တစ္ဆေမျိုးနွယ်စုဝင်အားတိုက်ခိုက်ခြင်း
Vol. 61 Ch. 855
တစ္ဆေမျိုးနွယ်စုဝင်သည် ကံကြမ္မာ၏ လှည့်စားခြင်းအား ခံလိုက်ရသလို ခံစားမိသည်။
သူသည် အစောပိုင်းတွင် အသာစီး ရနေပါသော်လည်း ယခုအခါ အသည်းအသန် တိုက်ခိုက်ရတော့မည်ပင်။
ငါလုံးဝ လက်မခံနိုင်ဘူး............ အဲ့နှင်းပျိုမဒီကို သတ်နိုင်တော့မယ့်ဟာကို.........
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူရဲ့ ဝိဉာဉ်က အရမ်းအရသာရှိမှာ........ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး..........
တစ္ဆေမျိုးနွယ်စုဝင်သည် သက်လတ်ပိုင်းအရွယ် အမျိုးသားအား ကြည့်ရှုလိုက်သည်။ ၎င်း၏မန္တာန်များသည် ထူးခြားလွန်းလှပါသော်လည်း တိုက်ခိုက်မှုစွမ်းရည် နည်းပါးသည်။ ၎င်း၏ အရှိန်အဝါအရ စွမ်းအင်သည်လည်း မတည်မငြိမ် ဖြစ်နေပုံ ရသည်။ တစ်နည်းဆိုသော် ထင်မှတ်ထားရလောက်အောင် မသန်မာသောကြောင့် သူ့အနေဖြင့် ၎င်းအား အနိုင်ရလောက်သည်။
"ကောင်းပြီလေ။ ခင်ဗျားက ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ မဟာလင်းနို့ဧကရာဇ်အတွက် အလုပ်လုပ်ပေးတဲ့အနေနဲ့ တစ်ခါတည်း သတ်ပေးလိုက်မယ်။"
တစ္ဆေမျိုးနွယ်စုဝင် ဟစ်ကြွေးလိုက်ပြီးနောက် အရိုးနက် အံ့ဖွယ်လက်နက်အား ကောင်းကင်ထက်သို့ မြှောက်တင်လိုက်သည်။
"အိုး..... မင်းက ထွက်မပြေဘူးပဲ။"
တုန်းဖန်းကျွမ်းရှီးမှာ အနည်းငယ် အံ့သြနေဟန်နှင့် တစ္ဆေမျိုးနွယ်စုဝင်အား ကြည့်ရှုလာသည်။
ထိုနေရာနှင့် အလှမ်းဝေးသော နေရာတွင် အန်လင်းတို့မှာလည်း မှန်ပြောင်းများဖြင့် တိုက်ပွဲအား ကြည့်ရှုနေကြသည်။
"ဟူး........ ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်လာရတာလဲ။"
အန်လင်း သက်ပြင်းချလိုက်သည်။
"ဦးလေးတုန်းဖန်းက ဘာလို့နှင်းပျိုမဒီနဲ့ မဟာမိတ် ဖြစ်သွားရတာလဲ။ နှင်းပျိုမဒီတွေက ကောင်းတဲ့ဟာမတွေ မဟုတ်ဘူး။"
စုရှောင်လန်မှာ မုန့်ကျီအားကြည့်ကာ စိတ်မကျေမနပ် ဖြစ်နေသည်။
"အစ်မရှန့်ကွမ်းကလွဲရင် ဘယ်သူမှ မကောင်းဘူး။"
အန်လင်း မျက်တောင်ခတ်လိုက်သည်။
"ရှောင်လန်......... နှင်းပျိုမဒီတွေကို အဲ့လောက်တောင် မုန်းနေတာလား။"
"ဟဲ့......... နှင်းပျိုမဒီတွေက ဗာမီလီယမ်ငှက်ဂိုဏ်းကို ကျူးကျော်ပြီး နင့်ကိုသတ်တော့မလိုထိ ဖြစ်ခဲ့တာလေ။ ဖြစ်သာဖြစ်နိုင်ရင် ဒင်းတို့အားလုံးကို သတ်ပစ်ချင်တယ်။ ပြောရရင် နင်လည်း သူတို့ကြောင့် သေမလို ဖြစ်ခဲ့တာပဲမလား။ ဘာလို့ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။ တကယ်ဆိုရင် ငါ့ထက်ပိုပြီး ဒေါသထွက်နေသင့်တာ။"
စုရှောင်လန် မျက်စောင်းထိုးကာ ပြောလိုက်သည်။
အန်လင်းသည် မည်သည့်စကားမှ ပြန်မပြောပါသော်လည်း စုရှောင်လန်၏ စကားကြောင့် အနည်းငယ် ပျော်ရွှင်သွားမိသည်။
...........
ဝှစ်......
မုန့်ကျီသည် လက်ဦးမှု ရယူကာ စတင်တိုက်ခိုက်လာသည်။ သူမအနေဖြင့် တစ္ဆေမျိုးနွယ်စုဝင်အား ပြင်ဆင်ခွင့်ပင် မပေးနိုင်ပေ။
သူမ၏ ရွှေတောင်ဝှေးထံမှ တလက်လက် တောက်ပနေသော အံ့ဖွယ်အလင်းများ ဖြာထွက်လာကာ ထက်ရှလှသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီးနောက် တစ္ဆေမျိုးနွယ်စုဝင်၏ ခုခံကာကွယ်ရေး အကာအရံထံ ပျံဝဲသွားသည်။
တစ္ဆေမျိုးနွယ်စုဝင်သည် ကောင်းကင်နှင့်မြေပြင်၏ လောကနိယာမ အစွမ်းများကို စုပ်ယူနိုင်သော လျှို့ဝှက်ကျင့်စဉ်တစ်ခုအား အသုံးပြုလိုက်သောကြောင့် ၎င်း၏အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာသည်။ မုန့်ကျီ၏ တိုက်ခိုက်မှုသည် ခုခံကာကွယ်ရေး အကာအရံကိုပင် မချိုးဖျက်နိုင်လိုက်ပေ။
"အရိုးကို နှလုံးသား၊ အသွေးအသားကို ခန္ဓာကိုယ်အဖြစ်ထားပြီး အစစ်အမှန် မရဏနတ်ဘုရားကို ဆင့်ခေါ်ပါတယ်။"
သူသည် ခန္ဓာကိုယ်အား ဓားဖြင့်ခုတ်ကာ အနက်ရောင်သွေးများနှင့် အရိုးနက်ကို ပေါင်းစပ်သွားစေသည်။
သွေးနှင့်အရိုး ပေါင်းစည်းကာ ကြောက်မက်ဖွယ် အရှိန်အဝါများ စတင်ဖြစ်ပေါ်လာသည်။
တုန်းဖန်းကျွမ်းရှီးထံမှ သွေးစွမ်းအင်များ ထွက်ပေါ်လာကာ ငါးကီလိုမီတာ ပတ်ဝန်းကျင်အား သွေးပင်လယ်အဖြစ် ပြောင်းလဲသွားစေပြီးနောက် တစ္ဆေမျိုးနွယ်စုဝင်အား တိုက်ခိုက်လိုက်သည်။
"မင်းကငါ့ရှေ့မှာ အတုအယောင် အသက်တွေ ဖန်ဆင်းချင်တာလား။"
သူလှောင်ပြုံးပြုံးကာ သွေးပင်လယ်အား ဆောင့်နင်းချလိုက်သည်နှင့် လွန်စွာရှုပ်ထွေးသော သွေးနီရောင် ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။
ထိုဝင်္ကပါ၏ ဗဟိုချက်သည် တစ္ဆေမျိုးနွယ်စုဝင်၏ ခြေဖဝါးအောက်တည့်တည့်တွင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အနီရောင် တိမ်တိုက်များ ကောင်းကင်ထက်တွင် စုဝေးလာကာ ဝင်္ကပါထံမှ တိုးညင်းသော ပဲ့တင်သံအချို့ ဖြစ်ပေါ်လာသည်။
တုန်းဖန်းကျွမ်းရှီး လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့်အတူ အရှိန်အဝါများ ကောင်းကင်ထက် ထိုးတက်လာသည်။
"ကောင်းကင်နဲ့မြေပြင်ရဲ့ သွေးနီရောင် သတ်ဖြတ်ခြင်း....."
ဝုန်း.......
မြေပြင်ရှိ ဝင်္ကပါမှာ ပြင်းထန်စွာ လည်ပတ်လာပြီးနောက် သွေးနီရောင် စွမ်းအင်မှာ ပတ်ဝန်းကျင် တခွင်လုံးကို လွှမ်းခြုံသွားသည်။
တစ္ဆေမျိုးနွယ်စုဝင် ခေါင်းမော့ကြည့်လိုက်သောအခါ ကြီးမားလှသော မိစ္ဆာသွေးကီရင်တစ်ကောင်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူ၏ မိစ္ဆာသွေးကီရင်၏ ကြောက်မက်ဖွယ် အရှိန်အဝါအား ခံစားမိနေသောကြောင့် အသက်ရှူသံများပင် ရပ်တန့်သွားရသည်။
သွေးမိစ္ဆာကီရင်သည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် လက်သည်းများကိုထုတ်ကာ တစ္ဆေမျိုးနွယ်စုဝင်၏ အကာအရံအား ဆွဲဖြဲလိုက်ပြီးနောက် မရဏနတ်ဘုရားအား ဆင့်ခေါ်ထားသော အရိုးနှင့် အသွေးအသားကို တိုက်ခိုက်လာသည်။
"မဟုတ်ဘူး။"
တစ္ဆေမျိုးနွယ်စုဝင်သည် သွေးမိစ္ဆာကီရင်အား ခုခံနိုင်ရန် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ထိုအချိန်မှာပင် တောက်ပနေသော အပြာရောင်ဓားတစ်လက်မှာ တစ္ဆေမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်အား ဖောက်ဝင်သွားသည်။
တစ္ဆေမျိုးနွယ်စုဝင်သည် မရဏနတ်ဘုရားအား ကာကွယ်ရန် အရေးစိုက်နေသောကြောင့် မုန့်ကျီ၏ တိုက်ခိုက်မှုအား အာရုံမစိုက်ခဲ့မိပေ။
မုန့်ကျီ၏ ငွေရောင်ဆံနွယ်များသည် လေပြေအယိမ်း ကကြိုးသွယ်နေပြီး နွဲ့နှောင်းလှသော ခါးအလှည့်နှင့်အတူ လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားထံမှ ပြိုင်ဘက်ကင်း အေးခဲစွမ်းအင်များ ဖြာထွက်လာကာ တစ္ဆေမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
သွေးမိစ္ဆာကီရင်၏ အရှိန်အဝါများသည် ပြင်းထန်စွာ ရောက်ရှိလာကာ မရဏနတ်ဘုရား၏ သွေးစက်ထဲသို့ မိစ္ဆာစွမ်းအင်များ စီးဝင်သွားစေသည်။
ဗြိ........
သွေးမိစ္ဆာကီရင်သည် သွေးစက်အား ဆုတ်ဖြဲလိုက်ပြီးနောက် အထဲရှိ အသက်စွမ်းအင်များအား စုပ်ယူပစ်လိုက်သည်။
သွေးစက်မှာ အသက်စွမ်းအင်များ ပျောက်ကွယ်သွားသောကြောင့် မိုးစက်မိုးပေါက်များအလား မြေပြင်ပေါ် ရွာကျလာသည်။ တစ္ဆေမျိုးနွယ်စုဝင်မှာ သွေးရူးသွေးတန်း အော်ဟစ်လိုက်တော့သည်။
"ဘယ်...... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့ရဲ့မန္တာန်က ပျက်စီးသွားပြန်တာလား။"
တစ္ဆေမျိုးနွယ်စုဝင်မှာ မယုံကြည်နိုင်သော မျက်ဝန်းများနှင့် အရိုးနက်အား ကြည့်ရှုလိုက်မိသည်။
သွေးမိစ္ဆာကီရင်သည် အရိုးနက်ထံ လက်လှမ်းနေ၏။
သို့သော် အရိုးနက်ထံမှ မဟူရာ အံ့ဖွယ်အလင်းများနှင့်အတူ အရိုးစုလက်တစ်ခု ဖြစ်ပေါ်လာကာ သွေးမိစ္ဆာကီရင်အား ပုတ်ချလိုက်သည်။
"အံ့ဖွယ်လက်နက်ရဲ့ အလိုအလျောက်သိစိတ် တုံ့ပြန်မှုက အဲ့ကောင်ထက်တောင် ပိုအားကောင်းနေပါလား။"
တုန်းဖန်းကျွမ်းရှီး အံ့အားသင့်သွားသည်။
တစ္ဆေမျိုးနွယ်စုဝင် : "..........."
အဲ့လိုပြောစရာ လိုလို့လား.......
ဒီသက်လတ်ပိုင်းအရွယ် ကောင်ကြီးက ငါ့ကိုအပြစ်ပေးဖို့ သက်သက်များ နတ်ဘုရားတွေ လွှတ်လိုက်တာလား.......
ထိုအချိန်တွင် တလက်လက် တောက်ပနေသော အပြာရောင် ရေခဲဓားမှာ တစ္ဆေမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်အား နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။ အကန့်အသတ်မဲ့သော ဓားပုံရိပ်များမှာ မြေပြင်ကိုပါ အက်ကွဲသွားစေသည်။
သွေးမိစ္ဆာကီရင်၏ ပုံရိပ်သည်လည်း ကောင်းကင်ထက်မှ ပျောက်ကွယ်သွားသည်။
မန္တာန်ရုတ်သိမ်းလိုက်သော တုန်းဖန်းကျွမ်းရှီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ဖြူရော်နေသည်။
အသုံးပြုလိုက်ရသော စွမ်းအင်ပမာဏမှာ လက်ရှိအခြေအနေအတွက် သိပ်အဆင်မပြေလှပေ။ သူ့အနေဖြင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အန်လင်းအား ဖက်ထားမှ ရလောက်မည်။
သူသည် ကောင်းကင်ထက်ရှိ အံ့ဖွယ်လက်နက်အားကြည့်ကာ မည်သို့ဖမ်းစီးသင့်ကြောင်း တွေးတောနေမိသည်။
ရုတ်ချည်းဆိုသလို ငိုယိုသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဝါး...... ဝါး........ ဝါး......"
"ဘာလို့ ငါ့ကိုဖိအားပေးရတာလဲ။ ဘာလို့ငါ့ကို ဆွဲခေါ်သွားရတာလဲ။"
ထိုသည်မှာ တစ္ဆေမျိုးနွယ်စုဝင်ပင်။
တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့မှာ အမူအရာ ပြောင်းလဲသွားပြီးနောက် နှစ်ပိုင်းပြတ်နေသော တစ္ဆေမျိုးနွယ်စုဝင်အား ကြည့်ရှုလိုက်ကြသည်။
၎င်း၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်ကာ မုန့်ကျီ၏ ရေခဲစွမ်းအင်ဖြင့် ချိပ်ပိတ်ခံထားရပါသော်လည်း သွေးနီရောင် မျက်ဝန်းများမှာ ထူးခြားစွာ တောက်ပနေသည်။
တိုက်စားခြင်း စွမ်းအင်များ ပါဝင်နေသော သွေးနီရောင် လက်သီးများ ကောင်းကင်ထက်မှ ကျဆင်းလာကာ ရေခဲတုံးအား ထိုးခွဲပစ်နေသည်။
ဝုန်း....... ဝုန်း....... ဝုန်း........
တစ်ကီလိုမီတာကျော် ပတ်ဝန်းကျင်မှာ ချိုင့်ခွက်ကြီး ဖြစ်သွားရလေသည်။
တုန်းဖန်းကျွမ်းရှီးမှာ တစ္ဆေမျိုးနွယ်စုဝင်အား အမြစ်ဖြတ်ရန် ပြုလုပ်နေခြင်းပင်။
"ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ သတ်လို့ရမယ် ထင်နေလား။"
ချိုင့်ခွက်ထဲမှ ပဲ့တင်ထပ်သော စကားသံတစ်ခု ထွက်ပေါ်လာသည်မှာ ငရဲမှ စကားဆိုလာသလိုပင်။
အနက်ရောင် စွမ်းအင်များ ဖြာထွက်ကာ ပေသောင်းနှင့်ချီသော မကောင်းဆိုးဝါးကြီးတစ်ကောင် ရုပ်လုံးပေါ်လာသည်။ ထိုမကောင်းဆိုးဝါးထံမှ ကြောက်မက်ဖွယ် အံ့ဖွယ်တာအို အစွမ်းများ ပေါ်ထွက်နေပြီး ခန္ဓာကိုယ်မှာလည်း ဆက်လက်ကြီးမားလာနေသည်။
တစ္ဆေမျိုးနွယ်စုဝင်သည် ကောင်းကင်ထက်သို့ ပျံသန်းကာ အံ့ဖွယ်လက်နက်အား ဆုပ်ကိုင်လိုက်သည်။
"လာစမ်းပါ။ အားလုံး အတူတူ သေကြတာပေါ့။"
တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့၏ နှလုံးသားထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာရသည်။ မကောင်းဆိုးဝါးကြီးသည် ကျယ်လောင်စွာ ဟစ်ကြွေးလျက် ၎င်းတို့ထံ ပြေးဝင်လာတော့သည်။
တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီမှာ မျက်စိမျက်နှာ ပျက်သွားရသည်။
သေကြောင်းကြံတိုက်ခိုက်မှုလား........
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည် မိမိကိုယ်ကို ထိခိုက်နာကျင်မည်ကို ထည့်မတွက်တော့ပဲ အရူးအမူး တိုက်ခိုက်လာပါက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
၎င်းတို့နှစ်ဦးလုံးမှာ မကောင်းဆိုးဝါးကြီးအား ခုခံရန်အတွက် တိုက်ခိုက်မှုများကို မဆိုင်းမတွပင် ထုတ်ဖော်လိုက်ကြသည်။
သို့သော် မန္တာန်များသည် မကောင်းဆိုးဝါးကြီးအား ထိတွေ့လိုက်သည်နှင့် ဘောလုံးတစ်လုံးသဖွယ် ပေါက်ကွဲကုန်လေသည်။
မဟူရာမြူခိုးများသည် ပတ်ဝန်းကျင်အား လွှမ်းခြုံထားသောကြောင့် ၎င်းတို့၏ အမြင်နှင့် အံ့ဖွယ်အာရုံအား အနှောင့်အယှက် ဖြစ်စေသည်။
မုန့်ကျီ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
တုန်းဖန်းကျွမ်းရှီးမှာလည်း အခြေအနေအား သဘောပေါက်လိုက်သည်။
"ဒင်းက ထွက်ပြေးဖို့ ကြံနေတာပဲ။”
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများအားလုံးသည် အသက်ကို တန်ဖိုးထားကြသောကြောင့် တိုက်ပွဲတွင် အခွင့်အရေး ရလာပါက ထွက်ပြေးကြမည်ပင် ဖြစ်သည်။
အနက်ရောင် ပုံရိပ်တစ်ခုသည် မြူခိုးများကြားမှ ဝှီးခနဲနေအောင် ပြေးထွက်သွားသည်။
"မင်းတို့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား လုပ်ပြီးသွားပြီ။ ငါထွက်ပြေးပြီးတာနဲ့ မင်းတို့ကို သတ်ပစ်မယ်။ တစ္ဆေဧကရာဇ် ပေါ်ကျွင်းနဲ့ မဟာလင်းနို့ဧကရာဇ်က ငါတို့နဲ့ သိပ်မဝေးဘူး။ တာအိုပေါင်းစည်းခြင်းအဆင့် နှစ်ယောက်လုံးကို ဆက်သွယ်ပြီး မင်းတို့ကို စိစိညက်ညက် ချေပစ်မယ်။"
တစ္ဆေမျိုးနွယ်စုဝင် ဟစ်ကြွေးကာ လေဟာနယ်ချိပ်စည်းအား ရုတ်သိမ်းလိုက်သည်။
ထိုအချိန်မှာပင် အဝေးမှ နဂါးတစ်ကောင်အား မြင်လိုက်ရလေသည်။
ဝုန်း.......
လျှပ်စီးများမှာ ၎င်းထံကျဆင်းလာတော့သည်။