ရှောင်ဇယ်၏အချစ်အားရှာဖွေခြင်း
Vol. 61 Ch. 848
ရှောင်ဇယ်သည် အလွန်ပင် ရင်ထဲထိသွားရသည်။ အန်လင်း၏ လုပ်ရပ်မှတဆင့် ချစ်ခြင်းမေတ္တာနှင့် အာရုံစိုက်မှုကို ခံစားမိနေသည်။
ဆရာသည် နောက်ကွယ်တွင် တိတ်တဆိတ် အလုပ်ကြိုးစားကာ သူ့အတွက် အံ့အားသင့်စရာ လက်ဆောင်တစ်ခု ပြင်ဆင်ပေးခဲ့သည်။
ရှောင်ဇယ်မှာ မယုံကြည်နိုင်လောက်အောင် ပျော်ရွှင်သွားရပါသော်လည်း အခြားသူများမှာမူ အမူအရာ အမျိုးမျိုး ဖြစ်ကုန်သည်။
ဆေးမျှော်စင်၏ ထိပ်ဆုံး၌..........
ခရက်......
ဘန်း.....
ရွှေရောင်ပုံရိပ်မှာ လသာဆောင်၏ လက်ရန်းကို ဖျက်စီးပစ်မိလိုက်သည်။
"စိတ်လျှော့...... စိတ်လျှော့...... မဆင်မခြင် လုပ်လို့မဖြစ်ဘူး။ အခြေအနေကို အရင်စောင့်ကြည့်ရမယ်။ ဖန်းနီသာ တကယ်သဘောတူခဲ့ရင် ဒင်းတို့အားလုံးကို ငါသတ်ပစ်မယ်။"
ရွှေရောင်ပုံရိပ် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တာအိုကွင်းပြင်၌.......
ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။
အန်လင်း၏ လုပ်ရပ်အား မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
တပည့်ဖြစ်သူအတွက် တာအိုလက်တွဲဖော် ရှာဖွေပေးရန် အလောင်းအစား လုပ်ခဲ့သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
ထိုသို့သော ဆရာဖြစ်သူအား ၎င်းတို့လည်း အလိုရှိပေသည်။
စုရှောင်လန် မျက်ခုံးနှိပ်နေရသည်။ အန်လင်း၏ လုပ်ရပ်များမှာ သူမ၏ အမြင်ကို ပြောင်းလဲသွားစေပြန်သည်။
ဒင်းကတော့ ဆေးပဏ္ဍိတ လာသတ်မှာ မကြောက်ဘူးလား..........
"နင်......."
ဖန်းနီ တုန်ယင်စွာဖြင့် အန်လင်းအား လက်ညှိုးထိုးကာ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည်။
"ဘာလို့အဲ့လို လုပ်ရတာလဲ။ ငါ့ကို ဒီလောက်ထိ အနိုင်ကျင့်ရမှ ဖြစ်မှာလား။"
ထိုစကားကြောင့် အန်လင်း စိတ်မကြည်မလင် ဖြစ်သွားရသည်။
"ဘာလို့အနိုင်ကျင့်တာ ဖြစ်ရမှာလဲ။ ရှောင်ဇယ်လောက်ကောင်းတဲ့ တာအိုလက်တွဲဖော် ရှိပါ့မလား။ ငါကလွဲရင် ဘယ်သူက သူ့လောက်ပြည့်စုံမှာလဲ။"
ဖန်းနီ : "..........."
ပွဲကြည့်ပရိသတ်များ : "..........."
"ဒါပေမယ့်......"
ဖန်းနီ နှုတ်ခမ်းကိုက်လိုက်သည်။
"သူက ကလေးပဲ ရှိသေးတာလေ။"
ဖန်းနီ၏ စကားသံနှင့်အတူ ရှောင်ဇယ်၏ ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက်လာသည်။
ရှောင်ဇယ်သည် မဟူရာမျက်ဝန်းများနှင့် အသားအရေ ကြည်လင်နေသော ချောမောခန့်ညားလှသည့် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ဦးခေါင်းထက်တွင်လည်း အရှိန်အဝါ ကြီးမားလှသော နဂါးချိုများကို တွေ့နိုင်သည်။
ထိုအမျိုးသားမှာ ရှက်ရွံ့နေဟန် ရှိသည်။
"အမ်........ သခင်မလေး ဖန်းနီ...... တကယ်တော့ ကျွန်တော်က မိတ်လိုက်လို့ရတဲ့အရွယ် ရောက်နေပါပြီ။ ဆရာနဲ့ လိုက်ဖက်မှုရှိအောင် လူငယ်ပုံစံ ပြောင်းထားတာပါ။"
ဖန်းနီ : "........"
အန်လင်း : "........"
မင်းမေကြီးတော်… မိတ်လိုက်လို့ရတဲ့ အရွယ်ပါလား...... ဒီထက်ပိုပြီး တဲ့တိုးပြောစရာလည်း မကျန်တော့ဘူးဟ.......
ရှောင်ဇယ်သည် သတ္တိများကို စုစည်းသည့်အနေဖြင့် အသက်ပြင်းပြင်းရှူကာ လေးနက်စွာ စကားဆိုလိုက်သည်။
"ကျွန်တော်က ကိုယ့်ကိုယ်ကို ဘယ်လိုဖော်ပြရမလဲ သိပ်မသိဘူး။ ဒါပေမယ့် မင်း..... မင်းလေးကို စတွေ့တဲ့ အချိန်တည်းက ကိုယ့်နှလုံးသားကို ရှာတွေ့သွားသလို ခံစားရတယ်။"
ရှောင်ဇယ်နှင့် ဖန်းနီမှာ တစ်ဦးကိုတစ်ဦး ကြည့်မိနေကြသည်။
အဆုံးတွင်မူ ဖန်းနီသည် လက်ချောင်းများကို လိမ်ယှက်ကာ ခေါင်းငုံ့သွားသည်။
ဆန့်ကျင်ဘက်လိင်မှ ထိုကဲ့သို့ ဝန်ခံလာသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုခံစားချက်အား မည်သို့အမည်ပေးရမည်ကို မသိပါသော်လည်း သူမ၏ နှလုံးခုန်သံများမှာ လေအလျင်လို မြန်ဆန်နေလေသည်။
"ကျွန်တော်က နှစ်သောင်းနဲ့ချီ သီးသန့်နေလာတဲ့ နဂါးတစ်ကောင်ပါ။ အဲ့ဒါကြောင့် စကားအပြောအဆို သိပ်မတတ်ဘူး။ အရင်တုန်းက ကျွန်တော့် စိတ်ကူးအိပ်မက်ထဲက တာအိုလက်တွဲဖော်ကို မှန်းဆပြီး ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေနဲ့ နဂါးမင်းသမီးရုပ်ထုတစ်ခုကို လုပ်ခဲ့ဖူးတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ နဂါးမင်းသမီးလေးက အချိန်တိုင်းလိုလို အတူရှိပေးခဲ့တာပေါ့။"
"ဒီနေ့တော့ ကျွန်တော့် အိပ်မက်ထဲက နဂါးမင်းသမီးလေး အသက်ဝင်လာသလိုပါပဲ။ ဖန်းနီ..... မင်းလေးမှာ နဂါးချို မပါတာကလွဲရင် တကယ်ကို နဂါးမင်းသမီးလေးနဲ့ တထေရာတည်းပဲ။"
"မင်းလေးက ဝံ့ကြွားပြီး ယုံကြည်မှုအပြည့် ရှိတယ်။ လှပပြီးတော့ သန်မာတယ်။ မင်းလေးကို ကြည့်နေရတာက ကမ္ဘာပေါ်က အတောက်ပဆုံး မိန်းကလေးတစ်ယောက်ကို ကြည့်နေရသလိုပဲ။ ကျွန်တော့်ရဲ့ ထာဝရအိပ်မက်ကို နတ်ဘုရားတွေက ဖြည့်စည်းပေးခဲ့ပြီ။ မင်းလေး ကျွန်တော့်ကို အခွင့်အရေး တစ်ခါလောက် ပေးလို့ရမလားဟင်။"
ရှောင်ဇယ် ဖန်းနီအားကြည့်ကာ စကားဆိုလိုက်သည်။
ဖန်းနီမှာ အသက်ရှူသံများ မတည်မငြိမ် ဖြစ်နေသည်။ သူမသည် ရှောင်ဇယ်အား တစ်ချက်မျှကြည့်ကာ ချက်ချင်းပင် အကြည့်လွှဲလိုက်မိသည်။
သူမသည် ဘာဆက်လုပ်ရမည် မသိသော အပျိုဖြန်းလေး တစ်ဦးလိုပင်။
အန်လင်းနှင့် စုရှောင်လန် အပါအဝင် အခြားသူများ အားလုံးမှာလည်း စိတ်ဝင်တစား စောင့်ဆိုင်းနေကြသည်။
ရှောင်ဇယ်ကပြောတော့ ကိုယ့်ကိုယ်ကို မဖော်ပြတတ်ဘူးဆို.......
ယီးတဲ့မှ..... သောက်ကျိုးနည်းမိုက်တဲ့ ရည်းစားစကားပဲဟ.......
အန်လင်းမှာမူ တပည့်ဖြစ်သူအတွက် ဂုဏ်ယူနေမိသည်။ ရှောင်ဇယ်သည် သူ့အား စိတ်မပျက်စေခဲ့ပေ။ ဖန်တီးပေးထားသော အခွင့်အရေးအား လက်နှစ်ဖက်လုံးဖြင့် မိမိရရ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ပြီးပြည့်စုံလှသော ရှားမှရှား ပေါင်းစည်းမှုမျိုးပင်။
ဖန်းနီ စကားဆိုလာသည်။ သူမ၏ စကားသံထဲတွင် စိတ်အလိုမကျဖြစ်ခြင်းများ ပါမနေတော့ပဲ သိလိုစိတ်နှင့် စိုးရိမ်ပူပန်ခြင်းများသာ ရှိတော့သည်။
"နင်....... ခုနက ပြောသွားတာ အမှန်တွေပဲလား။ ငါ့အပေါ် ခံစားချက် ရှိနေတာတွေက တကယ်ပဲလား။"
ရှောင်ဇယ် ချက်ချင်းပင် လက်နှစ်ချောင်းထောင်လိုက်သည်။
"ကောင်းကင်ဘုံနဲ့တောင် တိုင်တည်ရဲပါတယ်။"
ဖန်းနီ ဝံ့ကြွားသော အမူအရာဖြင့် တုံ့ပြန်လာသည်။
"ငါက အလောင်းအစား ရှုံးသွားမှတော့...... နင့်....... နင့်ကို အခွင့်အရေး ပေးရုံကလွဲပြီး ဘာတတ်နိုင်တော့မှာလဲ။"
ဝုန်း......
ပွဲကြည့်ပရိသတ်များအားလုံး မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
ဆေးမျှော်စင် အကြီးအကဲများ ပေါက်ကွဲကြလေပြီ။
"မဖြစ်ဘူး ဖန်းနီ......."
အကြီးအကဲတစ်ဦး အော်ဟစ်လိုက်သည်။
"ဖန်းနီ ပြန်စဉ်းစားပါဦး။"
မီးလျှံများနှင့် လူသားအသွင် အကြီးအကဲ သတိပေးလာသည်။
"ရိုင်းစိုင်းလိုက်တဲ့ နဂါးမိစ္ဆာ....... ဆေးပဏ္ဍိတ သမီးကိုတောင် တပ်မက်ရဲတယ်ပေါ့။"
သွေးနီရောင် ပင့်ကူအကြီးအကဲမှာ ရှောင်ဇယ်အား ခုန်အုပ်လိုက်ပါသော်လည်း တုန်းဖန်းကျွမ်းရှီး၏ အကြည့်တစ်ချက်ကြောင့် ကြောက်ရွံ့ငြိမ်သက်သွားရသည်။
"ဆေးပဏ္ဍိတ သမီးက မြင့်မြတ်တဲ့ မိန်းမပျိုလေးပဲ။ မင်းနဲ့ တန်လို့လား။"
အကြီးအကဲတစ်ဦး ပေါက်ကွဲသွားသည်။ ယခုအဖြစ်အပျက်အား ခွင့်ပြုပေး၍ မရပေ။
အန်လင်းမှာ တပည့်ရှေ့မှ ရပ်တည်ကာ အကြီးအကဲများအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။
"သူတို့က နတ်ဖတ်တဲ့ဖူးစာပဲ။ တစ်ယောက်နဲ့ တစ်ယောက်လည်း သဘောကျကြတယ်လေ။ အဲ့ဒါကို လိုက်တားနေရအောင် ခင်ဗျားတို့က ဘာတွေလဲ။"
အကြီးအကဲများအားလုံး ဒေါသထွက်ကုန်သည်။
"အိုး..... အဲ့ဒါဆို ငါသဘောမတူရင်ရော....."
ရွှေရောင်ပုံရိပ်တစ်ခု ဖန်းနီနှင့် ရှောင်ဇယ်ကြား ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်း၏အရှိန်အဝါမှာ ကြီးမားလွန်းလှသည်။
အန်လင်း စိတ်အလိုမကျစွာ တုံ့ပြန်လာသည်။
"ခင်ဗျားက ဘယ်သူလဲ။"
"ငါက ဖန်းနီ အဖေပဲ။"
အန်လင်း : "........."
"အဖေ....."
ဖန်းနီ မျက်ရည်ဝဲသွားသည်။
"သမီး တောင်းပန်ပါတယ်။ အဖေ မျှော်လင့်ထားသလို ပထမဆု မယူနိုင်ခဲ့ဘူး။ အဖေ မသိအောင်လည်း အလောင်းအစား လုပ်ခဲ့မိတယ်။"
ရွှေရောင်ပုံရိပ်မှ ဖန်းနီအား နဖူးတောက်လိုက်သည်။
"အဆိုးလေး...... မင်း လူပါ ပါတော့မလို့ သိရဲ့လား။"
အန်လင်းမှာ ရွှေရောင်ပုံရိပ်အား ကြည့်ရှုလိုက်သည်။ ၎င်းသည် အသားအရေ ရွှေရောင်ဖြစ်နေသည်မှလွဲ၍ ချောမောခန့်ညားသော အမျိုးသား တစ်ဦးပင်။
ဖန်းနီ၏ ဖခင်သည် ဆေးပဏ္ဍိတဘွဲ့ခံ ဒိုမီနစ် ဖြစ်သည်။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေတွင် ထိပ်သီးနေရာမှ ရပ်တည်နေသူဖြစ်ကာ စိတ်ထားပွင့်လင်း၍ မျိုးနွယ်စုများအားလုံးကို တန်းတူညီမျှ ဆက်ဆံတတ်သောကြောင့် မိတ်ဆွေအပေါင်းအသင်း ပေါများပြီး ဂုဏ်သတင်းလည်း မွှေးပျံ့လှသည်။
အန်လင်း အနည်းငယ် တွေးတောကာ တပည့်ဖြစ်သူ၏ ပျော်ရွှင်မှုအတွက် တိုက်ခိုက်ပေးသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။
အံ့အားသင့်စရာ ကောင်းစွာပင် ရှောင်ဇယ်မှ စကားစလာလေသည်။
"ဖေဖေ...... ကျွန်တော်နဲ့ ဖန်းနီကို အခွင့်အရေး တစ်ခုလောက်ပေးပါဗျာ။ ဖေဖေ ကျေနပ်အောင် အကုန်လုပ်ပေးပါ့မယ်။"
ရှောင်ဇယ် ရိုးသားစွာ ပြောလိုက်သည်။
အန်လင်း : "........."
ပွဲကြည့်ပရိသတ်များအားလုံး : "........"
ဒိုမီနစ်မှာ ရှောင်ဇယ်အား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ဖန်းနီအား မေးမြန်းလိုက်သည်။
"အဲ့လောက် အရှက်မရှိတဲ့ နဂါးကို သမီးက လက်ခံမလို့လား။"
ဖန်းနီ ရှက်သွေးဖြာသွားရသည်။
"သမီးကတော့ သူ..... သူက ရဲရင့်တယ် ထင်တာပဲ။"
အန်လင်း : ".........."
ပွဲကြည့်ပရိသတ်များအားလုံး : "........."
ဒိုမီနစ် : ".........."
အားလုံး အသက်ရှူသံများ ပြင်းသွားရသည်။
၎င်းတို့မှာ ရှောင်ဇယ်၏ စွမ်းရည်အား အရှုံးပေးလိုက်ရလေပြီ။
"သမီးက ဆေးပဏ္ဍိတ သမီးဆိုတော့ ဘယ်သူကမှ ဒီလိုစကားတွေ မပြောရဲကြဘူး။"
"သူက သမီးဘယ်သူလဲ သိရဲ့သားနဲ့ ခံစားချက်တွေကို ဝန်ခံခဲ့တယ်။ အဲ့ဒါကြောင့် စိတ်ရင်းနဲ့ဆိုတာ သိသာတယ်။"
"ပြီးတော့ အလောင်းအစား ရှုံးထားတာလေ။ အဲ့ဒါကြောင့် အခွင့်အရေး တစ်ခါလောက်တော့ ပေးသင့်ပါတယ်။ သမီး ဘာကိုမှ နောင်တမရဘူး။"
ဖန်းနီမှာ အဖေဖြစ်သူအား ထိုမျှစကားများများ မပြောခဲ့ဖူးပေ။
"အဖေ...... သမီးသူ့ကို အခွင့်အရေး ပေးချင်တယ်။"
ဒိုမီနစ် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်ကာ မယုံကြည်နိုင် ဖြစ်နေမိသည်။
အားလုံးမှာလည်း ဖန်းနီအား ပါးစပ်အဟောင်းသားဖြစ်ကာ ငေးကြောင်ကြည့်နေမိကြသည်။
သမီးဖြစ်သူသည် ဆုံးဖြတ်ချက် ချထားကြောင်း ဒိုမီနစ် ခံစားမိသည်။
သူမက အတင်းအကြပ် ဖိအားပေးခံရတာ မဟုတ်ဘူးပေါ့.......
သူမ၏ မျက်ဝန်းများမှာ စူးရှလို့နေသည်။
ဒိုမီနစ် ရှောင်ဇယ်အား ကြည့်ရှုလိုက်သောအခါ အလွန်အလေးအနက် ဖြစ်နေကြောင်း မြင်နေရသည်။
ရယ်ချင်စရာ အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်ပါသော်လည်း ၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ခံစားချက် ရှိနေကြသည်။
ကံကြမ္မာများလား......
ဒိုမီနစ် ခေါင်းပွတ်လိုက်မိသည်။
ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်လာရတာလဲ.......
သူသည် ကူကယ်ရာမဲ့စွာဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် အန်လင်းအား ကြည့်ရှုလိုက်သည်။
အန်လင်းသည် တပည့်ဖြစ်သူအား ကျေနပ်အားရစွာ ကြည့်ရှုနေပြီး စီစဉ်ထားသလို ဖြစ်လာသောကြောင့် သဘောကျနေပုံ ရသည်။
တော်တော်ကြောက်စရာကောင်းတဲ့ကောင်ပဲ......