ဗိုလ်လုပွဲ
Vol. 60 Ch. 843
ဖန်းနီနှင့် အခြားပြိုင်ပွဲဝင်များမှာ ထိတ်လန့်ကုန်ကြရသည်။
၎င်းတို့အားလုံးသည် မြင့်မြတ်မီးတောက်အားကြည့်ကာ ခန္ဓာကိုယ်များ တုန်ယင်လာသည်။
ဆေးပညာတွင် ပိုမိုကျွမ်းကျင်နှံ့စပ်သူဖြစ်လေ၊ မီးတောက်များအား တန်ဖိုးထားလေပင်။
ဆေးပညာလောကတွင် မြင့်မြတ်မီးတောက်သည် နတ်ဘုရားကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်သည်။
"မင်း..... မင်း....."
ဂရေးမှာ ခြေထောက်များပင် မခိုင်ချင်တော့ပေ။
အန်လင်း၏ အဆက်မပြတ် ကြွားဝါခြင်းများကြောင့် နှလုံးရောဂါ ရတော့မလို ဖြစ်နေသည်။
အကြီးအကဲများသည်ပင် အန်လင်းနှင့် စုရှောင်လန်တို့၏ မြင့်မြတ်မီးတောက်များအား စူးစူးရဲရဲ ငေးမောကြည့်နေမိကြသည်။
"ဒီမီးတောက်တွေမှာ အသန့်စင်ဆုံး ယန်စွမ်းအင်တွေ ပါနေတယ်။ ဒါမြင့်မြတ်မီးတောက်...... မြင့်မြတ်မီးတောက်တွေပဲ။"
အဖြူရောင်မီးလျှံများနှင့် လူသားအသွင် အကြီးအကဲ စကားဆိုလာသည်။
"သူတို့ကို မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးတွေလို့ ထင်ထားခဲ့တာ။ တကယ်တော့ အတောက်ပဆုံး စိန်ပွင့်တွေပါလား။ ငါ့အနေနဲ့တော့ ဘာမှသင်ပေးစရာ မရှိတော့ပါဘူးကွာ။"
လက်လေးဖက် မျောက်ဝံမှ ရေရွတ်လိုက်သည်။
"ဆေးပဏ္ဍိတကပဲ အဲ့လိုပါရမီရှင်တွေကို သင်ပြပေးနိုင်လိမ့်မယ်။"
လိမ်ဖယ်နေသော သွေးနီရောင် ပင့်ကူ သက်ပြင်းချလိုက်သည်။
ထူးချွန်သော ပါရမီရှင် တစ်ဦးအား မည်သည့်အကြီးအကဲမဆို တပည့်တော်ချင်ပေလိမ့်မည်။
သို့သော် အချိန်တိုအတွင်းမှာပင် ၎င်းတို့အား ကျော်တက်သွားနိုင်ခြေရှိသူကို မည်သူကမှ တပည့်မတော်ရဲပေ။ ၎င်းတို့ထံတွင် အရှက်သိက္ခာ ရှိနေသေးသည်။
မြင့်မြတ်မီးတောက်များ ပေါ်ထွက်လာမှုကြောင့် တာအိုကွင်းပြင် တစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
ပွဲကြည့်ပရိသတ်များအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီးနောက် ဆွေးနွေးခြင်းများ စတင်လာတော့သည်။ ပြိုင်ပွဲသည် စပင်မစသေးပါသော်လည်း အန်လင်းနှင့် စုရှောင်လန်မှာ အာရုံစိုက်မှုအား ခိုးယူသွားခဲ့လေပြီ။
အားလုံး၏အမြင်တွင် အန်လင်းနှင့် စုရှောင်လန်သည် ပန်းပွင့်များဖြစ်ကာ ကျန်ရှိသူများသည် မြက်ပင်မျှသာ ဖြစ်ကြသည်။
ဖန်းနီမှာ အလွန်တုန်လှုပ်နေသည်။ ထိုကဲ့သို့ အရှက်ကွဲမှုမျိုးကို သူမ လက်မခံနိုင်ပေ။
ယခု ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲသည် ကျောင်းပြီးသွားပြီးနောက် လောကကြီးထံ ခြေချသော သူမ၏ ပထမဆုံးခြေလှမ်း ဖြစ်သည်။ သူမ၏ဖခင် ဆေးပဏ္ဍိတသည် လက်ဆောင်အဖြစ် အလယ်အလတ်အဆင့် အင်မော်တယ်ရတနာ ဝိဉာဉ်ကိုးသွယ်ဆေးအိုးကိုပင် ပြင်ဆင်ပေးထားခဲ့သည်။
သူ့အနေဖြင့် အနိုင်ရရှိရန် သေချာသော ပြိုင်ပွဲအား ဝင်ပြိုင်ခဲ့ပါသော်လည်း ထိုလူသားနှစ်ဦးမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"ပျော်မနေနဲ့ဦး။ နောက်ဆုံးမှာ ဘယ်သူရယ်နိုင်မလဲ ကြည့်ရသေးတာပေါ့။"
ဖန်းနီသည် စိတ်ခံစားချက်များအား တည်ငြိမ်စေကာ ဆေးလုံးသန့်စင်ခြင်းကို စတင်လိုက်သည်။
အန်လင်းနှင့် စုရှောင်လန်တို့၏ မြင့်မြတ်မီးတောက်များသည် အားလုံးထက် သာလွန်နေပါသော်လည်း ဆေးလုံးသန့်စင်ရာတွင် ၎င်းတို့ထက် သာလွန်နေခဲ့ပါက သူမသာ အနိုင်ရရှိပေလိမ့်မည်။
သူမသည် အန်လင်းနှင့် စုရှောင်လန်အား ကြည့်မနေတော့ပဲ ဆေးအိုးကိုသာ အာရုံစိုက်လိုက်သည်။ ထို့နောက် မီးတောက်အား ကခုန်စေကာ ပါဝင်ပစ္စည်းများ စတင်ထည့်သွင်းလိုက်သည်။
အန်လင်းနှင့် စုရှောင်လန်မှာလည်း အချိန်ဖြုန်းမနေပဲ ဆေးလုံးသန့်စင်ခြင်းကို စတင်လိုက်ကြသည်။
၎င်းတို့အနေဖြင့် စကားများ ပြောနေရန် မလိုအပ်တော့ပေ။ ဖန်းနီအား အနိုင်ယူနိုင်သည်နှင့် ချန်ပီယံ ဖြစ်လာပေလိမ့်မည်။ အန်လင်းနှင့် စုရှောင်လန် မည်သူပင် အနိုင်ရပါစေ ခြားနားမှု ရှိမည်မဟုတ်ပေ။
အန်လင်း မေးကိုပွတ်ကာ တွေးတောနေသည်။
ဖန်းနီသည် ယခင်ပြိုင်ပွဲများတွင် အံ့ဖွယ်မီးတောက်အား အသုံးမပြုခဲ့ပါသော်လည်း တတိယ နေရာအထိ ရရှိထားခဲ့သည်။ ယခုဗိုလ်လုပွဲတွင် သူမအနေဖြင့် အဆင့်လေး၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသော စိတ်ဝိဉာဉ်ဆေးလုံး သို့မဟုတ် အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးကိုပင် သန့်စင်နိုင်လောက်သည်။
သူမကို နိုင်မှဖြစ်မယ်.......
အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံး......
ဟုတ်တယ်..... ဖန်းနီကို အခွင့်အရေးတောင် ပေးလို့မဖြစ်ဘူး......
သူသည် မသေချာသော အရာအား မလုပ်လိုပေ။
မထင်မှတ်ထားသော တစ်စုံတစ်ခု ဖြစ်လာခဲ့ပါက စီစဉ်ထားသည်များ ပျက်သုဉ်းသွားပေလိမ့်မည်။
အန်လင်း၏ မျက်ဝန်းထဲတွင် အဖြူရောင် ဗာမီလီယမ်ငှက် ပုံရိပ် ဖြစ်ပေါ်လာသည်။ ဆေးလုံးသန့်စင်ခြင်း ပညာများမှာ ခန္ဓာကိုယ်အတွင်း ချက်ချင်းစီးဝင်လာသည်။
အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးကို လုပ်လို့ရပါ့မလား......
အန်လင်း စိတ်ထဲမှ မေးမြန်းလိုက်သည်။
ဗာမီလီယမ်ငှက်မှ တုံ့ပြန်လာသည်။
"ရတော့ရပါတယ်။ ဒါပေမယ့် မင်းရဲ့ စွမ်းအင်တွေ တော်တော်ကုန်လိမ့်မယ်။ သိစိတ်အာရုံလည်း ပင်ပန်းပြီး အချိန်တစ်ခုလောက် အနားယူရလိမ့်မယ်။"
အန်လင်းသည် ဆေးလုံးသန့်စင်နေသော ဖန်းနီအားကြည့်ကာ အံကြိတ်လိုက်သည်။ သူ၏တပည့် ပျော်ရွှင်မှုအတွက် တွေဝေနေ၍ မဖြစ်ပေ။
ဝုန်း......
မြင့်မြတ်သော ဗာမီလီယမ်မီးတောက်မှာ ဆေးအိုးအတွင်း လောင်ကျွမ်းလာသည်။
မီးတောက်အဆင့်မြင့်လေ၊ ဆေးလုံးသန့်စင်ရာတွင် ကောင်းမွန်လေ ဖြစ်သည်။
အန်လင်း၏ လှုပ်ရှားမှု တစ်ခုချင်းစီသည် ကျက်သရေရှိကာ တင့်တယ်လှသောကြောင့် ပွဲကြည့်ပရိသတ်များအားလုံး ငေးမောမိနေကြသည်။
ပွဲကြည့်ပရိသတ် အများစုသည် ဆေးဆရာများ မဟုတ်ကြပါသော်လည်း သိမ်မွေ့နက်နဲသော လက်ဟန်များကို မြင်ရရုံနှင့်ပင် အန်လင်းသည် အလွန်တော်သော ဆေးဆရာ တစ်ဦးဖြစ်ကြောင်း ခန့်မှန်းနိုင်ကြသည်။ သဘာပတိ မိန်မိန်နှင့် အကြီးအကဲ ဆယ်ဦးမှာလည်း အနုပညာတစ်ခုအား ကြည့်ရှုနေရသလို မှင်သက်နေမိကြသည်။
ပြီးပြည့်စုံတယ်...... အရမ်းကို ပြီးပြည့်စုံလွန်းတယ်......
အန်လင်းသည် ပွဲကြည့်ပရိသတ် တဝက်ခန့်၏ အာရုံများကို ဆွဲယူထားနိုင်သည်။ ကျန်ရှိနေသူများမှာမူ စုရှောင်လန်နှင့် ဖန်းနီအား ကြည့်ရှုနေကြသည်။ ဂျူလီယာနှင့် ပန်ယွဲ့ကိုမူ မည်သူကမှ အရေးစိုက်မနေပေ။
ဂရေးသည်ပင် အန်လင်းကိုသာ ငေးမောနေမိသည်။
သူသည် ဘာမှမသိပဲ ကြွားဝါခဲ့စဉ်က အန်လင်းသည် 'ငါတို့လို သန်မာတဲ့သူတွေက မင်းလိုမျိုး သူရဲဘောကြောင်တဲ့ ကောင်တွေကို နားမလည်နိုင်ဘူး'ဟု တုံ့ပြန်ခဲ့သည်။ ထိုစကားအား ဟာသတစ်ခုလိုသာ ထင်ခဲ့ပါသော်လည်း အန်လင်းသည် အမှန်တရားကိုသာ ပြောနေခဲ့ခြင်း ဖြစ်သည်။
ဆေးမျှော်စင်၏ ထိပ်ဆုံးတွင် ရှိနေသော ရွှေရောင်ပုံရိပ်သည် ပြိုင်ပွဲအားကြည့်ကာ အမူအရာ ပြောင်းလဲသွားရသည်။
"တစ်မျိုးပဲ။ ဆေးလုံးသန့်စင်ခြင်းမှာ အန်လင်းက ဘယ်အဆင့်လဲ။"
"မီးဝိဇ္ဇာအဆင့် ဆိုပေမယ့် မီးတောက်ထိန်းချုပ်မှုနဲ့ ဆေးလုံးသန့်စင်တဲ့ ပုံစံတွေက အရမ်းအဆင့်မြင့်လွန်းနေတယ်။ ကြည့်ရတာ အကြောင်းအရင်း တစ်ခုခုကြောင့် အဆင့်ကန့်သတ်ခံထားရတာလား မသိဘူး။"
"စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်အကြောင်း ကောလဟာဟတွေက အပိုတွေမဟုတ်ဘူးပဲ။"
တာအိုကွင်းပြင်၌......
ပြိုင်ပွဲမှာ အလွန်စိတ်ဝင်စားစရာ ကောင်းနေလေပြီ။
မီးတောက်ငါးခုမှာ ညဉ့်ကောင်းကင်ယံအား ထွန်းလင်းနေစေသည်။
ဂျူလီယာနှင့် ပန်ယွဲ့သည် ဝိဉာဉ်စုဆောင်းခြင်းအဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနေသူများဖြစ်ကာ အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးအား သန့်စင်ခဲ့ကြသည်။ ထိုမျှလောက်နှင့် ချန်ပီယံ မဖြစ်နိုင်ပါသော်လည်း ဗိုလ်လုပွဲတွင် အကောင်းတကာ့ အကောင်းဆုံး ကြိုးစားပြလိုကြသည်။
၎င်းတို့၏ ဆေးလုံးများမှာ ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားသည်။
ဝုန်း.....
ဝုန်း.......
ပါဝင်ပစ္စည်းများ၏ အဆီအနှစ်များ ပြာကျသွားသည်နှင့်အတူ ၎င်းတို့လည်း ရှက်ရွံ့သွားရသည်။
စိတ်ပျက်လက်ပျက်လည်း ဖြစ်မိကြသည်။
ကြိုးစားမှုများ အရာမထင်ပါက မည်သူမဆို ပျော်ရွှင်ကြမည် မဟုတ်ပေ။
ဂျူလီယာနှင့် ပန်ယွဲ့တို့ သက်ပြင်းချလိုက်မိကြသည်။ ခါးသီးလှသော အမှန်တရား ဖြစ်ပါသော်လည်း ၎င်းတို့သည် အန်လင်း၊ စုရှောင်လန်နှင့် ဖန်းနီတို့ထက် အဆပေါင်းများစွာ နိမ့်ကျနေသည်။
၎င်းတို့သည် ကျန်ရှိနေသော ပြိုင်ပွဲဝင် သုံးဦးအား လှည့်ကြည့်လိုက်ကြပြီးနောက် မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ကုန်သည်။
"အတု..... အတုပဲ ဖြစ်ရမယ်။ ဘယ်..... ဘယ်လိုလုပ်...."
ပန်ယွဲ့ ရေရွတ်လိုက်သည်။
ဂျူလီယာလည်း အသက်ရှူသံများ ပြင်းပြလာသည်။
"သူတို့အားလုံးက......"
"အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နေကြတာလား။"
အန်လင်းသည်သာမက စုရှောင်လန်နှင့် ဖန်းနီတို့သည်လည်း အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နေကြသည်။
အန်လင်းမှာ စိတ်ဖိစီးနေရပြီပင်။
ဖန်းနီသည် ထင်မှတ်ထားသည်ထက်ပင် စိတ်ဓာတ်ခွန်အား ပြင်းထန်နေသည်။
ကြောက်မက်ဖွယ် စွမ်းအင်များနှင့်အတူ ရွှေဝိဉာဉ်သလင်းကျောက်မီးတောက်များသည် ဖန်းနီ၏ ခန္ဓာကိုယ် တစ်ခုလုံး လွှမ်းခြုံကာ မီးနှင့်တစ်သားတည်း ဖြစ်နေစေသည်။
ထိုသည်မှာ ဆေးပဏ္ဍိတ၏ လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်သော ခန္ဓာသန့်စင်ခြင်းမီးတောက် ဖြစ်သည်။
ထိုကျင့်စဉ်သည် စွမ်းအင်အလွန် ကုန်ခမ်းကာ အချိန်အတိုင်းအတာ တစ်ခုအထိ မီးနှင့်တစ်သားတည်း ဖြစ်နေစေသည်။
ဖန်းနီးသည် ရွှေဝိဉာဉ်သလင်းကျောက်မီးတောက် ဖြစ်သလို ရွှေဝိဉာဉ်သလင်းကျောက်မီးတောက်သည် ဖန်းနီ ဖြစ်သည်။
ညဉ့်အချိန်တွင် ရွှေဝိဉာဉ်သလင်းကျောက်မီးတောက်များ လောင်ကျွမ်းနေသော သူမအား ကြည့်ရသည်မှာ မီးလျှံဧကရီတစ်ပါးဟုပင် ထင်မှတ်ရသည်။
"အန်လင်း ငါနင့်ကို မရှုံးစေရဘူး။"
"ချန်ပီယံဆုက ငါ့အတွက်ပဲ ဖြစ်ရမယ်။"