ပါးစပ်အဟောင်းသား ပွဲကြည့်ပရိသတ်
Vol. 60 Ch. 844
၎င်းတို့သုံးဦးလုံးမှာ အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးအား သန့်စင်နေကြသည်။
ထိုသည်မှာ ပွဲကြီးပွဲကောင်းတစ်ခုပင်။
ပွဲကြည့်ပရိသတ်များမှာ ကြည့်ရှုအားပေးနေရင်း စိတ်လှုပ်ရှားလာကြသည်။
"အံ့ဖွယ်မီးတောက်နဲ့ မြင့်မြတ်မီးတောက်တွေကို တစ်ချိန်တည်း မြင်နေရတာ ဘယ်လောက်ထူးခြားလိုက်သလဲ။"
"တကယ်ပါကွာ။ ဒီလိုပြိုင်ပွဲမျိုးမှာ ပြိုင်ပွဲဝင်တွေက အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံး ဖော်စပ်တာကို မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူး။"
"အခုလို ပြိုင်ပွဲမျိုးမှာ အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တာ ဉာဏ်အလင်းပွင့်သော အရှင်လင်မုပဲ ရှိတယ်။ အခုသူကလည်း ဆေးမျှော်စင်ရဲ့ ဆေးဥသျှောင် ရှစ်ယောက်ထဲကတစ်ယောက် ဖြစ်နေပြီလေ။ ပြီးတော့ အဲ့အဖြစ်အပျက်က နှစ်ထောင်နဲ့ချီ ကြာနေပြီ။"
"အဲ့တုန်းက ဉာဏ်အလင်းပွင့်တဲ့ အရှင်လင်မုက အားလုံးထဲမှာ ထင်းထွက်နေခဲ့တာ။ အခုတော့ ပြိုင်ပွဲဝင် သုံးယောက်တောင် အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နေကြတယ်။ သမိုင်းတလျှောက် ဒီလောက်ထိ စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲမျိုး ရှိမှာမဟုတ်တော့ဘူး။"
"ကြိုးစားထား..... နတ်ဘုရားမ ဖန်းနီ..... လူသားဆေးဆရာနှစ်ယောက်ကို အပီသိပ်ပစ်လိုက်။"
ပွဲကြည့်ပရိသတ် အချို့မှာ အော်ဟစ်အားပေးနေကြသည်။
ဆေးမြို့တော်သည် ရွှေ့ပြောင်းနေထိုင်သူများ၏ အရပ်ဒေသတစ်ခု ဖြစ်ပါသော်လည်း မြို့သူမြို့သားများသည် ဆေးမြို့တော်အား သံယောဇဉ် ရှိကြသောကြောင့် ဖန်းနီကိုသာ ပိုမိုအားပေးကြသည်။
ပွဲကြည့်ပရိသတ် တဝက်ကျော်ခန့်မှာ ဖန်းနီ၏ အမည်အား အော်ဟစ်အားပေးနေကြသည်။
သို့သော် ဖန်းနီမှာ ထိုသည်ကို မကြားနိုင်ပေ။
သူမသည် ပြင်ပဆူညံသံများ မကြားရစေရန် မန္တာန်အကာအကွယ်တစ်ခု အသုံးပြုထားသည်။ ထိုအသံများကြားတွင် ဆေးလုံးသန့်စင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ဆေးလုံးသန့်စင်နေခြင်း မရှိသည့်အလား ဆူညံသံများအား ဂရုပင်မစိုက်ချေ။
အမှန်တကယ် ဆေးလုံးသန့်စင်နေသူသည် သက်ရှိစွမ်းအင် ပင်လယ်ထဲမှ မီးလျှံဖြူ ဗာမီလီယမ်ငှက်သာ ဖြစ်သောကြောင့် သူ့အတွက် ဘာမှမဖြစ်ပေ။
မီးလျှံဖြူ ဗာမီလီယမ်ငှက်သည် ဆေးလုံးသန့်စင်ခြင်းတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သောကြောင့် ဆေးညွှန်းအား ဖတ်ရှုပြီးသည်နှင့် လျင်မြန်လှသော အရှိန်ဖြင့် ပါဝင်ပစ္စည်းများ၏ အဆီအနှစ်များအား စတင်ထုတ်ယူတော့သည်။
အန်လင်း ဖန်းနီအား လှမ်းကြည့်လိုက်သောအခါ သူမ၏ ဆေးလုံးသန့်စင်ခြင်းသည် သူနှင့်သိပ်မကွာလှကြောင်း တွေ့ရှိလိုက်ရသည်။
မဖြစ်သေးဘူး....... ငါက အပြတ်အသတ် သာနေမှရမယ်......
အန်လင်း၏ ဆေးလုံးသန့်စင်ခြင်းအဆင့်မှာ ဗာမီလီယမ်ငှက်နှင့် သက်ဆိုင်နေသည်။ သူ၏မီးတောက်ထိန်းချုပ်မှုနှင့် အစစအရာရာသည် ပြီးပြည့်စုံနေပါသော်လည်း ဆေးလုံးအတွင်း အသိစိတ်အား မြှင့်တင်ပေး၍ မရသောကြောင့် အင်မော်တယ်ဆေးလုံးကို သန့်စင်နိုင်မည် မဟုတ်ပေ။
စိတ်ဝိဉာဉ်ဆေးလုံးရဲ့ အရည်အသွေးကိုမြှင့်ဖို့ ဘာလုပ်ရမလဲ......
ဝုန်း.....
ထိုအချိန်တွင် ရွှေဝိဉာဉ်သလင်းကျောက်မီးတောက်မှာ ရုတ်တရက် ပေါက်ကွဲပြီးနောက် မီးတောက်၏ ထူးခြားစွမ်းအင်များမှာ စိတ်ဝိဉာဉ်ဆေးလုံး၏ စွမ်းအင်စီးကြောင်းကို ပိုမိုအားကောင်းသွားစေသည်။
အန်လင်းလည်း ရုတ်ချည်းဆိုသလို ဉာဏ်အလင်းပွင့်သွားသည်။
ဟုတ်သားပဲ....... မီးတောက်က စိတ်ဝိဉာဉ်ဆေးလုံးကို အရည်အသွေး မြင့်တက်စေတာပဲ......
လက်ရှိ အန်လင်း အသုံးပြုနေသည်မှာ အဆင့်အမြင့်ဆုံး မီးတောက်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဆေးလုံးသန့်စင်ရာတွင် မီးတောက်တစ်ခုတည်း အသုံးပြုရမည်ဟု မည်သူကမှ မပြောထားပေ။
အဆင့်နိမ့် မီးတောက်များသည် ဆေးလုံးအရည်အသွေးအား ကျစေနိုင်ပါသော်လည်း အံ့ဖွယ်မီးတောက်များအားလုံးမှာ ရှားပါးသော အဆင့်မြင့် မီးတောက်များ ဖြစ်သည်။ ထိုမီးတောက်စွမ်းအင်များအား ဆေးလုံးထဲ ထည့်သွင်းပေးနိုင်ပါက အရည်အသွေးမှာ ထင်မှတ်မထားလောက်အောင် မြင့်တက်လာပေလိမ့်မည်။
အခြားသူများသာဆိုလျှင် မီးတောက်နှစ်ခုအား တစ်ချိန်တည်း ထိန်းချုပ်ရန် တွေးတောရဲမည် မဟုတ်ပေ။
ဆေးလုံးသန့်စင်ခြင်းသည် တိုက်ပွဲတစ်ခု မဟုတ်ပဲ အမှားအယွင်းမပါသည့် တိကျသော မီးတောက်ထိန်းချုပ်မှုမျိုးကို လိုအပ်သည်။
အန်လင်းသည်လည်း ထိုသို့မလုပ်နိုင်ပေ။ သို့သော် မီးလျှံဖြူ ဗာမီလီယမ်ငှက်မှာ လုပ်ဆောင်နိုင်သည်။
"လုပ်လို့ဖြစ်မလား။"
အန်လင်း စိတ်ထဲမှ မေးမြန်းလိုက်သည်။
ဗာမီလီယမ်ငှက် တုံ့ပြန်လာသည်။
"ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့် မင်းစွမ်းအင်တွေ ပိုကုန်လိမ့်မယ်။"
တပည့်ရဲ့ ပျော်ရွှင်မှုအတွက် ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး........
အန်လင်း ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"ချလိုက်ရအောင်။"
သူသန့်စင်နေသော အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးမှာ အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးပင် လေးဆယ့်ကိုးမျိုး၏ အဆီအနှစ်များအား ပေါင်းစပ်ရန် လိုအပ်ပြီး ကြယ်စင်ခုနစ်သွယ်ဝင်ပေါက်ငယ်ဟု အမည်ရသည်။ ထိုဆေးလုံးသည် စွမ်းအင်ဝင်ပေါက်များကို သန့်စင်စေပြီး သက်ရှိစွမ်းအင် ပင်လယ်အား ချဲ့ထွင်ပေးနိုင်သည်။
"အခု ဒီအရူးတွေကို မီးတောက်ပြပွဲ ပြပေးလိုက်ကြတာပေါ့။"
သူလက်ဖြောက်တစ်ချက် တီးလိုက်သည်။
ဝုန်း.....
ကြယ်စင်အလင်းများ ပါဝင်နေသော ခရမ်းမီးတောက်မှာ အလျှံညီးညီး တောက်လောင်လာကာ လှပေသော မြင်ကွင်းကို ဖန်တီးပေးနေသည်။
"ဘုရားရေ..... အန်လင်းကို ကြည့်ပါဦး။ အံ့ဖွယ်မီးတောက် နောက်တစ်ခုကို ထပ်ထုတ်လိုက်တယ်။ နှစ်ခုလုံးကို တစ်ချိန်တည်းမှာ ထိန်းချုပ်တော့မှာလား။"
အန်လင်းထံတွင် အံ့ဖွယ်မီးတောက်ရှိကြောင်း ၎င်းတို့အားလုံး သိရှိထားကြသည်။
ကြယ်မိစ္ဆာမီးတောက်သည် ဆေးအိုးထဲ ဝင်သွားသောအခါ ၎င်းတို့ခြေတကြွကြွ ဖြစ်ကုန်သည်။
"ဆေးလုံးသန့်စင်ဖို့ မီးတောက်နှစ်ခုကို သုံးမှာပေါ့။ အန်လင်း ရူးသွားပြီလား။"
"အဲ့လိုမျိုးကို ဆေးမျှော်စင်က အကြီးအကဲတွေတောင် မလုပ်နိုင်ဘူး။ အန်လင်းက စမ်းကြည့်ရဲတယ်ပေါ့လေ။"
"ဒီလူငယ်လေးက လုပ်နိုင်မယ်လို့ ငါမထင်ဘူး။"
မကြာမီပင် ၎င်းတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
ဖြောက်.......
အန်လင်း လက်ဖြောက်ထပ်တီးလိုက်သည်။
ဝုန်း.....
သွေးနီရောင် မီးတောက်တစ်ခု ပေါ်ထွက်လာကာ ကောင်းကင်တခွင်လုံး လင်းထိန်သွားစေသည်။
သန္ဓေပြောင်းသွေးဇာမဏီမီးတောက်ပင်။
ပွဲကြည့်ပရိသတ်များရော၊ အကြီးအကဲများပါ လန့်ဖြန့်နေရလေပြီ။
"ငါ...... ငါမြင်နေတာ အမှန်ရောဟုတ်ရဲ့လား။ နောက်...... နောက်ထပ်အံ့ဖွယ်မီးတောက်လား။"
"တော်တော်သန့်စင်တဲ့စွမ်းအင်ပဲ...... မှားစရာ မရှိဘူး။ တကယ်ကို အံ့ဖွယ်မီးတောက်ပဲ။"
"ဘုရားရေ..... အန်လင်းဆီမှာ အံ့ဖွယ်မီးတောက် ထပ်ရှိနေသေးတာလား။"
"မနာလို ဖြစ်လိုက်တာကွာ။"
ဆေးဆရာများ၏ အိပ်မက်မှာ အံ့ဖွယ်မီးတောက်တစ်ခု ပိုင်ဆိုင်ရန် ဖြစ်ပါသော်လည်း အန်လင်းထံတွင် နှစ်ခုရှိနေသည်။
အန်လင်း ဘေးတွင်ရှိနေသော ဖန်းနီသည်လည်း ထိုသည်ကိုမြင်ကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာသည်။ အံ့ဖွယ်မီးတောက်တစ်ခု ပိုင်ဆိုင်ခြင်းသည် ဂုဏ်ယူဖွယ်ရာ မဖြစ်နိုင်ကြောင်း ပထမဆုံးအကြိမ် ခံစားဖူးခြင်းလည်း ဖြစ်သည်။
ဂရေးမှာလည်း ခြေထောက်များ မခိုင်တော့ပဲ ဒူးထောက်ချင်လာရပြန်သည်။
ဒီကောင့်ရဲ့ ကြွားလုံးတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲကွာ.......
ဖြောက်......
ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခုအား ကြားလိုက်ရပြန်သည်။
အန်လင်းမှာ လက်ဖြောက်တီးလိုက်ခြင်းပင်။
ဝုန်း......
မီးတောက်သည် ရေကဲ့သို့ ပြာလွင်ကာ တစ်ချိန်တည်းမှာပင် အပူနှင့်အအေးဓာတ်များ ရောပြွန်းတည်ရှိနေသည်။ တောက်လောင်ခြင်းနှင့် ဖိနှိပ်ခြင်း စွမ်းအင်များကို ခံစားမိစေပြီး အံ့ဖွယ်မီးတောက်တစ်ခု ဖြစ်နေသောကြောင့် မည်သူကမှ အထင်မသေးရဲကြပေ။
ထိုသည်မှာ လရောင်ရှုခင်းမီးတောက် ဖြစ်သည်။
ဖန်းနီမှာ မျက်နှာတစ်ခုလုံး ဖြူရော်ကာ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
"အံ့ဖွယ်မီးတောက်တွေကို လျှော့စျေးနဲ့များ ဝယ်ထားသလား ထင်ရတယ်။ ဘယ်နခုတောင် ရှိနေတာလဲ။ မင်းသတ္တိရှိရင် နောက်တစ်ခု ထပ်ထုတ်ပြလိုက်.."
ဖြောက်.....
လက်ဖြောက်တီးသံ ထွက်ပေါ်လာပြန်သည်။
ဝုန်း.....
မီးတောက်ဖြူ တစ်ခုမှာ နေမင်းတစ်ခုအလား ဉာဉ့်ကောင်းကင်ယံကို အလင်းပေးလိုက်သောကြောင့် အားလုံးမှာ မျက်လုံးကိုပင် ကာလိုက်ကြရသည်။
ဖန်းနီ : "........"
ပွဲကြည့်ပရိသတ်များ : " ........."
ဆေးမျှော်စင်၏ အကြီးအကဲများ : ".........."
"ဒါတွေအကုန်လုံး အံ့ဖွယ်မီးတောက်တွေလား။ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်။"
ပန်ယွဲ့ မယုံကြည်နိုင် ဖြစ်နေမိသည်။
ဂျူလီယာမှာ တိတ်တဆိတ်ပင် စင်မြင့်ထက်မှ ဆင်းလာလိုက်သည်။
"ဒီပြိုင်ပွဲကို ဆက်မပြိုင်တော့ဘူး။ ဒါက ပြိုင်ပွဲမှ မဟုတ်တာ။ အန်လင်းရဲ့ တကိုယ်တော်ပြပွဲပဲ။ ငါ့ကိုယ်ငါ အခုထက်ပိုပြီး အရှက်မခွဲချင်တော့ဘူး။"
ဂရေးမှာ ဝမ်းကွဲအစ်မအားကြည့်ကာ မည်သို့နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ပေ။
လက်ဖြောက်တီးသံမှာ ရပ်တန့်မသွားပေ။
ပွဲကြည့်ပရိသတ်များမှာ မျှော်လင့်တကြီးဖြင့် စင်မြင့်အား ကြည့်ရှုနေကြသည်။
"အမ်..... ဘာလို့ ဘာမှမပေါ်လာတာလဲ။"
တစ်စုံတစ်ဦးမှ မေးမြန်းလိုက်သည်။
အရိပ်မိစ္ဆာတစ်ဦးမှာမူ အစိမ်းရောင် မျက်ဝန်းများ အပြူးသား ဖြစ်သွားရသည်။
"မဟုတ်ဘူး။ လေကိုကြည့်လိုက်...... တွန့်လိမ်နေတယ်တွေ့လား။ ဒါက ထူးခြားတဲ့ မီးတောက်ပဲ။"
ဆေးမျှော်စင် အကြီးအကဲ တစ်ဦးမှာ မျက်မှောင်ကျုံ့လိုက်သည်။
"ဒီမီးတောက်က ပုံသဏ္ဍာန်ရော၊ အရောင်အဆင်းရော မရှိဘူး။ ဒါပေမယ့် လောင်ကျွမ်းမှုအားက ကြောက်စရာပဲ။"
အခြားအကြီးအကဲတစ်ဦး ခေါင်းညိတ်သဘောတူလာသည်။
"တကယ်တမူထူးတဲ့ အံ့ဖွယ်မီးတောက်ပဲ။"
ပွဲကြည့်ပရိသတ်များမှာလည်း အန်လင်း၏ မီးတောက်များအကြောင်း ဆွေးနွေးလာကြသည်။
၎င်းတို့မြင်နေရသည်မှာ အံ့ဖွယ်မီးတောက် တစ်ခု၊ နှစ်ခုမျှ မဟုတ်ပေ။
ဖြောက်.......
လက်ဖြောက်တီးသံအား ကြားလိုက်ကြရသည်။
အံ့ဖွယ်မီးတောက်ပုတီးစေ့မှာ အန်လင်း၏လက်ထဲ ရောက်ရှိလာကာ ရွှေရောင်မီးတောက်များ တဟုန်ထိုး လောင်ကျွမ်းလာသည်။ ထိုအံ့ဖွယ်မီးတောက်သည် အင်မော်တယ်ရတနာနှင့်အတူ ပါလာခြင်းပင်။
ဆေးမျှော်စင် အကြီးအကဲများ : "........"
ဖန်းနီ : "........"
ပွဲကြည့်ပရိသတ်များ : " ........"
အန်လင်းသည် အလကား ရထားသည့်အလား အံ့ဖွယ်မီးတောက်များ တစ်ခုပြီးတစ်ခု ထုတ်ပြနေသောကြောင့် အားလုံးမှာ စိတ်ဒဏ်ရာများ ဖြစ်ကုန်သည်။
လေးစားအားကျခြင်း၊ မနာလိုမုန်းတီးခြင်း အစရှိသော ခံစားချက်မျိုးစုံ ဖြစ်လာရသည်။
မြင့်မြတ်သော ဗာမီလီယမ်မီးတောက်၊ သန္ဓေပြောင်းသွေးဇာမဏီမီးတောက်၊ ကြီးမြတ်သန့်စင်မီးတောက်၊ လရောင်ရှုခင်းမီးတောက်၊ ကြယ်မိစ္ဆာမီးတောက်၊ ကောင်းကင်ဘုံလဟာပြင်မီးတောက်နှင့် ရွှေနဂါးမီးတောက်...... အန်လင်းသည် ပိုင်ဆိုင်ထားသမျှ မီးတောက်ခုနစ်မျိုးလုံးကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ဂရေး မနေနိုင်တော့ပဲ ဒူးထောက်မိလိုက်သည်။
"ဘယ်..... ဘယ်လိုလုပ် အဲ့လောက်ထိ ထူးခြားနေရတာလဲ။"
ပွဲကြည့်ပရိသတ်များလည်း ထိုစကားအား တိတ်တဆိတ် ထောက်ခံလိုက်ကြသည်။ အန်လင်းမှာ အမှန်တကယ် ထူးခြားလွန်းလှသည်။
အန်လင်းမှာ မီးတောက်များအားကြည့်ကာ ခပ်ဖွဖွ ပြုံးလာသည်။
"မီးတောက်ခုနစ်မျိုး စုံပြီဆိုတော့ ရှန့်လုံကို ဆင့်ခေါ်လို့ ရပြီပဲ။"
(အဲ့ဒါက Dragon ballထဲက နဂါးပါ။ တရုတ်နာမည်ပဲ ထည့်လိုက်ပါတယ်။)