မီးတောက်ပြိုင်ပွဲ
Vol. 60 Ch. 842
ဖျက်မြင်းများ ပေါ်ထွက်လာသည်နှင့်အတူ ရီကာနှင့် ဓားနက်သခင်တို့၏ ယုံကြည်ချက်များမှာ ပျောက်ကွယ်သွားရသည်။
ဖျက်မြင်းတစ်ကောင်သာဆိုပါက ၎င်းတို့အနေဖြင့် ထိပ်ဆုံးငါးယောက်ထဲတွင် နေရာရနိုင်သေးသည်။
သို့သော် ဖျက်မြင်းမှာ စုရှောင်လန် တစ်ဦးတည်း မဟုတ်ပဲ အန်လင်း၊ ဂျူလီယာနှင့် ဖန်းနီတို့ပါ ပါဝင်နေသည်။ ထိပ်ဆုံးငါးယောက်ထဲတွင် ဖျက်မြင်းလေးကောင် ရှိနေသည်မှာ အဓိပ္ပါယ်ပင် မရှိတော့ပေ။
နာမည်ကြီး ဆေးဆရာများ ဖြစ်နေပါသော်လည်း ထိပ်ဆုံးငါးယောက်ထဲ မပါနိုင်ခဲ့သောကြောင့် ခံစားရခက်လှသည်။
ရီကာနှင့် ဓားနက်သခင်မှာ စိတ်ပျက်လက်ပျက်နှင့်ပင် ပြိုင်ပွဲကွင်းပြင်မှ ထွက်ခွာသွားသည်။
ဂရေးသည် ဝမ်းကွဲအစ်မ ဂျူလီယာမှာ ထိပ်ဆုံးငါးယောက်ထဲ ပါသွားသောကြောင့် ယုံကြည်ချက် ပြန်ရှိလာပါသော်လည်း အန်လင်းရှေ့တွင် မကြွားဝါရဲတော့ပေ။
သူသည် ပါရမီရှင် တစ်ဦးအဖြစ် အန်လင်းအား ခနဲ့ခဲ့သည်များကိုတွေးကာ ရှက်ရွံ့မိလာသည်။
မိန်မိန်မှာ ပါရမီရှင်များအားကြည့်ကာ မျက်ဝန်းများ တောက်ပလာသည်။
"အန်လင်း၊ စုရှောင်လန်၊ ဖန်းနီ၊ ပန်ယွဲ့နဲ့ ဂျူလီယာ..... ဂုဏ်ယူပါတယ်။ နင်တို့အားလုံး ဗိုလ်လုပွဲကိုရောက်ပြီဆိုတော့ ဆေးမျှော်စင်ကနေ အဆင့်ခြောက် အင်မော်တယ်ဆေးလုံး လက်မှတ်တစ်စောင်စီ ဆုချီးမြှင့်ခံရမယ်။"
"ချန်ပီယံ ဖြစ်လာမယ့်သူကတော့ အလယ်အလတ်အဆင့် အင်မော်တယ်ရတနာ ဝိဉာဉ်ကိုးသွယ်ဆေးအိုးကို ဆုအဖြစ်နဲ့ ရမှာပါ။ အခုပဲ ဗိုလ်လုပွဲကို စလိုက်ကြရအောင်။"
သူမသည် အနီရောင်ဝတ်စုံ တဖျပ်ဖျပ် လွင့်နေအောင် လေထဲလမ်းလျှောက်လိုက်သည်။ တာအိုကွင်းပြင်၏ အလယ်ဗဟိုတွင် ပြိုင်ပွဲစင်မြင့်တစ်ခု ဖြစ်ပေါ်လာလေသည်။
ပြိုင်ပွဲဝင် ငါးဦးလုံးမှာ စောင့်ကြည့်နေသူများ၏ အကြည့်အောက်တွင်ပင် စင်မြင့်ပေါ်သို့ တက်သွားလိုက်ကြသည်။
ရီကာနှင့်ဓားနက်သခင်မှာ စင်မြင့်ပေါ်တွင် တောက်ပနေသော ပြိုင်ပွဲဝင် ငါးဦးအားကြည့်ကာ မနာလိုစိတ်များ ဖြစ်လာသည်။
၎င်းတို့သည် ပြိုင်ပွဲ ဒုတိယအဆင့်မှာတင် ပြုတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
အန်လင်းသည် ကျင့်ကြံရေးလောကတွင် ရှိနေစဉ်အတွင်း အာရုံစိုက်မှုများစွာကို ခံခဲ့ရပါသော်လည်း များပြားလှသော သတ္တဝါများကိုကြည့်ကာ အနည်းငယ် စိတ်မတင်မကျ ဖြစ်နေမိသည်။
လူပေါင်းသိန်းနှင့်ချီ အကြည့်ခံရသည်နှင့် သတ္တဝါပေါင်း သောင်းခြောက်ထောင် ဝိုင်းအကြည့်ခံရသည်မှာ မတူညီပေ။ ၎င်းတို့သည် လေးစားအားကျ ဂုဏ်ယူသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသောကြောင့် အန်လင်းမှာ စိတ်ပင်လှုပ်ရှားလာသည်။
"ဗိုလ်လုပွဲကတော့ ရိုးရှင်းပါတယ်။ အဆင့်အမြင့်ဆုံး ဆေးလုံးကို သန့်စင်နိုင်တဲ့သူနိုင်မယ်။ အဆင့်ချင်း တူနေရင် ဆေးလုံးရဲ့ အရည်အသွေးနဲ့ ဆုံးဖြတ်ပေးမယ်။"
"ပြီးတော့ အားလုံးက ကိုယ့်ပစ္စည်း ကိုယ်သုံးရမယ်။"
မိန်မိန်မှာ ပြိုင်ပွဲဝင်များအားကြည့်ကာ မျက်စိတဖက် မှိတ်ပြလာသည်။
ပြိုင်ပွဲဝင်များမှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြသည်။ ၎င်းတို့သည် ဆေးမျှော်စင်၏ စိန်ခေါ်ပွဲအတွက် အသင့်ဖြစ်နေကြပြီပင်။
ဗိုလ်လုပွဲထိ ရောက်ရှိလာသော ပါရမီရှင် ဆေးဆရာများထံတွင် ရင်းမြစ်များ ရှိကြမည်မှာ သေချာသည်။
အန်လင်းသည် အခြားသော ပြိုင်ပွဲဝင် သုံးဦးအား ကြည့်ရှုလိုက်သည်။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်နှင့်ပင် မခေသူများဖြစ်ကြောင်း သိသာနေသည်။ ဂျူလီယာသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်၊ ပန်ယွဲ့သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်ရှိကာ ဖန်းနီသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်သည်။
၎င်းတို့အားလုံးသည် အသက်သုံးဆယ်ပင် မပြည့်ကြသေးပေ။
စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်တွင်ပင် ၎င်းတို့အား ထိပ်သီးပါရမီရှင်များအဖြစ် သတ်မှတ်ရပေလိမ့်မည်။
အန်လင်း အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်စေလိုက်သည်။ ဖန်းနီသည် မည်မျှအထိ လုပ်ဆောင်နိုင်စွမ်းရှိကြောင်း မသိရသောကြောင့် အနည်းငယ် စိတ်ဖိစီးနေသည်။
ဆေးမျှော်စင်၏ ထိပ်ဆုံးတွင် ရွှေရောင်ပုံရိပ်တစ်ခုသည် လသာဆောင်မျှတဆင့် ဆေးမြို့တော်အား ကြည့်ရှုနေသည်။ ဆေမြို့တော်သည် ရတနာနယ်မြေ တစ်ခုအလား တလက်လက် တောက်ပကာ လှပလွန်းလှသည်။
ရွှေရောင်ပုံရိပ်သည် ပြိုင်ပွဲစင်မြင့်အားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"အန်လင်း....... သြဇာအာဏာ ကြီးမားတဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်က လူငယ်တွေကြားက ပြိုင်ပွဲမှာ ဝင်ပြိုင်နေတာတဲ့လား။ အဲ့ဒါ အနိုင်ကျင့်တာပဲ မဟုတ်ဘူးလား။"
"တခြားသူကို မင်းဘာလုပ်လုပ် စိတ်မဝင်စားဘူး။ ဒါပေမယ့် ငါ့သမီးကို အနိုင်ကျင့်လို့ကတော့....."
.........
တာအိုကွင်းပြင်၌
မိန်မိန် စကားဆိုလိုက်သည်။
"ဗိုလ်လုပွဲအတွက် အချိန်ကန့်သတ်ချက်ကတော့ လေးနာရီပဲ။ အခုကစပြီး ဆေးလုံးသန့်စင်ခြင်း စလို့ရပြီ။ ဗိုလ်လုပွဲ စပါပြီ။"
ဗိုလ်လုပွဲအား ကြေညာလိုက်သည်။
ဂျူလီယာမှာ အေးခဲမီးတောက်များ မှုတ်ထုတ်လိုက်သည်။
အပြာရောင် နဂါးမီးတောက်မှာ ဆေးအိုးအတွင်း လောင်ကျွမ်းနေသည်။ ထိုမီးတောက်များသည် တည်ငြိမ်သောကြောင့် ပါဝင်ပစ္စည်းများ၏ အဆီအနှစ်များအား လောင်ကျွမ်းသွားစေခြင်း မရှိပေ။
ဒေါသထွက်လွယ်သော ဖွတ်နဂါးမ၏ မီးတောက်မှာ တည်ငြိမ်လွန်းသောကြောင့် အန်လင်းသည်ပင် အံ့အားသင့်မိရသည်။
ဂရေးမှာ ဝံ့ဝံ့ကြွားကြွား ဖြစ်လာပြန်သည်။
"ဟမ့်...... အန်လင်း မင်းရဲ့ အံ့ဖွယ်မီးတောက်က အားကောင်းရင် ကောင်းလိမ့်မယ်။ ဒါပေမယ့် ငါ့ဝမ်းကွဲအစ်မရဲ့ မဟူရာနှင်းမီးတောက်ကလည်း အံ့ဖွယ်မီးတောက်ထက် မနိမ့်ပါဘူး။"
အန်လင်းမှာ ဂရေးအား ဂရုမစိုက်ပေ။
ထိုအချိန်တွင် ပန်ယွဲ့လည်း စတင်လှုပ်ရှားလာသည်။ သူမ နောက်ကျောဘက်မှ အစိမ်းရောင် လခြမ်းမှာ တောက်ပလာသလို လစန္ဒာအစွမ်းများ ပါဝင်နေသော မီးတောက်မှာ ဆေးအိုးထဲ ဝင်သွားသည်။ ထိုမီးတောက်သည် စစ်မှန်ယင်းစွမ်းအင်များ ပါဝင်နေသောကြောင့် ထူးခြားနေသည်။
ဗိုလ်လုပွဲ ဖြစ်နေသောကြောင့် ရေကုန်ရေခမ်း ကြိုးစားကြသည်မှာ သိသာလွန်းလှသည်။
ဖန်းနီမှာ ခေတ္တမျှ တွေးတောပြီးနောက် အန်လင်းအား တစ်ချက်မျှကြည့်ကာ လက်သင်္ကေတများ ပြောင်းလဲလိုက်သည်။
ဝုန်း.......
ရွှေသလင်းကျောက်မီးတောက်များ လက်လက်ထသွားသည်။
ထိုမီးတောက်များသည် သလင်းကျောက်များလို တောက်ပနေပြီး ပေါက်ကွဲလွယ်ပါသော်လည်း တစ်ချိန်တည်းမှာပင် သန့်စင်ယန်စွမ်းအင်များ ပါဝင်နေသည်။
ပွဲကြည့်ပရိသတ်များအားလုံး တအံ့တသြဖြစ်ကာ ဟေးခနဲ အားပေးလိုက်ကြသည်။
ဖန်းနီ ထုတ်ဖော်လိုက်သည်မှာ အံ့ဖွယ်မီးတောက်များပင်။
သူမသည် အန်လင်းနှင့် စုရှောင်လန်တို့အား ယှဉ်ပြိုင်နိုင်သော ဖျက်မြင်းတစ်ကောင် ဖြစ်သည်။
"ဆေးပဏ္ဍိတရဲ့ သမီးလို့ မပြောရဘူး။ အသက်ငယ်ငယ်လေးနဲ့ ပထမတန်းစား ဆေးဆရာအဆင့် ဖြစ်နေပြီ။ သူမက ဆေးမျှော်စင်နဲ့ ဆေးမြို့တော်ရဲ့ ကြယ်ပွင့်လေးပဲ။"
"အနာဂတ်ကြရင် အရမ်းတော်တဲ့ ဆေးဆရာတစ်ယောက် ဖြစ်လာမှာ သေချာတယ်။"
အားလုံးမှာ တခုတ်တရ ဆွေးနွေးနေကြသည်။
ဂျူလီယာနှင့် ပန်ယွဲ့မှာ စိတ်ဖိစီးမှုများ ဖြစ်နေလေပြီ။
ရီကာနှင့် ဓားနက်သခင်မှာ ခါးသက်သော အမူအရာနှင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
၎င်းတို့သည် လူငယ်ဆေးဆရာများထဲတွင် ထိပ်ဆုံး၌ ရှိနေသည်ဟု ထင်ခဲ့ကြပါသော်လည်း စင်စစ်တွင်မူ ၎င်းတို့ထက် များစွာထူးချွန်သူများ ရှိနေသေးကြောင်း နဖူးတွေ့ဒူးတွေ့ သိလိုက်ကြရသည်။
ဖန်းနီမှာ အန်လင်းနှင့် စုရှောင်လန်အား ပြုံးကာပြောလာသည်။
"နင်တို့ဆီမှာပဲ အံ့ဖွယ်မီးတောက် ရှိတာမဟုတ်ဘူး။ ငါရဲ့ အံ့ဖွယ်မီးတောက်က ရွှေဝိဉာဉ်သလင်းကျောက်မီးတောက်လို့ခေါ်ပြီး ဆေးလုံးကို အရည်အသွေး မြှင့်ပေးနိုင်တယ်။ ဆေးလုံးသန့်စင်ဖို့အတွက် အသင့်တော်ဆုံး အံ့ဖွယ်မီးတောက်ထဲမှာပါတယ်။"
အန်လင်းနှင့် စုရှောင်လန်သည် အနည်းငယ်ပင် အံ့အားသင့်ပုံ မရပဲ တည်တည်ငြိမ်ငြိမ် ရှိနေကြသည်။
ဖန်းနီ စိတ်မပျော်မရွှင် ဖြစ်သွားသည်။
"ဘာလဲ။ နင်တို့က ငါ့အံ့ဖွယ်မီးတောက်ကို အထင်သေးတာလား။ ငါ့အံ့ဖွယ်မီးတောက်က နင်တို့အံ့ဖွယ်မီးတောက်ထက်ပိုပြီး ဆေးလုံးသန့်စင်ဖို့ သင့်တော်ပါတယ်ဆိုမှ။"
အန်လင်း လက်ခါပြလိုက်သည်။
"မင်းအထင်လွဲနေတာပါ။ မင်းရဲ့ အံ့ဖွယ်မီးတောက်ကို တကယ်အထင်မသေးပါဘူး။ ဆေးလုံးသန့်စင်ဖို့ သင့်တော်တဲ့ အံ့ဖွယ်မီးတောက်ဆိုတာကိုလည်း လက်ခံပါတယ်။"
စုရှောင်လန်မှ စကားဝင်ပြောလိုက်သည်။
"ဒါပေမယ့်......"
"ငါ့မှာ မြင့်မြတ်မီးတောက် ရှိတယ်လေ။"
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဖန်းနီလည်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"အမ်....."
စုရှောင်လန် လက်ဖြောက်တီးလိုက်သည်နှင့် အဖြူရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ထိုမီးတောက်တွင် အသန့်စင်ဆုံး ယန်စွမ်းအင်များ ပါဝင်နေသောကြောင့် ပွဲကြည့်ပရိသတ်များသည်ပင် ငေးကြောင်ကြည့်နေမိကြသည်။
လှပပြီး တော်ဝင်ဆန်လိုက်တာ.......
ထိုမီးတောက်သည် အံ့ဖွယ်မီးတောက်များထက် သာလွန်နေကြောင်း သိသာလှသည်။
ဒဏ္ဍာရီလာမီးတောက်အား မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရခြင်း ဖြစ်သောကြောင့် အချို့ဆိုလျှင် စိတ်လှုပ်ရှားကာ တုန်ယင်လာကြသည်။
"ဘုရားရေ..... ငါဘာကို မြင်နေရတာလဲ။ အဲ့..... အဲ့ဒါက မြင့်မြတ်မီးတောက်ပဲ။"
"ငါ့ဘဝမှာ မြင့်မြတ်မီးတောက်ကို မြင်ဖူးသွားပြီဆိုတော့ နောင်တမရှိပဲတောင် သေနိုင်ပါပြီ။"
ဖန်းနီ ယုံကြည်ချက်များ ကျဆင်းကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
"ဘယ်.... ဘယ်လိုလုပ် အဲ့လိုမီးတောက်ကို ပိုင်ဆိုင်ထားရတာလဲ။"
"အာ..... စကားဖြတ်ပြောရတာတော့ မကောင်းပါဘူး။ ဒါပေမယ့် ငါ့မှာလည်း မြင့်မြတ်မီးတောက် ရှိတယ်။"
စကားသံတစ်ခု ထွက်ပေါ်လာသည်။
ဖန်းနီ လှည့်ကြည့်လိုက်သောအခါ အလောင်းအစား လုပ်ထားသော အန်လင်း ဖြစ်နေသည်။
အန်လင်း ရှေ့တွင်လည်း အလွန်သန့်စင်ကာ အရှိန်အဝါ ကြီးမားသော မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုသည်မှာ မြင့်မြတ်မီးတောက်ပင်။
ဖန်းနီ ဒယိမ်းဒယိုင်ပင် ဖြစ်သွားရသည်။
သူမ မျက်လုံးများပြူးကာ ဘာမှမပြောနိုင်တော့ပေ။
အတု...... အတုပဲ ဖြစ်ရမယ်......
တစ်ယောက်ဆီမှာ မြင့်မြတ်မီးတောက် ရှိနေတာ ထားပါတော့........ နောက်တစ်ယောက်ဆီမှာပါ ရှိနေတာတဲ့လား......
အဲ့ဒါ အနိုင်ကျင့်နေတာ မဟုတ်ဘူးလား......