ခမည်းခမက်
Vol. 61 Ch. 850
မဟာလင်းနို့ဧကရာဇ်....... မင်းကငါ့အတွက် ကံကောင်းခြင်းပဲ.........
ဒိုမီနစ်သည် အန်လင်းတို့အား ရောင်းစားလိုက်ရန် ကြံနေစဉ်မှာပင် သမီးဖြစ်သူမှ ပျော်ရွှင်မြူးထူးစွာ ရယ်မောလိုက်သောကြောင့် သူလှမ်းကြည့်လိုက်မိသည်။
ဖန်းနီသည် ဆေးလုံးသန့်စင်ခြင်း ပြိုင်ပွဲအား ရှုံးနိမ့်ခဲ့သောကြောင့် ဝမ်းနည်းစိတ်ပျက်ခဲ့ရသည်များကို မေ့လျော့သွားပုံရပြီး အလွန်ပင် ပျော်ရွှင်နေသည်။ သူမသည် ပထမဆု မရရှိခဲ့ပါသော်လည်း ပို၍အရေးကြီးသော အရာတစ်ခုအား ရရှိလိုက်ပုံပင်။
"ဟမ့်....... ငါ့သမီးကိုများ သွေးဆောင်ရဲတယ်ပေါ့။ မင်းတို့တွေ သေဖို့သာပြင်ထားတော့။"
ဒိုမီနစ် ဒေါသထွက်စွာ အံကြိတ်လိုက်ပါသော်လည်း သမီးဖြစ်သူ၏ တောက်ပသော အပြုံးအား ကြည့်နေမိဆဲပင်။
သူ၏နှလုံးသားမှာ နာကျင်နေပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် ဝမ်းသာနေမိသည်။ ထိုသည်မှာ ထူးခြားသော ခံစားချက်တစ်ခု ဖြစ်သည်။
"ဟေး...... ဆေးပဏ္ဍိတ ဆေးမြို့တော်မှာ သူတို့ရှိလား။ မရှိဘူးလား။"
"ဆေးပဏ္ဍိတ.......မြန်မြန်ပြန်ဖြေပေးဦး။"
အဆုံးတွင်မူ ဒိုမီနစ်မှာ သူ၏ဒေါသများအား မဟာလင်းနို့ဧကရာဇ်ပေါ်တွင်သာ ပုံချလိုက်ဆော့သည်။
"မရှိဘူးဟေ့....... ယီးပဲ။"
မဟာလင်းနို့ဧကရာဇ် : "..........."
ဆေးပဏ္ဍိတ၏ အကျင့်စရိုက်သည် ထိုကဲ့သို့ပင်ဖြစ်ကြောင်း ၎င်းနှင့်သိကျွမ်းသူများ သိရှိထားကြသည်။
ထို့ကြောင့် ဆေးပဏ္ဍိတမှ ရုတ်တရက် အော်ဆဲလာခြင်းကို မဟာလင်းနို့ဧကရာဇ် စိတ်အနှောင့်အယှက် မဖြစ်မိပေ။ ထို့အပြင် ဆေးပဏ္ဍိတ၏ စကားကိုလည်း မယုံကြည်စရာ မရှိပေ။
သြဇာအာဏာ ကြီးမားသော ဆေးပဏ္ဍိတသည် သူနှင့်သက်ပင်မသက်ဆိုင်သော လူတစ်စုအတွက် လိမ်ညာပေးမည် မဟုတ်ပေ။
"နောက်တစ်နေရာ သွားရအောင်။"
မဟာလင်းနို့ဧကရာဇ်သည် အတောင်များကိုဖြန့်ကာ ကောင်းကင်ထက်သို့ ပျံဝဲလိုက်သည်။ သူသည် မြေပြင်တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေကာ အန်လင်းတို့နောက်လိုက်ရန် ကြိုးစားနေသည်။
အန္တရာယ်ကပ်ဘေးမှာ ဖန်းနီ၏ အပြုံးနှင့်အတူ လွဲဖယ်သွားခဲ့လေသည်။
ဒိုမီနစ်သည် ရွှင်မြူးစွာ ရယ်မောနေသော သမီးဖြစ်သူအားကြည့်ကာ သူလည်းပြုံးလိုက်မိသည်။
ဖန်းနီသည် ပြုံးနေလျှင် ပိုမိုလှပသော မိန်းမငယ်လေးတစ်ဦးပင်။
ရှောင်ဇယ်သည် ဖန်းနီအား အမှန်တကယ် ချောမောလှပသူဖြစ်ကြောင်း ချီးကျူးခဲ့သည်။ သူမသည် ပြစ်မျိုးမှဲ့မထင် လှခြင်းတရား အသွယ်သွယ်ဖြင့် ပြီးပြည့်စုံလွန်းလှသည်။
ဖန်းနီသည် တစ္ဆေမျိုးနွယ်စုဝင် ဖြစ်ပါသော်လည်း သူမ၏ သွင်ပြင်မှာ လူသားတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်သည် ရွှေရောင်သမ်းကာ တောက်ပနေပါသော်လည်း ထိုသည်ကပင် ထူးခြားသော အလှတရားကို ဖြစ်ပေါ်စေသည်။ ရှောင်ဇယ်သည် ဖန်းနီ၏ အစစအရာရာကို နှစ်သက်မြတ်နိုးနေသောကြောင့် ၎င်းတို့မှာ နတ်ဖတ်သောဖူးစာလို လိုက်ဖက်ညီနေသည်။
သြဇာအာဏာ ကြီးမားသူများ၏ အမြင်တွင် မျိုးနွယ်မတူသော ပက်သတ်ဆက်နွယ်မှုများမှာ ပြဿနာတစ်ခု မဟုတ်ပေ။
ဥပမာအားဖြင့် စုရှောင်လန်၏ မိခင်သည် အလွန်ထူးချွန်သော လူသားကျင့်ကြံသူဖြစ်ပြီး ဖခင်ဖြစ်သူမှာ နဂါးမျိုးနွယ်စုဝင် ဖြစ်သည်။ ထို့ကြောင့် သူမသည် အစစ်အမှန်နဂါးနှင့် နတ်ဇာမဏီ သွေးမျိုးဆက်တို့ကို ဆက်ခံနိုင်ခဲ့သည်။ ယခုဆိုလျှင် သူမထံ၌ ဗာမီလီယမ်ငှက်သွေးဆက်ပင် ရှိနေလေပြီ။
အန်လင်းသည် စုရှောင်လန်နှင့် ရင်သွေးငယ်လေးများ မွေးဖွားမည့်အချိန်ကို တွေးတောနေမိသည်။
သူမနဲ့ငါ့ရဲ့ ကလေးလေးတွေဆို နဂါးသွေးဆက် ပိုများနေလောက်မယ်မလား......... အဲ့ဒါဆို နဂါးကလေးလေးတွေပေါ့.......
စိတ်ဝင်စားစရာအတွေးပဲ........
အန်လင်းမှာ အနာဂတ်အတွက် တွေးတောနေစဉ်မှာပင် ဆေးပဏ္ဍိတမှ လာရောက်နှုတ်ဆက်လာသည်။
"ဂိုဏ်းချုပ်အန်လင်း...... မင်းအကြောင်းတွေ ငါအများကြီး ကြားထားဖူးပါတယ်။"
ဆေးပဏ္ဍိတ ပြုံးကာပြောလိုက်သည်။
အန်လင်း စိတ်မသက်မသာဖြစ်ကာ တံထွေးမြိုချလိုက်မိသည်။ ဤတာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသည် တပည့်ဖြစ်သူအား တာအိုလက်တွဲဖော် ရှာဖွေပေးရန်အတွက် သူ၏သမီးဖြစ်သူနှင့် အလောင်းအစား လုပ်ခဲ့သည်ကို ဒေါသထွက်နေနိုင်သည်။
"ဆေးပဏ္ဍိတ...... အခုကစပြီး ကျွန်တော်တို့က ခမည်းခမက်တွေ ဖြစ်တော့မှာပဲ။ ယဉ်ကျေးနေစရာ မလိုပါဘူး။ နာမည်ခေါ်ရင် ရပါပြီ။"
အန်လင်း တုံ့ပြန်လိုက်သည်။
ဆေးပဏ္ဍိတ မျက်နှာပျက်သွားသည်။
ရှောင်ဇယ် အရှက်မရှိတာ ဒင်းဆီက သင်ထားတာပဲ ဖြစ်ရမယ်.......
"ငါ့ကိုလာရောမနေနဲ့။ နောက်နေ့ဆိုရင်ပဲ ငါ့သမီးက မင်းတပည့်ကို ပစ်ရင်ပစ်ခဲ့မှာ။"
ဒိုမီနစ် ခက်ထန်စွာ ပြောလိုက်သည်။
အန်လင်းမှာ ပြုံးပြုံးသာ ရှိနေသည်။ သူသည် လုပ်ချင်ရာလုပ်ကာ ဖြစ်စေချင်သည်များ ဖြစ်လာခဲ့သောကြောင့် မပျော်ရွှင်စရာ မရှိပေ။
ဒိုမီနစ်သည် ထိုအပြုံးကိုကြည့်ကာ ရင်နာလာသည်။ အသံဆက်သွယ်သော ကျောက်စိမ်းပြားအားသုံးကာ မဟာလင်းနို့ဧကရာဇ်ထံ သတင်းပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေမိသည်။
"ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ။ မင်းနဲ့ မဟာလင်းနို့ဧကရာဇ်ကြားမှာ ဘာဖြစ်ခဲ့တာလဲ။ မင်းတို့အဖွဲ့တွေ အရှိန်အဝါ ဖုံးကွယ်ထားပေမယ့် ငါ့ရဲ့အံ့ဖွယ်အာရုံကနေ ဘာမှမလွတ်နိုင်ဘူး။"
ဒိုမီနစ် မေးမြန်းလာသည်။
အန်လင်း ငြိမ်သက်သွားကာ စကားဆိုလိုက်သည်။
"အင်း...... ဘာမှတော့ မဟုတ်ပါဘူး။ မဟာလင်းနို့ဧကရာဇ်ရဲ့ လက်အောက်ခံတွေနဲ့ အခြေအတင် ဖြစ်ခဲ့တာပါ။"
ဒိုမီနစ် အေးစက်စွာ ရယ်မောလိုက်သည်။
"ဟမ့်...... လက်အောက်ခံတွေနဲ့ အခြေအတင် ဖြစ်ရုံလောက်နဲ့ မဟာလင်းနို့ဧကရာဇ်ကိုယ်တိုင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေထိ လိုက်လာပါ့မလား။ ခုနကပဲ ငါ့ကိုဆက်သွယ်ပြီး မင်းတို့အကြောင်း လာမေးနေတာ။"
အန်လင်း : "............."
"ကျေးဇူးတင်ပါတယ် ခမည်းခမက်....."
အန်လင်း ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။
ဆေးပဏ္ဍိတသည် ၎င်းတို့အတွက် လိမ်ညာပေးခဲ့သည်။ ထိုသို့မဟုတ်ပါက ယခုကဲ့သို့ ထုတ်ပြောလာမည်ပင် မဟုတ်ပေ။ ထိုသည်မှာ ကျေးဇူးတင်ရမည့် အပြုအမူပင်။
ဒိုမီနစ် မကျေနပ်သေးပေ။
"မင်းက ခမည်းခမက်လို့ ခေါ်နေပြီးတော့ ငါ့ကိုပြဿနာတွေ ဖုံးကွယ်နေတာလား။ ငါ့သမီးရဲ့ လုံခြုံရေးအတွက် ငါ့မှာတာဝန်ရှိတယ်။ အဲ့ဒါကြောင့် မင်းအခုထက်ပိုပြီး ရိုးသားတာ ကောင်းလိမ့်မယ်။"
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
"ကျွန်တော်တို့က ခမည်းခမက်တွေဆိုတာ ခင်ဗျားလည်း လက်ခံတယ်ပေါ့။"
ဒိုမီနစ် အသက်ရှူသံများ ပြင်းသွားရသည်။
အဲ့ဒါက သောက်ရေးကြီးနေလို့လား........
မည်သို့ပင်ဆိုစေကာမူ သူစကားမှားသွားပုံ ရသည်။
ယီးတဲ့မှ......... ဒင်းတို့အားလုံးကို ဒီမှာတင် နုတ်နုတ်စင်းချင်လာပြီ..........
"ခမည်းခမက်ရယ် ကျွန်တော် ဖုံးကွယ်မနေတော့ပါဘူး။ ဖြစ်ခဲ့တာကတော့ ကျွန်တော်တို့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက သွေးစက်ကုန်းမြေထဲ ဝင်ခဲ့တယ်။ နောက်ပြန်ထွက်လာတော့ အိပ်မက်ဆိုး ရွှံ့လူသားရယ်၊ သူ့ရဲ့ လက်အောက်ခံတွေရယ်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြတယ်။"
အန်လင်း ရှင်းပြလိုက်သည်။
"မင်းခမည်းခမက်လို့ ခေါ်နေတုန်းပဲလား။"
ဒိုမီနစ် လက်မခံချင်သေးပေ။
"ဘာတွေဖြစ်ခဲ့တာလဲ။ အိပ်မက်ဆိုး ရွှံ့လူသားကို ငါသိတယ်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။"
"အိပ်မက်ဆိုး ရွှံ့လူသားကို သတ်ပစ်လိုက်တယ်။ အင်း… ပြီးတော့ မီးလျှံသိမ်းငှက်နဲ့ မဟူရာနဂါးမျောက်ဝံကိုလည်း မတော်တဆ သတ်လိုက်မိတယ်။ မဟာလင်းနို့ဧကရာဇ်က ဒေါသထွက် ပေါက်ကွဲပြီး နောက်ကလိုက်လာတော့တာပဲ။"
အန်လင်း ပြောပြလိုက်သည်။
ဒိုမီနစ် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
"မင်းတို့က တော်တော်ကို လက်ရဲဇက်ရဲ နိုင်တာပဲ။"
အန်လင်းတို့သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးအား သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ထိုထဲမှ တစ်ဦးသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူပင်။ ထိုအဖြစ်အပျက်သည် ကုန်းမြေတစ်ခုလုံးကိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေနိုင်သော ကိစ္စကြီးဟု ဆိုနိုင်သည်။
ဒိုမီနစ် ပြုံးကာပြောလိုက်သည်။
"ဒါပေမယ့် မဟာလင်းနို့ဧကရာဇ် မင်းနောက်လိုက်နေတာက ဟိုသက်လတ်ပိုင်းအရွယ် အမျိုးသားနဲ့ ဇူစကာကြောင့်မလား။"
ထိုစကားနှင့်အတူ တုန်းဖန်းကျွမ်းရှီးကိုလည်း လှမ်းကြည့်လိုက်သည်။
တုန်းဖန်းကျွမ်းရှီးသည် အကြည့်လွှဲခြင်း မရှိပဲ တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်ကြည့်ရှုလာသည်။
"ခမည်းခမက် ထင်တဲ့အတိုင်းပါပဲ။ အဲ့လူနဲ့ တကယ်ပက်သတ်နေတာပါ။ အဲ့ဒါကြောင့် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေကနေ ထွက်မသွားခင် ဆေးလုံးသန့်စင်ဖို့ လိုအပ်နေလို့ ဒီကိုလာခဲ့တာပါ။"
အန်လင်း သက်ပြင်းချလိုက်သည်။
ဒိုမီနစ် ခေါင်းညိတ်ပြလိုက်သည်။
ခမည်းခမက်ဟူသော စကားအား ကြိမ်ဖန်များစွာ ကြားရပြီးနောက် မည်သို့မှ မနေတော့ပေ။ နေသားကျသွားပုံရသည်။
အန်လင်းမှာ လှည့်စားနိုင်လွန်းသူ ဖြစ်ပေသည်။
ဒိုမီနစ်သည် အန်လင်းတို့အဖွဲ့အား ဆေးမျှော်စင်ထဲခေါ်ကာ လိုအပ်သော အရာများ ပေးခဲ့သည်။
သို့သော် သူ့ထံတွင် တောင်းဆိုချက်တစ်ခု ရှိသည်။ ဖန်းနီအား ထားခဲ့ရမည်ဖြစ်ပြီး ၎င်းတို့အားလုံး စုကျိုးအင်မော်တယ်ဂိုဏ်းသို့ရောက်ကာ အခြေအနေများ ငြိမ်သက်သွားမှသာ သူ့အနေဖြင့် ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။
ရှောင်ဇယ်သည်လည်း ဖန်းနီအား အန္တရာယ် မဖြစ်စေချင်သောကြောင့် ဒိုမီနစ်၏ တောင်းဆိုချက်အား သဘောတူလိုက်သည်။
မကြာမီမှာပင် ပါဝင်ပစ္စည်းများအားလုံး ရရှိလိုက်သည်။
ဆေးပဏ္ဍိတ ရှိနေသောကြောင့် ၎င်းတို့သည် ဆေးမျှော်စင် အတွင်းမှာပင် ဆေးလုံးသန့်စင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
တုန်းဖန်းကျွမ်းရှီး၏ လျှို့ဝှက်ဆေးစာသည် အဆင့်သုံး စိတ်ဝိဉာဉ်ဆေးလုံးသာ ဖြစ်ပါသော်လည်း ဖုံးကွယ်သော အစွမ်းမှာ လွန်စွာကောင်းမွန်သည့်အပြင် တစ်ရက်လုံးလုံး ခံပေသည်။
အဆိပ်မြူဖားသည် လိုလိုလားလားပင် စမ်းသပ်ခံခဲ့သည်။ ၎င်းသည် ဆယ့်ငါးကီလိုမီတာမျှ သွားလာနေပါသော်လည်း တုန်းဖန်းကျွမ်းရှီးမှ ၎င်းအရှိန်အဝါအား အာရုံမခံနိုင်ခဲ့ပေ။ ထိုသည်သာမက ဆေးပဏ္ဍိတသည်ပင် အာရုံခံနိုင်ခြင်း မရှိပေ။
ထိုဆေးမှာ ထူးခြားလွန်းသောကြောင့် ဆေးပဏ္ဍိတသည်ပင် အံ့အားသင့်သွားရသည်။
ထို့နောက် ပိုမိုအံ့သြစရာတစ်ခု ဖြစ်ပျက်လာလေသည်။
အဆိပ်မြူဖား ပျောက်ကွယ်သွားခဲ့သည်။
အဆိပ်မြူဖားသည် ဆေးလုံး၏ ဖုံးကွယ်ခြင်းအစွမ်းအား အသုံးချကာ ဘယ်သောအခါမှ ပြန်မလာတော့ပေ။
အန်လင်းသည် ညဉ့်ကောင်းကင်ယံအားကြည့်ကာ အဆိပ်မြူဖားနှင့် အတူရှိခဲ့သော အချိန်များကို တွေးတောနေမိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏ဆုံးဖြတ်ချက်အား နားလည်ပေးနိုင်ပေသည်။ သူ၏အဖွဲ့ဝင် ဖြစ်နေရသည်မှာ ကောင်းမွန်လှသည် မဟုတ်ပေ။
မဟာလင်းနို့ဧကရာဇ်၏ ပစ်မှတ်မှာ အန်လင်းတို့ ဖြစ်နေသောကြောင့် ယခုကဲ့သို့ ထွက်ခွာသွားသည်မှာ အဆိပ်မြူဖားအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။ မဟာလင်းနို့ဧကရာဇ်၏ အမျက်ဒေါသကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားမည်ပင်။
မဟာလင်းနို့ဧကရာဇ်သာ ရူးမနေပါက အဆိပ်မြူဖားနောက် လိုက်စရာ အကြောင်းမရှိပေ။
"တကိုယ်တော်ရွှေဖားရဲ့ အမေ့အိမ်ပြန်ခရီးစဉ် စခဲ့ပြီပေါ့။"
အန်လင်း ခေါင်းခါယမ်းကာ ထွက်ပြေးသွားသော မိတ်ဆွေဖားအား စိတ်ထဲမှ နှုတ်ဆက်လိုက်တော့သည်။