပယ်စရာ မရှိပေ။
ထို့ကြောင့် ယှဉ်ပြိုင်သူ အများစုမှာ ဆေးလုံးသန့်စင်ခြင်း မစတင်ရသေးခင်မှာပင် အလျှိုအလျှို ထွက်ခွာသွားကြလေသည်။
ရက်စက်လှသော ပြိုင်ပွဲအစပင်။
တာအိုကွင်းပြင်တွင် ယှဉ်ပြိုင်သူ နှစ်ထောင်မျှသာ ကျန်ရစ်ခဲ့သည်။
အန်လင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချမိသည်။
"တော်တော်ပက်စက်တဲ့ အကြံပဲ။"
စုရှောင်လန် ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ပြိုင်ပွဲဝင်ကြေးက စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင်တောင်မှ......လာပြိုင်တဲ့သူကလည်း တစ်သောင်းကျော်တောင်ရှိတာ။ အဲ့မှာတင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းလောက် ရပြီးနေပြီ။ အခုလည်း ပါဝင်ပစ္စည်းတွေကို ကိုယ့်ဘာသာ ပြင်ရဦးမယ်။ ပြီးရင် ဆေးလုံးတွေက ဆေးမျှော်စင်ကို ပေးရမှာ။ အဲ့တော့ သူတို့က စိတ်ဝိဉာဉ်ဆေးလုံးတွေ အများကြီး ထပ်ရဦးမှာပဲ။ အမြတ်ပေါ် အမြတ်ဆင့်နေတာပေါ့။"
"ရှောင်လန်...... ကိုယ်တို့ပြန်ရောက်ရင် စုကျိုးအင်မော်တယ်ဂိုဏ်းအနေနဲ့ ပြိုင်ပွဲကျင်းပရအောင်။ တကယ်အမြတ်ထွက်မယ့်ပုံပဲ။"
အန်လင်း စိတ်လှုပ်ရှားစွာ ပြောလာသည်။
စုရှောင်လန် : "............"
"ငါတို့ဂိုဏ်းရဲ့ပုံစံက လမ်းကြောင်းမှားနေတယ် မခံစားရဘူးလား။"
အန်လင်း လက်ခါပြလိုက်သည်။
"ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။ အဲ့ဒါက ကိုယ်တို့ဂိုဏ်းလေ..... ကိုယ်တို့ လုပ်ချင်သလို လုပ်မှာပေါ့။"
စုရှောင်လန် နှုတ်ခမ်းကိုက်လိုက်သည်။
တော်တော်လက်ပေါက်ကပ်တဲ့ ဂိုဏ်းချုပ်ပဲ......
"ဒါနဲ့ ဘယ်အဆင့်ရှိတဲ့ ဆေးလုံးမျိုးကို သန့်စင်သင့်လဲ။ ဒါက အခြေခံ ပြိုင်ပွဲပဲမလား။ ဆေးလုံးအဆင့် အရမ်းမြင့်နေရင် နှမြောစရာကြီး။"
အန်လင်း စကားဆိုလိုက်သည်။
သူသည် ငွေရေးကြေးရေး စိတ်မပူရပါသော်လည်း အဖွဲ့အစည်းတစ်ခုထံ ငွေမဖြုန်းချင်ပေ။
စုရှောင်လန် မေးဖျားထောက်ကာ တွေဝေနေသည်။
"အဆင့်ငါး စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်ရင် ကောင်းမလား။ အဆင့်ငါး ဆိုရင်တော့ ထိပ်ဆုံးအယောက်တစ်ရာထဲ အေးအေးဆေးဆေး ပါလောက်ပါတယ်။"
အန်လင်း ခေါင်းညိတ်ပြလာသည်။
"အဲ့ဒါဆို ကိုယ်က အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံး လုပ်လိုက်မယ်။"
"နင်လုပ်နိုင်လို့လား။"
စုရှောင်လန် အံ့အားသင့်သွားသည်။
"ယောက်ျားတွေက ဘယ်တော့မှ မလုပ်နိုင်ဘူးလို့ ပြောလို့မရဘူးလေ။"
အန်လင်း တုံ့ပြန်လာသည်။
သူသည် ပျော်စရာရှာရန် လာခဲ့ပါသော်လည်း ကိုယ့်ကိုယ်ကို အရှက်ကွဲခံ၍ မဖြစ်ပေ။
သူသည် မီးဝိဇ္ဇာအဆင့်၏ အထွဋ်အထိပ်တွင် ရှိနေသောကြောင့် အဆင့်အနိမ့်ဆုံး စိတ်ဝိဉာဉ်ဆေးလုံးအား ကောင်းမွန်စွာ ဖော်စပ်နိုင်သင့်သည်။
ဒေါင်......
ပြိုင်ပွဲမောင်းသံ မြည်ဟည်းသွားလေပြီ။
မိန်မိန်သည် အချိန်စမှတ်ပြီ ဖြစ်သောကြောင့် ယှဉ်ပြိုင်သူများသည်လည်း ဆေးလုံးသန့်စင်ရတော့မည်ပင်။
ပါဝင်ပစ္စည်းများ နေရာချခြင်း၊ မီးမွှေးခြင်း၊ ဆေးလုံးသန့်စင်သော မန္တာန်များ ရွတ်ဆိုခြင်း...... အစရှိသဖြင့်.....
အန်လင်းသည် ထိုအလုပ်များအား လွယ်လင့်တကူ ဆောင်ရွက်နေသော ယှဉ်ပြိုင်သူများကိုကြည့်ကာ အားကျမနာလို ဖြစ်မိရသည်။
သူသည်လည်း ဆေးလုံးသန့်စင်ခြင်းနှင့် ပက်သတ်ကာ ကြွားဝါလိုမိသည်။ သူသာ အံ့ဖွယ်ဆေးလုံး ဖော်စပ်ပြနိုင်ခဲ့ပါက အားလုံး ပါးစပ်အဟောင်းသားဖြစ်ကာ အံ့သြကုန်ရပေလိမ့်မည်။
သို့သော် သူ့ထံတွင် အရည်အချင်း ရှိမနေပေ။
"ဂရေး..... နင်အယောက်တစ်ရာထဲ မဝင်ရင် သတ်ပစ်မှာနော်။"
ဂျူလီယာ ကြိမ်းဝါးလိုက်သည်။
ဂရေး တုန်လှုပ်သွားသည်။
"နားလည်ပါတယ် ဂျူလီယာရယ်...... ထိပ်ဆုံး အယောက်တစ်ရာထဲ ဝင်ကိုဝင်စေရမယ်။ မင်းကို စိတ်မပျက်စေရပါဘူး။"
သူသည် ကြီးမားသော ဖွတ်နဂါး လက်များဖြင့် ပါဝင်ပစ္စည်းများအား ဂရုတစိုက် ကိုင်တွယ်နေသည်။
အန်လင်း မနေနိုင် မထိုင်နိုင် ဝင်ပြောမိသည်။
"ဆရာ့ဆရာကြီး ဂရေးက ဘာလို့ ကလေးလေးလို အဆူခံနေရတာလဲ။ ထိပ်ဆုံးအယောက်တစ်ရာထဲ ပါရမယ်ပေါ့လေ။ အဲ့ဒါက မင်းအတွက် နိမ့်မနေဘူးလား။"
ဂရေး အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။
"မင်းနားမလည်ပါဘူး။ ဒီပြိုင်ပွဲမှာ ထိပ်ဆုံး အယောက်တစ်ရာထဲပါဖို့ လွယ်တာမဟုတ်ဘူး။ ငါ့ကို လာမနှောင့်ယှက်နဲ့...... ငစနူကောင်။"
ထိပ်ဆုံးအယောက်တစ်ရာထဲပါဖို့ မလွယ်ဘူးပေါ့လေ.....
အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ငါတစ်ခုခုကို နားလည်မှု လွဲနေတာများလား......
ဟူး...... ငါ့အမြင်မှာတော့ ထိပ်ဆုံးအယောက်တစ်ရာထဲ ပါဖို့က နိမ့်ကျတဲ့ ရည်မှန်းချက်ပဲ.....
"ခွင့်လွှတ်ပါ။ မင်းလိုမျိုး သူရဲဘောကြောင်တွေက ရည်မှန်းချက်လည်း နိမ့်တာကို မတွေးလိုက်မိဘူး။"
အန်လင်း စကားဆိုလာသည်။
ဂရေးမှာ သွေးအန်မလိုပင် ဖြစ်သွားရသည်။
"ပါးစပ်ပိတ်ထားစမ်း။"
သူအော်ဟစ်လိုက်သည်။
"သောက်ရေးမပါတာတွေ ပြောနေရင် မင်းကိုဝါးစားပစ်လိုက်မယ်။ မင်းဆေးဖော်စပ်စရာ မလိုတော့ဘူးလား။"
"ဟားဟား..... ဟုတ်သားပဲ။ မင်းလို မိုက်မဲတဲ့လူသားက ဘယ်လိုလုပ် ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်နိုင်မှာလဲ။ ရင်းမြစ်တွေကို ဖြုန်းတီးမနေနဲ့ဦး။"
ဂရေး တုံ့ပြန်လာသည်။
အန်လင်း ရုတ်တရက် အသိဝင်သွားသည်။
သောက်ကျိုးနည်း....... ငါလည်း ဆေးဖော်ရမှာဟ.....
သူသည် စကားပြောမနေတော့ပဲ သိုလှောင်လက်စွပ်ထဲမှ ပါဝင်ပစ္စည်းများ ထုတ်လိုက်သည်။
စိတ်ဝိဉာဉ်ကျောက်တုံးသည် ပြောပရလောက်အောင် မများပါသော်လည်း အခြားတန်ဖိုးရှိသော ရင်းမြစ်များစွာ ရှိနေလေသည်။
သူသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများစွာအား ဓားပြတိုက်ခဲ့သည် မဟုတ်လော။
အန်လင်းသည် ဖော်စပ်ရ လွယ်ကူမည့် အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံးအား ရွေးချယ်ထားသည်။
ထိုသည်မှာ စွမ်းအင်တိုးပွားကာ စွမ်းအင်ဝင်ပေါက်များ ဖွင့်ပေးနိုင်သော ချင်းချဲ့ဆေးလုံး ဖြစ်သည်။
သူ၏မီးဝိဇ္ဇာအဆင့်နှင့်ဆိုလျှင် ထိုသည်မှာ ပြဿနာ မရှိလောက်ပေ။
ရှုံးနိမ့်လျှင်ပင် ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ရပေလိမ့်မည်။
အန်လင်း ဂရေးအား လှမ်းကြည့်လိုက်သည်။
မင်းက ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်ချင်တယ်ဆိုပြီး ပါဝင်ပစ္စည်းက လောက်ရောလောက်ရဲ့လား.....
အန်လင်း တစ်ချက်မျှ တွေးလိုက်မိပါသော်လည်း ခေါင်းခါကာ ဆေးလုံးသန့်စင်ရန်သာ အာရုံစိုက်လိုက်တော့သည်။