ပြိုင်ပွဲကြည့်နေတုန်း ဘာလို့ဒူးထောက်ထားရတာလဲ.......
Vol. 61 Ch. 845
မြင့်မြတ်မီးတောက်တစ်ခုနှင့် အံ့ဖွယ်မီးတောက် ခြောက်ခုပါဝင်သော မီးတောက်ခုနစ်သွယ်မှာ အားလုံး၏ရှေ့တွင် တငွေ့ငွေ့ လောင်ကျွမ်းနေသည်။ မည်သို့ပင်ဆိုစေကာမူ ပွဲကြည့်ပရိသတ် အများစုမှာ အန်လင်း ကြွားဝါးနေသည်ဟုသာ ထင်မြင်ကြသည်။
မီးတောက်များစွာအား အသုံးပြုကာ ဆေးလုံးသန့်စင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
မီးတောက်ထိန်းချုပ်ရာတွင် နတ်ဘုရားကဲ့သို့ အဆင့်ရှိသူမျိုးကသာ မီးတောက်ခုနစ်သွယ်နှင့် ဆေးဖော်နိုင်လိမ့်မည်။
ဆေးမျှော်စင်မှ အကြီးအကဲများကို မဆိုထားနှင့် ဆေးပဏ္ဍိတသည်ပင် ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သို့သော် စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်တွင်ပင် မီးတောက်ခုနစ်သွယ်မှာ တပြိုင်နက်တည်း လှုပ်ရှားလာသည်။ အန်လင်းသည် လက်တစ်ဖက်ဖြင့် အဆင့်မြင် စိတ်ဝိဉာဉ်ဆေးပင်များအား ကိုင်တွယ်နေသလို ကျန်တစ်ဖက်ဖြင့် မီးတောက်ခုနစ်သွယ်ကို ထိန်းချုပ်နေသည်။
အလုံးစုံ ကွဲပြားခြားနားသော မီးတောက်ခုနစ်သွယ်သည် အန်လင်း၏ လက်ချောင်းထိပ်များတွင် နာခံမှုရှိသော နတ်သမီးလေးများအလား ကခုန်နေသည်။ မီးတောက်များ၏ ပြီးပြည့်စုံသော အချိတ်အဆက်များနှင့်အတူ အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးပင်များထံမှ အဆီအနှစ်များကို ထုတ်ယူနေလျက် ရှိသည်။
"ဒါ...... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
မီးလျှံများနှင့် လူအသွင်ရှိသော အကြီးအကဲသည် စားပွဲအား လက်ဖြင့်ရပ်ကာ မယုံကြည်နိုင်စွာ မတ်တပ်ထရပ်လိုက်သည်။
ခရမ်းရောင် ပတ်တီးများ စည်းနှောင်ထားသော မံမီသဏ္ဍန် အကြီးအကဲမှာလည်း သွေးနီရောင် မျက်ဝန်းများအား အကြိမ်ကြိမ်အခါခါ ပွတ်သပ်နေမိသည်။
"အဓိပ္ပါယ်မရှိဘူး။ ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ။"
"အဆင့်မြင့် မီးတောက်ခုနစ်သွယ်ကို အမှားအယွင်း မရှိပဲ တိတိကျကျ ထိန်းချုပ်နိုင်ဖို့ဆိုရင် ဘယ်လောက်တောင်မှ မီးတောက်ထိန်းချုပ်မှု စွမ်းရည်တွေ လိုအပ်လိုက်မလဲ။"
လက်လေးဘက် မျောက်ဝံမှာ အသက်ရှူသံများ ပြင်းနေမိသည်။
ဆေးဆရာများကြားတွင် အံ့ဖွယ်မီးတောက် တစ်ခုအား သေသေချာချာ ထိန်းချုပ်နိုင်ခြင်းသည်ပင် သြချရလောက်စရာ အရည်အချင်း ဖြစ်နေလေပြီ။
အံ့ဖွယ်မီးတောက် နှစ်ခုအား တပြိုင်နက်တည်း ထိန်းချုပ်ခြင်းမှာ ခက်ခဲမှု နှစ်ဆတိုးသွားရုံမျှ မဟုတ်ပေ။ မီးတောက်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ရှုပ်ထွေးမှုများ ဖြစ်နိုင်သည့်အတွက် ၎င်းတို့၏ အပူချိန်နှင့် စွမ်းရည်များကြားတွင် သင့်တင့်လျောက်ပတ်သော မျှခြေတစ်ခု ဖန်တီးပေးရပေလိမ့်မည်။ ထို့ကြောင့် မီးတောက်နှစ်ခုအား ထိန်းချုပ်ခြင်းသည် မီးတောက်တစ်ခုကို ထိန်းချုပ်ခြင်းထက် အဆပေါင်းများစွာ ပိုမိုခက်ခဲသည်။
မီးတောက်ခုနစ်သွယ်အား တစ်ချိန်တည်း အသုံးပြုနေခြင်းမှာ မည်မျှပင် ခက်ခဲလိမ့်မည်ကို မှန်းဆကြည့်၍ပင် မရပေ။
ပွဲကြည့်ပရိသတ်များကို မဆိုထားနှင့် အကြီးအကဲများသည်ပင် ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။
၎င်းတို့သည် မယုံကြည်နိုင်ခြင်းပေါင်းများစွာနှင့် ထိုမြင်ကွင်းအား ငေးကြောင်ကြည့်နေကြသည်။
၎င်းတို့သည် အန်လင်းကဲ့သို့ ဆေးဆရာမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ဂရေးသည် နောက်ထပ်တစ်ကြိမ် ဒူးထောက်ကျသွားရပြန်သည်။
ရေခဲဝိဉာဉ်ဆေးပင်ထံမှ အဆီအနှစ်အား လရောင်ရှုခင်းမီးတောက်ဖြင့် ထုတ်ယူကာ ဆေးအိုးအတွင်း ရေခဲသလင်းရောင် တောက်ပသွားစေသည်။ ကောင်းကင်ဘုံလဟာပြင်မီးတောက်ဖြင့် သံမဏိကြာပန်း၏ အပေါ်လွှာအား ဖယ်ရှားလိုက်သောကြောင့် မဟူရာကြာပန်းတစ်ပွင့် ပေါ်ထွက်လာသည်။ ကြီးမြတ်သန့်စင်မီးတောက်ဖြင့် ရေခဲသလင်းကျောက်အား မဟူရာကြာပန်းထံ တွန်းပို့ပေးလိုက်သည်။
အံ့ဖွယ်မီးတောက်များအားလုံးသည် တာဝန်ကိုယ်စီဖြင့် ပါဝင်ပစ္စည်းများထံမှ အဆီအနှစ်များ ထုတ်ယူကာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းပေးနေသည်။ လုပ်ဆောင်ချက်တိုင်းသည် အမှားအယွင်း တစ်ခုပင် မရှိပဲ ပြီးပြည့်စုံလွန်းလှသည်။
ဆေးမျှော်စင်၏ ထိပ်ဆုံးတွင် ရှိနေသော ဆေးပဏ္ဍိတသည်လည်း ထူးခြားလွန်းသော မြင်ကွင်းကိုကြည့်ကာ လက်များတုန်ယင်လာရသည်။ သူသည် အောက်သို့ပြေးဆင်းကာ သွားထိုင်ကြည့်လိုက်ချင်ပါသော်လည်း စိတ်ကိုထိန်းထားရသည်။
ဆေးပဏ္ဍိတ သက်ပြင်းချလိုက်သည်။
"ကြောက်ဖို့ကောင်းလိုက်တာ။ ဒီလိုကောင်မျိုးဆီကနေ ရှုံးရတာဆိုတော့ ငါ့သမီးလေးလည်း သက်တောင့်သက်သာ ဖြစ်မှာပါ။"
ဖန်းနီမှာ အန်လင်း၏ လုပ်ဆောင်ချက်များကြောင့် ထိတ်လန့်နေရလေပြီ။
ဆေးဥသျှောင်တစ်ပါးက ကလေးတွေကြားမှာ လာဆော့နေတာတော့ မဟုတ်ပါဘူးနော်......
အန်လင်း၏ ဆေးလုံးသန့်စင်ခြင်း စွမ်းရည်ကြောင့် ဖန်းနီမှာ ငချွတ်တစ်ဦးလို ခံစားနေရသည်။ ထိုသည်သာမက သူမသည် ဆရာ့ဆရာကြီးအား စိန်ခေါ်မိသူလိုပင်။
ဖန်းနီမှာ စိတ်ဓာတ်ကျကာ ပြိုင်ပွဲပြီးသွားရန်သာ မျှော်လင့်နေမိသည်။ အန်လင်း၏ ကြွားလုံးများမှာ သူမအား နာကျင်စေသည်။
အရာအားလုံးမှာ ဟာသတစ်ခုလိုသာ။
သူမ၏ ယုံကြည်ချက်များမှာလည်း အန်လင်း၏ မီးတောက်ခုနစ်သွယ်ကြောင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
......................
တစ်နာရီခန့် ကြာပြီးနောက်......
ဝုန်း......
အားကောင်းလွန်းသော စွမ်းအင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ကြယ်စင်ကဲ့သို့ တလက်လက် တောက်ပနေသော ရွှေရောင်ဆေးလုံးတစ်လုံး ပျံဝဲနေသည်။ ဖန်းနီသည် အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးအား အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေပြီ။
တာအိုကွင်းပြင် တစ်ခုလုံး အားပေးသံများ သောသောညံသွားသည်။
ထို့နောက် အားလုံးမှာ အန်လင်းအား ပြန်လည်အာရုံစိုက်လိုက်ကြသည်။
ဖန်းနီ : "..........."
အခြားပြိုင်ပွဲတစ်ခုတွင်သာ အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးအား သန့်စင်ပြခဲ့ပါက ဆေးမြို့တော် တစ်ခုလုံးတွင် သူမသည် အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်လာပေလိမ့်မည်။
ထိုသည်သာ မကသေးပဲ သူမ၏ အမည်နာမသည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ တစ်ခုလုံးတွင် အထူးချွန်ဆုံး လူငယ်ဆေးဆရာအဖြစ် ကျော်ကြားသွားမည် ဖြစ်သည်။ အတိတ်ကာလများတွင် ထိုအဖြစ်အပျက်အား သူမ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော်.....
သူမ၏ အောင်မြင်မှုအား ယဉ်ကျေးမှုရှိစွာ လက်ခုပ်တီးပေးသည့် အချိန်တခဏသာ ရရှိခဲ့သည်။
အမှန်တရားသည် သူမ ထင်မှတ်ထားသည်နှင့် များစွာခြားနားနေသည်။
"ဖူး......"
လျှို့ဝှက်ကျင့်စဉ်အား အသုံးပြုခဲ့သော အကျိုးသက်ရောက်မှုကြောင့် ဖန်းနီ သွေးအန်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ သူမအား စိတ်ပူမည့်သူ မရှိပေ။ အားလုံးသည် အန်လင်းကိုသာ ငေးမောနေကြသည်။
သူဟာသူ သွေးအန်ချင်သလောက်အန်လေ၊ အန်လင်းကို အနှောင့်အယှက် မဖြစ်ရင် ပြီးတာပဲ......
ဖန်းနီ ဝမ်းနည်းကာ မျက်ရည်ကျမတက် ဖြစ်သွားရသည်။
သူမသည် အသက်နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသော လူငယ်တစ်ဦးပင် မဟုတ်လော။
"ဖန်းနီ..... မင်းအဆင်ပြေရဲ့လား။"
စကားသံတစ်ခု ထွက်ပေါ်လာသည်။
ဖန်းနီ ကြောင်တောင်တောင်ဖြစ်ကာ လှည့်ကြည့်လိုက်မိသည်။
ရင်းနှီးကျွမ်းဝင်နေသော လူငယ်တစ်ဦးမှ သူမအား ကြည့်ရှုနေလေသည်။
ဖန်းနီ မျက်လုံးပြူးကာ မျက်နှာပျက်သွားသည်။
"နင်....... နင်ဆေးလုံးသန့်စင်တာကို အာရုံစိုက်ဖို့ မလိုဘူးလား။"
သူမအား စိတ်ပူပေးလာသူမှာ မီးတောက်ခုနစ်သွယ်နှင့် ဆေးလုံးသန့်စင်နေသော အန်လင်းပင် ဖြစ်သည်။
အန်လင်း ပုခုံးတွန့်ပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ဆေးလုံးသန့်စင်တာလောက်က အာရုံစိုက်စရာမှ မလိုတာ။ မင်းတကယ်အဆင်ပြေရဲ့လား။"
"ဖူး....."
ဖန်းနီ ကူကယ်ရာမဲ့စွာ သွေးထပ်အန်လိုက်ရသည်။
"မင်းမှာ အားကောင်းစေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးတွေ ရှိရဲ့လား။"
အန်လင်း စိုးရိမ်ကာ မေးမြန်းလိုက်သည်။
"ငါပေးရမလား။"
ဖန်းနီသည် ရှောင်ဇယ်၏ အနာဂတ် ဇနီးလောင်း ဖြစ်သောကြောင့် သူပစ်ထား၍ မဖြစ်ပေ။
"ငါတောင်းပန်ပါတယ်။ ငါ့ကို နာကျင်အောင် မပြောပါနဲ့တော့။"
ဖန်းနီမှာ ရင်ဘတ်ပေါ် လက်တင်ကာ မျက်ရည်များ စီးကျလာတော့သည်။
အန်လင်း နားမလည်နိုင် ဖြစ်သွားရသည်။
ငါဘာလုပ်မိလို့လဲဟ.........
သူသည် သူ၏လုပ်ရပ်အား အမှန်တကယ် သတိမမူမိပေ။
"ဘုရားရေ...... ငါဘာကိုမြင်နေရတာလဲ။ သူက ကြည့်တောင်မကြည့်ပဲ ဆေးလုံးသန့်စင်နေတာလား။"
"ဒဏ္ဍာရီလာ မျက်ကန်းသန့်စင်ခြင်းများလား။"
"ကြောက်စရာကြီးပါလား။ ဒီကောင်ဘာကောင်လဲဟ။ အဲ့လောက်တောင် ထူးချွန်နေတာ။"
"အန်လင်းဆိုတဲ့ လူသားကြောင့် ငါတော့ ဘဝအမြင်တွေ ပြောင်းလဲသွားပြီ။"
.........
ဂရေးမှာ မြေပြင်ပေါ် ဒူးထောက်လျက်သာ ရှိနေသည်။
"ဂရေး.... ပြိုင်ပွဲ ကြည့်နေတာကို ဘာလို့ဒူးထောက်နေတာလဲ။"
ဂျူလီယာ မေးမြန်းလာသည်။
"အန်လင်းက ထူးခြားလွန်းတယ်။ သူ့ရှေ့မှာ မတ်တပ်မရပ်ရဲဘူး။"
ဂရေး ငိုကြွေးနေသည်။
ဂျူလီယာ : "......."
အန်လင်းအတွက် ဆေးလုံးသန့်စင်ရာတွင် အာရုံစိုက်ရန် မလိုအပ်ပေ။
ဗာမီလီယမ်ငှက်သည် ဆေးလုံးသန့်စင်ခြင်း လုပ်ဆောင်နေသူဖြစ်ကာ သူ၏အံ့ဖွယ်အာရုံ အစွမ်းဖြင့် မီးတောက်များ ထိန်းချုပ်နေခြင်း ဖြစ်သည်။
အန်လင်း၏ လက်များမှာ လေထဲတွင် ကခုန်နေလျက် ရှိသည်။
ထို့နောက် ကောင်းခန်းသို့ ရောက်ရှိလာလေပြီ။
"ဆေးလုံးပုံဖော်ခြင်း......."