ဆက်တိုက်ကြလေ၊ ငါကဖြတ်သွားဖြတ်လာပါ.......
Vol. 61 Ch. 854
ဝုန်း........
အပြာရောင် စွမ်းအင်များ ပေါက်ကွဲကာ ကောင်းကင်နှင့်မြေပြင်ပါ အေးခဲသွားရသည်။
မုန့်ကျီ၏ အံ့ဖွယ်တာအို အစွမ်းမှာ အရာအားလုံးကို ဝါးမြိုပစ်လိုက်သည်။
အန်လင်းတို့သည် ဖရိုဖရဲ သတ္ထုအုတ်ခဲနောက်တွင် ပုန်းကွယ်နေကြသောကြောင့် စွမ်းအင်လှိုင်းဂယက်များ ရိုက်ခတ်မှုဒဏ် မခံရပေ။
၎င်းတို့သည် အဝေးမှ ပေါက်ကွဲမှုအားကြည့်ကာ တိတ်ဆိတ်သွားကြသည်။
"ငါတို့ပေါ်သွားပြီဆိုတဲ့ သဘောလား။"
အန်လင်း ရေရွတ်လိုက်သည်။
"တစ္ဆေမျိုးနွယ်စုဝင်ကပြောတော့ မရဏနတ်ဘုရားရဲ့ အကြည့်က သိစိတ်အာရုံ အားအကောင်းဆုံးသူကို တိုက်ခိုက်တာဆို။ စီနီယာ တုန်းဖန်းကျွမ်းရှီးက တော်တော်အထင်ကြီးစရာ ကောင်းတာပဲ။"
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ မှတ်ချက်ပြုလိုက်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
"အဲ့ဒါ အရေးကြီးလား။ ဘာပျော်စရာရှိလို့လဲ။ အခု ဘယ်အခြေအနေ ရောက်နေလဲဆိုတာ ကိုယ့်ဘာသာ သတိကပ်ထားဦး။"
"ဘာလို့အရေးမကြီးရမှာလဲ။ မင်းကငါ့သခင်ကြီးကို အထင်သေးနေတာလား။"
ဇူစကာမှာ အစွယ်များ ဖြဲပြလာသည်။
အန်လင်း : "..........."
ဒီကောင်က သောက်ကျိုးနည်း ရူးနေတာလားဟ........
စုရှောင်လန် စကားဆိုလိုက်သည်။
"ဦးလေးတုန်းဖန်းအတွက် တစ်မိနစ်လောက် ငြိမ်သက်ပေးကြရအောင်။"
အော့နျို သက်ပြင်းချလိုက်သည်။
"မူး......ဒုတိယ အစီအစဉ် အဆင်မပြေခဲ့ရင် ပထမ အစီအစဉ် ပြန်ပြောင်းလို့ရမယ် ထင်ထားတာ။ အခုတော့ အဖွဲ့ထဲက အသန်မာဆုံးသူကို တိုက်ပွဲထဲ ဆွဲခေါ်သွားပြီ။ ကြည့်ရတာ အစီအစဉ် နှစ်ခုလုံး ကျရှုံးသွားပြီ ထင်ပါတယ်။"
အန်လင်း မျက်ခုံးနှိပ်နေရသည်။
"ဦးလေးတုန်းဖန်းက မထင်မှတ်ပဲ မုန့်ကျီကို ကူညီပေးသလို ဖြစ်သွားတယ်။ မရဏနတ်ဘုရားရဲ့ အကြည့်နဲ့ တွေ့ရတဲ့အပြင် မုန့်ကျီရဲ့ အံ့ဖွယ်တာအို ပေါက်ကွဲမှုကိုလည်း ခံလိုက်ရသေးတယ်။ သူအဆင်ရောပြေရဲ့လား မသိဘူး။"
ဇူစကာ အစွယ်ဖြဲပြလာပြန်သည်။
"ဘာလဲ။ မင်းကငါ့သခင်ကြီးကို အထင်သေးနေတုန်းပဲလား။"
အန်လင်း ဇူစကာအား စူးစိုက်ကြည့်ရှုလိုက်သည်။
"စိတ်ပူနေတာကွ။ မင်းနားမလည်ဘူးလား။"
ဇူစကာ မကျေမနပ် ဖြစ်သွားရသည်။
"ဝံပုလွေတစ်ကောင်ကို သိုးနှစ်ကောင်က အနိုင်ကျင့်တော့မလားဆိုပြီး စိုးရိမ်နေတာလေ။ အဲ့ဒါ ဝံပုလွေကို အထင်သေးနေတာပဲ မဟုတ်ဘူးလား။"
အန်လင်း ပြောစရာ စကားများပင် ပျောက်ရှသွားရသည်။
စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"နင့်သခင်ကြီးက ဝံပုလွေကြီးဖြစ်နေပြီး ကျန်တဲ့နှစ်ယောက်က ဆိတ်လိမ္မာလေးတွေ ဆိုရင်တော့ ငါတို့တကယ် စိတ်ပူရလိမ့်မယ်။"
ဇူစကာ : "..........."
အန်လင်း လက်မထောင်ပြလိုက်သည်။
"တော်လိုက်တာ။ ပြောတာကောင်းတယ် ရှောင်လန်....."
ဇူစကာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
(ဆိတ်လိမ္မာလေးနဲ့ ဝံပုလွေကြီးဆိုတာ တရုတ်ကာတွန်းဇာတ်လမ်းတွဲပါ။ အဲ့ထဲမှာတော့ ဝံပုလွေကြီးကပဲ ခံနေရတာပါ။)
၎င်းတို့အားလုံး စောင့်ကြည့်နေစဉ်မှာပင် မုန့်ကျီ၏ စွမ်းအင်များမှာ ဖြည်းညင်းစွာ ပျောက်ကွယ်လာပြီး ကီလိုမီတာနှင့်ချီသော အေးခဲနေသည့် ပတ်ဝန်းကျင်တစ်ခုကို တွေ့လိုက်ရသည်။
အန်လင်းတို့ တိတ်ဆိတ်သွားကာ တိုက်ပွဲအား အာရုံစိုက်လိုက်ကြသည်။
ထိုသည်မှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကြားမှ တိုက်ပွဲဖြစ်သောကြောင့် ဝင်ပါရန် မသင့်တော်ပေ။ ထို့ကြောင့် ၎င်းတို့အားလုံးမှာ အခြေအနေအရ အဝေးမှသာ ကြည့်ရှုနေကြသည်။ အနည်းဆုံး ၎င်းတို့သည် တိုက်ပွဲထဲ ဝင်ပါကာ သုံးစားမရသော သဲအိတ်မဖြစ်လာရန် အသိရှိကြသေးသည်။
တွက်ချက်မှုများအရ တုန်းဖန်းကျွမ်းရှီးသည် မရဏနတ်ဘုရား၏အကြည့်နှင့်ရော၊ နှင်းနတ်ဘုရားမ၏သင်္ချိုင်းနှင့်ပါ ဝေးကွာနေသောကြောင့် ထိခိုက်နာကျင်မှု နည်းပါးနိုင်သည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် နှင်းနတ်ဘုရားမ၏သင်္ချိုင်းအား နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရသော တစ္ဆေမျိုးနွယ်စုဝင်မှာ ပိုမိုအခြေအနေဆိုးနိုင်သည်။
"အဟွတ်...... အဟွတ်......"
မုန့်ကျီမှာ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ သူမသည် လျှို့ဝှက်ကျင့်စဉ်များ တပြိုင်နက်တည်း အသုံးပြုခဲ့သော အကျိုးသက်ရောက်မှုကြောင့် ကူကယ်ရာမဲ့စွာ သွေးအန်လိုက်ရသည်။
မီတာပေါင်း ထောင်နှင့်ချီ အကွာအဝေးတွင် ရက်စက်ခက်ထန်သော သွေးနီရောင် မျက်ဝန်းများနှင့် အနက်ရောင် ခန္ဓာကိုယ်ကြီးမှာ အေးခဲနေလေသည်။
ထိုသည်မှာ တစ္ဆေမျိုးနွယ်စုဝင် ဖြစ်သည်။
ဟာသဆန်သော အခြေအနေ ပြောင်းလဲမှုများနှင့်အတူ နောက်ဆုံးတိုက်ခိုက်မှုမှ လွဲဖယ်ခဲ့သောကြောင့် မုန့်ကျီ လွတ်မြောက်သွားခဲ့သည်။
မုန့်ကျီသည် တစ္ဆေမျိုးနွယ်စုဝင်အား လျစ်လျူရှုကာ ကယ်တင်ရှင်ကို လှမ်းကြည့်လိုက်သည်။
ရေခဲတုံးတစ်ခုမှာ ကျယ်လောင်စွာ ပေါက်ကွဲသွားလေသည်။
တုန်းဖန်းကျွမ်းရှီးသည် စိတ်အလိုမကျစွာဖြင့် ရေခဲပုံထဲမှ ထွက်လာခဲ့သည်။ သူသည် အေးခဲနေသော တစ္ဆေမျိုးနွယ်စုဝင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် စိတ်ကသိကအောက်ဖြစ်စွာဖြင့် မုန့်ကျီအားကြည့်ကာ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
"အာ......... အေးအေးဆေးဆေး ဆက်တိုက်ကြနော်။ ငါက ဒီအတိုင်း ဖြတ်သွားဖြတ်လာပါပဲ။"
သူလက်ခါပြကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
မုန့်ကျီမှာ တစ်စုံတစ်ခု ပြောလိုပါသော်လည်း အဆုံးသတ်တွင် ဘာမှမပြောခဲ့ပေ။
ထိုသူအား ထွက်သွားခွင့်ပြုလိုက်ခြင်းမှာ ဆိုးရွားသောအရာ မဟုတ်ဟု သူမ ခံစားမိသည်။
ထိုသူကြောင့်ပင် သူမ အသက်ဆက်နိုင်ခဲ့သည် မဟုတ်လော။
သို့သော် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တိုက်ပွဲထဲ ဝင်ပါလိုပုံ မရသောကြောင့် ရိုးရိုးတန်းတန်း ကြုံကြိုက်မှုအဖြစ်သာ သတ်မှတ်လိုက်သင့်သည်။
တုန်းဖန်းကျွမ်းရှီးသည် လမ်းလျှောက်နေရင်း တစ္ဆေမျိုးနွယ်စုဝင် လက်ထဲမှ အရိုးနက်အား တွေ့လိုက်ရသောအခါ ခြေလှမ်းများ ရပ်တန့်သွားသည်။
ဒါက အံ့ဖွယ်လက်နက်ပဲ.........
ဒီကိုရောက်လာပြီးမှတော့ အံ့ဖွယ်လက်နက်ကိုပါ ယူသွားသင့်တယ်မလား........
မည်သို့ပင်ဆိုစေကာမူ သူအခွင့်အရေး မရသေးခင်မှာပင် ရေခဲများမှာ တုန်ခါအက်ကွဲလာပြီးနောက် ပေါက်ကွဲသွားတော့သည်။
ဝုန်း..........
တစ္ဆေမျိုးနွယ်စုဝင်သည် အလွန်အမင်း ဒေါသထွက်နေကာ မရဏ အံ့ဖွယ်တာအို အစွမ်းများ ဖြာထွက်လာသောကြောင့် ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြာကျသွားရသည်။
တုန်းဖန်းကျွမ်းရှီး မျက်မှောင်ကျုံ့လိုက်သည်။
"ကြည့်ရတာ ကိစ္စတွေက အေးအေးဆေးဆေးနဲ့တော့ ပြီးသွားမယ့်ပုံ မရဘူး။ တစ္ဆေမျိုးနွယ်စုတွေက ဒီနေရာမှာ ကောင်းကင်နဲ့မြေပြင်ရဲ့ လောကနိယာမကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်တော့ အသာရသလို ဖြစ်နေတယ်။ သေခြင်းတရားနဲ့နီးလေ အစွမ်းထက်လေပဲ။ သူတို့စွမ်းအင်ကို မြှင့်တင်ဖို့ ထူးခြားကျင့်စဉ်တောင် ရှိလောက်တယ်။"
"ပြောရရင် အခုအထိနာနေတဲ့ တစ္ဆေမျိုးနွယ်စုဝင်က အကောင်းအတိုင်း ရှိနေတုန်းကထက် ပိုကြမ်းလာနိုင်တယ်။"
တစ္ဆေမျိုးနွယ်စုဝင်သည် တုန်းဖန်းကျွမ်းရှီးအား စိမ်းစိမ်းဝါးဝါး ကြည့်ရှုလာသည်။
"ခင်ဗျားပဲ။ ခင်ဗျားက ကျုပ်ရဲ့ မရဏနတ်ဘုရား အကြည့်ကို လမ်းလွဲအောင် လုပ်ခဲ့တာ။ ယီးတဲ့မှ........... ခင်ဗျားက ဘယ်သူလဲ။"
တုန်းဖန်းကျွမ်းရှီး အေးအေးဆေးဆေး တုံ့ပြန်လာသည်။
"ငါက ဖြတ်သွားဖြတ်လာပါပဲ။ မတော်တဆ မင်းတို့ တိုက်ပွဲထဲ ဝင်ပါမိသွားတာ။ ငါ့ကိုသွားခွင့်ပေးလိုက်ရင် ဘာမှဝင်မရှုပ်တော့ဘူး။"
တစ္ဆေမျိုးနွယ်စုဝင် အမူအရာ ပြောင်းလဲသွားသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကျင့်ကြံရေး အဆင်မြင့်ပုံ ရသောကြောင့် ဖြစ်နိုင်ပါက သူသည်လည်း ရန်သူမဖြစ်ချင်ပေ။
"ကောင်းပြီလေ။ အဲ့ဒါဆို ခင်ဗျား........."
ထိုအချိန်မှာပင် ရင်းနှီးနေသော အရှိန်အဝါ တစ်ခုအား အာရုံခံမိလိုက်သည်။
"နေပါဦး........ ဒါက......"
တစ္ဆေမျိုးနွယ်စုဝင် မျက်လုံးအပြူးသားဖြင့် တုန်းဖန်းကျွမ်းရှီးအား ကြည့်ရှုလာသည်။
"ခင်ဗျားက မဟာလင်းနို့ဧကရာဇ် ရှာနေတဲ့သူပဲ။"
တုန်းဖန်းကျွမ်းရှီး : "............"
မဟာလင်းနို့ဧကရာဇ် ရှာဖွေနေသူအား ယခုကဲ့သို့ အခြေအနေမျိုးဖြင့် တွေ့ဆုံရလိမ့်မည်ဟု တစ်ခါမှ တွေးထင်မထားခဲ့ပေ။
တစ္ဆေမျိုးနွယ်စုဝင်သည် တွေဝေမနေပဲ အသံဆက်သွယ်သော ကျောက်စိမ်းပြားအား ထုတ်လိုက်သည်။
တုန်းဖန်းကျွမ်းရှီး၏ မျက်ဝန်းများမှာ သွေးနီရောင် တောက်ပလာပြီးနောက် လေထုမှာ တွန့်လိမ်သွားလေသည်။
ဝုန်း........
တစ္ဆေမျိုးနွယ်စုဝင် သတိမထားမိလိုက်သောကြောင့် အသံဆက်သွယ်သော ကျောက်စိမ်းပြားလည်း ပျက်စီးသွားရသည်။
တုန်းဖန်းကျွမ်းရှီး မျက်ခုံးနှိပ်နေရသည်။
"ထင်တော့ထင်ပါတယ်။ အဲ့လင်းနို့မသားက ငါ့ကိုဖမ်းဖို့ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေက ကောင်တွေကို ခိုင်းထားမယ်ဆိုတာ။ ဖုံးထားရသမျှ ပေါ်ကုန်ပြီ။ ငါယီးတဲ့မှ......"
"သွေးမိစ္ဆာကီရင်....... ခင်ဗျားပဲ။"
တစ္ဆေမျိုးနွယ်စုဝင်သည် ပန်းကန်ပြားကဲ့သို့ ဆက်သွယ်ရေးပစ္စည်းအားထုတ်ကာ အံ့ဖွယ်တာအို အစွမ်းဖြင့် ခန္ဓာကိုယ် ပတ်ပတ်လည် ကာကွယ်ထားလိုက်သည်။
တုန်းဖန်းကျွမ်းရှီး၏ မျက်ဝန်းများမှာ ထပ်မံတောက်ပလာပြီးနောက် လေထုတစ်ခုလုံး တွန့်လိမ်ကာ အံ့ဖွယ်တာအိုလည်း ဆုတ်ပြဲကာ ဆက်သွယ်ရေးပစ္စည်းပါ ပျက်စီးသွားရသည်။
ဝုန်း......
တစ္ဆေမျိုးနွယ်စုဝင်၏ ဆက်သွယ်ရေးပစ္စည်းမှာ ပေါက်ကွဲသွားလေသည်။
"ဟူး....... ငါတို့ကြားက စွမ်းအင်ကွာခြားချက်ကို ဘာလို့မမြင်ရတာလဲ။ အခုတော့ မင်းနဲ့ငါ ရန်သူဖြစ်သွားပြီပေါ့။ ဂုဏ်ယူပါတယ်။"
တုန်းဖန်းကျွမ်းရှီး စကားဆိုလိုက်သည်။
တစ္ဆေမျိုးနွယ်စုဝင် : ".........."
တုန်းဖန်းကျွမ်းရှီးမှာ မုန့်ကျီအားကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
"မင်္ဂလာပါ မိန်းမလှလေး...... ဒီကောင်ကို မင်းနဲ့အတူ တိုက်ခိုက်ခွင့်ရလို့ ဝမ်းသာပါတယ်။"
မုန့်ကျီ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မလည်း ဝမ်းသာပါတယ်။"
ရန်သူ၏ ရန်သူသည် မိတ်ဆွေပင် ဖြစ်သည်။
ထို့ကြောင့် ရှုပ်ထွေးလှသော အခြေအနေများကြားတွင် တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့မှာ မဟာမိတ်များ ဖြစ်လာကြတော့သည်။