ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှ နှင်းပျိုမဒီများ
Vol. 61 Ch. 851
စိတ်ဓာတ်ရိုးရှင်းသော အော့နျိုမှာ အဆိပ်မြူဖား ထွက်ခွာသွားခြင်းနှင့်ပက်သတ်၍ အချိန်အတော်ကြာ ပူဆွေးနေခဲ့သည်။
"မူး...... သူက ဖားကောင်းလေးပါ။ ဘာလို့ထွက်သွားရတာလဲ။"
အော့နျို စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
"သေသွားတာမှ မဟုတ်တာကွာ။"
အော့နျို မျက်ရည်အဝဲသား ဖြစ်နေသည်။
"သူ့ကို သူငယ်ချင်းတစ်ယောက်လို သတ်မှတ်ခဲ့တာ။ ဗဟုသုတ ကြွယ်ဝပြီး လောကကြီးအကြောင်းလည်း နားလည်တဲ့သူက ဘာလို့ဒီလိုလုပ်သွားရတာလဲ။"
"နားလည်ပေးလို့ ရပါတယ်။ ငါတို့နဲ့ နေတာက အန္တရာယ် များတယ်လေ။"
အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"အော့နျို...... ငါမင်းကိုလည်း အခွင့်အရေးပေးမယ်။ မင်းငါတို့ဆီကနေ ထွက်သွားလို့ရတယ်။ ငါဘာမှ ပြောမှာမဟုတ်ဘူး။"
အော့နျို တွေဝေခြင်းမရှိ ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး။ ဒီလူတွေနဲ့ပဲနေမယ်။ ဆုပ်ယုပ်ဝိဉာဉ်သားရဲ ဒုစရိုက်နယ်မြေကို ပြန်လို့မရတော့ဘူးလေ။ သွားစရာနေရာလည်း မရှိဘူး။ အဲ့ဒါကြောင့် မင်းတို့နဲ့ လိုက်တာပဲ ကောင်းလိမ့်မယ်။ ပြီးတော့ မင်းက အရမ်းတော်တယ်လေ။ မင်းနောက်ကိုသာလိုက်ရင် ငါ့အနာဂတ်လည်း တောက်ပလာမယ်လို့ထင်တယ်။"
အန်လင်း၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"မင်းက အမြင်ကောင်းတာပဲ။"
အော့နျိုသည် စိတ်ဓာတ်ရိုးရှင်းသော နွားတစ်ကောင် ဖြစ်သောကြောင့် အချို့သော ကိစ္စများတွင် ထင်မှတ်မထားရလောက်အောင် ဆုံးဖြတ်ချက် ပြတ်သားသည်။
အားလုံးသည် ဆေးမျှော်စင်တွင် တစ်ရက်ခန့် ဆက်နေခဲ့ကြသည်။
အန်လင်း၊ စုရှောင်လန်၊ ရှောင်ဇယ်၊ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်၊ တုန်းဖန်းကျွမ်းရှီး၊ ဇူစကာနှင့် အော့နျိုတို့သည် တုန်းဖန်းကျွမ်းရှီး၏ ဖုံးကွယ်ခြင်းဆေးလုံးအား တစ်ယောက်သုံးလုံးစီ ယူဆောင်လာခဲ့ကြသည်။
အန်လင်းနှင့် စုရှောင်လန်သည် ဆုအဖြစ် ရရှိထားသော လက်မှတ်များကို အင်မော်တယ်ဆေးလုံးနှင့် လဲလှယ်ခဲ့သည်။
အန်လင်းသည် သိစိတ်အာရုံအား အချိန်အတိုင်းအတာ တစ်ခုအထိ အဆုံးစွန်ထက် ကျော်လွန်အောင် မြှင့်တင်ပေးနိုင်သော အဆင့်ခြောက် အင်မော်တယ်ဆေးလုံးဖြစ်သည့် ကောင်းကင်ဝိဉာဉ်ဆေးလုံးအား ရယူခဲ့သည်။
ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ ဆေးဆရာများသည် သက်ရှိသတ္တဝါများ၏ သိစိတ်အာရုံနှင့် ပက်သတ်၍ သုတေသနများစွာ ပြုလုပ်ထားသောကြောင့် သိစိတ်အာရုံအား မြှင့်တင်ပေးနိုင်သော အင်မော်တယ်ဆေးလုံး အမျိုးအစားများစွာ သန့်စင်နိုင်ခဲ့သည်။
အန်လင်းသည် များပြားလှသော အင်မော်တယ်ဆေးလုံး အမျိုးအစားများထဲမှ သိစိတ်အာရုံအား အဆုံးစွန်ထက် ကျော်လွန်အောင် မြှင့်တင်ပေးနိုင်သော ထိုဆေးလုံးကို သိလိုစိတ်ပြင်းစွာ ရယူခဲ့ခြင်း ဖြစ်သည်။
ထိုအင်မော်တယ်ဆေးလုံးသည် သေရေးရှင်ရေး အခြေအနေများတွင် အသုံးဝင်လာနိုင်သည်။
"ကျွန်တော် သွားတော့မယ်နော် ဖန်းနီ...... စုကျိုးအင်မော်တယ်ဂိုဏ်းဆီ ပြန်ရောက်တာနဲ့ မင်းလေးကို ဆက်သွယ်လိုက်ပါ့မယ်။"
ရှောင်ဇယ်သည် ရိုးသားသော အမူအရာနှင့် မဟူရာနဂါးကြေးခွံ တစ်ခုကို ဖန်းနီလက်ထဲ ထည့်ပေးလိုက်သည်။
"အင်း...... နင့်ဆီက သတင်းစောင့်နေမယ်နော်။"
ဖန်းနီသည် ပန်းပွင့်လေးသဖွယ် လှပစွာပြုံးကာ တင့်တယ်စွာ လှည့်လည်ပျံဝဲလိုက်သောကြောင့် ညဉ့်ကောင်းကင်ယံတွင် ရွှေရောင်အလင်းမှုန်လေးများ ဖြစ်ပေါ်လာသည်။
ထိုသည်မှာ တစ္ဆေမျိုးနွယ်စု၏ နှုတ်ဆက်နည်းဖြစ်ကာ ရင်သက်ရှုမောဖွယ် မြင်ကွင်းတစ်ခုပင်။
အန်လင်းတို့သည် ဖုံးကွယ်ခြင်း စိတ်ဝိဉာဉ်ဆေးလုံးအားသောက်ကာ ကိုးပြည်ထောင်သို့ ခရီးဆက်ခဲ့ကြသည်။
ကိုးပြည်ထောင်သည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အရှေ့တောင်အရပ်တွင်ရှိပြီး ဆေးမြို့တော်သည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ထို့ကြောင့် ခရီးစဉ်သည် အတော်အတန် ဝေးကွာသည်ဟု ဆိုနိုင်ကာ ၎င်းတို့သည် မဟာလင်းနို့ဧကရာဇ် အင်အားစုအား သေသေချာချာ သတိထားရန် လိုအပ်သည်။
ဆေးပဏ္ဍိတသည် အန်လင်းတို့၏ လုံခြုံရေးကို စိုးရိမ်ပူပန်မိပါသော်လည်း သူတတ်နိုင်သောအရာ မရှိပေ။
တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး အာရုံခံနိုင်စွမ်း မြင့်ကြသည်။ ဆေးပဏ္ဍိတသာ အန်လင်းတို့အား အဖော်ပြုပေးပါက မဟာလင်းနို့ဧကရာဇ်အား ပိုမိုဆွဲဆောင်သလို ဖြစ်နေပေလိမ့်မည်။ မဟာလင်းနို့ဧကရာဇ်မှ ဆေးပဏ္ဍိတထံ လာရောက်နှုတ်ဆက်ခဲ့ပါက အရာအားလုံး ရှုပ်ထွေးကုန်မည် ဖြစ်သည်။
ဆေးပဏ္ဍိတသည် မဟာလင်းနို့ဧကရာဇ်အား ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော် ဆေးပဏ္ဍိတ၏ အလိမ်အညာများ ပေါ်သွားခဲ့ပါက ခေါင်းရှုပ်ရလောက်အောင် ပြဿနာ များပေလိမ့်မည်။ အဆိုးဆုံးအနေဖြင့် တိုက်ပွဲများ ဖြစ်လာခဲ့လျှင် ဆေးမြို့တော်သည်လည်း ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ကုန်မည်ပင်။
အန်လင်းသည်လည်း ဆေးပဏ္ဍိတအား အကူအညီတောင်းရန် ရှက်ရွံ့နေမိသည်။ ၎င်းတို့သည် ဆေးပဏ္ဍိတ၏ သမီးအား စိတ်နှလုံးသား ယိုင်နဲ့အောင် လုပ်ခဲ့သည်။ ယခု ဆေးပဏ္ဍိတကိုလည်း လိုက်လံကာကွယ်ပေးရန် အကူအညီတောင်းမည်ဆိုလျှင် အရှက်မရှိလွန်းရာ ကျသောကြောင့် ကိုးပြည်ထောင်ထံ ကိုယ့်ဘာသာ ခရီးဆက်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
ပေသောင်းချီသော အနက်ရောင် နဂါးကြီးမှာ ကောင်းကင်ထက်တွင် ပျံဝဲနေသည်။
အန်လင်းနှင့် အခြားသူများသည် နဂါးခေါင်းနားတွင်ထိုင်ကာ အောက်သို့ကြည့်ရှုနေကြသည်။
၎င်းတို့သည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ ဗဟိုဒေသနှင့် နီးကပ်လာသောကြောင့် ထူးခြားသော လောကနိယာမနှင့် စတင်ကြုံတွေ့လာရသည်။
အားလုံးသည် မဟူရာ၊ မရဏ အငွေ့အသက်များနှင့်အတူ ဆွေးမြေ့ခြင်း စွမ်းအင်များကို အာရုံခံမိကြသည်။
အန်လင်း၊ ရှောင်ဇယ်နှင့် အခြားသူများ အားလုံးမှာ စွမ်းအင်များ ဖိနှိပ်ခံရသလို ခံစားလာရသည်။
သက်ရှိစွမ်းအင် အားကောင်းလေ၊ ဖိနှိပ်ခံရလေ ဖြစ်သည်။
သို့သော် တုန်းဖန်းကျွမ်းရှီးနှင့် ဇူစကာမှာ မြူးထူးနေကြလေသည်။
သေခြင်းတရားနှင့် နီးစပ်သောသူသည် ဤနေရာတွင် အင်အားကောင်းနေလိမ့်မည်။
"အဟားဟား...... ဒီအရသာကို ကြိုက်လိုက်တာ။"
သက်လတ်ပိုင်းအရွယ် အမျိုးသား စိတ်ကျေနပ်စွာ ရေရွတ်လိုက်သည်။
စုရှောင်လန်မှာ တစ်ခုခု ပြောလိုပါသော်လည်း အဆုံးတွင်မူ စိတ်ကိုသာ မြိုသိပ်လိုက်သည်။
သို့သော် အန်လင်းမှာ စိတ်မထိန်းနိုင်ပေ။
"ဦးလေးတုန်းဖန်း...... ခင်ဗျား တကယ်အဆင်ပြေရဲ့လား။ ခင်ဗျားကြည့်ရတာ သေတော့မယ့်လူလိုပဲ။"
"ငါက အကြိမ်ပေါင်းများစွာ သေဖူးပါတယ်ကွာ။ ဒီလောက်ကတော့ ဘာမှမဟုတ်ဘူး။"
တုန်းဖန်းကျွမ်းရှီး ပြုံးကာပြောလာသည်။
ဇူစကာလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
"ပြောရရင် အခု သခင်ကြီး ပုံစံက တကယ့်သက်ရှိလို့ ပြောလို့မရဘူးလေ။ သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ရှိနေတာပဲ။"
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဤနေရာသည် မရဏနိဗ္ဗာန်ဘုံပင်။
ဖန်းနီတို့ကဲ့သို့ မရဏစွမ်းအင်များအား သဘာဝအတိုင်း စုပ်ယူနိုင်သူများမှလွဲ၍ အခြားသက်ရှိများမှာ ထိုစွမ်းရည်မျိုး မရှိကြပေ။ ၎င်းတို့သည် ဤပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရန် ယင်းဓာတ်ကျင့်စဉ်အား ကျင့်ကြံကြရသည်။
"အောက်ကိုငုံ့ကြည့်လိုက်။ ဇွန်ဘီတွေ အများကြီးပဲ။"
စုရှောင်လန် တအံ့တသြ ပြောလိုက်သည်။
အန်လင်း ငုံ့ကြည့်လိုက်သောအခါ အသက်မဲ့နေသော ဇွန်ဘီမိစ္ဆာများ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ဖက်လုံးသည် ထောင်နှင့်သောင်းနှင့်ချီသောကြောင့် စစ်တပ်အရွယ်အစားမျှ ရှိသည်။
ဇွန်ဘီမိစ္ဆာများသည် ရူးသွပ်ချင်စရာ ကောင်းလောက်အောင် ရန်သူများအား တိုက်ခိုက်နေကြသည်။ ဇွန်ဘီတစ်ကောင်ဆိုလျှင် ခေါင်းမရှိတော့သည့်တိုင် ရန်သူများအား ထက်ရှလှသော လက်သည်းများနှင့် ဆွဲဖြဲပစ်နေသည်။
စစ်တပ်နှစ်ခု၏ တိုက်ပွဲဟု ဆိုနိုင်ပြီး စစ်ပွဲအတွင်း ပါဝင်သူမှာ နှစ်ဦးသာ ရှိသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသည် စစ်တပ်များနောက် ပုန်းကွယ်ကာ မန္တာန်များဖြင့် ဇွန်ဘီများကို ထိန်းချုပ်နေသည်။
"အဲ့လောက် ခန္ဓာတွေ အများကြီး ဘယ်ကရတာလဲ။"
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
သက်ရှိသတ္တဝါများသည် အလောင်းကောင်များအား လက်နက်အဖြစ် အသုံးချနေသည်ကို သူမနှစ်မြို့ပေ။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည် အန်လင်း ပုခုံးပေါ်နားကာ အတောင်ခတ်နေသည်။
"ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေက မရဏနိဗ္ဗာန်ဘုံပဲလေ။ သေခြင်းတရားနဲ့ နီးစပ်တဲ့သူမှန်သမျှ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှာ အစွမ်းတိုးပြီး အသက်ရှည်မှာပဲ အဲ့ဒါကြောင့် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေက သက်ရှိတွေအတွက် သင်္ချိုင်းလို ဖြစ်လာတာ။"
အန်လင်း : "........"
အဲ့တော့ ဒီနေရာက သဘာဝ သင်္ချိုင်းမြေလား........
သေခါနီး လူတစ်ယောက်က ဒီနေရာကိုလာရင် ပိုပြီးအသက်ရှည်ရှည် နေရမယ်ပေါ့...... နားထောင်ရတာတော့ မက်မောချင်စရာပဲ........ အနည်းဆုံး သေခြင်းတရားနဲ့ နီးတဲ့သူတွေအတွက်ပေါ့.....
ဤနေရာသည် ကုန်းမြေတစ်ခုလုံးတွင် ရွံရှာမုန်းတီးဖွယ် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါသော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်နေရသူများအတွက် ထိုသို့မဟုတ်ပေ။ ထိုသူများသည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေအား လွန်စွာနှစ်ခြိုက်ကြသည်။
အန်လင်းတို့သည် ထိုတိုက်ပွဲအား အချိန်တစ်ခုမျှ ကြည့်ရှုပြီးနောက် ကိုးပြည်ထောင်သို့ သွားရာလမ်းအား လှမ်းကြည့်လိုက်ကြသည်။
ရှောင်ဇယ်တို့သည် ဖုံးကွယ်ခြင်း စိတ်ဝိဉာဉ်ဆေးလုံးအား သောက်သုံးထားသောကြောင့် တိုက်ခိုက်နေသူ နှစ်ဦးမှာ နဂါးတစ်ကောင်လုံး ဖြတ်ပျံသွားသည်ကိုပင် မသိလိုက်ကြပေ။ ရုတ်တရက် ပြင်းထန်သွားသော လေစီးကြောင်းကြောင့် နှလုံးသားထဲ ထိတ်လန့်ကာ တစ်ဖက်ရန်သူသည် အားကောင်းသော လေအမျိုးအစား တိုက်ကွက်အား ထုတ်ဖော်လိုက်သည်ဟုသာ ထင်မှတ်သွားကြသည်။
ထိုသည်မှာ ရှောင်ဇယ် ပျံဝဲသွားသောကြောင့် ဖြစ်ပေါ်လာသော လေထန်မှုသာ။
အန်လင်းတို့သည် အေးအေးချမ်းချမ်း ခရီးဆက်နေပြီး တစ်ရက်ကျော်ပြီးနောက် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ အရှေ့တောင်အရပ်နှင့် နီးကပ်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင် အပူချိန်မှာ ရုတ်တရက် ထိုးကျသွားလေသည်။
အရှေ့အရပ်တွင် မြင့်မြတ်သော ရေခဲကုန်းမြေရှိပြီး အရှေ့တောင်ဘက်အတိုင်း ဆက်လက်ထွက်လာပါက ကိုးပြည်ထောင်သို့ ရောက်ရှိမည်ပင်။
အန်လင်းတို့သည် ပတ်ဝန်းကျင်အား ပိုမိုအာရုံစိုက်လာကြသည်။
မဟာလင်းနို့ဧကရာဇ်သည် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေ၏ နယ်နိမိတ်စည်းတလျှောက်တွင် တစ်စုံတစ်ခု ပြုလုပ်ထားမည်မှာ ပြေးကြည့်စရာပင် မလိုအပ်ပေ။
ဝုန်း...... ဝုန်း...... ဝုန်း.......
အရှေ့အရပ်မှ အားကောင်းလှသော စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
တုန်းဖန်းကျွမ်းရှီး မျက်မှောင်ကျုံ့လိုက်သည်။
"တိုက်ပွဲဖြစ်နေတယ်ထင်တယ်။"
"ကျွန်တော်တို့နဲ့မှ မဆိုင်တာ။ ဒီက မြန်မြန်ထွက်သွားရအောင်။"
အန်လင်းမှာ ပြဿနာ မဖြစ်လိုပေ။
ဝုန်း......
အေးခဲနေသော အပြာရောင်ဓားပုံရိပ်မှာ မြေပြင်အား ကီလိုမီတာပေါင်းများစွာတိုင် ကွဲအက်သွားစေပြီး မြို့တော်တစ်ခုလုံး အေးခဲသွားသည်။
အားလုံး အံ့အားသင့်သွားကြသည်။
တိုက်ပွဲက တော်တော်ကြမ်းနေတာပဲ......
"မြန်မြန်ဒီကထွက်ပြီးတော့ တောင်ဘက်ကို သွားရအောင်။"
အန်လင်း လောဆော်လိုက်သည်။
ယခုကဲ့သို့ အချိန်မျိုးတွင် တစ်စုံတစ်ခု မှားယွင်းသွား၍ မဖြစ်ပေ။
ရှောင်ဇယ်သည်လည်း ထိုသည်ကို သဘောပေါက်သောကြောင့် တောင်ဘက်သို့ ပျံသန်းလိုက်သည်။
တိုက်ပွဲသည် အရှေ့အရပ်တွင် ဖြစ်နေသဖြင့် တောင်ဘက်သို့သွားပါက ရှောင်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။
ဝုန်း...... ဝုန်း....... ဝုန်း.......
အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော စွမ်းအင်နှစ်ခုသည် တောင်ဘက်တွင် ပြင်းထန်စွာ ပေါက်ကွဲသွားသောကြောင့် ကောင်းကင်နှင့်မြေပြင်သည်ပင် တုန်ခါသွားရသည်။
အန်လင်း : "အနောက်ဘက်ကို သွားကြတာပေါ့။"