ထွက်ပြေးခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်း
Vol. 61 Ch. 856
တစ္ဆေမျိုးနွယ်စုဝင်သည် သတိမမူ ဂူမမြင်ဖြစ်ကာ ရုတ်တရက် တိုက်ခိုက်မှုအား ခံလိုက်ရသောကြောင့် လျှပ်စီးများကို လက်နှစ်ဖက်ဖြင့်သာ ကာထားလိုက်နိုင်သည်။
ဝုန်း...... ဝုန်း....... ဝုန်း.......
ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများကြောင့် တစ္ဆေမျိုးနွယ်စုဝင်မှာ နောက်သို့ဆုတ်ခွာသွားရသည်။ အဖျက်စွမ်းအင် ပြင်းထန်သော လျှပ်စီးများသည် ခန္ဓာကိုယ်ထဲ စီးဝင်လာကာ ဆဲလ်တစ်လုံးချင်းစီတိုင်းကို ဖျက်စီးပစ်နေသည်။
"ရန်သူတွေ ထပ်ရှိနေသေးတာလား။ ဒီနဂါးက ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်ရဲ့ နောက်ဆုံးအဆင့်ပဲ။"
သူသည် အံ့ဖွယ်အာရုံဖြင့် စစ်ဆေးကာ အမူအရာ ပြောင်းလဲသွားရသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့လောက်ကျင့်ကြံရေးအဆင့်နဲ့ နဂါးတစ်ကောင်က ဒီလောက်ကြောက်ဖို့ကောင်းတဲ့ လျှပ်စီးကို ထုတ်နိုင်မှာတဲ့လား။"
တစ္ဆေမျိုးနွယ်စုဝင် ပါးစပ်အဟောင်းသား ဖြစ်နေစဉ်မှာပင် ရှောင်ဇယ်သည် လျှပ်စီးပေါင်း ရာနှင့်ချီအား ထပ်မံပစ်လွှတ်လိုက်သည်။
ကောင်းကင်ထက်တွင် ရှိနေသော လျှပ်စီးများသည် အားကောင်းပါသော်လည်း စိုးရိမ်စရာ အနေအထား မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ထက်မှ ကျဆင်းလာသည်နှင့် လျှပ်စီးများမှာ အဘယ်ကြောင့်မှန်း မသိရပဲ ပိုမိုပြင်းထန်လာကြသည်။
"ယီးပဲ။"
တစ္ဆေမျိုးနွယ်စုဝင်မှာ ရွေးချယ်စရာ မရှိပဲ လျှပ်စီးများအား ရှောင်ရှားရတော့သည်။
တစ္ဆေမျိုးနွယ်စုဝင်များသည် ယန်စွမ်းအင်အား အလွန်အမင်း ကြောက်ရွံ့ကြသည်။ ကံမကောင်းစွာဖြင့် လျှပ်စီးတွင် သန့်စင်သော ယန်စွမ်းအင်များ ပါဝင်နေသောကြောင့် တစ္ဆေမျိုးနွယ်စုဝင်များအား တိုက်ခိုက်ရာတွင် အကျိုးသက်ရောက်မှု အရှိဆုံးဟု ဆိုနိုင်သည်။ ထို့ကြောင့် တစ္ဆေမျိုးနွယ်စုဝင်မှာ ယခုတိုက်ခိုက်မှုများအား လျစ်လျူမရှုရဲပေ။
၎င်းသည် နဂါးတိုက်ခိုက်မှုများအား အသည်းအသန် ရှောင်ရှားနေချိန်မှာပင် တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့မှာလည်း တိုက်ပွဲထဲ ဝင်ရောက်လာကြသည်။
မုန့်ကျီသည် နဂါးဦးခေါင်းထက်တွင် ရှိနေသော လူငယ်အားကြည့်ကာ အေးစက်သော အမူအရာများ လွင့်ပြယ်လျက် တအံ့တသြ ဖြစ်သွားရသည်။
ဘာလို့ဒီကိုရောက်နေတာလဲ........ ဒီလိုနေရာမျိုးမှာ သူကဘာလုပ်နေတာလဲ.........
"အန်လင်းကလေ......."
မုန့်ကျီမှာ အကြောင်းပြချက်အချို့ကြောင့် စိတ်မသက်မသာ ဖြစ်လာသည်။
သူမသည် ထိုသူအား မမေ့နိုင်ခဲ့ပေ။
စုံစမ်းမေးမြန်းမှုများစွာ ပြုလုပ်ပြီးသည့်နောက် တစ်ယောက်ချင်းစီ၏ အဖြေမှာ ထပ်တူညီနေခဲ့သည်။ ထိုသည်မှာ နှင်းပျိုမဒီများ၏ မြင့်မြတ်သော ဗာမီလီယမ်မီးတောက်အား အရယူရန် ကြိုးစားမှုများအားလုံးကို အန်လင်းမှ ဖျက်စီးပစ်ခဲ့ခြင်းပင်။ ထို့အပြင် မြင့်မြတ်နန်းဆောင်သခင်မများသည်လည်း အန်လင်းကြောင့်သာ ကြွေလွင့်သွားခဲ့ခြင်း ဖြစ်ပုံရသည်။
ထိုအရေးများတွင် အခြားသူများ ပါဝင်ပက်သတ်ခဲ့ခြင်း မရှိသောကြောင့် သတ်ဖြတ်ခဲ့သူမှာ အန်လင်းသာ ဖြစ်ပေလိမ့်မည်။
ထိုအဖြစ်အပျက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူသတ်ဖြန်ခဲ့သော ချင်းလီသည် မြင့်မြတ်နန်းဆောင်သခင်မများကြားတွင် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရောက်ရှိနေသူ ဖြစ်သည်။ သူမသည်ပင် မလွတ်မြောက်နိုင်ခဲ့ပါက အန်လင်းသည် မည်မျှအင်အားကြီးကြောင်း မှန်းဆကြည့်နိုင်သည်။
အန်လင်းသည် နဂါးတစ်ကောင်၏ ဦးခေါင်းထက်တွင် ရပ်နေပြီး ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရပါသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့မှု မရှိပေ။ ထိုသည်မှာ သူမ အတွေးများအား သက်သေထူပေးလိုက်သလိုပင်။
အန်လင်းက သူ့ရဲ့စွမ်းအင်အစစ်ကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်........
"မတွေ့ရတာကြာပြီနော်။"
အန်လင်း တည်ငြိမ်စွာပင် ပြုံးပြနှုတ်ဆက်လာသည်။
အတိတ်ကာလတွင် ၎င်းတို့တွေ့ဆုံခဲ့စဉ်က အန်လင်းမှာ သူမလက်ချက်ကြောင့် သေမလိုပင် ဖြစ်သွားခဲ့ရသည်။
ယခုတွင်မူ သူမအား အေးအေးဆေးဆေး နှုတ်ဆက်ရဲသည်အထိ သတ္တိရှိနေလေပြီ။
ထိုသို့တည်ငြိမ်နေသော အမူအရာကိုကြည့်ကာ အန်လင်းသည် စွမ်းအင်အစစ်အမှန်အား ဖုံးကွယ်ထားသူဖြစ်ကြောင်း မုန့်ကျီ ပိုမိုယုံကြည်လာသည်။ ပုံမှန်အားဖြင့်သာဆိုပါက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးသည် သူမအား ယခုကဲ့သို့ ဆက်ဆံရဲစရာ မရှိပေ။
တစ္ဆေမျိုးနွယ်စုဝင်သည် လေဟာနယ်ချိပ်စည်း နှစ်ခုထဲ ပိတ်မိသွားပြီးနောက် မိစ္ဆာဝိဉာဉ်များထုတ်ကာ အန်လင်းတို့အား တိုက်ခိုက်လိုက်သည်။
အားလုံးမှာ အမူအရာ ပြောင်းလဲသွားကာ မိစ္ဆာဝိဉာဉ်များအား ခုခံတိုက်ခိုက်ရတော့သည်။
"လေဟာနယ်ချိပ်စည်းကို ခိုင်အောင်လုပ်ထား။ ဒင်းထွက်မသွားစေနဲ့။"
တုန်းဖန်းကျွမ်းရှီး အော်ဟစ်လာသည်။
မုန့်ကျီ အံကြိတ်ကာ အလွန်အမင်း အေးခဲနေသော အံ့ဖွယ်တာအို အစွမ်းများ ထုတ်လွှတ်လိုက်သောကြောင့် ကီလိုမီတာပေါင်းများစွာတိုင် လွှမ်းခြုံသွားသည်။ ထိုပတ်ဝန်းကျင်တွင် ရှိနေသမျှ သက်ရှိများအားလုံး ခဲတောင့်ကာ အချို့မှာ သေပင်သေကုန်သည်။
တုန်းဖန်းကျွမ်းရှီးသည်လည်း သွေးစွမ်းအင်ဖြင့် သွေးလှောင်အိမ်တစ်ခု ပြုလုပ်လိုက်သည်။
၎င်းတို့နှစ်ဦးသည် တစ္ဆေမျိုးနွယ်စုဝင် ဒုက္ခရောက်နေလောက်ပြီဟု တွေးထင်နေကြချိန်မှာပင် ထိုသူသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ အန်လင်းတို့ထံ လျင်မြန်စွာ ပျံဝဲသွားသည်။
"ဟာ..... ယီးတဲ့မှ....."
တုန်းဖန်းကျွမ်းရှီး ချက်ချင်းသတိပြုမိကာ နောက်မှလိုက်လာရသည်။
တစ္ဆေမျိုးနွယ်စုဝင်သည် ထွက်ပြေးရန် ကြံနေခြင်း မဟုတ်ပဲ အန်လင်းတို့အား ဓားစာခံအဖြစ် ဖမ်းစီးရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထိုသည်မှာ အမှန်တကယ်လည်း အကောင်းဆုံးနည်းလမ်းပင်။ မီးကိုမီးနှင့်တိုက်ပါက တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီလက်ချက်ဖြင့် သေရနိုင်ခြေ ရှိသည်။ သို့သော် အန်လင်းတို့အား ဓားစာခံ လုပ်နိုင်ခဲ့ပါက အခြေအနေ ပြောင်းလဲသွားနိုင်ပေသည်။
"ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် နဂါးတစ်ကောင်ရယ်၊ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အမှိုက်ကောင်တွေရယ်ကများ ငါ့ကိုဆန့်ကျင်ရဲတယ်ပေါ့။ မင်းတို့အားလုံးကို သတ်ပစ်မယ်။"
တစ္ဆေမျိုးနွယ်စုဝင်မှာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီးနောက် လေအလျင်အလား အန်လင်းတို့ထံ ပြေးဝင်လာသည်။
သို့သော် ရုတ်ချည်းဆိုသလို ဗိုက်နာလာလေသည်။
"ဘွတ်........ "
သူ့ထံတွင် ဖင်မပါပါသော်လည်း အနောက်ဘက်မှ ရေတံခွန်လို ပေါက်ကွဲကုန်သည်။
"အား......"
တစ္ဆေမျိုးနွယ်စုဝင်သည် ဗိုက်နာနေရင်းပင် စိတ်ထဲတွင်လည်း ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသည်။
"ဝါး........ မင်းငါ့ကို ဘာလုပ်လိုက်တာလဲ...... ဝါး........"
တစ္ဆေမျိုးနွယ်စုဝင်မှာ ပုဏ္ဏကတိုက်ခံရသလို ဝမ်းနည်းတကြီး ငိုကြွေးနေသည်။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ် လျှပ်စီးနှစ်ခု ကျဆင်းလာသည်။
တစ္ဆေမျိုးနွယ်စုဝင်မှာလည်း လျှပ်စီးဒဏ်ကြောင့် လွင့်ထွက်သွားရသည်။
မုန့်ကျီ အမူအရာ ပြောင်းလဲသွားရသည်။
အန်လင်းက တကယ်ကို ရိုးရိုးတန်းတန်း ကျင့်ကြံသူ မဟုတ်ဘူးပဲ.......
တစ်ဖက်တွင်မူ အန်လင်းမှာ စိတ်ပျက်နေမိသည်။
သူသည် ငိုကြွေးစေသော မန္တာန်နှင့် အီးဗုံးကြဲစေမန္တာန်အား မုန့်ကျီအပေါ် အသုံးပြုလိုခဲ့ခြင်း ဖြစ်သည်။ မုန့်ကျီကဲ့သို့ မာနခဲ နှင်းပျိုမဒီတစ်ဦးသည် ထိန်းချုပ်မရအောင် ငိုကြွေးကာ ပဲကြီးဟင်း စားမိသလို တဘွတ်ဘွတ် ဖြစ်နေမည့် မြင်ကွင်းအား အမှန်တကယ် မြင်ချင်မိလှသည်။
"ဝါး...... ငါ့အတွက် ဒင်းတို့ကိုဖမ်းပေး....."
တစ္ဆေမျိုးနွယ်စုဝင်သည် လွင့်ထွက်နေရင်းမှာပင် မိစ္ဆာဝိဉာဉ်များစွာအား ထုတ်လွှတ်ကာ အန်လင်းတို့ထံ စေလွှတ်လိုက်သည်။
အားကောင်းလှသော မိစ္ဆာဝိဉာဉ်များမှာ ကောင်းကင်တခွင် လွှမ်းမိုးသွားပြီးနောက် ပတ်ဝန်းကျင်အား တစ္ဆေလောက တစ်ခုအသွင် ပြောင်းလဲသွားစေသည်။
"ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ကိုဖမ်းဖို့ ဒီလောက်က လုံလောက်ပါတယ်။"
တစ္ဆေမျိုးနွယ်စုဝင်၏ အံ့ဖွယ်လက်နက်မှာ မဟူရာအလင်းများ ဖြာထွက်လာသည်နှင့်အတူ မိစ္ဆာဝိဉာဉ်များလည်း ပိုမိုအားကောင်းလာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ ပိုမိုစစ်မှန်လာသလို လက်သည်းများ၏ လေခွင်းသံမှာလည်း ပိုမိုကျယ်လောင်လာသည်။
"ဝေါင်း....."
ရှောင်ဇယ် ဟိန်းဟောက်ကာ ပြင်းထန်လှသော လျှပ်စီးများဖြင့် မိစ္ဆာဝိဉာဉ်များကို တိုက်ခိုက်လိုက်သည်။ လျှပ်စီးတစ်ခုချင်းစီသည် မိစ္ဆာဝိဉာဉ် အနည်းငယ်အား သတ်ဖြတ်ရန် လုံလောက်သည်။
မည်သို့ပင်ဆိုစေကာမူ မိစ္ဆာဝိဉာဉ်များမှာ အဆုံးမရှိသော ရေလှိုင်းလုံးများလိုပင်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာ၊ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာနှင့် ဇူစကာတို့သည်လည်း ပြိုင်ပွဲအတွင်း ဝင်ပါလာကြသည်။
ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်လိပ်ပြာသည် အဆိပ်ပါသော မြူခိုးမြူငွေ့များထုတ်ကာ မိစ္ဆာဝိဉာဉ်များအား အရည်ပျော်ကျသွားစေသည်။ ပြိုင်ဘက်ကင်း ဓားမော့မိစ္ဆာသည် သမုဒ္ဒရာ၏ တစ်ခုတည်းသောခုတ်ချက်နှင့် သမုဒ္ဒရာ၏ ဒုတိယမြောက်ခုတ်ချက်အား အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဇူစကာ၏ တိုက်ခိုက်မှုမှာ အရိုးရှင်းဆုံးပင်။ ၎င်းသည် ပါးစပ်ကြီးအားဟကာ မိစ္ဆာဝိဉာဉ် ရာနှင့်ချီအား ဝါးမြိုပစ်လိုက်ပြီးနောက် မျက်ဆံလှန်ကာ ရှောင်ဇယ်၏ ခန္ဓာကိုယ်ပေါ် ပက်လက်လန်သွားတော့သည်။
ထိုအချိန်တွင် တစ္ဆေမျိုးနွယ်စုဝင်မှာ တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့အား သည်းကြီးမည်းကြီး ခုခံနေရသည်။
နီးစပ်နေပြီ........ နောက်ထက်ခဏပဲ.......
အန်လင်းနှင့် စုရှောင်လန်တို့မှာ ရုတ်တရက် လက်ကိုင်လိုက်ကြသည်။
ကောင်းကင်နှင့်မြေပြင် တခွင်လုံး တိတ်ဆိတ်သွားလေသည်။
ဝုန်း......
ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးမှာ မိစ္ဆာဝိဉာဉ်များအားလုံးကို ဝါးမြိုပစ်လိုက်သည်။
ကောင်းကင်ထက်တွင်လည်း နေလုံးနီနီကြီး ပေါ်ထွက်လာသည်ကို တွေ့မြင်နိုင်သည်။
တိုက်စားခြင်းနှင့် သတ်ဖြတ်ခြင်း စွမ်းအင်များ ပါဝင်နေသော သွေးနီရောင် ဇာမဏီမီးတောက်မှာ အလျှံငြီးငြီး လောင်ကျွမ်းလျက် မိစ္ဆာဝိဉာဉ်များအားလုံးကို ပြာကျသွားစေသည်။
တစ္ဆေမျိုးနွယ်စုဝင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်က လက်ကိုင်လိုက်ရုံနဲ့ အဲ့လိုလုပ်နိုင်တာလား..............
မိစ္ဆာဝိဉာဉ်များသာမက စွမ်းအင်လှိုင်းဂယက်များသည် ၎င်း၏ခန္ဓာကိုယ်ကိုပါ ရိုက်ခတ်လာသောကြောင့် လျင်မြန်စွာ နောက်ဆုတ်လိုက်ရသည်။
ထိုအချိန်မှာပင် ငွေရောင်ပုံရိပ်တစ်ခုမှာ မီးတောက်များကြားမှ ၎င်းထံပျံဝဲလာသည်။
ငွေရောင်ပုံရိပ်၏ လက်များထံမှ ခရမ်းရောင်ခြည်သည် တစ္ဆေမျိုးနွယ်စုဝင်အား လွှမ်းခြုံသွားကာ အားကောင်းလှသော ဆွဲငင်အားတစ်ခု ဖြစ်ပေါ်လာစေသည်။
"ဒီလောက်နဲ့များ ငါ့ကိုဖမ်းချင်နေတာလား။ ဟာသပဲ။"
တစ္ဆေမျိုးနွယ်စုဝင်မှာ လွတ်မြောက်ရန် အားကုန်ရုန်းတော့သည်။
အပြာရောင် နှင်းပွင့်နှင်းစက်များ ကျဆင်းလာကာ အလွန်အမင်း အေးခဲနေသော အံ့ဖွယ်တာအို အစွမ်းများ ဝန်းရံလာသောကြောင့် တစ္ဆေမျိုးနွယ်စုဝင်မှာ ခေတ္တမျှ မလှုပ်ရှားနိုင် ဖြစ်သွားသည်။
မုန့်ကျီ တိုက်ခိုက်လာလေပြီ။
ဝုန်း.......
ငွေရောင်ဂမ်ဒမ် နောက်တစ်ကောင် ပေါ်ထွက်လာကာ တစ္ဆေမျိုးနွယ်စုဝင်အား ပန်းရောင်အမှုန်စွမ်းအင်ဓားဖြင့် ခုတ်ချလိုက်သည်။
ဝှစ်.........
အမှုန်စွမ်းအင်ဓားသည် ထက်ရှလွန်းလှသောကြောင့် တစ္ဆေမျိုးနွယ်စုဝင်အား တိတိပပ နှစ်ပိုင်းပြတ်သွားစေသည်။ ထိုသည်သာမက လေထုသည်ပင် ပျက်စီးသွားရသည်။
တစ္ဆေမျိုးနွယ်စုဝင် နာကျင်စွာ အော်ဟစ်မြည်တမ်းနေသည်။
ယခုကဲ့သို့ တိုက်ခိုက်မှုမျိုး ကြုံရလိမ့်မည်ဟု အတွေးထဲတွင်ပင် ထင်မထားခဲ့ပေ။
ထို့နောက် အန်လင်းမှာ ၎င်းရှေ့သို့ ရောက်ရှိလာကာ ခပ်ဖွဖွ ပြုံးပြလာသည်။
တစ္ဆေမျိုးနွယ်စုဝင် မျက်လုံးပြူးသွားရသည်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ငါ့ရှေ့ရောက်လာရဲတယ်ပေါ့....... ဒင်းရူးနေတာလား.........
သူသည် တစ္ဆေမျိုးနွယ်စုဝင်အားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
ဂမ်ဒမ်သုံးနှင့် ယောင်ကျီးတို့မှာလည်း တိုက်ပွဲထဲ ဝင်ရောက်လာကြသည်။ ၎င်းတို့သည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူအား ရင်မဆိုင်နိုင်သေးပါသော်လည်း တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့အား ကူညီကာ တစ္ဆေမျိုးနွယ်စုဝင်အား အနှောင့်အယှက် ပေးနိုင်သည်။
ယောင်ကျီး၏ ခုတ်ချက်အား ခံခဲ့ရသည်မှာ မကြာသေးသောကြောင့် တစ္ဆေမျိုးနွယ်စုဝင်သည် သူမအား သတိထားနေရသည်။
ပြင်းထန်လှသော မန္တာန်များမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ကျဆင်းလာနေသောကြောင့် တစ္ဆေမျိုးနွယ်စုဝင်မှာ ဆက်တိုက်ဆုတ်ခွာကာ အလွန်အမင်း ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။
သူသည် အသက်ပြင်းပြင်း ရှူနေရကာ အနက်ရောင်သွေးများ စီးကျနေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ ထိခိုက်များသည်များမှာ လျင်မြန်စွာ ပျောက်ကင်းသက်သာနေပါသော်လည်း အသက်စွမ်းအင်မှာ ဆက်တိုက်ဆိုသလို ကျဆင်းလာသည်။
"အဟွတ်........ မင်းတို့အားလုံး သေရမယ်။"
တစ္ဆေမျိုးနွယ်စုဝင်၏ အမူအရာမှာ ကြောက်မက်ဖွယ် ကောင်းနေပြီး ၎င်း၏အံ့ဖွယ်လက်နက်ထံမှ အမှောင်ထု အံ့ဖွယ်တာအို အစွမ်းများ ထွက်ပေါ်လာသည်။
"အင်မော်တယ် မရဏနတ်ဘုရား......."
ဝုန်း.......
မိစ္ဆာဝိဉာဉ်များ ဝန်းရံထားသော မဟူရာအရိုးစုတစ်ခု၏ ပုံရိပ် ဖြစ်ပေါ်လာပြန်သည်။ ၎င်း၏ အရှိန်အဝါမှာ စူးရှလွန်းလှပြီး လက်ထဲတွင်လည်း သွေးနီရောင် တံစဉ်းအား ကိုင်ဆောင်ထားသည်။
တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့၏ အမူအရာမှာ ချက်ချင်းဆိုသလို လေးနက်ခက်ထန်သွားသည်။
တစ္ဆေမျိုးနွယ်စုဝင်သည် ထွက်ပြေးမည့် အကြံအစည်အား စွန့်လွှတ်ကာ သေသေကြေကြေ တိုက်ခိုက်တော့မည့်ပုံ ရသည်။
၎င်းတို့သည်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ ဖြစ်နေပါသော်လည်း တစ္ဆေမျိုးနွယ်စုဝင်အား အနိုင်ရရှိရန် မသေချာပေ။ တစ္ဆေမျိုးနွယ်စုဝင်သည် အသေခံ တိုက်ခိုက်လာပါက ၎င်းတို့ကိုပါ ကောင်းကောင်းကြီး ဒုက္ခပေးသွားနိုင်လောက်သည်။
တစ္ဆေမျိုးနွယ်စုဝင်သည် အထုအထောင်း ပေါင်းစုံကြောင့် သေတော့မလိုဖြစ်ကာ မထင်မှတ်ထားရလောက်အောင် သန်မာလာသည်။
၎င်း၏အံ့ဖွယ်လက်နက်ဖြင့် ဆင့်ခေါ်ထားသော အင်မော်တယ်မရဏနတ်ဘုရားအား ဥပမာ ကြည့်နိုင်သည်။ အင်မော်တယ်မရဏနတ်ဘုရားမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားမှာ ယခင်အကြိမ်ကထက် အဆပေါင်းများစွာ သာလွန်နေလေသည်။
ဝုန်း........
ကျယ်လောင်လှသော အသံနှင့်အတူ မရဏနတ်ဘုရားမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ပေါက်ကွဲသွားတော့သည်။
တစ္ဆေမျိုးနွယ်စုဝင် မျက်လုံးပြူးသွားရလေသည်။
တုန်းဖန်းကျွမ်းရှီး : ".........."
မုန့်ကျီ : "........."
"ပေါက်ကွဲသွားတာလား။ ဘာလို့ ပေါက်ကွဲသွားရတာလဲ။ မဟုတ်ဘူး......."
တစ္ဆေမျိုးနွယ်စုဝင်မှာ ခံစားချက်များ ဆောင့်တက်ကာ ခန္ဓာကိုယ် တစ်ခုလုံး တွန့်လိမ်နေသည်။
အဝေးတွင်မူ ခပ်ဖွဖွ ပြုံးနေသော အန်လင်း၏ လက်ညှိုးထိပ်မှ အနက်ရောင် မြူငွေ့များကို တွေ့နိုင်သည်။
ဘာလို့ပေါက်ကွဲသွားတာလဲ ဟုတ်လား......... ငတုံးကောင်........ မင်းရဲ့ မရဏဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ အစွမ်းကို ငါယူလိုက်လို့ပေါ့....... အဟက်......
အန်လင်းသည် တစ္ဆေမျိုးနွယ်စုဝင်ထံမှ ထိုစွမ်းရည်အား ခိုးယူရန် ရည်ရွယ်ကာ အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်အား အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ တစ္ဆေမျိုးနွယ်စုဝင်အနေဖြင့် အင်မော်တယ်မရဏနတ်ဘုရားအား ဆင့်ခေါ်နိုင်တော့မည် မဟုတ်ပေ။
တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီသည် ရရှိလာသော အခွင့်အရေးအား လက်လွှတ်မခံပဲ တစ္ဆေမျိုးနွယ်စုဝင်ကို စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ဓား၊ လှံ၊ လက်နက် စတုဒီသာများ တမုန်းကျွေးလိုက်ကြသည်။
"မရဏဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ အစွမ်းက ဘယ်ရောက်သွားတာလဲ။"
တစ္ဆေမျိုးနွယ်စုဝင်မှာ လွန်စွာထိတ်လန့်နေမိသည်။
အကြောင်းပြချက် အချို့ကြောင့် မုန့်ကျီမှာ အန်လင်းအား လှမ်းကြည့်လိုက်သည်။
"မင်းတို့ငါ့ကို ဖိအားပေးနေတာ။ မင်းတို့အားလုံး ငါ့ကိုဖိအားပေးနေကြတာ။"
"အဲ့လိုဆိုမှတော့ ငါနဲ့အတူ လိုက်သေလိုက်ကြတော့။"
တစ္ဆေမျိုးနွယ်စုဝင်မှာ ရူးသွပ်နေသလို အော်ဟစ်လိုက်သည်။
တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီမှာ ရင်းနှီးနေသော စကားကြောင့် အမူအရာ ပြောင်းလဲကာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်ကြသည်။ တစ္ဆေမျိုးနွယ်စုဝင်အား မည်သည့်အခွင့်အရေးမှ မပေးနိုင်ပေ။
တစ္ဆေမျိုးနွယ်စုဝင်မှာ ဥမှင်များအားလုံး အဖြတ်ခံထားရသောကြောင့် ခန္ဓာကိုယ်အား တွန့်လိမ်ကာ လက်များထွက်ပေါ်စေလိုက်သည်။ ၎င်းသည် လက်တစ်ဖက်ဖြင့် အံ့ဖွယ်တာအိုဒိုင်းအားကိုင်ကာ ကျန်တစ်ဖက်ဖြင့် အံ့ဖွယ်လက်နက်အား ကိုင်ဆောင်ထားသည်။
"မရဏဝိဉာဉ်တွေနဲ့ ဆက်သွယ်မရလည်း ဘာဖြစ်လဲ။ ဝိဉာဉ်တွေကို ငါ့ခန္ဓာကိုယ်နဲ့ ယစ်ပူဇော်ပစ်မယ်။ အားလုံးသေကြတာပေါ့။"
တစ္ဆေမျိုးနွယ်စုဝင် ရက်စက်စွာပြုံးကာ အံ့ဖွယ်လက်နက်ဖြင့် ခန္ဓာကိုယ်အား ရိုက်ချလိုက်သည်။
သွေးများပန်းထွက်လာပြီးနောက် အံ့ဖွယ်လက်နက်အနီးသို့ ဆန်းကြယ်စွာ ပျံဝဲသွားလေသည်။
အကန့်အသတ်မဲ့သော စွမ်းအင်များ ပါဝင်နေသည့် အနက်ရောင် အလင်းမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့ ပြုလုပ်ထားသော လေဟာနယ်ချိပ်စည်းတွင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
"ဝေါင်း.........."
ကြီးမားလှသော အပြာရောင် နဂါးတစ်ကောင်မှာ အနက်ရောင် အလင်းများကြားမှ ထွက်ပေါ်လာသည်။
၎င်းသည် အရှိန်အဝါ ကြီးမားလွန်းလှပြီး အသက်တစ်ချက် ရှူလိုက်တိုင်းတွင် ကီလိုမီတာပေါင်းများစွာမှ သက်ရှိစွမ်းအင်များကို တုန်ခါသွားစေသည်။
"နဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်တာလား။"
တုန်းဖန်းကျွမ်းရှီး မျက်လုံးအပြူးသား ဖြစ်နေသည်။
"တစ္ဆေတစ်ကောင်က မိစ္ဆာဝိဉာဉ်တွေကိုပဲ ဆင့်ခေါ်သင့်တာမလား။ ဘာလို့ နဂါးကြီးလဲ။"
မုန့်ကျီ စကားဆိုလာသည်။
"အဲ့ဒါ အရေးကြီးလို့လား။ ဒီနဂါးက ကြောက်ဖို့ကောင်းလွန်းတယ်။ ကျွန်မတို့နှစ်ယောက် ပေါင်းချရင်တောင် မနိုင်လောက်ဘူး။"
"ဟားဟားဟား......"
တစ္ဆေမျိုးနွယ်စုဝင်မှာ အသက်စွမ်းအင်များ ပျောက်ကွယ်တော့မလို ဖြစ်နေပါသော်လည်း ကျေနပ်အားရစွာ ရယ်မောလိုက်သည်။
"မင်းတို့မထင်ထားဘူးမလား။ ငါ့ရဲ့ အံ့ဖွယ်လက်နက်က စကြာဝဠာနဂါးမိစ္ဆာရိုးလို့ခေါ်တာ။ ဒီလက်နက်ကို စကြာဝဠာနဂါးမိစ္ဆာရဲ့ ရင်ညွန့်ရိုးကနေ လုပ်ထားတာလေ။ နဂါးမိစ္ဆာ အစွမ်းတွေ အများကြီး ပါနေတာ။"
"စကြာဝဠာနဂါးမိစ္ဆာရိုးက မိစ္ဆာစွမ်းအင် အားလုံးကို ဆင့်ခေါ်နိုင်တယ်။ ဒါပေမယ့် အားအကောင်းဆုံး မန္တာန်ကတော့ စကြာဝဠာနဂါးမိစ္ဆာ ပုံရိပ်ကို ဆင့်ခေါ်တာပဲ။ အဲ့ဒါကိုလည်း အသုံးပြုသူရဲ့ အသက်စွမ်းအင် အဆီအနှစ်နဲ့မှ လုပ်လို့ရတာ။"
"သွား........ သူတို့ကိုသတ်ပစ်လိုက်။"
တစ္ဆေမျိုးနွယ်စုဝင် အမိန့်ပေးလိုက်သည်နှင့် စကြာဝဠာနဂါးမိစ္ဆာမှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့ထံ တဟုန်ထိုး ရောက်ရှိလာသည်။
စကြာဝဠာနဂါးမိစ္ဆာ၏ လှုပ်ရှားမှုမှာ လျင်မြန်လွန်းလှသောကြောင့် လေထုသည်ပင် တွန့်လိမ်ကုန်သည်။ တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့သည် စွမ်းအင်သမုဒ္ဒရာထဲ ရောက်ရှိနေသလို ခံစားရကာ ခံနိုင်ရည်ပင် မရှိကြတော့ပေ။
တုန်းဖန်းကျွမ်းရှီး၏ သွေးကီရင်နှင့် မုန့်ကျီ၏ အေးခဲချိပ်စည်းများ ချက်ချင်းပျက်စီးသွားသည်။
၎င်းတို့နှစ်ဦးလုံးမှာ ဆုတ်ခွာရှောင်လွှဲရန် ဆုံးဖြတ်လိုက်ကြလေသည်။
သို့သော် စကြာဝဠာနဂါးမိစ္ဆာမှာ ၎င်းတို့နောက် လိုက်မလာပေ။
တုန်းဖန်းကျွမ်းရှီး သဘောပေါက်ကာ အန်လင်းအား လှမ်းအော်လိုက်သည်။
"သတိထား........"
၎င်း၏ပစ်မှတ်မှာ အန်လင်းပင်။
"ဟားဟား........ နောက်ကျသွားပြီကွ။"
"ဒေါင်းဇားလေး........ ငါ့အစွမ်းကို ပေါက်ကရလုပ်တာ မင်းမလား။ မင်းကိုအရင် ငရဲပို့ပစ်မယ်။"
တစ္ဆေမျိုးနွယ်စုဝင် ရယ်မောလိုက်သည်။
သူသည် သေသေချာချာ ပြန်လည်တွေးတောခဲ့ပြီးနောက် မရဏဝိဉာဉ်များနှင့် ဆက်သွယ်နိုင်သော အစွမ်းအား လူသားကျင့်ကြံသူမှ ယူဆောင်သွားကြောင်း သေချာသလောက် ရှိခဲ့သည်။
ထို့ကြောင့် အန်လင်းအား ဦးစွာရှင်းထုတ်ရမည်ပင်။
"ဝေါင်း........"
စကြာဝဠာနဂါးမိစ္ဆာမှာ အန်လင်းရှေ့သို့ ရောက်ရှိလာသည်။
နဂါးဟိန်းသံသည် ကြောက်မက်ဖွယ် ကောင်းလွန်းပြီး နဂါးနတ်ဘုရားကိုယ်တိုင် ဆင်းသက်လာသလို ထင်မှတ်ရသည်။
အန်လင်းသည် မရဏ အငွေ့အသက်အားရကာ ခန္ဓာကိုယ်ပင် တုန်ယင်လာသည်။
ထိုအချိန်မှာပင် သူ၏လက်မှ အဝါရောင်လက်စွပ်မှာလည်း နိုးထလာလေသည်။ ကြီးမားလှသော အဝါရောင် မျက်ဝန်းတစ်စုံမှာ ကောင်းကင်ထက်တွင် ထွက်ပေါ်လာတော့သည်။