ဘယ်သူကဖျက်မြင်းအစစ်လဲ......
Vol. 60 Ch. 840
ဂရေးမှာ အံ့အားသင့်မှုများစွာနှင့် မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းအား ငေးမောကြည့်ရှုနေမိသည်။
"ဘာတွေဖြစ်နေတာလဲ။ ငါပဲအမြင်မှားနေတာလား။"
သူသည် မျက်စိအားပွတ်ကာ အန်လင်းအား ပြန်ကြည့်လိုက်သည်။ အန်လင်းသည်၏ လက်များသည် လေထဲတွင် ကခုန်နေသလို လှုပ်ရှားနေသည်။
အန်လင်း၏ သွေးနီရောင် မီးတောက်မှာလည်း အသက်ဝင်နေသလိုပင်။ မီးတောက်များသည် ဆေးအိုးအတွင်းရှိ ပါဝင်ပစ္စည်းများအား ပျော်ရွှင်စွာ လွှမ်းခြုံကာ လျင်မြန်လှသော အရှိန်အဟုန်ဖြင့် သန့်စင်ပေးနေသည်။
"ဘာ.... ဘာလို့ ဒီလက်ဟန်တွေကို ငါနားမလည်တာလဲ။"
ဂရေးမှာ မျက်လှည့်ပြပွဲတစ်ခု ကြည့်ရှုနေသလို ခံစားနေရသည်။
ပါဝင်ပစ္စည်းများထံမှ အဆီအနှစ်များအားလုံးကို အောင်အောင်မြင်မြင် ထုတ်ယူကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်လေသည်။
ဆေးလုံးပုံဖော်ခြင်းမှာ စတင်နေပြီဖြစ်ကာ လုပ်ငန်းစဉ် တစ်ခုလုံးမှာလည်း ချောမွေ့နေသည်။ အန်လင်း၏ လုပ်ဆောင်ချက်များသည် ပြီးပြည့်စုံသည်ဟုပင် ဆိုနိုင်သည်။
သန္ဓေပြောင်းသွေးဇာမဏီမီးတောက်၏ ထူးခြားစွမ်းအင်များသည် စိတ်ဝိဉာဉ်ဆေးလုံးပေါ် အကျိုးသက်ရောက်ကာ ၎င်း၏အရည်အသွေးအား ဖြည်းညင်းစွာ မြှင့်တင်ပေးနေသည်။
ဝုန်း.......
ထိုအချိန်တွင် အားကောင်းလှသော စွမ်းအင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
တစ်စုံတစ်ဦးမှာ ဆေးလုံးသန့်စင်ခြင်း ပြီးဆုံးသွားလေပြီ။
အစိမ်းရောင် ဆေးလုံးတစ်လုံးမှာ လေပေါ်ပျံဝဲနေသည်။
ဖောက်ထွင်းမြင်နေရသော အပြာရောင် အမျိုးသမီး ရီကာသည် ဆေးလုံးကိုကြည့်ကာ ရယ်မောလိုက်သည်။
"အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီပဲ။ ငါ့အတွက် ပထမဆုံးပဲ။"
သူမသည် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးအား အောင်မြင်စွာ သန့်စင်နိုင်ခဲ့သောကြောင့် အတော်ပင် ပျော်ရွှင်နေသည်။ ထိပ်ဆုံးငါးယောက်ထဲ ဝင်ရန်မှာ သေချာသလောက် ရှိနေပြီပင်။
သူမသည် ပြိုင်ဘက်များဖြစ်သော ဓားနက်သခင်နှင့် ပန်ယွဲ့တို့အား လှမ်းကြည့်လိုက်သည်။ ၎င်းတို့သည်လည်း ဆေးလုံးပုံဖော်ခြင်း အဆင့်သို့ ရောက်နေလေပြီ။ မကြာမီပင် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နိုင်တော့မည့်ပုံ ရသည်။
ဟွန့်........ ရေခဲပြာ ဖွတ်နဂါးမက ဖျက်မြင်းဖြစ်မယ့်ပုံပဲ...... သူမနာမည်က ဂျူလီယာဆိုလား......
ရီကာ၏ နှလုံးသားထဲတွင် စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။ ကမ္ဘာပေါ်တွင် ပါရမီရှင်များစွာ ရှိနေသောကြောင့် အားကောင်းသော ပြိုင်ပွဲဝင်များ ရှိလာသည်မှာလည်း မထူးဆန်းလှပေ။ ထိုဖွတ်နဂါးမလေးသည် ဖျက်မြင်းဖြစ်မည့်ပုံ ရသည်။
ထို့နောက် မထီမဲ့မြင် အမူအရာဖြင့် အခြားတစ်နေရာသို့ ကြည့်ရှုလိုက်သည်။
မိုက်မဲတဲ့လူသားမက ဘာတွေလုပ်နေလောက်မလဲ......
သူမ ငိုယိုနေမှာလား....... ဒါမှမဟုတ် ငေးငိုင်နေမှာလား.......
ရီကာ စုရှောင်လန်အားကြည့်ကာ မျက်မှောင်ကျုံ့လိုက်မိသည်။
"ဒါ..... ဒါက အံ့ဖွယ်မီးတောက်လား။"
ငါလိုချင်နေတဲ့ အံ့ဖွယ်မီးတောက်က ငါအထင်သေးထားတဲ့ လူသားမဆီမှာ ရှိနေတာလား.......
ဝုန်း........
စုရှောင်လန်၏ ဆေးလုံးမှာ ပြီးစီးသွားလေပြီ။
ဆေးရနံ့မှာ ပတ်ဝန်းကျင်တခွင် ပျံ့နှံ့ကာ အားလုံး၏ နှလုံးသားထဲ စိမ့်ဝင်သွားသည်။
အစိမ်းရောင် စိတ်ဝိဉာဉ်ဆေးလုံး၏ ပတ်ပတ်လည်တွင် ရွှေမီးလျှံဇာမဏီတစ်ကောင် ရှိနေသည်။ ထိုသည်မှာ အံ့ဖွယ်မီးတောက်၏ အကျိုးသက်ရောက်မှု ဖြစ်သည်။
ရီကာသည် နှလုံးတည့်တည့် ဓားနှင့်ထိုးခံရသလို ခံစားလိုက်ရသည်။
"ဒီစိတ်ဝိဉာဉ်ဆေးလုံးက အဆင့်လေးရဲ့ အထွဋ်အထိပ် ဖြစ်ဖို့များတယ်။"
စုရှောင်လန်၏ ဆေးလုံးသန့်စင်ခြင်း အောင်မြင်သွားသည်နှင့်အတူ များပြားလှသော ပွဲကြည့်ပရိသတ်များ ငြိမ်ကျသွားသည်။ ပြစ်တင်ဝေဖန်ခဲ့သူများသည် ရှက်ရွံ့လွန်းလှသောကြောင့် ပါးစပ်ပင် မဟနိုင်တော့ပေ။
ဆေးမျှော်စင်၏ အကြီးအကဲ ဆယ်ဦးမှာလည်း အလွန်အံ့သြနေမိကြသည်။ စုရှောင်လန်သည် ပါရမီရှင်တစ်ဦး ဖြစ်ပါသော်လည်း ထိုမျှအထိ ထူးချွန်နေမည်ဟု ထင်မှတ်မထားခဲ့ကြပေ။
"ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့်ရဲ့ ဆေးလုံးသန့်စင်တဲ့ လက်ဟန်၊ အံ့ဖွယ်မီးတောက်နဲ့ ဆေးလုံးသန့်စင်တာ ပြီးတော့ ကျင့်ကြံရေးအဆင့်ကလည်း မခေဘူး သူမက တကယ့်ကို ရှားမှရှား ပါရမီရှင်ပဲ။"
လိမ်ဖယ်နေသော သွေးနီရောင် ပင့်ကူတစ်ကောင်မှ ရေရွတ်လိုက်သည်။
"ဆေးပဏ္ဍိတရဲ့ သမီးကတော့ တကယ့်ပြိုင်ဘက်နဲ့ တွေ့ပြီပဲ။"
လက်လေးဖက် မျောက်ဝံမှ မေးကိုပွတ်ကာ ပြောလာသည်။
"အင်း........ အလယ်အလတ်အဆင့် အင်မော်တယ်ရတနာ ဝိဉာဉ်ကိုးသွယ်ဆေးအိုးက ဆေးပဏ္ဍိတကိုယ်တိုင် သမီးအတွက် ပြင်ဆင်ထားတာပဲ။ အခုတော့......."
အဖြူရောင်မီးလျှံများနှင့် လူသားအသွင်ရှိသူမှာ စိုးရိမ်ပူပန်စွာ ခေါင်းခါလိုက်သည်။
ဝုန်း.....
ဝုန်း.......
ထိုအချိန်တွင် ဓားနက်သခင်နှင့် ပန်ယွဲ့တို့မှာ ဆေးလုံးသန့်စင်ခြင်း အောင်မြင်သွားကြသည်။
၎င်းတို့သည် လူထုအားပေးသံများ ကြားနေရသောကြောင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ထိုစိတ်ဝိဉာဉ်ဆေးလုံးသည် ပြီးပြည့်စုံနေသည့်အပြင် အံ့ဖွယ်မီးတောက် အရှိန်အဝါပါ ရှိနေသေးသည်။
ထိုသည်မှာ စုရှောင်လန်၏ စိတ်ဝိဉာဉ်ဆေးလုံးပင်။
အကဲဖြတ် အမှတ်ပေးသူများ၏ အမြင်ကိုပင် မလိုအပ်ပဲ ကြည့်ရုံမျှဖြင့် စုရှောင်လန်၏ စိတ်ဝိဉာဉ်ဆေးလုံးသည် ၎င်းတို့ထက် သာလွန်နေကြောင်း ထင်ရှားလှသည်။
အစောပိုင်းတွင် လှောင်ပြောင်မိခဲ့သည်မှာ ဟာသတစ်ခုလိုပင်။
အစကတည်းက စွမ်းအင်ဖြုန်းတီးနေတာတဲ့လား...... အဆင့်ငါး စိတ်ဝိဉာဉ်ဆေးလုံးက သူမရဲ့ အကန့်အသတ်တဲ့လား...... သူမက အာရုံစိုက်တာကို ခံချင်တာတဲ့လား......
ထိုစကားလုံးများမှာ ယခုပြန်တွေးပါက ရှက်ရွံ့ဖွယ်ရာပင်။
ဓားနက်သခင်နှင့် ပန်ယွဲ့မှာ ခေါင်းငုံ့ငြိမ်သက်နေမိသည်။
သူမသည် အာရုံစိုက်ခံရသည်ကို နှစ်သက်သဘောကျနိုင်ပါသော်လည်း ထိုကဲ့သို့ လုပ်ဆောင်နိုင်သော အရည်အချင်းလည်း ရှိနေသည်။
"ကြည့်ရတာ ချန်ပီယံဆုကို ငါတို့မရနိုင်တော့ဘူး ထင်ပါတယ်။"
ဓားနက်သခင် ခါးသက်စွာ ပြောလိုက်သည်။
"သူမနာမည်က စုရှောင်လန်မလား။ ကြည့်ရတာ လူသားမျိုးနွယ်မှာ ပထမတန်းစား ဆေးဆရာ ပေါ်လာတော့မယ် ထင်တယ်။"
ပန်ယွဲ့ သက်ပြင်းချလိုက်သည်။
"သူမက ချန်ပီယံ ဖြစ်လောက်တယ်။ ဒီမှာ အကြီးဆုံး ဖျက်မြင်းပဲ။ ထိပ်ဆုံးငါးယောက်ထဲ ပါဖို့ပဲ အာရုံထားရတော့မယ်။"
ရီကာ စိတ်ပျက်စွာ စကားဆိုလိုက်သည်။
ဝုန်း......
စွမ်းအင်ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
လှမ်းကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကို တွေ့လိုက်ရသည်။ သူမ၏ ရွှေရောင်မျက်ဝန်းများမှာ လခြမ်းသဖွယ် တွန့်ကွေးနေသောကြောင့် သူမ ပြုံးရယ်နေခြင်း ဖြစ်ပုံရသည်။ သူမ၏ရှေ့တွင် အသက်စွမ်းအင် အားကောင်းနေသော ဝိဉာဉ်နုပျိုဆေး ရှိနေပြီး ဆေးလုံး၏ အစိမ်းရောင် မျက်နှာပြင်တွင် ရွှေရောင်အစင်းများ တလက်လက် ထနေသည်။
ပြိုင်ပွဲဝင်များအားလုံး တအံ့တသြ ဖြစ်သွားကြသည်။ အထူးသဖြင့် ရီကာ၊ ဓားနက်သခင်နှင့် ပန်ယွဲ့တို့မှာ မျက်စိမျက်နှာ ပျက်ကုန်သည်။
ထိုဝိဉာဉ်နုပျိုဆေးသည် အလွန်အဆင့်မြင့်သော အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးပင်။
ဖျက်မြင်းတစ်ကောင် ပေါ်လာပြန်ပြီ........
၎င်းတို့အားလုံး စိတ်ဆင်းရဲသွားသည်။
"အဲ့ဒါဘယ်သူလဲ။ ဝတ်ရုံနက်ကြီးနဲ့ဆိုတော့ ဘယ်သူမှန်း မသိရဘူး။"
"ဘယ်က ပါရမီရှင်တွေ ပြုံပြီးရောက်နေတာလဲ။ အဓိပ္ပါယ်ရော ရှိသေးရဲ့လား။"
"ဟူး..... ချန်ပီယံဖြစ်ဖို့က တကယ်ခက်လွန်းပါတယ်။"
၎င်းတို့သုံးဦး စကားစမြည် ပြောနေစဉ်မှာပင် ပြင်းထန်လှသော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
အစိမ်းရောင် အလင်းမှာ ကောင်းကင်ထက်တိုင် ထိုးတက်သွားပြီး ကြွယ်ဝလှသော ဆေးရနံ့မှာ တစ်ကီလိုမီတာကျော် ပျံ့နှံ့သွားသည်။
အားလုံးမှာ ထိုသူအား အာရုံစိုက်မိလိုက်ကြသည်။
၎င်းတို့သည် အဖြူရောင်ဝတ်စုံနှင့် လူသားတစ်ဦးအား တွေ့လိုက်ရသည်။
အစိမ်းရောင် စိတ်ဝိဉာဉ်ဆေးလုံးသည် အသက်စွမ်းအင်များ ပြည့်နှက်ကာ အဆင့်တစ်ခုထက် သာလွန်နေသလိုပင်။
မိန်မိန်သည်ပင် မျက်လုံးအပြူးသား ဖြစ်နေရလေပြီ။
အားလုံးမှာ ထိုလူသားကိုသာ ငေးကြောင်ကြည့်နေမိကြသည်။
ပြိုင်ပွဲဝင်များမှာ သွေးအန်တော့မလို ဖြစ်နေရလေသည်။
အတင်းတုပ်နေသူ သုံးဦးသည်ပင် တိတ်ဆိတ်သွားကြသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးမှာလည်း အပြုံးများ ပျောက်ကွယ်သွားသည်။
စုရှောင်လန်မှာ အန်လင်းအားကြည့်ကာ တောက်ပစွာ ပြုံးလာသည်။
"အန်လင်း နင်ကတကယ်ကို တစ်ခုခုပဲ။ ငါ့ကို ဘယ်သွားသွား အမြဲတမ်း လန့်အောင်လုပ်နေတော့မှာလား။"
အကြီးအကဲများမှာလည်း မယုံကြည်နိုင်စွာ မတ်တပ်ရပ်လိုက်မိကြသည်။
အကြီးအကဲတစ်ဦး ရေရွတ်လိုက်သည်။
"အဆင့်လေးရဲ့ အထွဋ်အထိပ်ကိုတောင် ကျော်လွန်နေပြီ။ အဆီအနှစ်ထုတ်တာလည်း ပြီးပြည့်စုံတယ်။ ပေါင်းစည်းတာလည်း ပြီးပြည့်စုံတယ်။ ဆေးလုံးပုံဖော်တာလည်း ပြီးပြည့်စုံတယ်။ ပြီးပြည့်စုံမှုတွေ အားလုံးက ဆေးလုံးကိုလည်း ပြီးပြည့်စုံစေတယ်။"
အဖြူရောင်မီးလျှံများနှင့် လူသားအသွင် အကြီးအကဲ ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး။ ဆေးရနံ့က တစ်ကီလိုမီတာ ကျော်တဲ့အပြင် အဆင့်ကျော်လွန်ခြင်း ရောင်စဉ်လည်း ဖြစ်ပေါ်လာတယ်။ ဒါက အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံး မဟုတ်တော့ဘူး။ အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးပဲ။"
အကြီးအကဲများအားလုံး အသက်ရှူသံများ ပြင်းပြသွားရသည်။
ထိုလူသား၏ ဆေးလုံးသန့်စင်ခြင်းသည် ပြီးပြည့်စုံလွန်းသောကြောင့် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးကိုပင် အဆင့်သုံးသို့ ရောက်ရှိစေခဲ့သည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပါရမီရှင်လဲ....