ဘယ်သူချန်ပီယံဖြစ်ဖြစ်မထူးခြားဘူး
Vol. 61 Ch. 846
ပါဝင်ပစ္စည်းများ၏ အဆီအနှစ်များအား မီးတောက်ခုနစ်သွယ်နှင့် ထုတ်ယူထားပြီး ဖြစ်သောကြောင့် ယခုအချိန်သည် ပေါင်းစည်းရတော့မည့်အချိန် ဖြစ်သည်။
ထိုသည်မှာ ဆေးလုံးတစ်လုံးအဖြစ် အဆီအနှစ် အားလုံးကို ပေါင်းစည်းလိုက်ရုံမျှ မဟုတ်ပေ။ ပါဝင်ပစ္စည်းများ၏ အဆီအနှစ်များသည် တစ်ခုနှင့်တစ်ခု တုံ့ပြန်မှုရှိကာ အချိတ်အဆက် မိရပေလိမ့်မည်။ ဆေးလုံးသန့်စင်ခြင်း ပညာရပ်တွင် အခက်ခဲဆုံး အဆင့်ဟု ဆိုနိုင်ပြီး အမှားအယွင်းတစ်ခု ဖြစ်သွားသည်နှင့် သုံးစားမရသော ဆေးလုံးတစ်ခု ဖြစ်တည်လာခြင်း သို့မဟုတ် ဆေးလုံးပေါက်ကွဲခြင်းတို့ဖြစ်ကာ ဆေးလုံးပုံဖော်ခြင်း ကျရှုံးသွားနိုင်သည်။
မီးတောက်ခုနစ်သွယ်သည် မီးလျှံနဂါးများသဖွယ် ဆေးလုံးပတ်လည်တွင် လည်ပတ်နေသည်။
အားကောင်းလွန်းသော စွမ်းအင်များမှာ တဟုန်ထိုး စီးဆင်းနေကြသည်။ ဆေးလုံးသည် အောင်မြင်စွာ ပုံမပေါ်သေးပါသော်လည်း ကြွယ်ဝလှသော ရနံ့မှာ သုံးကီလိုမီတာတိုင် ပျံ့နှံ့နေပြီ ဖြစ်သည်။
"ဘုရားရေ......သူက စိတ်ဝိဉာဉ်ဆေးလုံး လုပ်နေတာရော ဟုတ်ရဲ့လား။"
ဆေးမျှော်စင် အကြီးအကဲတစ်ဦး မယုံကြည်နိုင်သော အမူအရာဖြင့် မျက်လုံးပြူးနေသည်။
"သမိုင်းတလျှောက် အကြမ်းဆုံး စိတ်ဝိဉာဉ်ဆေးလုံး ဖြစ်လာတော့မှာပဲ။ ဆေးလုံးပုံဖော်တဲ့ နေရာမှာ မကျရှုံးသွားရင်ပေါ့လေ။"
မီးလျှံများနှင့် လူသားအသွင် အကြီးအကဲ ရေရွတ်လိုက်သည်။
ဆေးလုံးအရည်အသွေး မြင့်မားလေ၊ ပုံဖော်ရန် ခက်ခဲလေပင်။
မြင့်မြတ်မီးတောက်တစ်ခု၊ အံ့ဖွယ်မီးတောက် ခြောက်ခုတို့နှင့် သန့်စင်ထားသော ဆေးလုံးသည် မထင်မှတ်ထားလောက်အောင် ပုံဖော်ရန် ခက်ခဲပေလိမ့်မည်။
ဝုန်း.......
ထိုအချိန်တွင် အားကောင်းလှသော စွမ်းအင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
စုရှောင်လန်မှာ ဆေးလုံးပုံဖော်ခြင်း အောင်မြင်သွားလေပြီ။
သန့်စင်သော အဖြူရောင်ဆေးလုံးတစ်လုံးမှာ သူမရှေ့တွင် ရှိနေသည်။ မြင့်မြတ်သော ဗာမီလီယမ်မီးတောက်မှ ရုပ်လုံးပေါ်လာသော ဗာမီလီယမ်ငှက်မှာ ဆေးလုံးတဝိုက် လှည့်ပတ်ပျံသန်းကာ သန့်စင်လွန်းသော အသက်စွမ်းအင်များကို လေထုထဲ ပျံ့နှံ့နေစေသည်။
ဖန်းနီ မျက်လုံးပြူးကာ အသံများပင် တုန်ယင်လာသည်။
"ဒီ....... ဒီမြင့်မြတ်မီးတောက် အစွမ်းက ဆေးလုံးထဲထိ စိမ့်ဝင်နေတာပဲ။ စွမ်းအင်စီးကြောင်းမှာ အာရုံခံလို့ရနေတယ်။ ဒါက အဆင့်တစ်ရဲ့ အထွဋ်အထိပ်မှာ ရှိနေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးပဲ။ ငါရှုံးပြီ။ ငါအခုတည်းက ရှုံးသွားပြီ။"
သူမ ခေါင်းတခါခါဖြင့် နောက်ဆုတ်မိလိုက်သည်။
ဖန်းနီ သန့်စင်ထားသော ဆေးလုံးမှာ သာမန်ပထမအဆင့် စိတ်ဝိဉာဉ်ဆေးလုံးသာဖြစ်ပြီး ဆေးပညာအား မတောက်တခေါက် နားလည်သူပင်လျှင် စုရှောင်လန်၏ ဆေးလုံးမှာ အဆပေါင်းများစွာ သာလွန်ကြောင်း သိရှိပေလိမ့်မည်။ အန်လင်းနှင့် စုရှောင်လန်တို့ ဆေးလုံးပုံဖော်ခြင်း မပြီးသေးမီအထိ သူမ နှလုံးသားထဲတွင် မျှော်လင့်ချက်အချို့ ရှိနေသေးသည်။ အခက်ခဲဆုံးသော ထိုအဆင့်တွင် ၎င်းတို့နှစ်ဦးလုံး ကျရှုံးသွားနိုင်သည် မဟုတ်လော။
မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးသော မျှော်လင့်ချက် ရောင်ခြည်မှာ ပျက်သုဉ်းသွားရလေပြီ။
သူမအနေဖြင့် ချန်ပီယံ မဖြစ်နိုင်တော့ပေ။
အကြီးအကဲများသည်ပင် ပါးစပ်အဟောင်းသား ဖြစ်မိနေကြသည်။
"ဖန်းနီက ဆေးဆရာတွေကြားမှာ အရမ်းအလားအလာကောင်းတဲ့ ပါရမီရှင် လူငယ်လေးပါ။ ဒီလို သောက်ကြမ်းကြီး နှစ်ယောက်နဲ့ လာဆုံရတာကိုက သူမ ကံဆိုးတာပဲ။"
"သူမက ဒီခေတ်မှာ မွေးလာတာ မှားနေတာ။ အတိတ်တုန်းကသာဆိုရင် တစ်ကမ္ဘာလုံးမှာ ဒိတ်ဒိတ်ကြဲ လူငယ်ဆေးဆရာ ဖြစ်နေလိမ့်မယ်။"
"အခုတော့ အန်လင်းနဲ့ စုရှောင်လန် နှစ်ယောက်ထဲက တစ်ယောက်က ပထမဆု ရမှာပဲ။ ဘယ်သူဖြစ်မလဲ မပြောတတ်ဘူး။"
ပွဲကြည့်ပရိသတ်များမှာလည်း အချင်းချင်း ဆွေးနွေးနေကြသည်။
ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်လာမည့်သူကို အားလုံး မျှော်လင့်စောင့်စားနေကြသည်။
"ငါကတော့ စုရှောင်လန်လို့ပဲ ထင်တယ်။ သူမက အဆင့်တစ်ရဲ့ အထွဋ်အထိပ် ရောက်နေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်ခဲ့တာလေ။ စိတ်ဝိဉာဉ်ဆေးလုံးတွေထဲမှာ သူမဆေးလုံးက အဆင့်အမြင့်ဆုံးပဲ။ အန်လင်းကလည်း အဆင့်တစ်ရဲ့ အထွဋ်အထိပ် ရောက်နေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးကို သန့်စင်နိုင်ခဲ့ရင်တောင် အချိန်ပိုကြာတယ်မလား။ အဲ့ဒါကြောင့် စုရှောင်လန်ပဲ နိုင်မှာပဲ။"
"ဘာပဲဖြစ်ဖြစ် အန်လင်းနိုင်မယ်လို့ယုံတယ်။ အဆင့်တစ်ရဲ့ အထွဋ်အထိပ် ရောက်နေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးကို သူသန့်စင်လိမ့်မယ်လို့ မင်းကိုဘယ်သူပြောတာလဲ။ အဆင့်လေး စိတ်ဝိဉာဉ်ဆေးလုံးကို အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးဖြစ်အောင် သူသန့်စင်ခဲ့တာကို မေ့သွားတာလား။ အခုတခေါက်လည်း အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးကို အင်မော်တယ်ဆေးလုံးဖြစ်အောင် လုပ်ရင်လုပ်နိုင်မှာပေါ့။"
"မင်းအတည်ကြီး ပြောနေတာလား။ စိတ်ဝိဉာဉ်ဆေးလုံးနဲ့ အင်မော်တယ်ဆေးလုံးက လုံးဝမတူဘူးနော်။ အဲ့အတားအဆီးကို လွယ်လွယ်ချိုးဖြတ်နိုင်မယ် ထင်နေရင် မင်းအိပ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ်။"
"ဟမ့်.... ငါဂရုမစိုက်ဘူး။ အန်လင်းက အံ့ဖွယ်မီးတောက် ခြောက်ခုနဲ့ မြင့်မြတ်မီးတောက် တစ်ခုကို တပြိုင်တည်း ထိန်းချုပ်နိုင်တဲ့ နတ်ဘုရားလိုလူပဲ။ သူသာ အနိုင်မရရင် ဘယ်သူက ချန်ပီယံဆုနဲ့ ထိုက်တန်တော့မှာလဲ။ ဝိဉာဉ်ကိုးသွယ်ဆေးအိုးက အန်လင်းအတွက်ပဲ ဖြစ်သင့်တယ်။"
"ရလဒ်က ပိုအရေးကြီးတာလေ။ စုရှောင်လန်က အဆင့်တစ်ရဲ့ အထွဋ်အထိပ် ရောက်နေတဲ့ စိတ်ဝိဉာဉ်ဆေးလုံးကို အန်လင်းထက်အရင် သန့်စင်နိုင်ခဲ့တာ။ စိတ်ဝိဉာဉ်ဆေးလုံးတွေထဲမှာ အမြင့်တကာ့ အမြင့်ဆုံးဆိုတော့ သူမနိုင်တာ ထင်ရှားနေပြီ။ ဝိဉာဉ်ကိုးသွယ်ဆေးအိုးက သူမနဲ့ပဲ ထိုက်တန်တယ်။"
ပွဲကြည့်ပရိသတ်များ အပါအဝင် အကြီးအကဲများပါ ငြင်းခုန်နေရသည်။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားတွင် ဝုန်းခနဲ မြည်ဟည်းသွားသည်။
"ဝေါင်း....."
နဂါးတစ်ကောင်၏ ဟိန်းသံမှာလည်း ပဲ့တင်ထပ်သွားသည်။
မီးတောက်ခုနစ်သွယ်သည် နဂါးတစ်ကောင်အဖြစ် ပေါင်းစည်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားပုံမှာ နတ်နဂါးတစ်ကောင် အထက်ဘုံ တက်သွားသလိုပင်။ ဆေးမြို့တော် တခွင်လုံးမှာလည်း ထိန်ထိန်လင်းသွားရသည်။
အန်လင်း၏ ဆေးအိုးထက်တွင် ရောင်စဉ်ခုနစ်သွယ် တောက်ပနေသော စိတ်ဝိဉာဉ်ဆေးလုံးတစ်လုံး ရှိနေသည်။
ဆေးလုံးတွင် ခုနစ်စင်ကြယ် ပါဝင်နေသည်ဟုပင် ထင်မှတ်ရသည်။ သန္ဓေပြောင်းသွေးဇာမဏီ၏ သွေးနီရောင်၊ ကြယ်မိစ္ဆာ၏ ခရမ်းရောင်၊ လရောင်စဉ်၏ တောက်ပသော အပြာရောင်၊ နေမင်းကဲ့သို့သော အဖြူရောင်၊ လေကဲ့သို့ ကြည်လင်နေသောအရောင်၊ နဂါးတစ်ကောင်အလား ထင်မှတ်မှားရသော ရွှေရောင်နှင့် ဗာမီလီယမ်ငှက်အလား မြင့်မြတ်သော အရောင်အဝါတို့သည် မတူညီသော စွမ်းအင်များနှင့်အတူ ထွန်းတောက်ကာ ဆေးရနံ့မှာလည်း ငါးကီလိုမီတာတိုင် ထုံမွှမ်းသွားသည်။
ပွဲကြည့်ပရိသတ်များအားလုံး ဆေးလုံးကိုကြည့်ကာ တံထွေးမြိုချလိုက်မိကြသည်။
၎င်းတို့၏ နှလုံးသားထဲတွင် အလိုရမ္မက်များ ဖြစ်ပေါ်လာကာ ထိုဆေးလုံးအား တောင့်တလာကြသည်။
ကြယ်စင်ခုနစ်သွယ်ဝင်ပေါက်ငယ်ဆေးလုံးသည် အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးပင် လေးဆယ့်ကိုးမျိုး၏ အဆီအနှစ်များဖြင့် သန့်စင်ထားခြင်းဖြစ်ကာ စွမ်းအင်ဝင်ပေါက်များနှင့် ခန္ဓာကိုယ် တစ်ခုလုံးကို သန့်စင်ပေးနိုင်ပြီး သက်ရှိစွမ်းအင် ပင်လယ်ကိုပါ ချဲ့ထွင်ပေးနိုင်သည်။
အန်လင်း၏ ဆေးလုံးသန့်စင်ခြင်းအား မြင်တွေ့ခဲ့ရသူတိုင်းသည် ယခုဆေးလုံး၏ အကျိုးသက်ရောက်မှုမှာ သာမန် ကြယ်စင်ခုနစ်သွယ်ဝင်ပေါက်ငယ်ထက် အဆပေါင်းများစွာ သာလွန်မည်ဖြစ်ကြောင်း သိရှိနေကြသည်။
"ဒါ....... ဒါကို စိတ်ဝိဉာဉ်ဆေးလုံးလို့ရော သတ်မှတ်နိုင်ရဲ့လား။"
စိတ်ဝိဉာဉ်ဆေးလုံးမှ အင်မော်တယ်ဆေးလုံး ဖြစ်လာသည်မှာ သမိုင်းတလျှောက် မရှိခဲ့ဖူးပါသော်လည်း အန်လင်း၏ စိတ်ဝိဉာဉ်ဆေးလုံးမှာ အခြားသော အဆင့်တစ် စိတ်ဝိဉာဉ်ဆေးလုံးများထက် သိသိသာသာ အရည်အသွေး မြင့်မားနေသည်။ ထို့ကြောင့် အကြီးအကဲများသည်ပင် မည်သို့ဆုံးဖြတ်ရမည်ကို မသိတော့ပေ။
မီးလျှံများနှင့် လူသားအသွင် အကြီးအကဲ သက်ပြင်းချလိုက်သည်။
"စုရှောင်လန်ရဲ့ စိတ်ဝိဉာဉ်ဆေးလုံးက အဆင့်တစ်ရဲ့ အထွဋ်အထိပ် ရောက်နေပေမယ့် စိတ်ထဲမှာ အန်လင်းရဲ့ စိတ်ဝိဉာဉ်ဆေးလုံးက ပိုမြင့်နေတယ်လို့ ခံစားနေရတယ်။"
အကြီးအကဲများမှာ ချန်ပီယံအား မဆုံးဖြတ်နိုင်သလို ပွဲကြည့်ပရိသတ်များမှာလည်း တစ်ဦးနှင့်တစ်ဦး ငြင်းခုံနေကြသည်။ ၎င်းတို့သည် အန်လင်းနှင့် စုရှောင်လန်အား အားပါးတရ ထင်ကြေးပေးနေကြသည်။
၎င်းတို့နှစ်ဦးလုံးသည် အဆင့်တစ်၏ အထွဋ်အထိပ် ရောက်နေသော စိတ်ဝိဉာဉ်ဆေးလုံးများကို သန့်စင်ခဲ့ကြသည်။ စုရှောင်လန်သည် အချိန်ပိုမြန်ပါသော်လည်း မီးတောက်ခုနစ်သွယ်ဖြင့် သန့်စင်ခဲ့သည့် အန်လင်းအား အထင်မသေးနိုင်ပေ။ ထို့အပြင် အန်လင်း၏ ဆေးလုံးမှာ စုရှောင်လန်၏ ဆေးလုံးထက် ထင်ရှားသိသာစွာ ကောင်းမွန်နေသည်။ တစ်နည်းဆိုသော် ထိုနှစ်ဦးလုံးအား ချန်ပီယံ မှန်းသင့်သောအချက်များ ရှိနေလေသည်။
ပွဲကြည့်ပရိသတ် အများစုမှာ အန်လင်းဘက်တွင် ရှိကြသည်။
တာအိုကွင်းပြင်၌ ဝေဖန်ဆွေးနွေးသံများ သောသောညံနေစဉ်မှာပင် ကောင်းကင်ထက်တွင် ရွှေပေလွှာတစ်ခု ထွက်ပေါ်လာသည်။
ရွှေပေလွှာမှာ ဆေးမျှော်စင်၏ ထိပ်ဆုံးမှ ကျဆင်းလာခြင်း ဖြစ်သည်။
ပွဲကြည့်ပရိသတ်များသည်လည်း ထိုသည်ကို သတိထားမိကာ ဆူညံသံများ ဖြည်းညင်းစွာ ငြိမ်သက်သွားသည်။
ဗိုလ်လုပွဲ ဆုံးဖြတ်ချက်အား ဆေးပဏ္ဍိတကိုယ်တိုင် ချမှတ်ပေးလိုက်ပြီပင်။
အကြီးအကဲ တစ်ဦးမှ ရွှေပေလွှာအား လှမ်းယူလိုက်သည်။
ပေလွှာပေါ်တွင် စာလုံးသုံးလုံးသာ ရေးထိုးထားသည်။
"အန်လင်းနိုင်တယ်။"
မိန်မိန် လှပစွာပြုံးကာ စင်မြင့်ပေါ် ဆင်းသက်လာသည်။ သူမသည် တင့်တယ်လှပသော ကိုယ်နေဟန်ထားဖြင့် အန်လင်းထံ လျှောက်လှမ်းသွားလိုက်သည်။
"ဒီဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲရဲ့ ချန်ပီယံကတော့ အန်လင်းပဲ ဖြစ်ပါတယ်။"
အားပေးသံများ သောသောညံသွားလေသည်။
များပြားလှသော သက်ရှိသတ္တဝါများမှာ အန်လင်းနာမည်အား လေးစားအားကျစွာ အော်ဟစ်အားပေးလိုက်ကြသည်။
အန်လင်းသည် ထိုအခိုက်အတန့်အား ငေးမောကြည့်နေမိသည်။
ငါတကယ် ချန်ပီယံ ဖြစ်သွားတာလား........
လက်ရှိအချိန်တွင် သူသည် တာအိုကွင်းပြင် တစ်ခုလုံးတွင် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်နေသည်။
ပွဲကြည့်ပရိသတ်များအားလုံးမှာ ရလဒ်နှင့်ပက်သတ်၍ ကျေနပ်ကြသည်ကို တွေ့နိုင်သည်။
ပွဲကြည့်ပရိသတ်များသာမက ပြိုင်ပွဲဝင်များနှင့် အကြီးအကဲများသည်လည်း သူ့အားနှစ်ခြိုက်ကြသည်။
မိန်မိန်သည် နီဆွေးသော နှုတ်ခမ်းအား လျှာဖြင့်သပ်ကာ ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် အန်လင်း...... ဒါက နင့်အတွက်ဆုပါ။"
သူမ အန်လင်းနား ချည်းကပ်လာသည်။
သူမသည် လျှာအားထုတ်ကာ ခန္ဓာကိုယ်မှလည်း ရနံ့တစ်ခု ထုတ်လွှင့်ထားသည်။
အန်လင်းမှ မျက်ခွက်ရိုက်တော့မည့် အချိန်မှာပင် သူမ ဆုတ်ခွာသွားကာ မျက်လုံးမှိတ်ပြလာလေသည်။
ဝုန်း.......
အလွန်လှပသော ဆေးအိုးတစ်ခုမှာ စင်မြင့်ထက်သို့ ရောက်ရှိလာသည်။
အားလုံးမှာ ဆေးအိုးအား ငေးကြည့်နေကြသည်။ ထိုသည်မှာ ပြိုင်ပွဲ၏ ပထမဆုဖြစ်သော အလယ်အလတ်အဆင့် အင်မော်တယ်ရတနာ ဝိဉာဉ်ကိုးသွယ်ဆေးအိုးပင်။
ဆေးအိုးမှာ အမြင်တင့်တယ်သလို တန်ဖိုးလည်းကြီးသည်။
ဖြောင်း...... ဖြောင်း...... ဖြောင်း.......
အကြီးအကဲများ စတင်လက်ခုပ်တီးလိုက်သည်။
"ဝိဉာဉ်ကိုးသွယ်ဆေးအိုးကို ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် အန်လင်း....."
ဖြောင်း...... ဖြောင်း...... ဖြောင်း........
အားပေးသံများမှာ မိုးယံသို့ပင် လွင့်ပျံသွားသည်။
ဂရေးသည်ပင် ဒူးထောက်နေရာမှထကာ လက်ခုပ်တီးနေ၏။
အန်လင်းသည် ဝိဉာဉ်ကိုးသွယ်ဆေးအိုးအားကိုင်ကာ ကျောက်စိမ်းရောင်ဝတ်စုံနှင့် မိန်းမငယ်ထံ သွားလိုက်သည်။
အားလုံး၏ အကြည့်များအောက်တွင်ပင် ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးလိုက်ကြသည်။
"ရှောင်လန်..... ဒီဝိဉာဉ်ကိုးသွယ်ဆေးအိုးက မင်းအတွက်ပဲ။ မင်းကြိုက်မယ်လို့ မျှော်လင့်ပါတယ်။"
အန်လင်း ပြုံးကာပြောလာသည်။
စုရှောင်လန် တောက်ပစွာ ပြုံးလိုက်သည်။
"နင့်မှာ အသိစိတ်တော့ ရှိသေးတာပဲ။ ဒီလက်ဆောင်ကို ငါသဘောကျတယ်။ ယူထားလိုက်တော့မယ်။"
သူမသည် ဝိဉာဉ်ကိုးသွယ်ဆေးအိုးအား သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်သည်။
ပွဲကြည့်ပရိသတ်များ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားကြသည်။
အကြီးအကဲများသည်လည်း ထိတ်လန့်သွားကြလေသည်။
ပြိုင်ပွဲဝင်များမှာ အသက်ရှူသံများမြန်ကာ လဲကျတော့မလို ဖြစ်ကုန်သည်။
ပြိုင်ပွဲတွင် အန်လင်းနှင့် စုရှောင်လန်မှာ သေသေချာချာ စကားမပြောခဲ့ကြသောကြောင့် ၎င်းတို့နှစ်ဦးလုံး လူသားများ ဖြစ်နေပါသော်လည်း ထိုမျှရင်းနှီးလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ယခုအပြုအမူကြောင့် အားလုံး သတိထားမိသွားကြသည်။
အန်လင်းနှင့် စုရှောင်လန် မည်သူပင် ချန်ပီယံ ဖြစ်လာပါစေ ဝိဉာဉ်ကိုးသွယ်ဆေးအိုးသည် စုရှောင်လန် အပိုင်သာ ဖြစ်လာပေလိမ့်မည်။
ဘာလို့ ပြောပြောက မစောကြတာလဲ......
အားလုံးမှာ အဓိပ္ပါယ် မရှိသော ငြင်းခုံခဲ့ခြင်းများအတွက် တုံးအလွန်းသလိုပင် ခံစားမိနေရသည်။
ဂရေးမှာ ဒူးထောက်ကျသွားပြန်သည်။
သူကျယ်လောင်သွာ ငိုကြွေးတော့သည်။
"အန်လင်း...... မင်းကြွားပြန်ပြီကွာ။"
"ပထမဆု ရတာတောင် တမူထူးနေမှ ဖြစ်မှာလား။"