ဆရာ့ဆီကလက်ဆောင်ကြီး
Vol. 61 Ch. 847
အန်လင်း လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကြောင့် ပွဲကြည့်ပရိသတ်များမှာ နှလုံးဖောက်မလို ဖြစ်နေရသည်။
အဆင့်တစ်၏ အထွဋ်အထိပ်ထက်မြင့်သော စိတ်ဝိဉာဉ်ဆေးလုံးအား သန့်စင်သည်ကို ၎င်းတို့လက်ခံပေးနိုင်သည်။ မြင့်မြတ်မီးတောက် တစ်ခု၊ အံ့ဖွယ်မီးတောက် ခြောက်ခုတို့နှင့် ဆေးလုံးသန့်စင်ခဲ့သည်ကိုလည်း လက်ခံပေးနိုင်သည်။ ၎င်းတို့ လက်မခံနိုင်သည်မှာ ပထမဆုအဖြစ် ရရှိလာသော ဝိဉာဉ်ကိုးသွယ်ဆေးအိုးအား လက်ဆောင်အဖြစ်ပေးကာ FAများကို ခွေးစာကျွေးလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် အန်လင်း လက်ဆောင်ပေးလိုက်သူမှာ သူ၏အဓိကပြိုင်ဘက် စုရှောင်လန်ကိုပင်။
ထိုမြင်ကွင်းမှာ အားလုံးကို အသားတဆတ်ဆတ် တုန်စေသည်။
၎င်းတို့သည် ချန်ပီယံ ဖြစ်သင့်သူနှင့် ဝိဉာဉ်ကိုးသွယ်ဆေးအိုးအား ထိုက်တန်သူကို အသည်းအသန် ငြင်းခုံရင်း ရုန်းရင်းဆန်ခက် ဖြစ်မလို ဖြစ်ခဲ့ရသည်။ သို့သော် ထိုအချက်မှာ အရေးမပါခဲ့ပေ။ မည်သူ ပထမရပါစေ ခြားနားမှု ရှိမည်မဟုတ်ပေ။
ဆေးပဏ္ဍိတ အပါအဝင် အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
အန်လင်းအား မြှူဆွယ်ရန် တွေးတောနေသော မိန်မိန်မှာလည်း အခြားသော FAများနှင့်အတူ ခွေးစာစားလိုက်ရသည်။ သူမသည် အတွေ့အကြုံရှိသော သဘာပတိတစ်ဦး ဖြစ်ပါသော်လည်း ရုတ်ချည်းဆန်လှသော အဖြစ်အပျက်များကြောင့် မူးနောက်နောက်ပင် ဖြစ်သွားရလေသည်။
မည်သို့ပင်ဆိုစေကာမူ မကြာမီပင် အသိစိတ် ဝင်လာကာ ရယ်ရယ်မောမော စကားဆိုလာသည်။
"အခု ချန်ပီယံကို မေးခွန်းလေးတွေ မေးဦးမယ်နော်။ သူ့ဆီက စကားသံတွေ ကြားရတာပေါ့။"
မိန်မိန် ခပ်ဖွဖွပြုံးကာ အန်လင်းနား သွားလိုက်သည်။
"အန်လင်း...... နင့်ရဲ့ဘေးမှာ ရှိနေတဲ့ မိန်းကလေးကို မိတ်မဆက်ပေးတော့ဘူးလား။"
အန်လင်း လည်ချောင်းရှင်းကာ ပြောပြလိုက်သည်။
"စုရှောင်လန်နဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေပါ။ ခင်ဗျားတို့အားလုံး တွေးနေတဲ့ သူငယ်ချင်းမျိုးပေါ့။"
"ဝိဉာဉ်ကိုးသွယ်ဆေးအိုးကို သူမအတွက် လက်ဆောင်ပေးချင်လို့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာပါ။ သူမဘာသာဆိုရင်လည်း အနိုင်ရမှာ သေချာပေမယ့် ကျွန်တော်က လက်ဆောင်ပေးရင် ပိုလေးနက်မယ်ထင်လို့ နိုင်အောင်ပြိုင်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ရိုးရိုးရှင်းရှင်းလေးပါပဲ။"
စုရှောင်လန်၏ နူးညံ့သော ပါးပြင်ပေါ်တွင် ရှက်သွေးလေးများ ဖြာလာရသည်။
မိန်မိန်မှာ မျက်နှာပျက်သွားလေသည်။
ပွဲကြည့်ပရိသတ်များမှာလည်း ခွေးစာများ တနင့်တပိုး စားလိုက်ရပြန်သည်။
ဂရေးမှာ ဒူးထောက်ရာမှ မထနိုင်တော့ပေ။ အန်လင်းသည် ဆုရသည့်တိုင် ကြွားလုံးထုတ်ရုံသာမက အမေးအဖြေကဏ္ဍတွင်ပါ ကြွားလုံးထုတ်နေသည်။
အခြားသော ပြိုင်ပွဲဝင်များမှာမူ သွေးအန်တော့မလို ဖြစ်နေရပြီး အချို့ဆိုလျှင် တာအိုနှလုံးသားပင် တုန်လှုပ်လာရသည်။
ဒီစုံတွဲက FAတွေကို ခွေးစာကျွေးမယ့် ရည်ရွယ်ချက်နဲ့ လာခဲ့ကြတာများလား........ ပြီးတော့ နှစ်ယောက်လုံးက ရှေ့ဆင့်နောက်ဆင့် ပထမနဲ့ ဒုတိယရပြီး ဆေးပညာ ပါရမီရှင်တွေအားလုံးရဲ့ ယုံကြည်ချက်တွေကိုလည်း ရိုက်ချိုးသွားသေးတယ်....... တွေးတောင်မတွေးရဲစရာပဲ.........
ဒေါသတကြီး ထွက်ခွာသွားသော ပွဲကြည့်ပရိသတ်များ ရှိနေသောကြောင့် မိန်မိန်မှာ ခက်ခဲသလို ခံစားလာရသည်။
"စုရှောင်လန်နဲ့ တကယ်ကိုကောင်းတဲ့ ဆက်ဆံရေး ရှိနေတာပဲ။ အခုဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ နင်တို့နှစ်ယောက် ဆေးမျှော်စင်မှာ ဆက်လေ့လာကြမှာလား။"
"အဲ့ဒါကိုတော့ နောက်မှပဲ စဉ်းစားပါ့မယ်။ လောလောဆယ်ကတော့ လုပ်စရာလေးတွေ ရှိနေသေးလို့။"
အန်လင်း ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆိုလိုက်သည်။
မိန်မိန်မှာ ထိုကဲ့သို့ တုံ့ပြန်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။
သူမအနေဖြင့် မေးခွန်းတစ်ခုမျှ ထပ်မေးခဲ့ပါက ပွဲကြည့်ပရိသတ်များအားလုံး ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း သိရှိနေသောကြောင့် ခပ်သွက်သွက် ကြေညာလိုက်သည်။
"ထူးကဲလွန်းတဲ့ ဆေးပညာ ပါရမီရှင် အန်လင်းအတွက် လက်ခုပ်သြဘာလေးတွေ ချီးမြှင့်ပေးကြပါဦး။"
အော်ဟစ်အားပေးသံများ သောသောညံသွားသည်။
ကံကောင်းထောက်မစွာဖြင့် အခြေအနေမှာ အတင်းအဓမ္မ လုပ်ယူထားသလို ဖြစ်နေပါသော်ငြား ပြန်လည်သက်ဝင်လာသည်။
ဆေးမျှော်စင် အကြီးအကဲများသည်လည်း ဆေးမျှော်စင်သို့ ဖိတ်ခေါ်ရန်အတွက် ပြိုင်ပွဲဝင်များထံ ရောက်ရှိလာကြသည်။
အန်လင်းနှင့် စုရှောင်လန် နှစ်ဦးလုံးမှာလည်း ဆေးမျှော်စင်ထံမှ အဆင့်ခြောက် အင်မော်တယ်ဆေးလုံး လက်မှတ်တစ်စောင်စီ ရရှိလိုက်ကြသည်။
"အန်လင်းနဲ့ စုရှောင်လန် မင်းတို့ ဆေးမျှော်စင်ဆီ မလာချင်တာ သေချာရဲ့လား။"
အကြီးအကဲတစ်ဦး စိတ်ပျက်စွာ မေးမြန်းလာသည်။
ဆေးမျှော်စင်သည် ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင် ဆေးဆရာများအတွက် ဒဏ္ဍာရီလာ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သောကြောင့် မည်သူ့ကိုမှ ဖိအားပေးကာ ဝင်ရောက်စေခြင်း မရှိခဲ့ပေ။ ဆေးပညာကို ဝါသနာထုံသူများကသာ တောင်းပန်လျှိုတိုးကာ ဝင်ခွင့်အတွက် ကြိုးစားကြရလေ့ ရှိသည်။ အန်လင်းနှင့် စုရှောင်လန်သည် ဆေးမျှော်စင်မှ အကြီးအကဲများ မြင်ဖူးသမျှ ဆေးဆရာများထဲတွင် အထူးချွန်ဆုံးသူများ ဖြစ်ပါသော်လည်း နှစ်ဦးလုံးမှာ ဆေးမျှော်စင်သို့ဝင်ရန် ငြင်းပယ်ခဲ့ကြသည်။ ၎င်းတို့သည် အန်လင်းတို့ စိတ်ပြောင်းလာစေရန် မျှော်လင့်ကာ အထပ်ထပ်အခါခါ မေးမြန်းနေမိကြသည်။
"နောင်တစ်ချိနိကြရင်တော့ ကျွန်တော်နဲ့ စုရှောင်လန် ဆေးမျှော်စင်ဆီ လာရင်လာဖြစ်မှာပါ။ အဲ့အချိန်ကြရင်တော့ မငြင်းပယ်ဖို့ မျှော်လင့်ပါတယ်။"
အန်လင်း ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။
သူသည် လုံလောက်အောင် ကြွားပြီးခဲ့ပြီ ဖြစ်သောကြောင့် သင့်တင့်မျှတမှု ရှိစေရန် နှိမ့်ချသင့်သည်ပင်။
"ဒါပေါ့။ ဆေးမျှော်စင်က မင်းတို့နှစ်ယောက်အတွက် ထာဝရ တံခါးဖွင့်ထားမှာပါ။"
ဆေးမျှော်စင် အကြီးအကဲမှ မုတ်ဆိတ်ပွတ်ကာ ပြောလိုက်သည်။
အန်လင်းသည် စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် အဆင့်နှစ် စိတ်ဝိဉာဉ်ဆေးလုံးအား တိတ်တဆိတ် သောက်သုံးလိုက်ရသည်။
သူသည် ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာကိုက်ခဲကာ သိစိတ်အာရုံလည်း ပင်ပန်းနွမ်းနယ်နေသလို ခံစားရသည်။ ထိုသည်မှာ ကြွားဝါခြင်းအတွက် တန်ကြေးဖြစ်နိုင်သည်။ အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးလုံးအား သုံးစွဲလိုက်သည့်တိုင် ချက်ချင်းကောင်းမွန်မသွားပဲ အချိန်အချို့ ပေးရဦးမည့်ပုံ ရှိသည်။
ထိုအချိန်တွင် တုန်းဖန်းကျွမ်းရှီးတို့လည်း ရောက်ရှိလာကြသည်။
တုန်းဖန်းကျွမ်းရှီးမှာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် အန်လင်းအား ကြည့်ရှုနေသည်။
"အန်လင်း........ မင်းကို ဆေးပညာမှာ ဒီလောက်အထိ ဆရာကျနေမယ် မထင်ထားဘူး။ မင်းပြောတော့ မင်းနဲ့ငါက အတူတူလောက်ပဲဆို။ အခုကြတော့ မင်းက ပထမဆုတောင် တက်ယူလိုက်သေးတယ်။ မင်းငါ့ကို လိမ်ခဲ့တာပဲ။"
အန်လင်း ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။
"မတော်တဆပါ။"
"သိသားပဲ။ ကျွန်တော့်ဆရာက အစစအရာရာမှာ ဆရာ့ဆရာကြီးပဲ။"
ရှောင်ဇယ် လေးစားစွာ လက်မထထောင်ပြလာသည်။
အန်လင်း အတွေးဝင်လာကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"မင်းချီးကျူးတာကို သဘောကျလို့ ဒီဆရာက လက်ဆောင်ပေးရဦးမယ်။"
"ဘာလက်ဆောင်လဲဆရာ....."
ရှောင်ဇယ် ကြောင်တောင်တောင် ဖြစ်သွားသည်။
အန်လင်းမှာ စိတ်ဓာတ်ကျနေသော ရွှေရောင်ပုံရိပ်အား လှမ်းခေါ်လိုက်သည်။
"ဟေး..... ဖန်းနီ ဒီကိုလာပါဦး။"
ဖန်းနီ အသိစိတ် ပြန်ဝင်လာကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားရသည်။
သူမ အန်လင်းထံ ပျံဝဲလာလိုက်သည်။
သူမသည် စိတ်ဆင်းရဲနေပုံရပြီး ငေးမှိုင်နေသော မျက်ဝန်းများတွင် မည်သည့်မာနမှ ရှိမနေပေ။
ရှောင်ဇယ်မှာ နှလုံးခုန်သံများ မြင့်တက်လာသောကြောင့် အကြည့်လွှဲလိုက်မိသည်။
အန်လင်းမှာ မျက်ဝန်းများ တောက်ပသွားရသည်။
ရှောင်ဇယ်ကတော့ ဒီလက်ဆောင်ကို သဘောကျမှာ သေချာတယ်........
"ဘာလို့ခေါ်လိုက်တာလဲ။"
ဖန်းနီ မေးမြန်းလာသည်။
"ငါတို့ အလောင်းအစား လုပ်ထားတာကို မေ့သွားပြီလား။"
အန်လင်း ပြုံးကာမေးလိုက်သည်။
"အလောင်းအစားလား။"
ဖန်းနီ အနည်းငယ်တွေးကာ ပြန်မှတ်မိသွားပြီးနောက် မျက်စိမျက်နှာ ပျက်သွားရသည်။
"ကောင်းပြီလေ။ ရှုံးမှတော့ လုပ်ပေးရတော့မှာပေါ့။ နင်ကငါ့ကို ဘာလုပ်စေချင်တာလဲ။"
အန်လင်း ခေါင်းညိတ်လိုက်သည်။ သူမသည် အရှုံးကို လက်ခံနိုင်စွမ်းရှိပြီး ဆေးပဏ္ဍိတ သမီးဟူသော ဂုဏ်ပုဒ်အားသုံးကာ မငြင်းပယ်ပေ။ သူ၏တပည့်အတွက် ဇနီးကောင်းတစ်ဦး ဖြစ်လာနိုင်လောက်သည်။
ပွဲကြည့်ပရိသတ်များ တအံ့တသြ ဖြစ်သွားရသည်။
အကြီးအကဲများနှင့် ပြိုင်ပွဲဝင်များလည်း ပြိုင်တူမတ်တပ်ထရပ်မိကြသည်။
အန်လင်းနဲ့ ဖန်းနီကြားမှာ အလောင်းအစား ရှိနေတာလား........ စိတ်ဝင်စားစရာပဲ.......
ဂရေးမှာ နာကျင်နေသော ဒူးအားပွတ်နေစဉ်မှာပင် အန်လင်း စကားကြောင့် ရပ်တန့်သွားရသည်။
ရှောင်ဇယ်သည်လည်း အန်လင်းအား ငေးကြောင်ကြည့်နေမိသည်။
အန်လင်းသည် ရှောင်ဇယ်အား လက်ညှိုးထိုးကာ စကားဆိုလိုက်သည်။
"မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့တပည့်လေ။ နာမည်က ရှောင်ဇယ်တဲ့။ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်နေပြီ။ သူက ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်လေ။ အဆင့်အတန်းရော၊ ရုပ်ရည်ရော၊ ပိုက်ဆံရော ရှိတယ်။"
ချီးကျူးခံနေရသောကြောင့် ရှောင်ဇယ် ရှက်ရွံ့စွာ ခေါင်းငုံ့ထားမိသည်။
ယခင်က ထိုသို့မဟုတ်ပါသော်လည်း ထိုအမျိုးသမီးရှေ့တွင်မူ မနေတတ်၊ မထိုင်တတ် ဖြစ်ရသည်။ တစ်ချိန်တည်းမှာပင် ဆရာဖြစ်သူမှ ချီးကျူးပေးသောကြောင့် ပျော်ရွှင်နေမိသည်။
ဖန်းနီ မျက်တောင်ခတ်လိုက်သည်။
"အဲ့တော့......."
အန်လင်းမှာ ဖန်းနီနှင့် ရှောင်ဇယ်အား ညွှန်ပြကာ ပြောလာသည်။
"ဖန်းနီ..... တစ္ဆေမျိုးနွယ်စုဝင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်၊ ဝိဉာဉ်ဖန်ဆင်းခြင်းအဆင့် ဆေးဆရာမ...... လှပပြီးတော့ ထူးခြားတယ်။"
ရှောင်ဇယ်မှာ ဆရာဖြစ်သူအား နားမလည်သေးပေ။ ထိုအကြောင်းအရာများအား သူလည်း သိရှိထားပြီး ဖြစ်သည်။
ဖန်းနီသည်လည်း နားမလည်နိုင် ဖြစ်နေသည်။ တစ်ဖက်လူမှ ချီးကျူးလာသည်ကို ပျော်မိပါသော်လည်း ရည်ရွယ်ချက်မှာ မသဲကွဲပေ။
ငါကပြန်ပြီး ချီးကျူးပေးရမှာများလား......
အန်လင်း စကားဆက်လိုက်သည်။
"ကောင်းပြီ။ မိတ်ဆက်တာတော့ ဒီလောက်ပဲ။ ငါတောင်းဆိုမယ့်အရာက မင်းရဲ့လုပ်နိုင်စွမ်းထဲမှာပဲ ရှိတယ်။ လူမဆန်တာမျိုး၊ ရုတ်ရင်းကြမ်းတမ်းတာမျိုး မဟုတ်ဘူး။"
"ဖန်းနီ..... ကျေးဇူးပြုပြီးတော့ ငါတပည့် ရှောင်ဇယ်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပေးပါ။ နောက်ကြရင်လည်း မင်းတို့နှစ်ယောက် တာအိုလက်တွဲဖော်တွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။"
အန်လင်း၏ စကားသံမှာ တာအိုကွင်းပြင်တခွင် ပဲ့တင်ထပ်သွားသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
ဖန်းနီ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
ဆေးမျှော်စင် အကြီးအကဲများလည်း ကြောင်အမ်းအမ်း ဖြစ်ကုန်ကြရသည်။
ဝုန်း.....
ဂရေး မြေပြင်ပေါ် ဒူးထောက်ကျသွားရသည်။
"အန်လင်း အခုထိတောင် ကြွားလုံးထုတ်နေတုန်းလားကွာ။ ငါဘယ်လိုလုပ် မတ်တပ်ရပ်နိုင်တော့မှာလဲ။"
ရှောင်ဇယ်မှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
လက်ဆောင်ကြီး...... မိတ်ဆက်ပေးတာ...... တပည့် ရှောင်ဇယ်နဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပေးပါ
........
ဆရာပြောတဲ့ လက်ဆောင်က ငါ့အိပ်မက်ထဲက အမျိုးသမီးပဲ......
ဆရာက ငါ့စိတ်ကိုသိလို့ ပထမဆုရအောင် ရေကုန်ရေခမ်း ကြိုးစားခဲ့တာပဲ...... အကုန် ငါ့အတွက်ပဲ............
ရှောင်ဇယ် မျက်ရည်အဝဲသား ဖြစ်သွားသည်။
"ကျေးဇူးတင်ပါတယ်......ဆရာ။"