← Chapters

ခက်ခဲလွန်းသောစစ်ဆေးမှု

Vol. 60 Ch. 838

ခက်ခဲလွန်းသောစစ်ဆေးမှု

Vol. 60 Ch. 838

အဆင့်သတ်မှတ်ချက်မှာ ရုတ်ချည်းဆန်လွန်းလှသည်။

အန်လင်းနှင့် စုရှောင်လန် နှစ်ဦးလုံးမှာ ဆေးမျှော်စင်အား မေးခွန်းထုတ်ချင်မိသည်အထိပင်။

ထိပ်ဆုံးအယောက်တစ်ရာရဲ့ အရည်အချင်းက ဒီလောက်ပဲလား........ မဟုတ်သေးဘူး........ ထိပ်ဆုံးအယောက်ကိုးဆယ်လေ.......

အရမ်းညံ့လွန်းတယ်....... ယုံချင်စရာတောင် မရှိဘူး.......

စုရှောင်လန်သည် ထိပ်ဆုံးအယောက်တစ်ရာထဲ ပါရန်သာ တွေးခဲ့ပါသော်လည်း ပထမအဆင့် ရရှိခဲ့သည်။

အပျော်လာပြိုင်သော အန်လင်းမှာလည်း ထိပ်ဆုံးအယောက်ကိုးဆယ်ထဲ ပါလာခဲ့လေသည်။

ထိုသည်မှာ အစစ်အမှန် မဟုတ်သလိုပင် ခံစားရစေသည်။

ယှဉ်ပြိုင်ခွင့်ကတ်ပြားများ ပြန်ရလာသောအခါ ဂရေးသည် အံ့အားတကြီး အန်လင်းအား ကြည့်ရှုလိုက်သည်။

"အဲ့တော့ အန်လင်းဆိုတဲ့လူက မင်းပေါ့။ ဘုရားရေ...... မင်းအဲ့လောက်တော်မယ်လို့ မထင်ထားခဲ့ဘူး။"

အန်လင်း သက်ပြင်းချလိုက်သည်။

"ငါလည်း မထင်ထားဘူးဟေ့။ ဒီတိုင်း စိတ်ပြေလက်ပျောက် ဆေးလုံးတစ်လုံး သန့်စင်လိုက်တာ မင်းထက်တောင် အဆင့်မြင့်သွားသေးတယ်။ မင်းပြောတဲ့ ဂုဏ်ယူစရာဆိုတာဒါလား။ ထင်ထားတဲ့အတိုင်း ဆရာ့ဆရာကြီးငါက မင်းတို့လို သူရဲဘောကြောင်တဲ့ကောင်တွေကို နားမလည်နိုင်ဘူးပဲ။"

ထိုစကားကြောင့် ဂရေးမှာ သွေးအန်မလိုပင် ဖြစ်သွားရသည်။ သို့သော် သူ့အနေဖြင့် ဘာမှမတတ်နိုင်ပေ။ မိန်မိန်သည် အန်လင်း၏ အမည်အား သူ၏အမည်ရှေ့တွင် ကြေညာခဲ့သည် မဟုတ်လော။

ဖွတ်နဂါးကြီးမှာ ရှက်လည်းရှက်သလို ဒေါသလည်း ထွက်မိသည်။ သူသည် အာခံတွင်းအားဟကာ ဟစ်ကြွေးလိုက်သည်။

"အန်လင်း....... ငါမင်းကို သတ်ပစ်မယ်။"

ဘန်း.......

ဂရေးမှာ နားဘန်ကျင်းခံလိုက်ရသည်။

"ဂရေး နင်ပြဿနာရှာရဲရင် ရှာကြည့်လိုက်။ နင့်အသက် အရင်ပျောက်သွားမယ်။"

ဂျူလီယာသည် ထက်ရှလှသော ဖွတ်နဂါးလက်သည်းများဖြင့် ဂရေး၏ခေါင်းအား ဆုပ်ကိုင်ထားသည်။ သူမသည် အချိန်မရွေး ထိုဖွတ်နဂါးခေါင်းအား ချေမွပစ်တော့မလိုပင်။

"ဝါး..... ဝမ်းကွဲအစ်မ ငါမလုပ်တော့ပါဘူးဟာ။ အနိုင်တော့ မကျင့်ပါနဲ့နော်။"

ဂရေး ကျယ်လောင်စွာ အော်ဟစ်တောင်းပန်လိုက်သည်။

အန်လင်း : "........."

အဲ့ဖွတ်နဂါးက 'သတ်ပစ်မယ်'ဆိုတဲ့ စကားကို သူ့အစ်မဆီကနေ သင်လာတာများလား......

.........

ထုတ်ပယ်ခံလိုက်ရသော ပြိုင်ပွဲဝင်များမှာ ပြိုင်ပွဲအတွင်းမှ ထွက်ခွာသွားသောကြောင့် တာအိုကွင်းပြင်မှာ ပိုမိုကျယ်ဝန်းလာသည်။ စောင့်ကြည့်အားပေးနေသူများမှာ လျင်မြန်စွာ နေရာယူလိုက်ကြသည်။

အားလုံးသည် ထိပ်ဆုံးအယောက်ကိုးဆယ်ကိုသာ အာရုံစိုက်နေသည်။

အန်လင်းသည်လည်း ဆေးပညာတွင် ပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူခံနေရသောကြောင့် အားလုံးမနာလိုသော အကြည့်များအပေါ် သာယာနေလိုက်သည်။

စုရှောင်လန်သည် နာမည်အကြီးဆုံးပင်။

ရင်းမြစ်များ ချွေတာကာ ထိပ်ဆုံးအယောက်တစ်ရာထဲ ပါသည်ဆိုရုံမျှ ပါချင်ခဲ့သော စုရှောင်လန်သည် ပထမနေရာရကာ အားလုံး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

စောင့်ကြည့်နေသူများသာမက မိန်မိန်နှင့် အကဲဖြတ် အမှတ်ပေးသူများသည်ပင် စုရှောင်လန်အား အံ့အားသင့်ခဲ့ကြရသည်။ ၎င်းတို့အားလုံးသည်လည်း သူမအား ဆေးပညာတွင် ထူးကဲသာလွန်သူအဖြစ် သတ်မှတ်ထားလိုက်ကြသည်။

လက်ခုပ်သြဘာများ ရရှိနေသော စုရှောင်လန်အားကြည့်ကာ အန်လင်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။ "သူမက အထင်ကြီးစရာ မကောင်းဘူးလား။ အဲ့ဒါ ငါ့ရဲ့ တာအိုလက်တွဲဖော်လေ။"ဟု အော်ပစ်ချင်စိတ်များလည်း တဖွားဖွား ဖြစ်ပေါ်နေသည်။

အများစုမှာ အားကျမနာလို ဖြစ်နေပါသော်လည်း အချို့မှာမူ မကျေမနပ် ဖြစ်နေကြသည်။ ထိုသည်မှာ ထိပ်ဆုံးအယောက်ကိုးဆယ်ထဲတွင် ပါဝင်ခဲ့သော ပြိုင်ပွဲဝင်များဖြစ်ကာ စုရှောင်လန် ပထမရခဲ့သည်ကို မပျော်မရွှင် ရှိနေကြသည်။

"ဟမ့်........ ပြိုင်ပွဲအစမှာတင် အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်စရာ လိုလို့လား။ လူအာရုံစိုက်တာ ခံချင်တာဖြစ်မှာ။"

ဖောက်ထွင်းမြင်နေရသော ကြည်လင်နေသည့် အမျိုးသမီး တစ်ဦးမှာ ခါးထောက်ကာ ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အပြာရောင်ဖြစ်ကာ အတော်ပင် စိတ်အလိုမကျ ဖြစ်နေပုံရသည်။

"ရီကာ....... ထားလိုက်စမ်းပါဟာ။"

စစ်မှန်မိစ္ဆာ တစ်ကောင်မှ ဝင်ပြောလာသည်။

"ရူးတူးတူး ပေါတောတော လူသားတွေကပဲ ဒါမျိုးကို လုပ်မှာပေါ့။ ငါတို့လည်း အဆင့်ငါး စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နိုင်နေတာပဲလေ။ ဒါပေမယ့် ဆေးမျှော်စင် လက်ထဲပဲ ရောက်မယ့်ဟာကို လုပ်နေစရာလား။"

စစ်မှန်မိစ္ဆာမှာ ဓားနက်တစ်လက်အား ကျောဘက်တွင် စလွယ်သိုင်းထားသည်။

"ဂုဏ်သိက္ခာဆိုတာ ဘာမှမဟုတ်ဘူး။ အမြင့်ကိုပျံလေ ပြုတ်ကျရင်နာလေပဲ။"

"နောက်ပြိုင်ပွဲကြရင် သူမ နားလည်လာလိမ့်မယ်။ အရည်အချင်း ကွာခြားချက်တွေကိုပေါ့။"

စကားသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသည်မှာ အနက်ရောင်စွမ်းအင်များ ဖြာထွက်နေသော အမျိုးသမီး တစ်ဦးဖြစ်ကာ သူမနောက်တွင် အစိမ်းရောင် လခြမ်းတစ်ခု ရှိနေသည်။

၎င်းတို့သုံးဦးသည် အတင်းချနေရင်း အခြားသူများ အာရုံစိုက်နေသည်ကိုလည်း ပျော်ရွှင်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည်လည်း ဆေးပညာတွင် ပါရမီကောင်းသူများ ဖြစ်ကြသည်။ ထိုသည်မှာ ရီကာ၊ ဓားနက်သခင်နှင့် ပန်ယွဲ့တို့ ဖြစ်သည်။

ထိပ်ဆုံးအယောက်ကိုးဆယ်တွင် ပါဝင်သူများအားလုံးသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သို့မဟုတ် ထိုထက်မြင့်ကြသည်။

စင်စစ်တွင်မူ ဆေးလုံးသန့်စင်ခြင်းသည် ကျင့်ကြံရေးအဆင့်နှင့် များစွာဆက်နွယ်နေသည်။ ကျင့်ကြံရေးအဆင့် မြင့်လာသည်နှင့်အတူ အရည်အချင်းများစွာနှင့် သဘာဝတရားအား နားလည်မှုသည်လည်း ပိုမိုအားကောင်းလာပေလိမ့်မည်။

ထို့ကြောင့် ဆေးလုံးသန့်စင်ရာတွင် ပါရမီ မကောင်းလျှင်ပင် ကျင့်ကြံရေးအဆင့် မြင့်လာသည်နှင့်အမျှ ဆေးပညာကိုလည်း အနေအထား တစ်ခုသို့ မြှင့်တင်နိုင်မည် ဖြစ်သည်။

ထိုအချက်၏ အကောင်းဆုံး ဥပမာမှာ အန်လင်းနှင့် တုန်းဖန်းကျွမ်းရှီးတို့ပင်။

ထိပ်ဆုံးအယောက်ကိုးဆယ်သည် ဆေးပညာတွင် အမှန်တကယ် ထူးချွန်ကြပါသည်လော။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အား ပါရမီရှင်များအဖြစ် မှတ်ယူနိုင်ပေသည်။ အသက်သုံးဆယ်သို့ မရောက်မီ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိထားကြသည် မဟုတ်လော။

ကောင်းကင်ဘုံခုံရုံး၏ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်အား ဥပမာအနေဖြင့် ကြည့်ရှုလိုက်ပါက ပိုမိုရှင်းလင်းသွားပေလိမ့်မည်။ ထိုကျောင်းတော်သည် လူငယ်ပါရမီရှင်များ စုဝေးရာ ဖြစ်ပါသော်လည်း ကျောင်းမပြီးခင် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်သို့ ရောက်ရှိထားသူမှာ အနည်းငယ်မျှသာ ရှိသည်။

ထို့ကြောင့် ပြိုင်ပွဲဝင်များမှာ အားနည်းကြသူများ မဟုတ်ပေ။ အန်လင်းနှင့် စုရှောင်လန်ကသာ ကျင့်ကြံရေးတွင် အလွန်အားကောင်းနေခြင်း ဖြစ်သည်။

သို့သော် ထိုအချက်အား ကိုယ့်ကိုယ်ကို သတိမပြုမိကြပေ။

၎င်းတို့ရင်ဆိုင်ရလေ့ရှိသည်မှာ ဟင်းလင်းပြင်သို့အပြန် အဆင့်များ မဟုတ်လော။

...........

"ဒုတိယပြိုင်ပွဲက ထိပ်ဆုံးငါးယောက်ကို ရွေးချယ်မှာဖြစ်တယ်။ အဲ့ငါးယောက်က အဆင့်ခြောက် အင်မော်တယ်ဆေးလုံး လက်မှတ်ကို ဆုအဖြစ်နဲ့ရမယ်။ အခု ပြိုင်ပွဲစည်းမျဉ်းတွေကို ကြေညာပေးမယ်။"

"ခဏနေကြရင် နင်တို့ကို အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးရဲ့ ဆေးညွှန်းကိုပေးမယ်။ အဲ့ဒါက ဝိဉာဉ်နုပျိုဆေးပဲ။ နင်တို့က ဝိဉာဉ်နုပျိုဆေးကို သန့်စင်ရမယ်။ ဆေးလုံးရဲ့ အရည်အသွေးကို မူတည်ပြီး အကဲဖြတ်တွေက အမှတ်ပေးလိမ့်မယ်။"

"ဆေးမျှော်စင်က လိုအပ်တာတွေ ထောက်ပံ့ပေးမှာမို့လို့ ပါဝင်ပစ္စည်းကို ပူနေစရာ မလိုဘူး။"

မိန်မိန် ပြုံးကာပြောလာသည်။

ပြိုင်ပွဲဝင်များ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဘာတွေလာပြုံးနေတာလဲ...... ဆေးမျှော်စင်က မထောက်ပံ့ရင်လည်း ငါတို့တော်တော်များများ ပြိုင်ပွဲက ထွက်ရတော့မှာလေ...... ရင်းမြစ်တွေ အဲ့လောက်ပေါနေတယ် ထင်နေတာလား.......

အန်လင်းမှာ စိတ်ကျေနပ်နေသည်။ ဆေးမျှော်စင်သည် အသိစိတ်တော့ ရှိသေးသည်ပင်။ ပြိုင်ပွဲဝင် အများစုသည် ဆေးမျှော်စင် အဖွဲ့အစည်းထံ ဝင်ရောက်ကြမည် ဖြစ်သောကြောင့် ထိုသို့ဆုံးဖြတ်ခြင်းလည်း ဖြစ်ပေလိမ့်မည်။ တစ်ဖွဲ့သားချင်း ဆိုးဆိုးရွားရွား ဆက်ဆံလျှင် မကောင်းပေဘူး မဟုတ်လော။

ပြိုင်ပွဲဝင်များသည် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးအား သန့်စင်ရမည် ဆိုသောကြောင့် စိတ်ကသိကအောက် ဖြစ်ကုန်သည်။

ထိုသည်မှာ ပထမ ရခဲ့သော စုရှောင်လန် သန့်စင်ခဲ့သည့် စိတ်ဝိဉာဉ်ဆေးလုံးထက်ပင် အဆင့်မြင့်နေသေးသည်။

၎င်းတို့သည် ပါရမီရှင်များ ဖြစ်ကြပါသော်လည်း ထိုမျှထူးချွန်နေသည် မဟုတ်ပေ။

ပြိုင်ပွဲဝင်များမှာ စိတ်ဓာတ်ကျကုန်သည်။ အများစုသည် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးကို မဆိုထားနှင့် အဆင့်ငါး စိတ်ဝိဉာဉ်ဆေးလုံးကိုပင် မသန့်စင်ခဲ့ဖူးပေ။ ရုတ်တရက် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးအား မည်သို့သန့်စင်နိုင်ပါမည်နည်း။

ဖစ်လီအွန်မှ အားပေးသီချင်း ဆိုလာလျှင်ပင် စိတ်ဓာတ်တက်ကြွနိုင်မည် မဟုတ်ပေ။

(ဖစ်လီအွန်က မလေးရှား အဆိုတော်ပါ။ တရုတ်မှာ နာမည်ကြီးပါတယ်။)

ဂရေးမှာ မျက်စိမျက်နှာ ပျက်နေသည်။ သူသည် အန်လင်းအားကြည့်ကာ သက်ပြင်းချလိုက်သည်။

"လူသား...... ငါတို့နှစ်ယောက်က အညံ့ဆုံးတွေပဲ။ အခုတည်းက နုတ်ထွက်လိုက်တာ ပိုကောင်းမယ်။"

အန်လင်းမှာ လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ ပြုံးပြလိုက်သည်။

"စာကလေးတစ်ကောင်က ငန်းတစ်ကောင်ရဲ့စိတ်ကို ဘယ်နားလည်ပါ့မလဲ။"

ဂရေး ဒေါသထွက်သွားသည်။

"မိုက်မဲတဲ့လူသား....... ငါမင်းကိုသတ်ပစ်မယ်။"

ချက်ချင်းဆိုသလို ဂရေမှာ ကြက်သီးထကာ နောက်ဆုတ်သွားရသည်။

ဂျူလီယာမှာ ဂရေးအား စူးစိုက်ကြည့်ရှုနေလေသည်။

"အန်လင်း ငါနုတ်မထွက်တော့ဘူး။ မင်းကျရှုံးတာကို စောင့်ကြည့်မှာမို့လို့။"

ဂရေးမှာ ကျောက်ရုပ်အလား ရပ်မြဲတိုင်း ရပ်နေသည်။

အန်လင်းမှာ ဖွတ်နဂါးအား လျစ်လျူရှုလိုက်တော့သည်။

သူသည် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးအား မသန့်စင်နိုင်ပေ။ သို့သော် ဆေးမျှော်စင်သည် သူ့အားအမြတ်ထုတ်ထားသောကြောင့် ၎င်းတို့၏ ရင်းမြစ်များကိုလည်း ပြန်လည်အသုံးပြုပေးသင့်သည်။

ပါဝင်ပစ္စည်းများ ၎င်းတို့ထံ ရောက်ရှိလာသည်။

ဒေါင်......

မိန်မိန် ကြေညာလိုက်သည်။

"ဒုတိယအဆင့် ပြိုင်ပွဲ စတင်ပါပြီ။"

All Chapters