ကြိုးစားပမ်းစား ဆရာသမား
Vol. 60 Ch. 841
ဗာမီလီယမ်ငှက်၏ ပုံရိပ်မှာ အန်လင်း၏ မျက်ဝန်းထဲမှ စတင်ပျောက်ကွယ်လာသည်။
သူသည် ပင်ပန်းလွန်းလှသောကြောင့် ခန္ဓာကိုယ်ပင် ယိုင်တိယိုင်တိုင် ဖြစ်နေသည်။ မီးလျှံဖြူ ဗာမီလီယမ်ငှက်အား ဆေးလုံးသန့်စင်ရန် အသုံးပြုခြင်းသည် သိစိတ်အာရုံ အားကုန်လွန်းသောကြောင့် မကြာခဏ မပြုလုပ်သင့်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ဆေးလုံးမှာ ထူးခြားသွားသည်။
အန်လင်းသည် ဆေးပညာရှင် မဟုတ်ပါသော်လည်း ဆေးလုံး၏ စွမ်းအင်မှာ သာမန်မဟုတ်ကြောင်း ခံစားမိသည်။
စောင့်ကြည့်နေသူများ၏ အမူအရာကြောင့် ထိုသည်မှာ ပိုမိုသေချာသွားသည်။
သူသည် အားလုံး၏ အာရုံစိုက်မှုကို ခံနေရသည်။ သတ္တဝါကြီးများကြားတွင် သေးငယ်ကာ မထင်မရှား ဖြစ်နေခဲ့ပါသော်လည်း ယခုတွင်မူ အရှိန်အဝါ ကြီးမားသွားသလိုပင်။
အန်လင်း ဂရေးကိုကြည့်ကာ မေးလိုက်သည်။
"ကြည့်ရတာ ငါ့ရဲ့ ဆေးလုံးသန့်စင်ခြင်းက သိပ်မဆိုးသလိုပဲနော်။ ဒါပေမယ့် ငါက မင်းတို့လို ဆရာကြီး မဟုတ်ဘူးလေ။ ပြောပါဦး.......ငါထိပ်ဆုံးငါးယောက်ထဲ ဝင်နိုင်မယ် ထင်လား။"
ဂရေးမှာ အန်လင်း၏ ဆေးလုံးအားကြည့်ကာ တုန်ယင်လာသည်။
"ငါ.......ငါ......"
ဒုန်း......
ထို့နောက် ခြေထောက်များပင် မခိုင်တော့ပဲ ဒူးထောက်ကျသွားရသည်။
"ငါမှားပါတယ်။ ဆက်မကြွားပါနဲ့တော့ကွာ...... ငါ...... ငါတောင်းပန်ပါတယ်။"
အန်လင်း : "............"
စုရှောင်လန် : ".........."
ပြိုင်ပွဲဝင်များ : ".........."
အန်လင်း၏ ဆေးလုံးသည် အားလုံးကို အံ့အားသင့်စေခဲ့သည်။
ပြိုင်ပွဲဝင် အများစုမှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ စိတ်ဝိဉာဉ်ဆေးလုံးအား အဆင့်တစ်ခု တက်သွားစေသည်အထိ သန့်စင်နိုင်သော ပြိုင်ဘက်ကို မည်သို့အနိုင်ယူရမည် မသိတော့ပေ။
အမှတ်တစ်ရာပေးသော စာမေးပွဲတွင် အန်လင်းသည် တစ်ရာ့တစ်မှတ် ရသလို ဖြစ်နေသည်။
မကြာမီပင် ဒုတိယအဆင့် ပြိုင်ပွဲမှာ အချိန်ပြည့်သွားတော့သည်။
ပြိုင်ပွဲဝင် အယောက်ကိုးဆယ်တွင် ခုနစ်ဦးသည် အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးအား အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ အန်လင်းသည် အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်ခဲ့သောကြောင့် ခြောက်ဦးဟုသာ ဆိုရပေလိမ့်မည်။
အကြီးအကဲ တစ်ဦးသည် ပေလွှာတစ်ခုအားဖွင့်ကာ ကြေညာလိုက်သည်။
"အခု နောက်ဆုံးအဆင့် ပြိုင်ပွဲကို တက်ရောက်သွားတဲ့ ပါရမီရှင် ဆေးဆရာငါးယောက်ကို ကြေညာပေးပါမယ်။ ပထမက အန်လင်းပါ။"
ထိုသည်မှာ ထိုက်တန်လွန်းလှသောကြောင့် ပွဲကြည့်ပရိသတ်များထံမှ အားပေးသံများ ပွတ်လောရိုက်သွားသည်။
တုန်းဖန်းကျွမ်းရှီးမှာ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့် ရောက်ရှိနေသော စုရှောင်လန်အား မအံ့သြမိပါသော်လည်း မီးဝိဇ္ဇာအဆင့်သာရှိသော အန်လင်းသည် သောက်ကြမ်းကြီး ဖြစ်နေသည်ကို သူလက်မခံနိုင်ပေ။
တစ်ခုခုများ မှားနေတာလား......
ရှောင်ဇယ်မှာ ပို၍ပင် ကြောင်အမ်းအမ်း ဖြစ်နေသေးသည်။
ဆရာ့ရဲ့ ဆေးလုံးသန့်စင်ခြင်း အစွမ်းက အမြဲတမ်း အဲ့လိုကြမ်းနေတာလား........ ငါလည်း ဘာမှမသိခဲ့ပါလား......
သူသည် ကြယ်များအကြားတွင် မောက်မာစွာ ရှိနေခဲ့သော နဂါးနက်ကြီးအား ပြန်လည်တွေးမိသွားသည်။
ဆရာရဲ့ အစွမ်းတွေ နိုးထလာတာများလား.......
"ဒုတိယကတော့ စုရှောင်လန်ပါ။"
အားပေးသံများ ပဲ့တင်ထပ်သွားသည်။ စုရှောင်လန်သည်လည်း သူမ အရည်အချင်းအား သက်သေပြခဲ့ပြီး ဖြစ်သည်။
သူမသည် ထိပ်ဆုံးငါးယောက်ထဲဝင်ရန် ရည်ရွယ်ထားသောကြောင့် ထိုသည်မှာ ရလဒ်ကောင်းတစ်ခုပင်။
အတင်းတုပ်ထားကြသော ရီကာ၊ ဓားနက်သခင်နှင့် ပန်ယွဲ့တို့မှာ အထိတ်တလန့် ဖြစ်လာကြသည်။ သုံးနေရာသာ ကျန်တော့သည် မဟုတ်လော။
"တတိယ ရသွားတာကတော့ ဖန်းနီပါ။"
အကြီးအကဲမှာ ဆက်လက်ကြေညာလိုက်သည်။
အားပေးနေသူများ ငြိမ်ကျသွားသလို ပြိုင်ပွဲဝင်များလည်း မျက်လုံးပြူးသွားကြသည်။
"ဖန်းနီ..... ဘယ်ကဖန်းနီလဲ။"
"အဲ့နာမည်ကို ကြားဖူးနေသလိုပဲ။"
"ဟာ..... ဆေးပဏ္ဍိတရဲ့ သမီးကလည်း ဖန်းနီပဲလေ။ သူမများလား။"
ထိုအချိန်တွင် ဝတ်ရုံနက်နှင့် အမျိုးသမီးမှာ ဝတ်ရုံအား ဖယ်ရှားလိုက်သည်။
"ဝါး......"
ရွှေရောင်သလင်းကျောက်ဖြင့် ထွင်းထုထားသလို ထင်မှတ်ရသော မိန်းမလှလေးတစ်ဦးကို တွေ့လိုက်ကြရသည်။
သူမသည် မြေပြင်ပေါ်မှ အနည်းငယ် လွင့်မျောနေသည်။ ပြစ်မျိုးမှဲ့မထင် လှပကာ အဖြူရောင် ဂါဝန်တိုလေးအား ဆင်မြန်းထားသောကြောင့် ရှည်သွယ်သော ခြေတံများကို မြင်နေရကာ ရွှေရောင်ဆံနွယ်များမှာလည်း ခြေမျက်စိတိုင်အောင် ရှည်လျားလို့နေသည်။
သူမ၏ မျက်ဝန်းများမှာ တောက်ပရွှန်းစိုနေပြီး အမူအရာမှာ သိမ်မွေ့ပါသော်လည်း အရှိန်အဝါအရ အားလုံး၏ အထက်တွင်ရှိသော မြင့်မြတ်သူဟု ထင်မှတ်ရသည်။
အားလုံးမှာ ထိုအမျိုးသမီးအား ငေးမောကြည့်ရှုနေမိကြသည်။
"ဘုရားရေ ...... တကယ်ကြီး ဖန်းနီပဲ။ ဆေးပဏ္ဍတ သမီး ဖန်းနီပဲ။"
"သူမက မဟာအသက်နန်းဆောင်မှာ ပညာသင်နေတာမလား။ ဘာလို့ ဒီကိုရောက်နေတာလဲ။"
"သူမ ကျောင်းပြီးသွားတာများလား။"
"အသက်နှစ်ဆယ့်ငါးပဲ ရှိသေးတာလေ။ တကယ် ကျောင်းပြီးသွားတာဆိုရင် မဟာအသက်နန်းဆောင်မှာ အသက်အငယ်ဆုံး ကျောင်းပြီးသွားတဲ့ ပါရမီရှင်ပေါ့။"
"သူမက အဲ့လောက်တောင် ထူးချွန်တာလား။"
အားလုံးမှာ ထိုအမျိုးသမီးအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
မဟာအသက်နန်းဆောင်သည် ကောင်းကင်ဘုံခုံရုံး၏ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်နှင့် ဆင်တူပြီး ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေတွင် အကောင်းမွန်ဆုံး ကျောင်းတော်တစ်ခု ဖြစ်သည်။ မဟာအသက်နန်းဆောင်သည် ကျောင်းသားများ အဆင့်တစ်ခု သို့မဟုတ် အခြေအနေတစ်ခုသို့ ရောက်ရှိပြီးမှသာ ကျောင်းပြီးခွင့်ပြုခြင်းပင်။
အချို့သော ကျောင်းသားများဆိုလျှင် နှစ်ရာချီသည့်တိုင် ကျောင်းမပြီးနိုင်ကြပေ။
မည်သို့ပင်ဆိုစေကာမူ ဖန်းနီသည် အသက်နှစ်ဆယ့်ငါးနှစ်နှင့်ပင် ကျောင်းပြီးလာသောကြောင့် ပါရမီရှင်ဟု ဆိုနိုင်သည်။
ဖန်းနီသည် တည်တည်ငြိမ်ငြိမ်ပင် အန်လင်းအား ကြည့်ရှုလာသည်။
"နင်က အန်လင်းမလား။ သိပ်ပျော်မနေနဲ့ဦး။ ငါ့အစွမ်းတွေ အကုန်ထုတ်မပြရသေးဘူး။ ဗိုလ်လုပွဲကြရင် ငါနဲ့ထိုက်တန်တဲ့ ဂုဏ်သိက္ခာကို ပြန်ယူပြမယ်။"
အန်လင်း မျက်တောင်ခတ်လိုက်သည်။ သူမသည် ရှောင်ဇယ်ကိုယ်တိုင် ရွှေရောင်အဆီအနှစ် သလင်းကျောက်များဖြင့် ထုလုပ်ထားသော နဂါးမင်းသမီး ရုပ်ထုနှင့် တထေရာတည်း တူညီနေသည်။
သူရှောင်ဇယ်အား လှမ်းကြည့်လိုက်မိသည်။
ထင်မှတ်ထားသည့်အတိုင်း ရှောင်ဇယ်သည် အသက်ရှူရန်ပင် မေ့လျော့နေသည့်အလား ဖန်းနီအား ငေးမောကြည့်ရှုနေမိသည်။
အော်..... မြင်မြင်ချင်းအချစ်ထင်ပါ့......
ရှောင်ဇယ်၏ ဆရာဖြစ်နေသောကြောင့် အန်လင်းစိတ်ထဲတွင် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
အန်လင်း ဖန်းနီအားကြည့်ကာ ပြုံးလိုက်သည်။
"ကောင်းသားပဲ။ မင်းက ဖန်းနီမလား။ အဲ့လောက်တောင် ယုံကြည်ချက် ရှိနေမှတော့ ငါနဲ့အလောင်းအစား လုပ်ရအောင်။"
ဖန်းနီ စိတ်ဝင်စားသွားသည်။
"ဘာအလောင်းအစားလဲ။"
"ငါချန်ပီယံဖြစ်လာရင် မင်းကငါတောင်းဆိုတာ တစ်ခုခု လုပ်ပေးရမယ်။ အဲ့လိုပဲ မင်းချန်ပီယံ ဖြစ်လာရင်လည်း မင်းတောင်းဆိုတာ လုပ်ပေးမယ်။"
အန်လင်း ပြုံးကာပြောလာသည်။
"အိုး..... စိတ်ဝင်စားဖို့ ကောင်းသားပဲ။"
ဖန်းနီ၏ မျက်ဝန်းများတွင် တိုက်ပွဲစိတ်ဆန္ဒများ တောက်ပလာသည်။ သူမသည် ပါရမီရှင် ဖြစ်သောကြောင့် ထိုသို့သော အလောင်းအစားအား မပယ်ချနိုင်ပေ။
"ကောင်းပြီလေ။ နင့်အလောင်းအစားကို ငါလက်ခံတယ်။"
ဖန်းနီ ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမယ့် တောင်းဆိုမယ့် အရာက မလုပ်နိုင်တာမျိုး မဖြစ်ရဘူး။ ရက်စက်ကြမ်းကြုတ်ကာမျိုး မဖြစ်ရဘူး။"
အန်လင်း သဘောတူလိုက်သည်။
"သေချာတာပေါ့။ ငါတို့ တာအိုနှလုံးသားနဲ့ တိုင်တည်ရအောင်။"
စုရှောင်လန်သည် အန်လင်းအား နားမလည်နိုင် ဖြစ်နေမိသည်။
ဘာတွေကြံနေတာလဲ......... ပေါက်ကရတွေ မလုပ်တာ ပိုကောင်းမှာကို.......
တာအိုနှလုံးသားဖြင့် ကျိန်ဆိုပြီးနောက် အန်လင်းမှာ ရှောင်ဇယ်အားကြည့်ကာ သက်ပြင်းချမိသည်။
ရှောင်လေး...... ဒီဆရာက ဘာမှမလုပ်ပေးနိုင်ခဲ့လို့ တကယ်ကို အပြစ်ရှိသလို ခံစားရတယ်......
အဲ့ဒါကြောင့် ဒီတစ်ခါတော့ လက်ဆောင်ကြီးကြီး ပေးတဲ့အနေနဲ့ မင်းကို မိန်းမရှာပေးမယ်.....
ထိပ်ဆုံးသုံးယောက်အား အတည်ပြုပြီးသွားပြီပင်။
ရီကာ၊ ဓားနက်သခင်နှင့် ပန်ယွဲ့တို့မှာ လွန်စွာကြောက်ရွံ့နေမိသည်။
"စတုတ္ထနေရာကတော့ ပန်ယွဲ့ပါ။"
"ပဉ္စမမြောက်ကတော့ ဂျူလီယာပဲ ဖြစ်ပါတယ်။"
အကြီးအကဲမှ ကြေညာလိုက်သည်။
ပန်ယွဲ့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် ဘေးသို့လှည့်ကြည့်လိုက်သည်။
ရီကာနှင့် ဓားနက်သခင်မှာ မိုးကြိုးပစ်ချခံရသလို ခံစားရကာ တောင့်တောင့်ကြီး ရပ်နေကြလေသည်။
"ဘယ်.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတာလေ။ အခုတော့ ထိပ်ဆုံးငါးယောက်ထဲတောင် မပါဘူးတဲ့လား။"
ရီကာ၏ မျက်ဝန်းများမှာ စိတ်ဖိစီးမှုကြောင့် မှေးမှိန်သွားသည်။
ထိုသည်မှာ ဆိုးရွားလှသော ခံစားချက် ဖြစ်သောကြောင့် စိတ်ဝိဉာဉ်ပင် ထိခိုက်ကာ သူမ၏ ဖောက်ထွင်းမြင်နေရသော အပြာရောင် ခန္ဓာကိုယ်မှာလည်း အရောင်အဆင်းများ မှိန်ကျသွားသည်။
ဓားနက်သခင် နာကျည်းစွာ ဟစ်ကြွေးလိုက်သည်။
"အား...... ငါအသက်မရှင်ချင်တော့ဘူး။ ငါဆဲပုခုလုပ်တော့မယ်။"
သူသည် ဓားနက်ကြီးအားထုတ်ကာ ဝမ်းဗိုက်တည့်တည့် ထိုးစိုက်ပစ်လိုက်သည်။
(ဆဲပုခုက ဂျပန်စကားပါ။ ဗိုက်ကိုဓားနဲ့ထိုးပြီး ကိုယ့်ကိုယ်ကို သတ်သေတာပါ။)
သွေးများပန်းထွက်လာသည်။
ဓားနက်သခင်မှာ နာနာကျင်ကျင် အော်ဟစ်ငိုကြွေးလိုက်သည်။
ထို့နောက် ပြန်လည်ကောင်းမွန်စေသော သွေးသစ်လောင်းဆေးများကိုထုတ်ကာ သောက်သုံးလိုက်သည်။
အန်လင်း : "......."
ဒီကောင်က သောက်ရူးလားဟ....