ပြိုင်ဘက်ကင်းအန်လင်း
Vol. 61 Ch. 858
အန်လင်း၏ သိစိတ်အာရုံမှ နက်ရှိုင်းလှသော အသိစိတ်တစ်ခု ကမ္ဘာမြေပေါ် ကျဆင်းလာသည်။
ချက်ချင်းဆိုသလို ကောင်းကင်သည်ပင် မှေးမှိန်သွားရလေသည်။
ကောင်းကင်နှင့်မြေပြင်ကိုပင် ဝန်းပတ်ထားနိုင်လောက်အောင် ကြီးမားသော ဧရာမ နဂါးနက်ကြီးတစ်ကောင်မှာ နေမင်းနှင့်တူသော မျက်ဝန်းများကို ဖွင့်ဟလာသည်။
ကြယ်စင်များစွာမှာလည်း ၎င်း၏အောက်ခြေတွင် တောက်ပလာသည်။ ကြယ်စင်များ၏ အရှင်သခင်သည် ဤကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးကို ဖိနှိပ်တော့မည့်နှယ် ထင်မှတ်ရသည်။
ထိုနဂါးနက်ကြီးသည် ကောင်းကင်နှင့်မြေပြင်၏ ဧကရာဇ်လိုပင်။
စကြာဝဠာနဂါးမိစ္ဆာမှာ အေးစက်ခက်ထန်မှုများ ပျောက်ကွယ်ကာ တုန်လှုပ်သွားရသည်။
၎င်း၏စွမ်းအင် သမုဒ္ဒရာသည် ကျယ်ပြန့်လွန်းလှပါသော်လည်း နဂါးနက်ကြီး၏ ကြယ်စင်အစုအဝေးအား မယှဉ်နိုင်ပေ။
အကန့်အသတ်မဲ့သော အရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်အား လွှမ်းခြုံထားပြီး အတွေးတစ်ချက်နှင့်ပင် ကမ္ဘာဖျက်နိုင်လိမ့်မည်ဟု ထင်မှတ်ရသည်။
တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့သည်ပင် ထိတ်လန့်နေမိကြသည်။ ၎င်းတို့သည် ထိုနဂါးနက်အား မလေးမစား အကြည့်နှင့်ပင် မကြည့်ရဲကြပေ။
တစ္ဆေမျိုးနွယ်စုဝင်မှာ ပါးစပ်အဟောင်းသားဖြစ်ကာ မျက်နှာတစ်ခုလုံး ဖြူရော်ကုန်သည်။
"ပေါ်လာပြီပဲ။ ဆရာ့ရဲ့ အသွင်အစစ်အမှန်ကို အခုမှပဲ မြင်ရတော့တယ်။"
ရှောင်ဇယ်သည် စိတ်လှုပ်ရှားမှုနှင့် စိတ်မသက်မသာဖြစ်မှုတို့ကြောင့် သွားချင်းရိုက်ကာ နဂါးနက်ကြီးအား ငေးကြည့်နေသည်။
ရှေးဟောင်းထိုက်ချူကုန်းမြေတွင်ရှိစဉ်က ဆရာဖြစ်သူ၏ အသွင်အစစ်အမှန်အား မြင်ခွင့်ရခဲ့သောကြောင့် လေးစားအားကျကာ ကိုးကွယ်မတက်ပင် ဖြစ်ခဲ့ရသည်။
"ငါ့ကို အနှောင့်အယှက်ပေးတာ မင်းလား။"
နဂါးနက်ကြီး စကားဆိုလိုက်သည်။ စကားလုံး တစ်လုံးချင်းစီတွင် ကောင်းကင်နှင့်မြေပြင် တာအိုအစွမ်းများ ပဲ့တင်ထပ်နေသောကြောင့် အားလုံးမှာ တအံ့တသြ ဖြစ်မိကြရသည်။
စကြာဝဠာနဂါးမိစ္ဆာမှာ ခေါင်းပြုတ်တော့မည့်နှယ် ခါယမ်းပြလိုက်သည်။
"ဆရာကြီး....... ကျွန်...... ကျွန်တော် မဟုတ်ပါဘူး။ အဲ့ကောင်ခိုင်းလို့ပါ။"
စကြာဝဠာနဂါးမိစ္ဆာမှာ တစ္ဆေမျိုးနွယ်စုဝင်အား လက်ညှိုးထိုးပြလိုက်သည်။
အန်လင်း : "........."
တုန်းဖန်းကျွမ်းရှီး : "........."
မုန့်ကျီ : "............"
တစ္ဆေမျိုးနွယ်စုဝင် : "ယီးလား........"
"မင်းကငါ့ကို စော်ကားရဲတယ်ပေါ့။"
နဂါးနက်ကြီး အမူအရာ ခက်ထန်သွားသည်။
ဝုန်း......
တစ္ဆေမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"အား........"
တစ္ဆေမျိုးနွယ်စုဝင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။
အားလုံးသည် ထိုမြင်ကွင်းအား ဟာသဆန်သလို ခံစားနေမိကြသည်။ လက်နက်မှ သစ္စာဖောက်ခြင်း ခံရသော တစ္ဆေမျိုးနွယ်စုဝင်မှာ သူပထမဆုံး ဖြစ်လောက်သည်။
အန်လင်းသည် ရုတ်ချည်းဆိုသလို ရှဲ့လေးသည် ဓားကောင်းတစ်လက်ဖြစ်ကြောင်း တွေးလိုက်မိသည်။ ၎င်းသည် သူ့အား ရရင်ရသလို စော်ကားပြောဆိုပါသော်လည်း အနည်းဆုံး သခင်အား ဓားဖြင့်မထိုးပေ။
သူအတွေးထဲ နစ်မြောနေစဉ်မှာပင် အဝါရောင်လက်စွမ်မှာ မှေးမှိန်စွာ လင်းလက်လာပြီးနောက် ဝဲဂယက် တစ်ခုအလား ဆွဲငင်အားများ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များအားလုံးကို စုပ်ယူသွားတော့သည်။
သောက်ကျိုးနည်း........
သူသည် စိတ်ထဲမှ ကျိန်ဆဲကာ ဒူးထောက်ကျတော့မလို ဖြစ်သွားပါသော်လည်း အားတင်းကာ တောင့်ခံထားလိုက်ရသည်။
အန်လင်းသည် နဂါးနက်ကြီးအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ဖြစ်ပျက်နေသည်များကို နားလည်သွားသည်။
ဒီနဂါးက တိုက်ခိုက်ဖို့အတွက် ငါ့အစွမ်းတွေ စုပ်သွားတာလား........
တစ်ချိန်လုံး ဟန်ရေးပြနေပြီး မတိုက်ခိုက်ခဲ့တာ မထူးဆန်းတော့ပါဘူး.........
တွေးကြည့်ပါက ထိုနဂါးနက်ကြီးသည် သူ့အား ဟိန်းဟောက်လာသော နဂါးမှန်သမျှကို ဟန်ရေးထွက်ပြခဲ့သည်။ ရှောင်ဇယ်နှင့်တုန်းကလည်း ထိုသို့ဖြစ်ခဲ့ပြီး ယခု စကြာဝဠာနဂါးမိစ္ဆာနှင့်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ထိုသည်မှာ စိတ်ဝင်စားစရာ အချက်တစ်ခုပင်။
နဂါးနက်ကြီးသည် ယခင်ကလို လျင်မြန်စွာ ပျောက်ကွယ်မသွားပဲ စကြာဝဠာနဂါးမိစ္ဆာအား ကြည့်ရှုလိုက်သည်။
"မင်းရဲ့ ရင်ညွန့်ရိုးက မဆိုးဘူးပဲ။ ငါ့ခန္ဓာအသစ်ဖြစ်ဖို့ သင့်တော့တယ်။"
နဂါးနက်ကြီး၏ စကားသံထဲတွင် အလိုရမ္မက်နှင့် အားရကျေနပ်ခြင်း အငွေ့အသက်များ ပါဝင်နေသည်။
စကြာဝဠာနဂါးမိစ္ဆာ တုန်လှုပ်သွားပြီးနောက် ထွက်ပြေးရန် ကြိုးစားတော့သည်။
အံ့ဖွယ်လက်နက် တစ်ခုသည်ပင် အသက်ရှင်ရန် ဆန္ဒပြင်းပြသည်။
နဂါးနက်ကြီးသည် ပါးစပ်အားဟလိုက်သည်နှင့် လေဟာနယ်များ တွန့်လိမ်ကာ ကြောက်မက်ဖွယ် စွမ်းအင်များမှာ စကြာဝဠာနဂါးမိစ္ဆာ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားတော့သည်။
"မဟုတ်ဘူး။ ဆရာကြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။"
စကြာဝဠာနဂါးမိစ္ဆာမှာ အသေအလဲ တောင်းပန်နေပါသော်လည်း နဂါးနက်ကြီးမှာ အမူအရာ မပြောင်းလဲပေ။
အန်လင်းမှာလည်း ခြေထောက်များ မခိုင်တော့ပဲ မြေပြင်ပေါ် ထိုင်ချလိုက်ရသည်။ စိတ်ထဲတွင်လည်း အကြိမ်ကြိမ်အခါခါ တောင်းပန်နေမိ၏။
နင့်မေကလွှား........ ကျေးဇူးပြုပြီး ငါ့ကိုသက်ညှာပါဦးဟ.........
ပြင်းထန်လှသော ဆွဲငင်အားများနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားတော့မလို ခံစားနေရသည်။
နဂါးနက်ကြီးသည် တိုက်ခိုက်မှုအတွက် သူ၏စွမ်းအင်များအား စုပ်ယူနေခြင်းပင်။
သို့သော် အစုပ်ကောင်းလွန်းသောကြောင့် အန်လင်း ခံနိုင်ရည် မရှိတော့ပေ။
ယခုကဲ့သို့သာ ဆက်စုပ်နေပါက သူသေရပေတော့မည်။
သက်ရှိစွမ်းအင် ပင်လယ်သည်ပင် ခြောက်သွေ့လာနေသည်ကို သူခံစားမိသည်။ စစ်နတ်ဘုရားခန္ဓာသည်လည်း အသက်မဝင်နိုင်တော့ပဲ အားကောင်းသော သိစိတ်အာရုံသည်ပင် လျင်မြန်စွာ လျော့ပါးလာနေပြီး စူးရှသော နာကျင်မှုကသာ ခန္ဓာကိုယ်ထဲ ကျန်ရစ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နဂါးနက်မှာ မရပ်တန့်သေးပေ။
စကြာဝဠာနဂါးမိစ္ဆာ၏ ခန္ဓာကိုယ်သည် ဝဲဂယက်တစ်ခုထဲ ဆွဲခေါ်ခံရကာ မည်သူမှ မမြင်နိုင်သော နေရာတစ်ခုထံ ရောက်ရှိသွားသည်။
"အင်း....... မဆိုးဘူးပဲ။"
နဂါးနက်ကြီးမှာ မျက်လုံးမှိတ်လိုက်သလို ၎င်း၏ခန္ဓာကိုယ်မှာလည်း စတင်ပျောက်ကွယ်လာသည်။
အားလုံးမှာ အသက်ရှူကြပ်ခြင်းများ ပျောက်ကွယ်သွားကာ ကမ္ဘာကြီးမှာ အလွန်သာယာလှပနေသလို ရုတ်ချည်းခံစားလိုက်ရသည်။
အန်လင်းသည် မြေပြင်ပေါ် လှဲချကာ ဖြည်းညင်းစွာ အသက်ရှူနေရသည်။ လောကကြီးမှာ ရက်စက်လွန်းလှသည်ဟုလည်း ခံစားနေရ၏။
"အန်လင်း....... နင်အဆင်ပြေရဲ့လား။"
စုရှောင်လန် အံ့အားတကြီး အော်ဟစ်ကာ အန်လင်းအား ပွေ့ဖက်ထားလိုက်သည်။
ရှောင်ဇယ်မှာလည်း အမူအရာ ပြောင်းလဲသွားကာ အန်လင်းထံ ပျံဝဲလာသည်။
"ဆရာ....... စွမ်းအားတွေ သုံးလိုက်ရလို့ အခုလို ဖြစ်သွားတာလား။ ဘာမှမဖြစ်ပါဘူး။ ဒီတပည့်က အသက်နဲ့လဲပြီး ဆရာ့ကို ကာကွယ်မှာပါ။ သေရမယ်ဆိုရင်တောင် ဆရာ ဘာမှမထိခိုက်စေရဘူး။"
ရှောင်ဇယ်သည် စိတ်ထဲတွင် ရှိနေသော မေးခွန်းများအတွက် စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ် ကိုယ့်ကိုယ်ကို တွေးတောကာ ပြီးပြည့်စုံသော ဖြေရှင်းချက်တစ်ခုကို ရရှိလိုက်သည်။
မုန့်ကျီမှာ တအံ့တသြဖြင့် အန်လင်းအား လှမ်းကြည့်လိုက်မိသည်။
ခုနက တကယ်ပဲ သူ့လက်ချက်လား.......
အဲ့ဒါဆို သူက သြဇာအာဏာ ကြီးမားတဲ့ နဂါးမျိုးနွယ်စုဝင်ပေါ့.........
ထိုသို့သာဆိုပါက အန်လင်း လုပ်ခဲ့သမျှ အံ့အားသင့်စရာများမှာ အဓိပ္ပါယ် ရှိသွားလေပြီ။
ထိန်းချုပ်မှု အချို့ကြောင့် အန်လင်းသည် ပုံရိပ်ကိုသာ ထုတ်ဖော်နိုင်ပုံ ရသည်။ သို့သော် ထိုသည်ကပင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများအား နဖူးတောက်သတ်ရန် လုံလောက်နေပြီပင်။
ကြောက်စရာကောင်းလိုက်တာ..........
မြင့်မြတ်သော ရေခဲကုန်းမြေက အဲ့လိုလူမျိုးနဲ့ ရန်ဘက်မဖြစ်သင့်ဘူး..........
မုန့်ကျီ နှလုံးသားထဲ ဆုံးဖြတ်ချက် ချလိုက်သည်။ အန်လင်းအနေဖြင့် ဖြစ်ပျက်ခဲ့သည်များအား သင်ပုန်းမချေနိုင်လျှင်ပင် သူမအနေဖြင့် နှင်းပျိုမဒီများအပေါ် အလွန်အမင်း မမုန်းတီးတော့အောင် ကြိုးစားရပေလိမ့်မည်။
"အား........ ငါ့ရဲ့ အံ့ဖွယ်လက်နက်......... ငါ့ကိုပြန်ပေး......"
တစ္ဆေမျိုးနွယ်စုဝင်မှာ အရူးတပိုင်းဖြစ်ကာ အန်လင်းထံ ပျံဝဲလာသည်။
၎င်းသည် ခန္ဓာကိုယ် တစ်ခုလုံး မြင်မကောင်းအောင် စုတ်ပြတ်နေပြီး ဘဝမှာ အဆုံးသတ်တော့မည် ဖြစ်သည်။
ယခု ၎င်း၏အကြီးဆုံးဝှက်ဖဲဖြစ်သော အံ့ဖွယ်လက်နက်မှာလည်း ယူဆောင်ခြင်း ခံလိုက်လေပြီ။ လက်ရှိအခြေအနေဖြင့် တုန်းဖန်းကျွမ်းရှီးနှင့် မုန့်ကျီတို့၏ ပူးပေါင်းတိုက်ခိုက်မှုအား ခံနိုင်ရည် မရှိနိုင်ပေ။ ထိုအတွေးသည် ၎င်းအား ထိတ်လန့်စေသည်။ ၎င်းအနေဖြင့် တစ်ခုသာ လုပ်ရန်ရှိတော့သည်။
"ဟမ့်....... မင်းက အန်လင်းကို တိုက်ခိုက်ချင်သေးတာလား။"
ဒေါသထွက်နေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
တုန်းဖန်းကျွမ်းရှီးမှာ တစ္ဆေမျိုးနွယ်စုဝင်ထံ ပျံဝဲလာပြီးနောက် သွေးမိစ္ဆာကီရင် လက်သည်းဖြင့် တိုက်ခိုက်လိုက်သည်။
ဝုန်း.......
တစ္ဆေမျိုးနွယ်စုဝင်မှာ ချောက်နက်ကြီးထဲ ပြားကပ်သွားလေသည်။
"နှင်းနတ်ဘုရားမချိပ်စည်း......."
မုန့်ကျီမှာလည်း ရွှေတောင်ဝှေးအားကိုင်ကာ ရှေ့သို့ထွက်ဘာသည်။ ကောင်းကင်ထက်မှ နှင်းပွင့်နှင်းစက်များ ကျဆင်းလာကာ ပတ်ဝန်းကျင်မှာ အေးခဲလာသည်။
သူမသည် ရွှေတောင်ဝှေးဖြင့် ချိန်ရွယ်လိုက်သည်နှင့် အလွန်အမင်း အေးခဲနေသော အံ့ဖွယ်တာအို အစွမ်းများနှင့်အတူ ရောင်ခြည်တန်းတစ်ခုမှာ တစ္ဆေမျိုးနွယ်စုဝင်အား လွှမ်းခြုံသွားပြီးနောက် အရာအားလုံး ခဲတောင့်သွားစေသည်။
တစ္ဆေမျိုးနွယ်စုဝင်သည် အရူးတစ်ယောက်အလား ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ကြိုးစားနေပါသော်လည်း ရေခဲအား မဖောက်ခွဲနိုင်ပေ။
မုန့်ကျီမှာ အနည်းငယ် ဖြူရော်သွားပါသော်လည်း တောက်ပစွာ ပြုံးပြလာသည်။
သူမသည် မျောလွင့်နေသော ငွေရောင်ဆံနွယ်များနှင့်အတူ အန်လင်းအား လှည့်ကြည့်လာသည်။
"သခင်လေးအန်လင်း....... ကျွန်မ တစ္ဆေမျိုးနွယ်စုဝင်ကို ချိပ်ပိတ်ပြီးပါပြီ။ ဒီလောက်ပဲ ကျွန်မ လုပ်နိုင်လို့ပါ။"
အန်လင်း : "........."
ဘာလို့ငါ့ကို လာပြောပြနေတာလဲဟ......
ပြီးတော့ ဘာလို့အဲ့လောက်တောင် ယဉ်ကျေးနေရတာလဲ.......