← Chapters

စိတ်ဓာတ်ကျနေသောဒိုမီနစ်

Vol. 61 Ch. 849

စိတ်ဓာတ်ကျနေသောဒိုမီနစ်

Vol. 61 Ch. 849

ဒိုမီနစ်သည် စိတ်ဓာတ်ပွင့်လင်းသူ ဖြစ်ပါသော်လည်း သဘောကောင်းသူ မဟုတ်ပေ။

သမီးဖြစ်သူ၏ အနာဂတ် ပျော်ရွှင်မှုသည် အရေးကြီးလှသောကြောင့် သူ့အနေဖြင့် သေသေချာချာ တွေးတောရန် လိုအပ်သည်။

ဒိုမီနစ် ငေးငိုင်သွားသည်။

တော်တော်ခက်ခဲတဲ့ ပြဿနာပဲ.......

သူသည် ဘာလုပ်ရမည်မှန်းပင် မသိတော့ပေ။ ထိုသည်မှာ ကြုံတောင့်ကြုံခဲ အခြေအနေ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သမီးဖြစ်သူ၏ ဆုံးဖြတ်ချက်အား လေးစားသောကြောင့် ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။

"ဖန်းနီ....... သမီး ဆုံးဖြတ်ချက်ကို အဖေ မနှောင့်ယှက်ပါဘူး။ ဒါပေမယ့် သမီး စိတ်အဆင်မပြေတော့ရင် အဲ့ဆက်ဆံရေးကို အဆုံးသတ်ရမယ်နော်။ အနိုင်ကျင့်ခံရရင်လည်း အဖေ့ကိုပြော....."

ဝုန်း......

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ကောင်းကင်ထက်တိုင် ထိုးတက်သွားသောကြောင့် အန်လင်း အပါအဝင် အားလုံး အသက်ရှူကြပ်သွားသည်။

တာအိုပေါင်းစည်းခြင်းအဆင့်.......

"အဲ့အခါကြရင် ဒင်းတို့အားလုံး မွေးဖွားခဲ့တာတောင် နောင်တရသွားစေရမယ်။"

ဒိုမီနစ်သည် တည်ငြိမ်စွာ စကားဆိုနေပါသော်လည်း သူ၏မျက်ဝန်းများမှာ တိကျပြတ်သားနေသည်။ အဖေဖြစ်သူအနေဖြင့် သမီးအတွက် လုပ်ပေးနိုင်သည်မှာ ထိုသည်သာ ရှိပေလိမ့်မည်။

မကြာမီကပင် ကောင်းကင်အရှင်သခင်သည် ကောင်းကင်ဘုံခုံရုံး၏ စစ်နတ်ဘုရားငယ်ဖြစ်သော အန်လင်းအကြောင်း ကြွားထားခဲ့သည်။ အန်လင်းသည် ထင်မှတ်မထားသည်များကိုသာ လုပ်ဆောင်တတ်သည်ဟု ဆိုသည်။ ၎င်းအားကြည့်ရသည်မှာ လျှို့ဝှက်ချက်များမည့်ပုံ ပေါ်ပါသော်လည်း စိတ်ထားကောင်းပုံရကာ ခံယူချက်အပေါ် ရပ်တည်ချက် ပြင်းထန်ပုံရသည်။ ထို့အပြင် သူ၏တပည့်သည်လည်း လူရမ်းကားတစ်ဦး မဟုတ်ပေ။

ထို့ကြောင့်ပင် ဒိုမီနစ်သည် ၎င်းတို့အား မသတ်ပစ်လိုက်ခြင်း ဖြစ်သည်။

သမီးလေးသည် အရွယ်ရောက်လာပြီ ဖြစ်သောကြောင့် အနှေးနှင့်အမြန် သမီးရည်းစား ဆက်ဆံရေးတစ်ခု ရှိလာမည်ဖြစ်ပြီး သူ့အနေဖြင့် လက်လွှတ်ပေးရုံသာ ရှိသည်။

ဖန်းနီနှင့် ရှောင်ဇယ် နှစ်ဦးလုံး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ဒိုမီနစ် သဘောတူလိုက်ပြီပင်။

အန်လင်းနှင့် စုရှောင်လန်လည်း အံ့အားသင့်သွားရသည်။ ထင်မှတ်ထားသည်ထက်ပို၍ လွယ်လွယ်ကူကူ ပြီးဆုံးသွားလေသည်။

၎င်းတို့သည် ဆွေးနွေးညှိနှိုင်းခြင်းများစွာ ပြုလုပ်ရမည်ဟု ထင်မှတ်ထားခဲ့သည်။

ထိုအချိန်၌ ဒိုမီနစ်၏ စိတ်ထဲတွင် မည်မျှဗလောင်ဆူနေကြောင်း အန်လင်းတို့ မသိကြပေ။ ထို့အပြင် ကောင်းကင်အရှင်သခင်သည် အန်လင်းအား တစ်နည်းတဖုံ အကူအညီ ဖြစ်စေခဲ့သည်ဟု ဆိုနိုင်သည်။ အန်လင်းတို့ အဖွဲ့၏ ကျော်ကြားလှသော ဂုဏ်သတင်းများကြောင့် ပြဿနာမှာ အဆင်ပြေ ချောမွေ့သွားသည်ဟု ပြောနိုင်ပေသည်။

"ဖန်းနီ...... တကယ်ပျော်ဖို့ ကောင်းတာပဲ။"

ရှောင်ဇယ် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

သူသည် ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပဲ ဖန်းနီအား ခပ်တင်းတင်း ပွေ့ဖက်ရန် အရှေ့တက်လာသည်။

ဖြောင်း.......

ဒိုမီနစ်၏ လက်ဝါးကြောင့် ရှောင်ဇယ် မှောက်သွားရလေသည်။

အန်လင်း : ".........."

"ဟမ့်...... မင်းစိတ်ကို ထိန်းထားလိုက်။ မဟုတ်ရင် အခုချက်ချင်း ဘဝကူးသွားမယ်။"

ဒိုမီနစ် ခြိမ်းခြောက်ပစ်လိုက်သည်။

ရှောင်ဇယ် တောင်းပန်လိုက်သည်။

"ဟုတ်ကဲ့ပါ ဖေဖေ.......ကျွန်တော်က မိဘဆွေမျိုးတွေ မရှိတော့တဲ့ တစ်ကောင်နဂါးလေးပါ။ အခုကစပြီး ကျွန်တော်တို့က မိသားစုပဲနော်။"

ဒိုမီနစ် မျက်နှာပျက်သွားသည်။

ဖန်းနီ နှုတ်ခမ်းကိုအုပ်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။ ရှောင်ဇယ်၏ အရှက်မရှိ သရက်စေ့ လုပ်ရပ်များမှာ သူမအား စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ထိုအစား ဖော်ပြမရနိုင်သော ပျော်ရွှင်မှုကို ခံစားမိသည်။

"ဆေးပဏ္ဍိတက သူ့သမီးနဲ့ နဂါးကို သဘောတူလိုက်တာလား။"

အကြီးအကဲတစ်ဦး ပါးစပ်အဟောင်းသားဖြစ်ကာ လက်လေးဖက်မျောက်ဝံအား ဆိတ်ဆွဲလိုက်သည်။

"အား....... ဘာလို့လာဆိတ်နေတာလဲ။"

လက်လေးဖက်မျောက်ဝံ ထခုန်လိုက်သည်။

"အိပ်မက်မက်နေတာလား သိချင်လို့ပါ။"

အကြီးအကဲ တုံ့ပြန်လာသည်။

လက်လေးဖက်မျောက်ဝံ ဒေါသထွက်သွားရသည်။

"မင်းကိုယ်မင်း ဆိတ်ဆွဲပါလားကွ။"

"နာမှာပေါ့ဟ။"

လက်လေးဖက်မျောက်ဝံ : ".........."

ထိုသို့ဖြင့် ရှောင်ဇယ်နှင့် ဖန်းနီတို့၏ သမီးရည်းစား ဆက်ဆံရေးမှာ တရားဝင် စတင်ခဲ့တော့သည်။

ပွဲကြည့်ပရိသတ်များမှာ စိတ်ကူးယဉ်လောကထဲ ရောက်နေသလို ခံစားနေကြရသည်။ ယခုအဖြစ်အပျက်သည် ၎င်းတို့တွေးထင်ထားသည်နှင့် အဆပေါင်းများစွာ ခြားနားနေသည်။

ပြိုင်ပွဲအတွင်း အန်လင်း ကြွားဝါခဲ့သည်များကို ၎င်းတို့နားလည်ပေးနိုင်သည်။ သူသည် ဆေးပဏ္ဍိတ သမီးနှင့် ရန်သူမှ မိတ်ဆွေအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ထို့အပြင် သူ့တပည့်၏ ကောင်မလေးအဖြစ်သို့ပါ ရောက်စေခဲ့လေသည်။

၎င်းတို့တွေးပင်မတွေးရဲသော ကိစ္စဖြစ်ပါသော်လည်း အန်လင်းမှာ လွယ်လင့်တကူ လုပ်ပြသွားခဲ့သည်။

အန်လင်း၏ သမိုင်းတွင်လောက်သော အောင်မြင်မှုမှာ ဆေးမြို့တော်သာမက ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့မည်ပင်။

ထူးခြားဆန်းကြယ်ကာ ထူးချွန်လွန်းသော ဆေးဆရာအား မည်သူကမှ အထင်မသေးရဲကြပေ။

ပြိုင်ပွဲမှာလည်း မီးရှူးမီးပန်းများနှင့်အတူ ပိတ်ပွဲကျင်းပခဲ့သည်။

ဂျူလီယာမှာ ဒူးထောက်နေသော ဂရေးအား ဂုတ်မှကိုင်၍ ဆွဲထူလိုက်သည်။

သူမ၏ ဝမ်းကွဲမောင်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်သွားပုံရသည်။ သူသည် 'သခင်လေးအန်လင်းရဲ့ ကြွားလုံးက တုနှိုင်းမဲ့ပဲ။ ငါ့ကိုလည်း မင်းနဲ့အတူ ကြွားခွင့်ပြုပါ။'ဟူသော စကားများကိုသာ ထပ်တလဲလဲ ရေရွတ်နေသည်။

"ဟူး....... ဒီကလေးက အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောနေတာပဲ။ ဆော်ပလော်တီးလိုက်ရင်တော့ အကောင်းအတိုင်း ဖြစ်သွားမယ်ထင်တယ်။"

ဂျူလီယာ သက်ပြင်းချကာ အန်လင်းအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် မောင်ဖြစ်သူ စိတ်ပြန်ကောင်းစေရန် ရှယ်တီးပလန်နှင့် ဆော်တော့သည်။

ထိုမြင်ကွင်းသည် ကလေးသူငယ်များအတွက် မသင့်တော်သောကြောင့် အခြားတစ်နေရာသို့ ဆွဲခေါ်သွားလိုက်ရသည်။

ရှောင်ဇယ်သည် ဖန်းနီ၏ဘေးတွင် ရှက်ရွံ့စွာရပ်ကာ စိတ်ဝင်စားစရာ ကျင့်ကြံခြင်းလောကအကြောင်းများ ပြောဖြစ်ကြသည်။

သူသည် အန်လင်းနှင့် စတွေ့စဉ်မှစ၍ စိတ်ဝင်စားစရာ ကိစ္စများစွာ တွေ့ကြုံခဲ့ရသောကြောင့် ဖန်းနီအား ရယ်မောအောင် လုပ်ဆောင်နိုင်ခဲ့သည်။

တုန်းဖန်းကျွမ်းရှီးသည် အန်လင်းအား အလွန်လေးစားမိကာ ချီးကျူးလာသည်။

"အန်လင်း...... မင်းက သိပ်တော်တဲ့ ယောက်ျားပဲ။"

စုရှောင်လန် အန်လင်းနားကပ်ကာ ခပ်တိုးတိုး မေးမြန်းလာသည်။

"ရှောင်ဇယ်က ဖန်းနီကို ကြိုက်နေတာ နင်ဘယ်လိုသိလဲ။"

"ဖန်းနီကို စတွေ့တုန်းက နဂါးမင်းသမီးရုပ်ထုကို တွေးလိုက်မိတယ်လေ။ အဲ့ဒါနဲ့ ရှောင်ဇယ်ကို လှမ်းကြည့်လိုက်တော့ အရူးတစ်ယောက်လို ငေးကြောင်နေတာပဲ။ မြင်မြင်ချင်းအချစ် ဖြစ်မယ်။"

"အဲ့ဒါတင် မကသေးဘူး။ ပြိုင်ပွဲမှာ ကိုယ်ဒီလောက်ထိ ဟန်ရေးပြနေတာတောင်မှ ရှောင်ဇယ်က ဖန်းနီဆီက အကြည့်မခွာဘူး။ ကိုယ်ဘယ်လိုမှ သည်းမခံနိုင်ဘူး။ ကိုယ့်လောက်ချောတဲ့သူ ဘယ်မှာရှိမှာလဲ။ အဲ့ဒါကို ရှောင်ဇယ်က ဖန်းနီကိုပဲ ကြည့်နေတယ်။"

အန်လင်း စိတ်အလိုမကျစွာ ပြောလာသည်။

စုရှောင်လန် ရေရွတ်လိုက်သည်။

"တကယ်ကို အချစ်ရဲ့ စွမ်းအားပဲ။"

ထိပ်ဆုံးအဆင့် ပြိုင်ပွဲဝင် အယောက်ကိုးဆယ်တွင် အယောက်ရှစ်ဆယ်မှာ ဆေးမျှော်စင်ထံ ဝင်ရောက်လေ့လာကြမည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် အထူးချွန်ဆုံး ဆေးဆရာနှစ်ဦးမှာ ဆေးမျှော်စင်သို့ မလာခဲ့ကြပေ။ ထို့အပြင် ၎င်းတို့သည် တတိယနေရာ ရခဲ့သော ဖန်းနီကိုပင် ခေါ်ဆောင်သွားမည့်ပုံ ရသည်။

သူမ၏ နှလုံးသားအား အပိုင်သိမ်းသွားခဲ့ပြီ မဟုတ်လော။

အချိန်တစ်ခုမျှ ကြာမြင့်ပြီးနောက် သမီးဖြစ်သူသည် ရှောင်ဇယ်အား အမှန်တကယ် နှစ်သက်လာနေကြောင်း ဒိုမီနစ် ဝမ်းနည်းစွာ သိရှိလာရသည်။

ယီးတဲ့မှ...... ငါ့ကိုယ်ငါပဲ သတ်သေချင်လိုက်တော့တယ်.........

"ရှောင်ဇယ်....... နင်က စုကျိုးအင်မော်တယ်ဂိုဏ်းကလား။"

"အာ........ အဲ့ဒါဆို အန်လင်းက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်ပေါ့။ ဟီးဟီး...... မဆက်စပ်မိလိုက်ဘူး။ ငါတို့ နာမည်ပေးတဲ့ အစဉ်အလာက နင်တို့နဲ့ မတူဘူးလေ။ အဲ့ဒါကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် အန်လင်းက တခြားတစ်ယောက် ထင်နေတာ။"

"စုကျိုးအင်မော်တယ်ဂိုဏ်းကို လိုက်ခဲ့ရမှာလား။ ကောင်းတာပေါ့။ ငါလည်း ကိုးပြည်ထောင်ကို သွားချင်နေတာ။"

ဒိုမီနစ် : "............"

ငါ့သမီးလေးက နည်းနည်းမြန်မနေဘူးလား.....

ဒိုမီနစ် စိတ်ဓာတ်ကျစွာဖြင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။

ထိုအချိန်တွင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ တစ်နေရာ၌.......

လင်းနို့ပြာတစ်ကောင်မှာ ကောင်းကင်ထက် ပျံဝဲနေသည်။ ၎င်း၏မျက်လုံးတစ်ဖက်စီသည် အဖြူနှင့်အမည်း ဖြစ်နေပြီး ကီလိုမီတာ ရာနှင့်ချီအား အသေးစိတ် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်း၏အမြင်အာရုံအား မည်သည့်အရာကမှ မလှည့်စားနိုင်ပေ။

ထိုလင်းနို့၏ဘေးတွင် ဂမ္ဘီရဆိုင်ရာ အသုံးပြုသော ငွေရောင်ပြားတစ်ခုအား ကိုင်ဆောင်ထားသည့် လိပ်နီတစ်ကောင် ရှိနေသည်။

"သခင်ကြီး........ ဟင်းလင်းပြင်သို့အပြန် အင်မော်တယ်သားရဲ သုံးကောင်က ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ နယ်နိမိတ်စည်းတွေမှာ ငရဲလောကချိပ်စည်းကို သုံးထားပြီးပါပြီ။ ဒါပေမယ့် အဲ့ဒါက ထိန်းသိမ်းဖို့ ခက်ခဲတာမို့လို့ ငါးရက်အောက်လောက်ပဲ ရမယ်ပြောပါတယ်။"

လိပ်နီ စကားဆိုလိုက်သည်။

ထိုလင်းနို့မှာ မဟာလင်းနို့ဧကရာဇ်ပင်။

"ငါးရက်က လုံလောက်ပါတယ်။ အခု ဘယ်သွားရမှာလဲ။"

မဟာလင်းနို့ဧကရာဇ် မေးမြန်းလိုက်သည်။

"ဂမ္ဘီရကျောက်ပြားအရတော့ သူတို့က ဆေးမြို့တော်က ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်နေနိုင်ခြေ မြင့်နေပါတယ်။"

လိပ်နီ တွေဝေစွာ တုံ့ပြန်လာသည်။

မဟာလင်းနို့ဧကရာဇ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"မင်းမနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား။"

"ယုံနိုင်စရာ မရှိပေမယ့် ဂမ္ဘီရကျောက်ပြားက အဲ့လိုပြနေလို့ပါ။"

"သူတို့က အသက်ကို ဖက်နဲ့ထုပ်ပြီး မပြေးပဲ ပြိုင်ပွဲဝင်ပြိုင်နေတယ်ပေါ့လေ။ ငါတို့ရှာတွေ့သွားမှာကို မကြောက်တာလား။ ငတုံးတစ်ကောင်တောင် အဲ့လိုလုပ်မှာ မဟုတ်ဘူး။"

မဟာလင်းနို့ဧကရာဇ် စကားဆိုလာသည်။

"ငါတို့မှာ ဖြုန်းစရာ အချိန်မရှိဘူး။"

လိပ်နီ မေးမြန်းလိုက်သည်။

"အဲ့ဒါဆို ဘယ်ကိုဆက်သွားကြမလဲ။"

မဟာလင်းနို့ဧကရာဇ် စဉ်းစားကာ အသံဆက်သွယ်သော ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။

တစ်ဖက်မှ လျင်မြန်စွာ တုံ့ပြန်လာသည်။

"မဟာလင်းနို့ဧကရာဇ်ပါလား။ ဘာလိုချင်လို့လဲ။"

"ဆေးပဏ္ဍိတ မင်းအကူအညီလိုလို့ကွာ။ ငါအရှိန်အဝါတချို့ လွှဲပေးလိုက်မယ်။ အဲ့လူတွေ ဆေးမြို့တော်မှာရှိလား တစ်ချက်စစ်ပေးဦး။"

"ကိစ္စမရှိပါဘူး။"

ခဏကြာပြီးနောက်.......

ဆေးပဏ္ဍိတသည် လက်ခံရရှိလာသော အရှိန်အဝါများကြောင့် အန်လင်းတို့အား လှမ်းကြည့်လိုက်မိသည်။

တိုက်ဆိုင်လိုက်တာများကွာ......

သူသည် ၎င်းတို့အား ရှင်းထုတ်ပစ်ရန် စဉ်းစားနေစဉ်မှာပင် အခွင့်အရေး ရောက်လာခဲ့သည်။

နတ်ဘုရားတွေများ ကူညီနေတာလား......

ဒိုမီနစ်သည် ပျော်ရွှင်စွာ ပြုံးလိုက်ပြီးနောက် အသံဆက်သွယ်မှု ပြုလုပ်လိုက်တော့သည်။

All Chapters