← Chapters

မရဏနတ်ဘုရား၏အကြည့်တစ်ချက်

Vol. 61 Ch. 853

မရဏနတ်ဘုရား၏အကြည့်တစ်ချက်

Vol. 61 Ch. 853

စုရှောင်လန်တို့၏ ကန့်ကွက်စကားများကြောင့် တုန်းဖန်းကျွမ်းရှီးမှာ စကားလမ်းကြောင်း လွှဲလိုက်ရသည်။

"အံ့ဖွယ်ကျင့်စဉ်...... အင်မော်တယ်မရဏနတ်ဘုရား....."

တစ္ဆေပုံရိပ် ဟစ်ကြွေးလိုက်သည်နှင့် ၎င်း၏ အရိုးနက် အံ့ဖွယ်လက်နက်ထံမှ မဟူရာအလင်းများ ဖြာထွက်လာသည်။ အံ့ဖွယ်လက်နက်မှ အံ့ဖွယ်တာအို အစွမ်းများ အားကောင်းလာသည်နှင့်အတူ ကောင်းကင်နှင့်မြေပြင် တုန်လှုပ်ကာ ပေသောင်းချီသည့် မဟူရာ အရိုးစု ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုမဟူရာအရိုးစု ပုံရိပ်ကြီးသည် သွေးနီရောင် အရိုးရှည်သေမင်းတံစဉ်းအား ကိုင်ဆောင်ထားသည်။

အရိုးစုသည် မိစ္ဆာဝိဉာဉ်များဖြင့် ဖန်ဆင်းထားသော ဝတ်ရုံနက်အား ဆင်မြန်းထားကာ ငရဲမန္တာန်တစ်ခုအား ရွတ်ဆိုလိုက်ပြီးနောက် တံစဉ်းဖြင့် ပုံရိပ်ဖြူအား တိုက်ခိုက်လာသည်။

ခရက်.............

ကောင်းကင်နှင့်မြေပြင်မှာ ထက်ပိုင်းဖြတ်ခံလိုက်ရသည့်အလား လေထုထဲတွင်လည်း အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

မုန့်ကျီ၏ ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ်သွားလေသည်။

ဘန်း.........

သူမ၏ ခန္ဓာကိုယ်မှာ နှင်းပွင့်နှင်းစက်များအဖြစ် ပေါက်ကွဲသွားသည်။

ထို့နောက် အခြားတစ်နေရာတွင် ပြန်လည်ထွက်ပေါ်လာပြန်သည်။

မုန့်ကျီ၏ အမူအရာမှာ အေးစက်ခက်ထန်နေပါသော်လည်း ပန်းနုရောင် နှုတ်ခမ်းထောင့်စွန်းမှ အပြာရောင်သွေးများ စီးကျနေသည်။

"ကျွတ်..... ကျွတ်...... ရုန်းကန်မနေပဲ ကုန်းခံလိုက်စမ်းပါ။ အင်မော်တယ်မရဏနတ်ဘုရားက တိုက်ခိုက်မှု မစခင် မင်းရဲ့သိစိတ်အာရုံကို ချိပ်ပိတ်ထားနိုင်တယ်။ မင်းဘယ်လောက်ပဲ ရုန်းကန် ရုန်းကန်၊ ဘယ်လောက်ပဲရှောင်ရှောင် သူ့ရဲ့တိုက်ခိုက်မှုတွေက မင်းရဲ့သိစိတ်အာရုံကို တိုက်ရိုက်ထိခိုက်စေမှာပဲ။"

တစ္ဆေပုံရိပ်သည် တိုက်ခိုက်မှုအပေါ် စိတ်ကျေနပ်နေပုံရပြီး ၎င်း၏အံ့ဖွယ်လက်နက်မှာ ထပ်မံလင်းလက်လာပြန်သည်။

မဟူရာအရိုးစုမှာ တံစဉ်းဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။

မုန့်ကျီ အံကြိတ်လိုက်ပြီးနောက် သူမကိုယ်သူမ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ်ပြောင်းကာ တစ္ဆေပုံရိပ်ထံ ပျံဝဲသွားလိုက်သည်။ သူမသည် အသက်ကိုပင်စွန့်ရန် အသင့်ရှိနေပုံ ရသည်။

"ကြည့်ရတာ တိုက်ပွဲပြီးတော့မယ် ထင်တယ်။ လေဟာနယ်ချိပ်စည်း မရှိတော့တာနဲ့ ပြေးဖို့ပြင်ထားကြတော့။"

တုန်းဖန်းကျွမ်းရှီး အသိပေးလာသည်။

မုန့်ကျီ၏ ရွှေတောင်ဝှေးထံမှ အံ့ဖွယ်အပြာရောင်အလင်းများ ဖြာထွက်လာကာ သူမ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် ခွဲပစ်နိုင်လောက်အောင် ထက်ရှသော ဓားပြာတစ်လက် ဖြစ်ပေါ်လာသည်။ ထိုဓားသည် မဟူရာ အရိုးစုပုံရိပ် နောက်တွင်ရှိနေသော တစ္ဆေပုံရိပ်ထံ တည့်တည့်ပျံဝဲသွားသည်။

အရိုးစု၏ တံစဉ်းခုတ်ချက်နှင့်အတူ မုန့်ကျီ၏ ခန္ဓာကိုယ် အပါအဝင် သူမ၏ အံ့ဖွယ်တာအို အစွမ်းများမှာ တစ်ချိန်တည်းတွင် ထက်ပိုင်းပြတ်သွားရသည်။

ဘန်း...........

မြင်တွေ့ဖူးနေသလိုပင် မုန့်ကျီ၏ ခန္ဓာကိုယ်မှာ နှင်းပွင့်နှင်းစက်များအဖြစ် ပေါက်ကွဲသွားလေသည်။

ထို့နောက် မုန့်ကျီမှာ မဟူရာအရိုးစုရှေ့တွင် ပြန်လည်ထွက်ပေါ်လာသည်။ သူမသည် ပြင်းပြင်းထန်ထန် ထိခိုက်ထားပုံရကာ သွေးအန်လိုက်ပါသော်လည်း ရွှေရောင်မျက်ဝန်းများမှာ စူးရှတောက်ပနေသည်။

သူမသည် ပြတ်သားသော ဆုံးဖြတ်ချက်နှင့်အတူ ရှေ့ဆက်လာပြီး အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသည့် အပြာရောင်ဓားမှာ မဟူရာအရိုးစုအား ထွင်းဖောက်ကာ တစ္ဆေပုံရိပ်ထံ ပျံဝဲသွားသည်။

တစ္ဆေမျိုးနွယ်စုဝင်သည် မျက်နှာပျက်သွားကာ အဖြူရောင် မရဏစွမ်းအင်လှိုင်းများ မှုတ်ထုတ်လျက် ထူထဲသော နံရံတစ်ချပ် ဖြစ်ပေါ်သွားစေသည်။

ဝုန်း..........

အပြာရောင် အံ့ဖွယ်တာအိုဓားသည် အဖြူရောင် မရဏစွမ်းအင်နံရံတွင် ထိုးစိုက်ကာ ပြင်းထန်လှသော စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး ကီလိုမီတာပေါင်းများစွာ အေးခဲသွားစေသည်။

လေဟာနယ်ချိပ်စည်း၏ အဆုံးစွန်နား ရောက်နေသော အန်လင်းတို့သည်ပင် အေးခဲလွန်းသော ခံစားချက်ကို ရရှိလိုက်ကြသည်။

အပူချိန်မှာ အလွန်အမင်း နိမ့်ကျနေသောကြောင့် မရဏစွမ်းအင်နံရံမှာ အေးခဲနေလေပြီ။

"ပျက်စီးစမ်း......."

အေးစက်နေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

မရဏစွမ်းအင်နံရံမှာ အက်ကွဲသွားပြီးနောက် အပြာရောင် အံ့ဖွယ်တာအိုဓားမှာ တစ္ဆေမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားတော့သည်။

အန်လင်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။

"မုန့်ကျီက အံ့ဖွယ်လက်နက် ရှိတဲ့သူကိုတောင် သတ်နိုင်တာလား။"

တုန်းဖန်းကျွမ်းရှီး ခေါင်းခါပြလိုက်သည်။

"အဲ့ဒါက ပြဿနာ မဟုတ်ဘူး။ မုန့်ကျီ ကြာကြာတောင့်မခံနိုင်တော့ဘူး။"

တစ္ဆေမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပါသော်လည်း မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

တစ္ဆေမျိုးနွယ်စုဝင်၏ ဒဏ်ရာမှ အလွန်အမင်း အေးခဲသော အံ့ဖွယ်တာအို အစွမ်းများ ပျံ့နှံ့နေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုဖြစ်ရပ်မှာ တဖြည်းဖြည်း နှေးကွေးကာ ရပ်တန့်သွားလေသည်။

"ဒါပဲလား။"

တစ္ဆေမျိုးနွယ်စုဝင်သည် အပြာရောင် အံ့ဖွယ်တာအိုဓားအား ပုတ်ဆွေးနေသောလက်ဖြင့် ဆွဲယူလိုက်သည်။

ဘန်း........

တားဆီးမရနိုင်လောက်အောင် အရှိန်အဝါ ပြင်းထန်သော ထိုဓားအား တစ္ဆေမျိုးနွယ်စုဝင်မှ လက်ဗလာနှင့် ဖျက်စီးလိုက်သောကြောင့် မုန့်ကျီ သွေးအန်ကာ နောက်ဆုတ်သွားရသည်။

တစ်ချိန်တည်းမှာပင် မဟူရာအရိုးစုမှ တံစဉ်းဖြင့် တိုက်ခိုက်လာလေသည်။

သွေးနီရောင် တံစဉ်းသည် ကောင်းကင်နှင့်မြေပြင်ကို ခွဲပစ်လိုက်သည့်မလား လေထဲတွင် သွေးနီရောင် အစင်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ထင်းထင်းနီသွားကာ လောကသစ်တစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ခရက်........

မုန့်ကျီ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားပြန်သည်။

ဘန်း.........

နှင်းစက်နှင်းပွင့်များအဖြစ် ပေါက်ကွဲသွားလေသည်။

အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

"ဒါကအဆုံးမရှိတော့ဘူးလား။ သူမက အသက်ဘယ်နချောင်းတောင် ရှိနေတာလဲ။"

တုန်းဖန်းကျွမ်းရှီးသည် ထိုကိစ္စများနှင့် ပက်သတ်၍ ဗဟုသုတ ကြွယ်ဝသည်။

"ဒါက နှင်းပျိုမဒီတွေရဲ့ နှင်းကြာပွင့်လွှာ အသွင်ပြောင်းလဲခြင်းပဲ သူတို့တွေရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေကို နှင်းကြာပွင့်ပေါ် လွှဲပြောင်းပေးလို့ရတယ်။ အဲ့လိုလုပ်ဖို့ လုံလောက်တဲ့ စွမ်းအင်ရှိနေသမျှ ဘယ်နခါသေသေ ပြန်ရှင်လာနေဦးမှာပဲ။"

"တစ္ဆေမျိုးနွယ်စုဝင် အံ့ဖွယ်လက်နက်နဲ့ ဆင့်ခေါ်ထားတဲ့ မရဏနတ်ဘုရားမှာ လောကနိယာမ အစွမ်းတချို့ ရှိနေတာ နှမြောစရာပဲ။ သူ့ရဲ့ တံစဉ်းတစ်ချက်တိုင်းက အဲ့နှင်းပျိုမဒီရဲ့ သိစိတ်အာရုံကို ဖျက်စီးနေလိမ့်မယ်။"

"သူမကလည်း မရဏနတ်ဘုရားရဲ့ အစွမ်းအားလုံးကို နှင်းကြာပွင့်ဆီ လွှဲမပေးနိုင်ဘူး။ အဲ့ဒါကြောင့် နောက်ထပ်တိုက်ခိုက်မှု သုံးခါလောက်ပဲ ခံနိုင်တော့မှာ။"

နောက်သုံးခါလား.......

အားလုံးမှာ မုန့်ကျီအား လှမ်းကြည့်လိုက်မိကြသည်။

သူမအပေါ် မည်သို့ပင် အမြင်ရှိပါစေ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦး ဆုံးခန်းတိုင်တော့မည့်အရေးမှာ စိတ်မကောင်းချင်စရာပင်။

အန်လင်းတို့သည် စိတ်မကောင်းခြင်းများစွာဖြင့် မုန့်ကျီကိုသာ ကြည့်နေမိကြသည်။

မုန့်ကျီသည် နောက်သို့ဆုတ်ခွာနေပြီး ရွှေတောင်ဝှေးမှာ သူမရှေ့တွင် မျောလွင့်နေသည်။ သူမသည် လက်သင်္ကေတများအား လျင်မြန်စွာ ပြောင်းလဲလိုက်ပြီးနောက် အပြာရောင် အံ့ဖွယ်တာအိုမှာ သူမခြေဖဝါးအောက်တွင် အင်းကွက်တစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။

ဝုန်း......

ကြောက်မက်ဖွယ် အေးခဲစွမ်းအင်များ ပေါက်ကွဲကာ ကောင်းကင်တခွင်လုံး တုန်ခါသွားလေသည်။

မုန့်ကျီ၏ အရှိန်အဝါမှာလည်း တဟုန်ထိုး မြင့်တက်ကာ ဟင်းလင်းပြင်သို့အပြန် အဆင့်ကို ကျော်လွန်သွားသည်။

"နှင်းနတ်ဘုရားမသင်္ချိုင်း....."

ထိုစကားသံနှင့်အတူ အပြာရောင် နတ်ဘုရားမတစ်ပါး၏ပုံရိပ် ထွက်ပေါ်လာသည်။ ထိုနတ်ဘုရား၏ လက်နှစ်ဖက်ကြားတွင် အံ့ဖွယ်တာအို အစွမ်းများ စုဝေးနေသော အဖြူနှင့်အပြာ စွမ်းအင်လုံးတစ်ခု ရှိနေသည်။

မုန့်ကျီသည် ချောင်ပိတ်မိသော အခြေအနေ ရောက်နေသောကြောင့် ဝှက်ဖဲသုံးလိုက်ခြင်း ဖြစ်သည်။

"ဟားဟား........ မင်းလည်း အစွမ်းကုန်နေပြီပဲ။ ခုခံမနေပါနဲ့တော့ကွာ။"

တစ္ဆေမျိုးနွယ်စုဝင်သည်လည်း လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်သောကြောင့် ၎င်း၏ခန္ဓာကိုယ်မှာ အဆမတန် ကြီးမားလာသည်။

"အံ့ဖွယ်ကျင့်စဉ်..... မရဏနတ်ဘုရားရဲ့အကြည့်....."

၎င်းသည် အံ့ဖွယ်လက်နက်အား ကောင်းကင်ထက် မြှောက်တင်လိုက်သည်။

အကန့်အသတ်မဲ့သော မဟူရာ အံ့ဖွယ်တာအို အလင်းများ ဖြစ်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်အား လွှမ်းခြုံသွားသည်။ မဟူရာအရိုးစု ပုံရိပ်သည်လည်း ပိုမိုကြီးမားစစ်မှန်လာသည်။ သွေးနီရောင် မျက်ဝန်းများမှာ အရာအားလုံးကို စုပ်ယူပစ်နိုင်သော သွေးနီရောင် ဝဲဂယက်များနှင့် ဆင်တူနေသည်။

"မရဏနတ်ဘုရားရဲ့အကြည့်က မန္တာန်အားလုံးကို ဝါးမြိုပစ်နိုင်တယ်။"

"သိစိတ်အာရုံ အားအကောင်းဆုံး ရန်သူဆီကို အလိုအလျောက် ရောက်သွားပြီးတော့ သူ့ရဲ့စိတ်ကို ချောက်ထဲကျသလို ဖြစ်သွားစေလိမ့်မယ်။ ဘယ်လိုမှ လွတ်မှာမဟုတ်ဘူး။"

"မင်းရဲ့ဘဝကို အခုပဲ အဆုံးသတ်ပေးတော့မယ်။"

တစ္ဆေမျိုးနွယ်စုဝင်မှာ ရက်စက်စွာ ပြုံးလိုက်ပြီးနောက် အံ့ဖွယ်လက်နက်ဖြင့် မုန့်ကျီအား ချိန်ရွယ်လိုက်သည်။

မုန့်ကျီသည်လည်း ရွှေတောင်ဝှေးဖြင့် ပြန်ချိန်ထားလိုက်သည်။

"သူ့ရဲ့အသက်စွမ်းအင်ကိုပါ အေးခဲအောင် လုပ်ပစ်လိုက်။"

သူမ ဆင့်ခေါ်ထားသော နှင်းနတ်ဘုရားမသည် လက်များလှုပ်ရှားလိုက်သည်နှင့် အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော အဖြူနှင့်အပြာ စွမ်းအင်လုံးမှာ တစ္ဆေမျိုးနွယ်စုဝင်ထံ ပျံဝဲသွားသည်။

"မရဏနတ်ဘုရား....... ဒီမန္တာန်ကို ဝါးမြိုပစ်လိုက်........"

တစ္ဆေမျိုးနွယ်စုဝင်သည် ယုံကြည်ချက်ရှိစွာ ဟစ်ကြွေးလိုက်ပြီးနောက် အံ့ဖွယ်လက်နက်ထံမှ အရှိန်အဝါများ ဖြာထွက်လာသည်။

မဟူရာအရိုးစုသည် စွမ်းအင်လုံးအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် သွေးနီရောင် မျက်ဝန်းများမှာ အခြားတစ်နေရာသို့ ကြည့်ရှုလိုက်သည်။

တစ္ဆေမျိုးနွယ်စုဝင် : "..........."

မုန့်ကျီ : ".............."

ဝုန်း.........

တစ္ဆေမျိုးနွယ်စုဝင် ကြောင်အမ်းအမ်း ဖြစ်သွားစဉ်မှာပင် မဟူရာအရိုးစုသည် ဘာမှရှိမနေသော တစ်နေရာသို့ တိုက်ခိုက်မှု ပြုလုပ်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်းဆိုသလို ပျက်စီးသွားလေသည်။

တစ္ဆေမျိုးနွယ်စုဝင် မျက်လုံးပြူးနေရသည်။

မရဏနတ်ဘုရား၏ အကြည့်သည် သိစိတ်အာရုံ အားအကောင်းဆုံးသူကိုသာ တိုက်ခိုက်လေ့ရှိသည်။ ယခုအခါ အဘယ့်ကြောင့် ဗလာနေရာအား တိုက်ခိုက်နေရပါသနည်း။

မဖြစ်နိုင်ဘူး.........

သို့သော် မကြာမီမှာပင် အမှန်တရား ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မရဏနတ်ဘုရား၏ သွေးနီရောင် မျက်ဝန်းများထဲ ဆွဲခေါ်ခံလာရသည်။

တစ္ဆေမျိုးနွယ်စုဝင် : "............"

"မဟုတ်ဘူးလေကွာ။"

သူစိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။

ဝုန်း.........

မုန့်ကျီ၏ တိုက်ခိုက်မှုမှာ တစ္ဆေမျိုးနွယ်စုဝင်နှင့် ထိတွေ့ပေါက်ကွဲသွားသည်။

ပြင်းထန်လှသော အံ့ဖွယ်တာအို အစွမ်းသည် တစ္ဆေမျိုးနွယ်စုဝင်အား လွှမ်းခြုံသွားသောကြောင့် မရဏနတ်ဘုရားမှာလည်း အေးခဲသွားရတော့သည်။

All Chapters