အာကာသကြားမှ တိုက်ပွဲ အရှုပ်အထွေး
Vol. 25 Ch. 342
“လခြမ်းကွေး အင်မော်တယ် နန်းတော်က ကြယ်တာရာ တိုက်ပွဲမှာ ပေါ်လာတာ ... ”
“ကြယ်တာရာ တိုက်ပွဲက ပြင်းထန်တော့မှာ။ ကျုပ် ကြားတာတော့ အဲဒီအထဲမှာ အင်အားစု သုံးခုရှိတယ်တဲ့။ ကျန်းမိုနယ်မြေရဲ့ ကျင့်ကြံသူ စစ်တပ်ရယ်၊ နယ်ခြား ချပ်ဝတ်အဖွဲ့ရယ် ပြီးတော့ အာကာသ သားရဲတွေရယ်... ”
***
သတင်း အမျိုးမျိုးက လောကခန်းမ တစ်လျှောက် ပျံ့နှံ့နေပြီး ကျင့်ကြံသူများက ကြားသည်နှင့် အတည်ပင် မပြုတော့ဘဲ လောကတိုင်မှ တစ်ဆင့် ကြယ်တာရာ တိုက်ပွဲသို့ ထွက်ခွာ ကုန်ကြသည်။
ကြယ်တာရာ တိုက်ပွဲမှာ လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာခြင်းကြောင့် အစပြုလာခြင်း ဖြစ်ရာ ရမှတ်များ ရဖို့ရာအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။ အကယ်၍ လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲ ကံကောင်းပြီး ဝင်နိုင်သွားပါက ထိုအရာမှာ ဘဝမှာ တစ်ကြိမ် အခွင့်ထူး ဖြစ်သွားပေ လိမ့်မည်။
ထိုသို့ အခွင့်ကောင်းနှင့် မျက်မြင်ကိုယ်တွေ့ ကြုံနေရသည့် အချိန် ထွက်မသွား နိုင်သည့် သူမှ လွဲ၍ ကျင့်ကြံသူ တချို့သာ ကြည့်ရှုဖို့ရာ အတွက် နေခဲ့ကြလေသည်။ မည်သူကမျှ ဤတိုက်ပွဲကြီးထဲ၌ အသက်အာမခံ ပေးမထားပေ။
လောကခန်းမကို လာကြသော ကျင့်ကြံသူများတွင် အသက်အန္တရာယ် မကြုံတွေ့ဖူးသည့် လူဟူ၍ ပါမည်လား ....
အကယ်၍ တစ်ယောက်ယောက်က သူ့အတွက် နာမည်တစ်လုံး ဖြစ်လာစေဖို့ရန် မဟုတ်လျှင် လောကခန်းမကို ရောက်လာကြမည် မဟုတ်ပေ။ လောကခန်းမတွင် ရှိနေကြသူများက ကြယ်တာရာ တိုက်ပွဲသို့ သွားကြပြီး ကြယ်တာရာ တိုက်ပွဲသို့ သွားကြသူများသည် သေခြင်းတရား များနှင့် အမြဲကြုံတွေ့ရလေ့ ရှိသည်။
ဤသို့သော တိုက်ပွဲကြီးမျိုးတွင် သေချာဂရုစိုက် နေပါက အသက်အန္တရယ် များစွာနှင့် ကြုံရမည် မဟုတ်လောက်ပေ။
***
လောကခန်းမ နေရာအလွတ် အတွင်း မျက်နှာ ပဝါကာထားသည့် ပိုင်စုတင်းက ကူးပြောင်းရေး အစီအရင်မှ ထွက်လာလေသည်။ သူမက လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာတော့မည် ဖြစ်ကြောင်း သိကာ ကြယ်တာရာ တိုက်ပွဲကို တစ်ချက် သွားကြည့်ချင် မိသည်။ လတ်တလော သူမက ယန်အာကို ရှာတွေ့ဖို့ရာ အလိုရှိ နေသည်မှာ ယန်အာက မိုဝူကျီကို သွားရှာကတည်းမှ သတင်းမကြား ရသည့်အတွက် ပို၍ စိုးရိမ်လာ မိသည်။
လောကခန်းမ အတွင်း မဝင်ခင် သူမက လောကအဆင့် ဇယားကို ကြည့်လိုက်မိကာ တစ်ကိုယ်လုံး တုန်ယင်သွား လေသည်။ သူမက နာမည်များ မှားမြင်မိတာလားဟု မယုံမကြည် ဖြစ်မိသည်။
မိုဝူကျီ၊ အာကာသ ရမှတ် ၃၃၈၄၃၊ အဆင့် ၉၈၃၃
ဘာတွေ ဖြစ်နေတာလဲ ... မိုဝူကျီက မသေရုံသာမက လောကအဆင့် ဇယားကို ဒုတိယအကြိမ် ပြန်ရောက်ရှိ လာသည်လား ... ပြီးတော့ အဆင့် ၉၈၃၃ တဲ့လား ....
ပိုင်စုတင်းက သူမကိုယ်တိုင် လောက အဆင့်ဇယားဝင် ဖြစ်သည့်အတွက် လောကအဆင့် ဇယားသို့ ရောက်ရန် မည်မျှ ခက်ခဲကြောင်း သိ၏။ လောကအဆင့် ဇယားထဲ သူမ ရောက်လာသည့် အကြောင်းအရင်းမှာ သူမက တိုက်ပွဲ၌ အဆင့် ၇ သားရဲအုပ်ကို သတ်နိုင်ခဲ့၍ ဖြစ်သည်။
သို့သော် သူမက လောက အင်မော်တယ် အဆင့်တွင် ဖြစ်ပေသည်။ မိုဝူကျီက မသေလျှင်ပင် သူက အများဆုံး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်သာ ရှိပေဦးမည်။
နောက်အခိုက်အတန့် ပိုင်းလေး၌ သူမက နောက်တစ်ဖန် အံ့ဩမိသွား ပြန်သည်။ အဆင့်များက ဆက်တိုက် ပြောင်းလဲနေ၍ ဖြစ်သည်။ မိုဝူကျီ၊ အာကာသရမှန် ၃၈၈၁၁၊ အဆင့် ၉၇၆၂ ဟူ၍ ဖြစ်သည်။
ပိုင်စုတင်းက သူမခေါင်းကို ကုတ်ရင်း မိုဝူကျီသည် အချိန်တိုလေး အတွင်း အမှတ်ပေါင်း သောင်းချီ၍ ရှာနိုင်မည့် သူ့နည်းလမ်းကို တွေးကြည့် နေမိသည်။ သူမက ထိုသို့သော သားရဲ အများအပြားနှင့် ရင်ဆိုင်ရလျှင်ပင် သူမက အမှတ် မြန်မြန် ရရှိဖို့ရန် အတွက် အဆင့် ၇ သားရဲကိုသာ သတ်ပေလိမ့်မည်။
မကြာခင်တွင် ပိုင်စုတင်းက မိုဝူကျီ တစ်ယောက်တည်း ရမှတ်များ တိုးလာနေခြင်း မဟုတ်ကြောင်း သတိပြုမိ သွားလေ၏။ အခြားသော ကျင့်ကြံသူများ၏ အမှတ်များ မှာလည်း ဆက်တိုက် တိုးလာနေကာ တချို့လူများက လောကအဆင့် ဇယားမှ ပျောက်ကွယ် သွားကြသည်။
ဖြစ်နိုင်ချေ တစ်ခုကား လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာပြီး ထိုအတွက် တိုက်ပွဲ ဖြစ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ပိုင်စုတင်းက ကြာကြာ မနေတော့ဘဲ လောကခန်းမသို့ မြန်မြန် သွားလိုက်ပြီး လောကတိုင်မှ တဆင့် ကြယ်တာရာ တိုက်ပွဲဆီသို့ ထွက်ခွာလာ တော့သည်။
မည်သူကမျှ လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာသည့် ကိစ္စကို လျစ်လျူမရှု နိုင်ကြချေ။ ထို့အပြင် မိုဝူကျီကို ယန်အာက သူ့အား ရှာနေသည့် အကြောင်းကို ပေးသိရဦးမည် ဖြစ်၏။
နောက်ထပ် အကြောင်းအရင်းမှာ မိုဝူကျီ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းက အာကာသ သားရဲများကို သတ်နိုင်စေကာမူ တကယ့် အဆင့်မြင့်နှင့် တွေ့သည့်အခါ သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်ပေ။
သူမက လူများစွာသည် မိုဝူကျီ၏ ဦးခေါင်းကို အလိုရှိ နေကြမှန်း သိ၏။
မိုဝူကျီ၏ လျှပ်စီးဓား တိုက်ကွက်မှာ အချိန်ကြာ လာသည်နှင့်အမျှ ပို၍ ချောမွေ့လာကာ သားရဲများကို ကြောက်လန့် သွားစေသောကြောင့် သူတို့က အခြားကျင့်ကြံသူ များကိုသာ တိုက်ခိုက် ကြတော့သည်။
မိုဝူကျီက ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများနှင့် နယ်ခြား ချပ်ဝတ်တပ်ကို ကြည့်လိုက်မိသည်။ နယ်ခြား ချပ်ဝတ်တပ်မှာ သူတို့ တိုက်ခိုက်သည့် အကြိမ်တိုင်း သူ့လျှပ်စီး မိုးကြိုးများနှင့် တူကာ ကျင့်ကြံသူတပ်ကို ဆက်တိုက် သတ်ဖြတ် နေကြသည်။ ကျင့်ကြံသူတပ်တွင် မှော်ကျင့်စဉ် တချို့ဖြင့် နယ်ခြား ချပ်ဝတ်တပ် အနည်းအကျည်း ကိုသာ သတ်နိုင်လေရာ ဆုံးရှုံးမှုက နယ်ခြား ချပ်ဝတ်တပ် တစ်ခုလုံး အရွယ်အစားနှင့် ယှဉ်လျှင် မပြောပလောက်ပေ။
နယ်ခြား ချပ်ဝတ်တပ်ကို ကျော်၍ ဖြတ်သွားချင်သော စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တချို့ပင် အလျင်အမြန် အဝိုင်းခံ လိုက်ရသည်။ မိုဝူကျီက ထိုချပ်ဝတ် ကျင့်ကြံသူများတွင် ပေါင်းစည်း တိုက်ကွက် ရှိပြီး ထိုအကွက်မှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် တိုက်ခိုက်မှုကို တားဆီးနိုင် ရုံသာမက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ချုပ်နှောင် ထားနိုင်သည်။
ကျန်းမိုနယ်မြေ၏ လောက အင်မော်တယ် အဆင့် ခေါင်းဆောင်က ထိုအရာကို မြင်သည့်အခါ အာကာသ သားရဲများ အကြားမှ သူ့အတွက်သူ လမ်းဖောက်ရင်း ချပ်ဝတ်တပ်ဆီ ချီတက်လာသည်။
ဤလောက အင်မော်တယ် အဆင့် ကျင့်ကြံသူက ချပ်ဝတ်တပ်နား မရောက်ခင် ချပ်ဝတ်ကျင့်ကြံသူ တစ်ယောက်က ရှေ့ထွက်လာကာ လောက အင်မော်တယ်ဆီ လာနေသည်။
မယုံနိုင်လောက်ဖွယ် သဘာဝ စွမ်းအားများက ထိုနှစ်ယောက် ဝန်းကျင်တွင် ပေါက်ကွဲနေပြီး သူတို့နားမှ လူအားလုံးမှာ ထိုသဘာဝ စွမ်းအားများကြောင့် ဒဏ်ရာ ရကုန်ကြ လေသည်။ ဤချပ်ဝတ်တပ်မှ ကျင့်ကြံသူလည်း အမှန်တကယ် လောက အင်မော်တယ် အဆင့် ဖြစ်နေသည်။
မိုဝူကျီက စိတ်ထဲ သက်ပြင်း ချလိုက်ပြီး လောက အင်မော်တယ် ကျင့်ကြံသူ ဘယ်လောက် များများက ဤချပ်ဝတ်တပ် ကြားတွင် ပုန်းအောင်း နေမည်ကို တွေးနေမိသည်။
ထိုသို့ ရူးမက်ဖွယ် စွမ်းအားများ အောက်တွင် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ နှစ်ယောက်က နောက်ဆုတ်မည့် အရိပ်အယောင် မရှိဘဲ သူတို့စွမ်းအားများမှာ ယခင်ကထက် ပိုမိုအားကောင်း လာနေသည်။
မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် သူ့ယခင် စွမ်းအားနှင့် ခန့်မှန်းချက်တို့နှင့် လုံးဝ မဆိုင်တော့ပေ။ မိုဝူကျီက ချပ်ဝတ် လောက အင်မော်တယ်၏ မှော်ကျင့်စဉ်မှာ ကျန်းမိုနယ်မြေမှ လောက အင်မော်တယ်နှင့် သိသာစွာ ကွာခြားကြောင်း ခံစားမိသည်။
ဖြစ်နိုင်သည်က ဂြိုဟ်နှစ်ခုကြားက တာအိုစွမ်းအား ကွာခြားချက် များလား ...
နယ်ခြား ကျင့်ကြံသူများကို သတ်သည့် အတွက် ဆုလာဘ် ပိုများသည့် ကိစ္စမှာလည်း ထိုကွာခြားချက်ကြောင့် ဖြစ်ပေလိမ့်မည်။ ပျောက်ဆုံး နယ်မြေကို နယ်ခြား ကျင့်ကြံသူတွေ ကျူးကျော်သည့် အချိန်ကဲ့သို့ ဖြစ်နေသည်။
“အစ်ကိုမို ကျုပ်တို့ နောက်နည်းနည်း ဆုတ်သင့်တယ် ...”
အထီးကျန် ကြိုးနီက မိုဝူကျီဘေးနား ရောက်လာကာ အကြုံပြု လိုက်သည်။
သူက မိုဝူကျီနှင့် အလွန် ရင်းနှီးနေပြီ ဖြစ်သည့်အတွက် အထီးကျန် ကြိုးနီမှာ မိုဝူကျီ စိတ်အခြေအနေကို နားလည်ပေသည်။ သူ့အခြေအနေနှင့် ယှဉ်ရလျှင် အနည်းငယ် စိတ်သက်သာရာ ရသည်ဟု ဆိုနိုင်သည်။
မိုဝူကျီက အထီးကျန်ကြိုးနီ စကား အဓိပ္ပာယ်ကို နားလည် ပေသည်။ လခြမ်းကွေး အင်မော်တယ် နန်းတော် ဝင်ပေါက်က ပိတ်ထားဆဲ ဖြစ်ကာ အားကောင်းလှသည့် နယ်ခြား ချပ်ဝတ်တပ်က အဝင်ပေါက်ဆီ ဦးတည် နေသည့်အတွက် ဝင်ပေါက်အတွက် တိုက်ခိုက်ခြင်းမှာ သေခြင်းတရားကို လိုက်ရှာနေခြင်းနှင့် တူပေလိမ့်မည်။
သူက ရောင်ခြည် အမြောက်ကို ထုတ်၍ ပစ်ချက် အနည်းငယ်လောက် ပစ်လိုက်လျှင် မည်သို့ ဖြစ်သွားမလဲဟု စဉ်းစားနေမိသည်။ သို့သော်လည်း ထိုအကြံအစည်ကို မြန်စွာ ဘေးဖယ် လိုက်ရသည်။
ဤနေရာတွင် သူ ပစ်ရဲသည့် အခိုက်အတန့် အများဆုံး သုံးချက်သာ ပစ်ခွင်းနိုင် လိမ့်မည်။ ကြယ်တာရာ တိုက်ပွဲမှာ ကျယ်ပြန့်လွန်း သောကြောင့် သူ့အမြောက်များက မည်မျှပင် အားကောင်း စေကာမူ အမြောက် သုံးချက်မှာ အားလုံးကို ဖယ်ရှား မပစ်နိုင်ပေ။
ကြယ်တာရာ တိုက်ပွဲ၌ ပါရမီရှင်များမှာ တိမ်တိုက်များ အလား ပေါများလှသည့် အတွက် သူ့အမြောက် သုံးချက်အပြီးတွင် သူ့အသက်လေး မှာလည်း အဆင့်မြင့် ကျင့်ကြံသူများက ပိတ်ထားခြင်း ခံရလိမ့်မည်။
“ကျုပ်တို့တွေ နောက်ဆုတ်ရမယ် ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ကျုပ်က လခြမ်းကွေး အင်မော်တယ် နန်းတော် ဖွင့်တော့မယ်လို့ ခံစားမိနေတယ်။ ပြီးတော့ ကျုပ်အတွက် ရမှတ်တွေ အရေးတကြီး လိုအပ်နေတယ် ... ”
မိုဝူကျီက အလောတကြီး ပြောလိုက်သည်။
သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ထဲကို ဝင်ရမည်။ သူ့၌ လခြမ်းကွေးသော့ ရှိနေသော်လည်း ကိုယ်တိုင် မမြင်လိုက်ရလျှင် ထိုအကြောင်းကို မေ့လျော့သွားမည် ဖြစ်သော်လည်း မြင်ရက်နှင့် မဝင်လိုက်ရလျှင် သူ့ကိုယ်သူ ခွင့်လွတ်နိုင်မည် မဟုတ်ပေ။
အထီးကျန် ကြိုးနီက မတုံ့ပြန်ခင် မိုဝူကျီက လက်တစ်ချက် ဝှေ့ကာ ကျောက်စိမ်း သေတ္တာကို ထုတ်ပေးလိုက်သည် ။
“ဒီထဲမှာ လခြမ်းကွေးသော့ တစ်ချောင်း ပါတယ်။ ခင်ဗျား တံခါး ဖွင့်နိုင်၊ မဖွင့်နိုင်က ခင်ဗျား အပေါ်မှာပဲ မူတည်တယ် ... ”
“အာ ”
သူ့စကား မဆုံးခင် မိုဝူကျီမှာ အာကာသ သားရဲများ စုဝေးနေသည့် နေရာသို့ ရောက်သွား သည်ကိုသာ မြင်လိုက်ရသည်။
သူက ခေါင်းကို ငုံ့ကာ သူ့လက်ထဲမှ ကျောက်စိမ်း သေတ္တာကို ကြည့်လိုက်မိပြီး ခံစားချက်များ ပြင်းထန်လာ လေသည်။
သူက မိုဝူကျီကို ကယ်တင် ခဲ့သော်လည်း မိုဝူကျီကို လေးစား၍ သူနှင့်အတူတူ လက်တွဲကာ ရှားမျိုးနွယ်စုနှင့် ရင်ဆိုင်ချင်၍ ဖြစ်သည်။ ယခုအချိန်တွင် အမှန်တကယ် ကြီးကျယ် ခမ်းနားသည့် စိတ်ဓာတ်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
လခြမ်းကွေးသော့ ....
ထိုအရာသည် ကျန်းရှင်း၏ ကြယ်တာရာ သခင်ပင် အလိုရှိသည့်အရာ ဖြစ်၏။ မျိုးနွယ်စုကြီး သုံးခုနှင့် ဂိုဏ်းတော်တော် များများက မိုဝူကျီကို အဘယ်ကြောင့် သတ်ချင် နေကြသနည်း။ သူက ကလေးမလေးကို သတ်ခဲ့၍လား ... ထိုအလိမ်အညာကို ဦးနှောက် မရှိသူသာ ယုံပေလိမ့်မည်။ ဂိုဏ်းအသေးလေးနှင့် တချို့ သေချာမသိသည့် လူများသာ ထိုသို့တွေးမည် ဖြစ်ပြီး လူအများစုက ထိုအရာကို အကြောင်းပြချက် အနေနှင့် အသုံးချခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက် အစစ်အမှန်မှာ လခြမ်းကွေးသော့ ရဖို့ရာ ဖြစ်သည်။
မိုဝူကျီက လူများစွာ အလိုရှိ နေကြသည့် လခြမ်းကွေး သော့ကို သူ့အား အမှန်တကယ် ပေးခဲ့သည်။ ထို့အပြင် လခြမ်းကွေး အင်မော်တယ် နန်းတော်က သူတို့ မျက်စိရှေ့တွင် ရှိနေသည့် အချိန် ဖြစ်ပေသည်။
အထီးကျန်ကြိုးနီ ဖြစ်နေလျှင်ပင် သူက ထိုသို့ မလုပ်နိုင်လောက်ချေ။
သူက မိုဝူကျီကို ကောက်ချက်ချ မမှားယွင်းခဲ့ပေ။ သူက တကယ်ကို မိတ်ဆွေစစ် ဖြစ်၏။ သူက ရမှတ်များ လိုအပ်နေ သောကြောင့် အထီးကျန် ကြိုးနီက သူ့ကို ကူညီဖို့ရန် ဘာမဆို လုပ်ပေးမည် ဖြစ်သည်။
ထိုအတွေးဖြင့် အထီးကျန် ကြိုးနီက ကျောက်စိမ်း သေတ္တာကို သိမ်းဆည်း ထားလိုက်ကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး မိုဝူကျီ၏ တည်နေရာဆီ ဒုန်းဆိုင်း လိုက်တော့သည်။ သူက မိုဝူကျီသည် ရမှတ်များ အဘယ်ကြောင့် လိုအပ်နေသည့် အကြောင်းအရင်းကိုပင် မေးဖို့ရာ စိတ်မဝင်စား တော့ပေ။
***
မိုဝူကျီ တစ်ယောက် မည်သည့်နေရာ သွားသွား အာကာသ သားရဲအုပ်ကြီးမှာ လျှပ်စီးမိုးနှင့် ဓားတိုက်ကွက် အောက်၌ ပြာအဖြစ် ပြောင်းကုန်ကြသည်။
“ဘမ်း ”
နောက်ဆုံး၌ သဘာဝ စွမ်းအားများက မိုဝူကျီ၏ လျှပ်စီးဓားမိုးကို ခုခံပြီး မီတာ အတော်အတန် ရှည်လျားသည့် ဧရာမ ဝံပုလွေကြီးက မိုဝူကျီဆီ ခုန်ဝင်လာသည်။ ထိုဝံပုလွေ မိုဝူကျီဆီ မရောက်ခင် သူ့အဖြူရောင် မျက်လုံးမှာ လူသတ်ငွေ့များဖြင့် ပြည့်နှက် နေသည့်အတွက် ထိုလက်သည်းချက် အောက်တွင် အသက်ရှင် လွတ်မြောက်ဖို့ရာ မဖြစ်နိုင်ကြောင်း ပြောနိုင်သည်။
မျက်လုံးဖြူ အာကာသ ဝံပုလွေမှာ အဆင့် ၇ နောက်ပိုင်း အဆင့် ဖြစ်ပြီး သူ့တိုက်ခိုက် နိုင်စွမ်းမှာ သာမာန်အဆင့် ၇ သားရဲများကို ကျော်လွန် နေသည်။ မိုဝူကျီ၏ သဘာဝ စွမ်းအားများက ပျောက်ကွယ် သွားကာ ထိုဧရာမ ဝံပုလွေကြီး၏ အင်အားကို ခံစားမိသည်။
သာမာန် အခြေအနေ အောက်တွင် အဆင့် ၇ သားရဲများမှလွဲ၍ အခြားသော အဆင့်နိမ့် သားရဲများ၏ အရင်းအမြစ်များကို သိမ်းဖို့ရာ စိတ်ထဲ မထားပေ။ သူ သတ်လိုက်သည့် အဆင့် ၇ သားရဲများ အများစုမှာ အခြေခံအဆင့် ဖြစ်ကြပြီး သူတို့ တိုက်နိုင်စွမ်းမှာ ဤဧရာမ ဝံပုလွေကြီးနှင့် ယှဉ်လျှင် ဘာဆိုဘာမျှ မဟုတ်ပေ။
မိုဝူကျီက သူ့အဆုံးမဲ့ လျှပ်စီးမိုးကို ရုပ်သိမ်းလိုက်ပြီး ချီသွေးကြောများကို နှိုးဆွကာ သူ့သဘာဝ စွမ်းအား ရာနှုန်းပြည့်က သူ့တျန်းဂျီတုတ်ထဲ စီးဆင်းလာပြီး ဧရာမ ဝံပုလွေကြီးကို လွဲရိုက်လိုက်သည်။
မိုဝူကျီဆီ ခုန်ဝင်လာ နေသည့် ဧရာမ ဝံပုလွေကြီးက မိုဝူကျီ၏ တုတ်ရိုက်ချက်ကို မြင်သောကြောင့် ရပ်တန့် လိုက်ရသည်။ သူရှေ့ခြေနှစ်ဖက်မှ ခြေသည်းများမှာ ထူးဆန်းသော အမှတ်အသားများ ထွက်ပေါ်လာ နေပြီးနောက် ဆယ်မီတာ ရှည်လျားပြီး နှစ်မီတာ အကျယ်ရှိ ဝံပုလွေဖြူ ဓားချက်က မိုဝူကျီ၏ ခါးဆီ ဖောက်ထွင်း သွားလေသည်။ ထိုအရာက မျက်လုံးဖြူ ဝံပုလွေ၏ နည်းလမ်း အစစ်အမှန် မဟုတ်သေးပေ။ ထိုနောက်တွင် ကြောက်မက်ဖွယ် အာကာသာ ဝံပုလွေဓားချက်မှာ တည်နေရာ ပြောင်းသွားရင်း နောက်ခြေမှာ မီတာ အနည်းငယ် ကျယ်ဝန်းသော စက်ဝိုင်းသဏ္ဌာန် ပြောင်းကာ မိုဝူကျီ ထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ဆို့ထား လိုက်သည်။
ဧရာမ ဝံပုလွေကြီး၏ အဖြူရောင် မျက်လုံးမှာ သွေးဆာလောင် နေသည့် အရိပ်အယောင်များ ပါဝင်နေပြီး သူသာ မိုဝူကျီ၏ အံ့မခန်း အင်အားများကို မျက်မြင်ကိုယ်တွေ့ မမြင်တွေ့ ခဲ့ရပါက ဤနည်းလမ်းကို စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းလာခါစ ဖြစ်သည့် သူအတွက် အသုံးပြုမည် မဟုတ်ပေ။
အဆင့် ၇ နောက်ပိုင်းအဆင့် ဖြစ်နေလျှင်ပင် အခြားသော အဆင့် ၇ သားရဲများနှင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများမှာ သူ့အတွက် ပုရွက်ဆိတ် သာသာလေး ဖြစ်၏။
***