သက်ရှိစွမ်းအင်ပင်လယ်မှခေါ်သံ
Vol. 60 Ch. 839
ဒုတိယအဆင့် ပြိုင်ပွဲသည် ကြည့်မကောင်း ရှုမကောင်း ဖြစ်နေသည်။
ပြိုင်ပွဲဝင် အများစုမှာ စိတ်ပျက်အားငယ်နေကြပြီး အနည်းငယ်ကသာ ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေသည်။ ထိုကဲ့သို့ စိတ်လှုပ်ရှားနေသူများမှာ ယုံကြည်ချက် ပြင်းထန်ကြသူများ ဖြစ်သည်။
ထိုထဲတွင် စုရှောင်လန်အား အတင်းတုပ်ခဲ့သူ သုံးဦးလည်း ပါဝင်သည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးနေကြသည်။
"ကောင်းလိုက်တာ။ အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်ရမှာဆိုတော့ ငါတို့အရည်အချင်းကို ထုတ်ပြလို့ ရပြီပဲ။"
ဖောက်ထွင်းမြင်နေရသော အပြာရောင် အမျိုးသမီးမှ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် မလှမ်းမကမ်းတွင် ရှိနေသော စုရှောင်လန်အားကြည့်ကာ ရယ်မောလာသည်။
"ကြည့်ပါဦး။ လူသားမိန်းကလေးက ကြောင်တောင်တောင် ဖြစ်နေရှာတာ။ ကြောက်နေတာပဲ ဖြစ်မယ်။ အဆင့်ငါး စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နိုင်ရုံလေးနဲ့ သူမကိုယ်သူမ အနိုင်ရပြီ ထင်နေတာလား မသိဘူး။"
ဓားနက်သခင် ခေါင်းခါလိုက်သည်။
"လူသားတွေက အမြဲတမ်း အဲ့လိုပဲ။ သူတို့က တောင်လေးတစ်ခု တက်ဖူးတာနဲ့ ထိပ်ဆုံးရောက်ပြီ ထင်နေကြတယ်။ တကယ့်တောင်တန်းဆိုတာ ဘယ်လိုမျိုးလဲ သူတို့နားမလည်ကြဘူး။ အခု သူမ ထိတ်လန့်နေတယ်ဆိုတာ သေချာတယ်။ အဟက်....... ကြည့်လို့ကောင်းလိုက်တဲ့ မြင်ကွင်းပဲ။"
"စုရှောင်လန်ကတော့ မကြာခင် ရက်စက်တဲ့ အမှန်တရားကို သိလာရတော့မယ်။ အရင်ဆုံး ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ကြတာပေါ့။ ငါတို့အတွက်တော့ အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးက အေးဆေးပဲဟာ။"
ပန်ယွဲ့ စကားဆိုကာ အစိမ်းရောင် လခြမ်းထံမှ မီးတောက်စိမ်းများ ထွက်ပေါ်စေလိုက်သည်။
ထိုမီးတောက်စိမ်းသည် ကြွယ်ဝသော သက်ရှိစွမ်းအင် အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။ ယင်းမီးတောက်သည် ဆေးလုံး၏ စွမ်းအင်စီးဆင်းမှုနှင့် ဝိဉာဉ်စွမ်းအားကိုသာမက ဆေးလုံးအရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်သည်။
၎င်းတို့သည် စုရှောင်လန်အား လျစ်လျူရှုကာ ဆေးလုံးသန့်စင်ခြင်းကို အာရုံစိုက်လိုက်ကြသည်။
စောင့်ကြည့်နေသူများသည်လည်း မလှုပ်မယက် ရှိနေသော စုရှောင်လန်အားကြည့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ သံသယဖြစ်နေသူများ ရှိသလို၊ အံ့အားသင့်နေသူများနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသူများလည်း ရှိသည်။
စုရှောင်လန်သည် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးအား မသန့်စင်နိုင်ခြင်း မဟုတ်ပေ။ သူမသည် မီးတောက်အမျိုးအစားအား စဉ်းစားရွေးချယ်နေခြင်း ဖြစ်သည်။ စင်စစ်အားဖြင့် ဝိဉာဉ်နုပျိုဆေးအား သန့်စင်ရန် သန္ဓေပြောင်းသွေးဇာမဏီမီးတောက်မှာ ပိုမိုကောင်းမွန်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုမီးတောက်သည် အသက်စွမ်းအင်အား ပိုင်ဆိုင်ထားသောကြောင့် အသက်နှင့်ဆိုင်သော စိတ်ဝိဉာဉ်ဆေးလုံးများအား အားကောင်းစေသည်ပင်။
သို့သော် သူမအနေဖြင့် ထိုမီးတောက်အား သေသေချာချာ မထိန်းချုပ်နိုင်မည်ကို စိုးရွံ့နေမိသည်။
သန္ဓေပြောင်းသွေးဇာမဏီမီးတောက်အား ရရှိခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် ကောင်းစွာရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ မီးတောက်အား ထိန်းချုပ်ရာတွင် အမှားလုပ်မိပါက အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။
ဘာမှမဖြစ်ပါဘူး....... ပထမ ရစရာမှ မလိုတာ...... ထိပ်ဆုံးငါးယောက်ထဲ ပါရင်ပြီးတာပဲ......
စုရှောင်လန်သည် ဆေးလုံးသန့်စင်ခြင်းအား စတင်လိုက်သည်။ သူမသည် အရင်းနှီးဆုံးဖြစ်သော ရွှေဇာမဏီမီးတောက်အား ထုတ်ဖော်လိုက်သည်။
ပထမပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ထောင်နှင့်ချီ ရှိနေသောကြောင့် စုရှောင်လန်၏ ဆေးလုံးသန့်စင်ခြင်းအား မြင်တွေ့ဖူးသူ နည်းပါးသည်။
ယခုတွင်မူ သူမသည် အားလုံး၏ အာရုံစိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။ သူမ ထုတ်ဖော်လိုက်သော မီးတောက်သည် အံ့ဖွယ်အရှိန်အဝါများ ပါဝင်နေသည့်အပြင် အလွန်သန့်စင်သည်။ လွှမ်းမိုးနိုင်သော ဇာမဏီတွန်သံမှာလည်း နားဝင်ပီယံ ရှိလှသည်။ ထိုမီးတောက်သည် မြင့်မြတ်သော မီးတောက်တစ်ခုပင်။
ရွှေဇာမဏီမီးတောက်ကြောင့် စောင့်ကြည့်သူများ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"ဘုရားရေ...... ဘာကိုမြင်နေရတာလဲ။ ဒီလောက်သန့်စင်နေတာ........ အဲ့ဒါက အံ့ဖွယ်မီးတောက်လား။"
"သူမက အသက်ငယ်ငယ်လေးနဲ့တင် အံ့ဖွယ်မီးတောက် ပိုင်ဆိုင်နေပြီလား။ သူမ အနာဂတ်ကတော့ တကယ်ကို အကန့်အသတ် မရှိဘူးပဲ။"
"ခုနကတင် သူမ အရည်အချင်းကို မေးခွန်းထုတ်နေကြတာမလား။ အဲ့လူတွေ အခုဘယ်ရောက်သွားလဲ။ သူမကို အာရုံစိုက်ခံချင်တဲ့သူဘာညာနဲ့ ပြောနေကြတာလေ။ အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးကို သူမ မသန့်စင်နိုင်ရင်တောင် အဆင့်ငါးရဲ့ အထွဋ်အထိပ် ရောက်နေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးကို သူမ သန့်စင်ပြခဲ့ပြီးပြီပဲ။ အံ့ဖွယ်မီးတောက်လည်း ရှိနေတယ်ဆိုတော့ အနာဂတ်မှာ ပထမတန်းစား ဆေးဆရာ ဖြစ်လာနိုင်တယ်။"
စောင့်ကြည့်နေသူအချို့မှာ တိတ်ဆိတ်သွားကြသည်။ ၎င်းတို့သည် ထိုစကားများအား ခွန်းတုံ့မပြန်နိုင်ကြပေ။
ဆေးမျှော်စင် အကြီးအကဲများသည်လည်း အံ့ဖွယ်မီးတောက် အသုံးပြုနေသော စုရှောင်လန်အားကြည့်ကာ အံ့အားသင့်ကုန်ရသည်။ ထို့နောက် အကြိတ်အနယ် ဆွေးနွေးကြတော့သည်။
"တကယ့်ပါရမီရှင်ပဲ။ သူမကို ငါလက်ခံမယ်။"
"သောက်ကျိုးနည်း...... လင်းယန် ပန်ယွဲ့ကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူးလား။ ဘာလို့စိတ်ပြောင်းသွားရတာလဲ။"
"တပည့်ကောင်းကို ဘယ်သူမှ မလိုချင်ပဲ နေမှာလဲ။ တခြားသူတွေ မမြင်နိုင်ပေမယ့် ငါတို့ကတော့ မတူဘူးလေ။ စုရှောင်လန်က တကယ်ကို မျိုးစေ့ကောင်းလေးပဲ။ သူမရဲ့ ဆေးလုံးသန့်စင်ခြင်း အရည်အချင်းက ဘယ်လိုလဲဆိုတာ မြင်နေရတာပဲမလား။ အဲ့လူကလွဲရင် ဘယ်သူ့ကိုမဆို သူမ ယှဉ်နိုင်လောက်တယ်။"
.........
စုရှောင်လန်သည် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသလို အန်လင်းကိုလည်း တစ်ဦးတစ်ယောက်မှ အာရုံစိုက်နေသည်။ ထိုသည်မှာ ဖွတ်နဂါး ဂရေးပင်။
ဂရေးသည် ဆေးအိုးပေါ် လက်တင်ကာ သက်တောင့်သက်သာ မတ်တပ်ရပ်နေသည်။ သူသည် နှာခေါင်းနှိုက်ကာ ရယ်မောလာသည်။
"အန်လင်း မင်းဘာလို့ ဆေးလုံးသန့်စင်ခြင်းကို မစသေးတာလဲ။ မင်းချန်ပီယံဖြစ်လာမှာကို ငါကစောင့်နေတာ။ အားလုံးရဲ့ ထိပ်ဆုံးရောက်လာတာကို ကြည့်ချင်လို့။"
အန်လင်း မျက်နှာပျက်သွားသည်။ ငတုံးတစ်ကောင်မှ လိုက်လံခနဲ့နေခြင်းမှာ ဆိုးရွားလှသော အတွေ့အကြုံ ဖြစ်သည်။ သာမန်အခြေအနေသာဆိုပါက ၎င်းအား တောင်ခွင်းလက်သီးဖြင့် ဆုံးမလိုက်မည် ဖြစ်ပါသော်လည်း ယခုတွင်မူ ထိုသို့မလုပ်နိုင်ပေ။
ပြိုင်ပွဲ၏ ဒုတိယအဆင့်သို့ ရောက်ရှိလာသော ကျင့်ကြံသူ အများစုမှာ ဝိဉာဉ်စုဆောင်းခြင်းအဆင့်များပင်။
မီးဝိဇ္ဇာအဆင့်ဖြင့် အောင်မြင်လာသူမှာ အနည်းငယ်သာရှိပြီး ၎င်းတို့သည် ပြိုင်ပွဲမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ပြိုင်ပွဲတွင် ဆက်ရှိနေသည့် တစ်ဦးတည်းသော မီးဝိဇ္ဇာမှာ အန်လင်းသာ ရှိသည်။
ထားလိုက်ပါတော့...... ဘာပဲဖြစ်ဖြစ်ပေါ့.....
အန်လင်း အံကြိတ်ကာ သန္ဓေပြောင်းသွေးဇာမဏီ မီးတောက်ကို ထုတ်ဖော်လိုက်သည်။
ဝုန်း ....
သွေးနီရောင် မီးတောက်များမှာ ဆေးအိုးအား အပူပေးလိုက်သည်။
အန်လင်းအား လိုက်လံခနဲ့နေသော ဂရေးမှာလည်း ထိတ်လန့်သွားရလေသည်။
ဂရေး မျက်လုံးပြူးသွားသည်။
"ဒါ....... ဒါက အံ့ဖွယ်မီးတောက်လား။"
"ဘာအံ့သြစရာရှိလို့လဲ။"
အန်လင်း နားမလည်နိုင် ဖြစ်သွားရသည်။
"ဒါက အံ့ဖွယ်မီးတောက်လေ။ ဆေးဆရာတွေရဲ့ အိပ်မက်ပဲ။ အရမ်းအင်အားကြီးမှ ဒါမှမဟုတ် ကံကောင်းလွန်းတဲ့သူမှ အံ့ဖွယ်မီးတောက်ကို ရနိုင်တာ။ မင်းမှာ ဘယ်လိုလုပ် ရှိနေတာလဲ။"
ဂရေး မနာလို ဖြစ်နေသည်။
"အံ့ဖွယ်မီးတောက်က အဲ့လောက်တောင်ပဲလား။"
အန်လင်းသည် ပါဝင်ပစ္စည်းများ နေရာချနေရင်း စကားဆိုလာသည်။
"မင်းတို့လို သူရဲဘောကြောင်တွေကို ငါတကယ် နားမလည်နိုင်ဘူး။ ငါ့ဆီမှာ တခြား အံ့ဖွယ်မီးတောက်တွေတောင် ရှိသေးတယ်။"
ဂရေး တုန်လှုပ်သွားသည်။
"ငါတို့ ကမ္ဘာတစ်ခုတည်းမှာ နေနေတာရော ဟုတ်လို့လား။"
သူအံကြိတ်ကာ ဟစ်ကြွေးလိုက်သည်။
"မင်းကဘာလို့ ဒီလိုဖြစ်နေရတာလဲ။ ငါမင်းကို သတ်ပစ်မယ်။"
အန်လင်း မျက်ဆံလှန်လိုက်သည်။ သူသည် ထိုအရူးအား လျစ်လျူရှုကာ ပါဝင်ပစ္စည်းများအား ဆေးအိုးထဲ စတင်ထည့်လိုက်သည်။ ထို့နောက် သန္ဓေပြောင်းသွေးဇာမဏီမီးတောက်အား ထိန်းချုပ်ကာ ဆေးလုံးသန့်စင်ခြင်းကို စတင်လိုက်သည်။
အဆင့်ကိုး စိတ်ဝိဉာဉ်ဆေးလုံးသည် သူ၏အကန့်အသတ် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် လက်လျှော့လိုက်မည် မဟုတ်ပေ။ စိန်ခေါ်မှုအား ရင်ဆိုင်ကာ ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်လိုက်ခြင်းမှာ ကောင်းမွန်သော ရွေးချယ်မှု တစ်ခုပင်။
ဆေးလုံး အဆင်မြင့်လေ ပါဝင်ပစ္စည်းများ၏ အဆီအနှစ်များ ထုတ်ယူပေါင်းစည်းရသည်မှာ ခက်ခဲလေ ဖြစ်သည်။
အန်လင်းသည် အစစအရာရာ အထူးတလှယ် ဂရုစိုက်နေသည်။ အံ့ဖွယ်အာရုံသည် ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့ကာ အခြေအနေအား ထိန်းချုပ်ထားသည်။
ဂရေးသည် အန်လင်းအားကြည့်ကာ ထူးချွန်သူဟု ခံစားလာရသည်။ အန်လင်း၏ ဆေးပညာမှာ သူ့ထက်ပင် သာလွန်နေသယောင်။
"အင်း..... အဆင့်နှစ် စိတ်ဝိဉာဉ်ဆေးလုံး ထာဝစဉ်ပျိုမြစ်သောမြက်ကနေ အဆီအနှစ် ထုတ်ရတော့မှာပဲ။"
ဂရေး ရေရွတ်လိုက်သည်။
"သူ့အရည်အချင်းနဲ့ဆိုရင်တော့ မအောင်မြင်လောက်ဘူး။"
ဖွတ်နဂါးသည် အန်လင်းထံမှ အကြည့်မလွှဲနိုင်ပေ။
အကြောင်းပြချက် အချို့ကြောင့် သူ၏စိတ်ထဲတွင် တစ်မျိုးတမည် ခံစားနေမိသည်။
ထာဝစဉ်ပျိုမြစ်သောမြက်ရဲ့ အဆီအနှစ်ကို ထုတ်ရတော့မှာပဲ.......
အန်လင်းသည် သန္ဓေပြောင်းသွေးဇာမဏီမီးတောက်အား ထိန်းချုပ်ကာ အလေးအနက် အာရုံစိုက်နေသည်။
အဆင့်နှစ် စိတ်ဝိဉာဉ်ဆေးပင်၏ အဆီအနှစ်အား ထုတ်ယူရန်မှာ မီးဝိဇ္ဇာအဆင့်ကို မဆိုးထားနှင့် ဝိဉာဉ်စုဆောင်းခြင်းအဆင့် ဆေးဆရာများအတွက်ပင် ခက်ခဲသောအရာ ဖြစ်သည်။
အာရုံစိုက်ထား...... အာရုံစိုက်ထား......
ယီး........
ထာဝစဉ်ပျိုမြစ်သောမြက်မှာ ပျက်စီးတော့မလို ဖြစ်နေလေပြီ။ မီးတောက်အား ထိန်းချုပ်ရသည်မှာလည်း ခက်ခဲလွန်းလှသည်။
အန်လင်းသည် ပထမဆုံး အကြိမ်အဖြစ် ပြိုင်ပွဲအတွင်း ကူကယ်ရာမဲ့သလို ခံစားလာရသည်။
ယခုအတိုင်းသာဆိုပါက သူ၏ပါဝင်ပစ္စည်းများအားလုံး ပျက်စီးတော့မည်ပင်။
ဘယ်သူ ကူညီနိုင်မှာလဲ....
သူ၏အဖြစ်အပျက်ကို သိသွားသည့်အလား သက်ရှိစွမ်းအင် ပင်လယ်ထဲမှ ဗာမီလီယမ်ငှက်မှာ စွမ်းအင်များ မြင့်တက်လာသည်။
"ဆေးလုံးသန့်စင်ခြင်းကို သင်ချင်လား။ မခုခံနဲ့။ ကူညီပေးမယ်။"
ရင်းနှီးကျွမ်းဝင်မှု မရှိသော စကားသံတစ်ခုအား ကြားလိုက်ရသည်။
အန်လင်း မူးဝေဝေ ဖြစ်သွားသည်။
အဲ့ဒါဆိုလည်း ကူညီပေးပါ.......
ဝုန်း......
အန်လင်း မျက်လုံးများ ဖွင့်လိုက်သောအခါ ဗာမီလီယမ်ငှက် တစ်ကောင်၏ ပုံရိပ်မှာ ထင်ဟပ်နေသည်။
သူသည် ထာဝစဉ်ပျိုမြစ်သောမြက်အား ဆွဲကိုင်လိုက်သည်။ သွေးနီရောင် မီးတောက်များမှာလည်း ပိုမိုသိမ်မွေ့ကာ နာခံမှု ရှိလာပြီး စိတ်ဝိဉာဉ်ဆေးပင်၏ အပြင်လွှာကို ဖြည်းညင်းစွာ လောင်ကျွမ်းစေလိုက်သည်။
ထာဝစဉ်ပျိုမြစ်သောမြက်၏ အဆီအနှစ်အား အောင်မြင်စွာ ထုတ်နိုင်ခဲ့လေပြီ။